(၁)
မှတ်မိပါသေးသည်။ လူထုတိုက်အပေါ်ထပ်တွင် ကာဖီသောက်နေကြခိုက် အဘွားက ဤသို့ဆိုလာပါ၏။
လူထုဒေါ်အမာ။ ။ မင်းက ဦးလေးသိန်းနဲ့တူတယ်။
ဘိုဘိုလန်းစင်။ ။ ဘယ်လိုတူတာတုန်း အဘွားရဲ့။
လူထုဒေါ်အမာ။ ။ အစားကောင်း ကြိုက်တာ၊ self-centred (အတ္တဆန်တာ) ဖြစ်တာ၊ ဘဝင်မြင့်တာပေါ့။
ကောင်းကြပါလေရော။ ထိုမှတ်ချက်မှာ မကြာခင် အနေနေအရာရာကို ပျံ့သွားလေရာ ရန်ကုန်တွင် စာပေသမားတွေကို ဒိုင်ခံဖြန့်ပေးသူမှာ ယခု ပူးသတ်ဆရာကြီးအဖြစ် ဝိုင်းမေတ္တာ အပို့ခံနေရရှာသော ဆရာကျော်ဝင်းတည်း။ ……. ဒေါ်ဒေါ်ကိုယ်တိုင်ပြောတာဗျ။ ဒီကောင်လေးဟာ ဆရာကြီး ရွှေဥဒေါင်း ဝင်စားတာတဲ့….။ စာပေဗိမာန် ဦးအေးမောင်နှင့် မဆုံဘူးလိုက်တော့လဲ ဟုတ်မဟုတ်မမေးလိုက်ရပါ။
(၂)
ဆရာကြီးကို အဘေး၏ ကျောင်းနေဘက်သူငယ်ချင်း၊ ဘိုးဘွားများနှင့် လုပ်ဖော်ကိုင်ဖက်စသည့် ပုဂ္ဂိုလ်ရေး ပတ်သက်မှုများထက် အကြိုက်ဆုံး စာဆိုတယောက်၊ အထူးအားဖြင့် မြန်မာပြည်တွင် လွတ်လပ်စွာတွေးခေါ် တတ်မှု၏တန်ဖိုးကို လွတ်လပ်ရေးရစ လက်ဝဲခေတ်စားသည့်ကာလကြီးတွင် ညွှန်ပြခဲ့သည့် စာရေးဆရာကြီး တယောက်အဖြစ် ပိုလို့အမှတ်ရနေမိပါသည်။ အမှန်စင်စစ် အတွေးအခေါ်လွတ်လပ်ရေးတရားများကို ပီမိုးနင်း၊ သခင်ဘသောင်း၊ ညိုမြ၊ မောင်ထင်စသည့် ဂွသမား သရော်စာဆရာကြီးများက ၁၉၂၀-၃၀ တဝိုက်ကစတင် ရေးသားနှိုးဆော်နေပြီဖြစ်သည်။
ပဒေသရာဇ်ခေတ်ပျက်သည်မှာ အနှစ် ၃၀-၄၀ မရှိသေးချိန်မို့ ခေတ်ပညာတတ် လက်တဆုပ်စာကလွဲပြီး ပြည်သူအများစုမှာ ဟောင်းနွမ်းသည့် အစဉ်အလာ အယူအဆများအောက်မှ ရုန်းမထွက်နိုင်ကြသေးသည်ကို အားမရနိုင်သည့် ခေတ်ပြင်ဆရာများက ဦးဆောင်လှုံ့ဆော်ခဲ့ကြခြင်းပေတည်း။ တယူမသန်ဘဲ အယူမှန်မှ ကျွန်ဘဝကလွတ်ကျွတ်နိုင်ကြမည်မဟုတ်ပါလော။
ရွှေဥဒေါင်းကဤ ဆရာများထက် ထူးသည့်အချက်မှာ သူကိုယ်တိုင် လက်ဝဲဝါဒကို တိမ်းညွှတ်သော်လည်း လက်ဝဲသမားများ “ချော်” သည့်အချက်တို့ကို အဂတိမလိုက်ဘဲ ဟုတ်တိုင်းမှန်ရာရေးခဲ့ခြင်းပါပေ။
မြန်မာလူမျိုးတွင် အုပ်စုစိတ်က အင်မတန်ကြီးလှရာ လက်ဝဲခေါင်းဆောင်ကြီးများကို ဗျာဒိတ်ပေးလောက် မှတ်ကြသည့်ခေတ်တွင် ဤသို့ဝေဖန်ရဲသူမှာ နယ်ချဲ့လက်ကိုင်တုတ်ဘဝရောက်ဖို့ ကျိန်းသေပေါက် ဖြစ် တော့သည်။
သို့ကြောင့် အခုလို ဆရာကြီး ၁၂၀ ပြည့်ပြီဆိုသည့်အချိန်မျိုးမှာ မြန်မာပြည်နှင့် မြန်မာလူမျိုးတို့အကြား သူဖြစ် စေချင်သည့် မိမိကိုယ်ပိုင်ဆင်ခြင်တုံတရားအပေါ် အခြေပြုပီး ရှင်းရှင်းပြတ်ပြတ်ဝေဖန်သုံးသပ်သည့်ဓလေ့ မထွန်းကားသေးသည်မှာ အင်မတန့် စိတ်မချမ်းသာစရာပါပေ။ ဒိဋ္ဌေဒိဋ္ဌမတ္တံ ပရိသတ်ထက် မောင်စံရှား ပရိသတ် ပိုသည်ကမဆန်းသော်ငြား တသက်တာမှတ်တမ်းတွင် အတွေးအခေါ်များအပိုင်းကို လူအများ အရေးထားမဖတ်သည်က ဆိုးလှ၏။
ဒါပေသည့် တခြားရှေးဆရာကြီးများနှင့်ယှဉ်ကြည့်ပါက ခုချိန်ထိအောင် မြန်မာပြည်နှင့် မြန်မာလူမျိုးများ အကြား ဆရာကြီး၏ သြဇာအရှိန်ကြီးတုန်းရှိသေးသည်ကို သူ့ဝတ္ထုအဟောင်းအနွမ်းများကို ရှာဖွေကာ တကျော့ပီးတကျော့ ပြန်ပြန်ထုတ်နေကြသည်ကို ထောက်က သိနိုင်ပါသည်။
ဘော်တယ်သမားလက်မရောက်က စာကြည့်တိုက်ထဲမှာသာ ပိုးထိုးပြီး တမြေ့မြေ့နှင့် စာအုပ်သက်ကြွေမည့် စာအုပ်မျိုးလဲမဟုတ်ကြပေ။ ဝါကျံ့ကျံ့သူရိယသတင်းစာမျက်နှာများမှသည် အင်တာနက်ပေါ်ထိ သူ့ပရိသတ် က မပြတ်ခဲ့။ အနည်းဆုံး မျိုးဆက် ၄-၅ဆက်အားပေးခံရသည့် မြန်မာစာရေးဆရာဟု ဇိနတ္တပကာသနီကျမ်း ပြု ကျီးသဲလေးထပ်ဆရာတော်အပြင် ဦးဖေသိန်း ခေါ် ရွှေဥဒေါင်းပဲ ရှိလိမ့်မည်။
စင်စစ် နိုင်ငံရေးဘိုးအေ ခေတ်သစ်မြန်မာစာပေကို စတင်ထူထောင်သူ အာဒိကမ္ပ ဆရာကြီးသခင်ကိုယ်တော် မှိုင်းပင်လျှင် သူ့နိုင်ငံရေးသိက္ခာကို လူတွေလေးစားတုန်းဆိုပေသည့် သူ့ ဋီကာလေးချိုးကြီးတွေကို တအုပ် တပုဒ် ပြီးအောင်ဖတ်ဖူးကာ စွဲနေအောင် ကြိုက်လှသည်ဆိုသည့် ပရိသတ်မျိုးမရှိတော့ပါပေ။
စစ်ပြီးစ ဒဂုန် တာရာတို့ ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့တယ် ဆိုသော ခေတ်ကစ၍ ဆရာမှိုင်း၏ ကဗျာရှည်ကြီး များ မှာ ခေတ်ပြောင်းစံနစ်ပြောင်းကို ကြုံတွေ့နေရသည့် လူငယ်များအကြား နိုင်ငံရေးအရ လိုအပ်လျှင် ကိုးကား ရန် အဆင့်သာရှိတော့သည်။ ထို့နည်းတူစွာ ဦးလတ်၊ လယ်တီပဏ္ဍိတဦးမောင်ကြီး တို့၏ ခမ်းနားသိုက်မြိုက် သည့် စကားပြေနှင့် ဗဟုသုတတွေကို ဟင်းလေးအိုးကြိုထားသည့် ဝတ္ထုကြီးများ ကိုထားဘိ ၊ ရွှေဥဒေါင်းနှင့် ခေတ်ပြိုင် အတွေးအရေး ခေတ်ရှေ့က အင်မတန်ပြေးသဖြင့် ခရစ်ယာန်ဟု သတ်မှတ်ခံရသည့် ဆရာကျော် ခေါ် ပီမိုးနင်း၏ ဝိတိုရိယခေတ် ဗြိတိသျှအချစ်ဝတ္ထုတွေကို တိုတိုပြတ်ပြတ် စကားပြင်နှင့် မှီးရေးသော နေရီရီ ၊ သဲမြညှာတို့ကိုပင် ခုခေတ်ပရိသတ်က မတောင်းဆိုလှတော့ပါ။ ဆရာကြီး နှင့် လိုင်းတူသည်ဟုဆိုရမည့် စုံထောက်နှင့် လျှို့ဝှက်သဲဖိုဆရာကြီး ဒဂုန်ရွှေမျှား၏ အရေးအသားမှာလဲ များ စွာခြောက်သွေ့လှပါ၏။ ဆရာ ကြီးထက်ငယ်သည့် ဇေယျ၊ ဒဂုန်ခင်ခင်လေးတို့ကိုပင် သူတို့၏ ဆွတ်ပျံ့ဖွယ် အောင် အချစ်ဇာတ်လမ်းများထက် ရာဇဝင် မြန်မာမှု သုတဆောင်းပါး၊ ခရီးသွားမှတ်တမ်းများနှင့်သာ ပိုတွဲ အမှတ်ရကြပါလိမ့်မည်။
စင်စစ် ဇော်ဂျီ၊ မင်းသုဝဏ်တို့၏ ခေတ်စမ်းမတိုင်မီ စာရေးဆရာများအနက် ယနေ့ထိ လူဖတ်များသည့် စာပေ တန်းဝင် စာရေးဆရာဟူ၍ ရွှေဥဒေါင်း အပြင် မှော်ပီဆရာသိန်းကြီး၊ အမျိုးသားပညာဝန် ဦးဖိုးကျား၊ မဟာဆွေ၊ သခင်ဘသောင်းတို့ လောက်သာ ရှိပါတော့မည်။ (ပီမိုးနင်း၏ အပျိုလမ်းညွှန်၊ ဆိုက်ကော်လော်ဂျီ စသည့် ဘုရားပွဲဈေး စာအုပ်များကို ထည့်မယူပါ)
(၃)
ရွှေဥဒေါင်းကို စွဲကြသည့်တကြောင်းမှာ ဝါကျရှည်ရှည်ခန့်ခန့်ကြီးများအကြား အရပ်သုံး မန္တလေးစကားလေး များကို ညှပ်ကာညှပ်ကာ ထည့်တတ်ခြင်းကြောင့်ပင်။ ပဲမှုန့်စစ်စစ်ကောင်းကောင်းနှင့် ပျစ်ပျစ်နှစ်နှစ်ရှိလှသည့် မုန့်တီဟင်းတွင် အကြော်အလှော်၊ဒညင်းသီး၊ပဲသီးတောင့်စသည့် အဆာစုံညှပ်စားသည့်ပမာရှိလှသည်။ သူ့စတိုင် လန်ဘားကျောက်တံတား ဝါကျရှည်ကြီးများ သပ်သပ်ဆိုလျှင် စတုမဓူကို ထမင်းလွတ်စားရသလို အီဆိမ့်သွားလိမ့်မည်။ တသက်တာမှတ်တမ်းတွင် ဆိုသကဲ့သို့ ဝါကျဆက် သမ္ဗန္ဓများကို အထူးအားထုတ် ရွေးချယ်ခြင်း၊ စကားပြေ၏ အတက်အကျနှင့် စာပိုဒ်ဆက်အစပ်သဘောကို ဝါကျ လက်သမားကောင်း တယောက်အဖြစ် ကျင်လည်ပိုင်နိုင်ခြင်းများက ရွှေဥဒေါင်းကို ခေတ်ပြိုင် ၂၀ ရာစု ဦး မြန်မာစာရေးဆရာများ ထံမှ ကွဲထွက်နေစေသည်။ ၁၉ရာစု အင်္ဂလိပ်ပညာရှိ မက်ကောလေး၏ စာရေးနည်းကို စုတုပြု လာသည့် ရွှေဥဒေါင်းအတွက် အခြား သော ခေတ်ပြိုင်စာရေးဆရာများကဲ့သို့ စကားလုံးများကို ဝေဝေလှိုင်းလှိုင်းနှင့် ဖွဲ့ကာနွဲ့ကာ လှည့်ကာပတ်ကာ တီတီတာတာ ရေးဖို့ထက် ဖတ်သူစိတ်ထဲ ချောခနဲ ရောက်သွားဖို့၊ လိုရင်းဆိုက်ဖို့က ပဓာနကျလေသည်။ အကွက်ကျကျရေးနည်းကို ဂရုပြုသည့်အချက်တွင် ကောလိပ်ကျောင်းထွက် ခေတ်စမ်းအုပ်စုနှင့် အပုံကြီး ဉာဏ်ချင်းထပ်လှသည်။
ထို့ပြင် မောင်စံရှား၊ သူတော်စိန်၊ ဒဂုံတင့်စသည့် အမှီးဝတ္ထုများတွင် မြို့တော်ရန်ကုန်၏ ကိုလိုနီခေတ်ကို နောက်ခံထား ဖွဲ့ခြင်းသည်လည်း ရွှေဥဒေါင်း၏ အမှတ်သင်္ကေတတခုပင်။ ကုလားနှင့် လူမျိုးခြားပေါင်းစုံ ကြီးစိုးသော ရန်ကုန်မြို့ကြီးနှင့် မြို့သူမြို့သားများ အနောက်တိုင်းဆန်ပုံ၊ အပျော်စုံကျူး ဟန်ကြီးကြပုံတို့မှာ အလွန်အကျွံအမျိုးသားရေးဝါဒမှိုင်းအောက်တွင် ပိတ်ဆို့ခေတ်နောက်ကျနေသည့် လူနေမှုစံနစ်အောက်မှ စာဖတ်သူများအတွက် ထွက်ပေါက်တခုဖြစ်လေသည်။ အထူးသဖြင့် ကိုယ်နှင့်မနီးစပ်သည့် တိုင်းတပါးက ချမ်းသာသုခများထက် ကိုယ့်ရပ်ဌာနီတွင် အရင် နှစ်တရာတွင်းက ဘယ်သို့ကောင်းစားခဲ့သည်ဆိုသော ဇာတ်ကြောင်းများမှာ များစွာ စိတ်ကူးအိပ်မက်လို့ကောင်းပါသည်။ ပစ္စက္ခတွင် မွဲတေဟောင်းနွမ်းနေသည့် တိုက်အိုများအပေါ်တွင် စိတ်ကူးဆေးသုတ်ပြီး တမ်းတမှန်းဆရန်လည်း လွယ်ကူသည်။ ထို့ပြင် ရွှေဥဒေါင်း၏ မှီငြမ်းပုံမှာ ဂါဝန်ကိုချွတ် ထဘီစွပ်ပြီး ဘောလ်ကို ပျော်ပွဲကြီးခင်းကျင်းသည်ဆိုသော သာမည်ညောင်ည ခိုးချ ဘာသာပြန်မျိုး၊ ယခုခေတ်ပေါ် အပျော်ဖတ်ရှဲဒိုးဝတ္ထုမျိုးမဟုတ်ဘဲ မြန်မာ့လေ မြန်မာ့ဟန် အပြည့်ပါပေ၏။
ထို့ပြင် ရွှေဥဒေါင်း၏ စုံထောက်၊ စွန့်စားခန်းနှင့် ဆန်းထွေထူးပုံဝတ္ထုများမှာ စာဖတ်စလူငယ်များအတွက် အဖော်ကောင်း ဖြစ်သကဲ့သို့ ဘာသာရေးနှင့် အတွေးအခေါ်၊ နိုင်ငံရေး၊ စာပေရေးရာတို့လို အလေးအနက် ပရိသတ်အတွက်လည်း ရွှေဥဒေါင်းက တွေ့ဆုံရန် အသင့်ရှိနေသည်။
(၄)
ဆရာကြီးကို အထူးနှစ်ခြိုက်မိသည့် တချက်မှာ အထက်ကဆိုခဲ့သလို ဝါဒမှိုင်းကို စောစောခွဲနိုင်ခြင်းပင်။ ခေတ်အဆက်ဆက် နိုင်ငံရေးလမ်းကြောင်းရွေးမှန်လှသည်ဟု ထင်ရှားသော ဆရာကြီးမှိုင်းသည်ပင် တရုတ် ပြည်မှာ မဟော်သဓာတို့နေခဲ့သည့်ပြည်ဟု ဂုဏ်တင်စာဖွဲ့သည်အထိ အထင်ကြီးလွန်ခဲ့ဖူးသည်။
၁၉၅၀၊ ၆၀ ပြည့်လွန်နှစ်များကား မြန်မာပြည် ပညာတတ်လောကတွင် အရှေ့လေက အနောက်လေ မလှန် နိုင်အောင် တိုက်သောအချိန်တည်း။ အနှီလို ကာလကြီးတွင် ဆိုဗီယက်နှင့်တရုတ်စသည့်နိုင်ငံကြီးများက ဖိတ်၍ ၆၀ ကျော်မှ နိုင်ငံရပ်ခြားရောက်ခဲ့ဖူးသော်လည်း ထိုတိုင်းပြည်များ ကောင်းကြောင်း ဟိမဝန္တာချီးမွမ်း ခန်းချည်း ဖွင့်ခဲ့သူမဟုတ်ပါပေ။ လက်ဝဲနိုင်ငံများ ကောင်းသည်ဆိုးသည်ဟူသမျှ မထောက်မညှာ တိတိပပ ဖွင့်ထုတ်ရေးလိုသည်ဟု ရေးခဲ့သည့် ရွှေဥဒေါင်းကို လူထုဒေါ်အမာက ဦးလေးသိန်း ပညာတတ်ဉာဉ် ရှိသည် ဟု အောက်မေ့ခဲ့၏။
နောက်မှ စစ်အေးပြီးချိန်၊ အရှေ့အုပ်စုပြိုကွဲချိန်တွင် လက်ဝဲအစစ်နှင့် အတုတိုင်းပြည်များတွင် ဒီမိုကရေစီ ဆိုသည့်အသံ မြည်ဟည်းနေပါပြီဟု ဒေါ်အမာက ဝန်ခံခဲ့ဖူးသည်။
ထို့ပြင် မြန်မာပြည်ကဲ့သို့ ဘုန်းကြီးတန်ခိုးထွားသည့်တိုင်းပြည်တွင် ဦးနုက ကွန်မြူနစ်ဆန့်ကျင်ရေးလက်နက် အဖြစ် ဘာသာရေးကို အလွန်အကျွံရှေ့တန်းတင်လာခြင်းကို ကျိုးကြောင်းဆင်ခြင်နည်းကျကျ ထောက်ပြ ဝေဖန်ခဲ့သူမှာ ဝဏ္ဏကျော်ထင်ရွှေဥဒေါင်းဖြစ်ပါသည်။
ကျွန်ုပ်၏အဘေးနှင့်အတူ မဟာစည်ဆရာတော်ကို ဆိပ်ခွံမှ ပင့်လာခဲ့သည့် ရွှေဥဒေါင်းသည် သူ၏ ဘာသာ ရေးစာပေနှံ့စပ်မှုကို အသုံးချပြီး သာသနာရေးဌာနတွင် လူပေါ်လူဇော်လုပ်ဖို့ စိတ်မကူးခဲ့ပါလေ။
ဒေါက်တာဆိုနီ၊ ဦးကျော်လှကဲ့သို့ မန္တလေးပညာရှိအချင်းချင်း နှီးနှောဖလှယ်ရရုံနှင့် ရှုမဝတွင် ဆောင်းပါးတွေ ပျော်ပျော်ကြီးရေးရရုံနှင့် ရောင့်ရဲနိုင်ခဲ့သည်။ဂျင်းတဲလ်မန်းခေါ် အင်္ဂလိပ်လူကြီးလူကောင်းစိတ်ဓာတ်သည် ငါးပါးသီလသမားထက်သာသည်ဟု ဆဋ္ဌသင်္ဂါယနာ ခေတ်ကြီးတွင် ပြောရဲခဲ့သူ၊ သူ့စိတ်တွင် ဘဝင်မကျက အာဇာနည်ဟု တတိုင်းပြည်လုံးက ဗိမာန်ဆောက် အလေးပြုရသည့် ဗိုလ်ချုပ်အောင်ဆန်းတို့ကိုပင် လူများ သတ်သဖြင့် ရုတ်တရက်သေရသူကို အာဇာနည်ဟု မသတ်မှတ်နိုင်ဟူသော မှတ်ချက်မျိုးပေးရဲသည့် အာဂ ရွှေဥဒေါင်းပါပေ။
စားတော်ဝန်မြေး၊ စာတော်ဖတ်ရွာစားသားဟု နန်းတွင်းမင်းမှုထမ်းမျိုးမှ တိုက်ရိုက်ဆင်းသက်သော်လဲ ဆရာကြီးသည် လူအချင်းချင်း အောက်ကျို့ရခြင်း၊ အရိုအသေကြိုက်ခြင်းဟူသည့် ပဒေသရာဇ်ထုံးစံများကို တမင်တကာပင် လျစ်လျူရှုတတ်သူဖြစ်ပါ၏။ သူအတုယူခဲ့မည့် ရတနာပုံခေတ်ဓလေ့မှာ ယောအတွင်းဝန်၊ ကင်းဝန်မင်းကြီးတို့ စတင်ပျိုးထောင်ခဲ့သည့် အနောက်မှ အတွေးသစ် အရေးသစ်တို့ကို မြန်မာ့ဓလေ့တွင် စိမ့်ဝင်ဆန်းသစ်စေခြင်း၊ မှန်ရာကို မကြောက်မရွံ့ ရေးရဲဆိုရဲခြင်းတို့သာ ဖြစ်လိမ့်မည်။ သို့အတွက် ရွှေဥဒေါင်းကို ပါတော်မူပြီးနောက် အထက်မြန်မာပြည်မှ ပေါ်ခဲ့သမျှပညာရှိများတွင် သြဇာအကြီးဆုံးဟု ဆိုသင့်လှလေပြီ။
ဆရာကြီးတွင် ညံ့ချက်တကွက်အဖြစ် ပြောစရာကျန်ခဲ့သည်မှာ သူ့ကိုဖမ်းပြီးတိုက်ပိတ်ခဲ့သည့် ဦးနု၊ ဗိုလ်ခင်မောင်ကလေးတို့၏ ပါလီမန်အာဏာရှင် ဖဆပလအစိုးရကို အလွန်အခဲမကျေသဖြင့် ဥပဒေဖောက်ဖျက်အာဏာရယူ ခဲ့သည့် ဗိုလ်ချုပ်နေဝင်း၏ လုပ်သားသတင်းစာတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းတည်း။
နက်ဆာ၊ တီတိုးတို့ကဲ့သို့ ဆိုရှယ်လစ်စနစ်ကို အောင်အောင်မြင်မြင် ထူထောင်နိုင်ရန် ဘုန်းပညာ သမာဓိ သိက္ခာနှင့် မပြည့်သည့် မင်းခွေးချေးလို အာဏာရှင်နှင့် ရာဇသင်္ကြန်လို ပညာမာနခဲတို့၏ လက်တွဲမှု ကြာရှည်မခိုင်မြဲခဲ့ခြင်းမှာ မောင်စူးစမ်း၊ သိန်းဖေမြင့်၊ ဦးဘညိမ်၊ မောင်ချစ်လှိုင်စသည့် လက်ဝဲပညာတတ်များ ဘေးလွင့်ရသည်နှင့် တယ်မခြားလှဘဲ ဆရာကြီး၏ ပညာဂုဏ်ကြီးလွန်းလှသည့်အတွက်သာ ပရိသတ်၏ လေးစားမှု မယုတ်လျော့ဘဲ ရှိခဲ့သည်။
(၅)
ထိုသို့ အတွေးအခေါ်လွတ်လပ်မှုအလေ့ကို လက်ဝဲဝါဒနှင့်ယှဉ်ပီး လက်ခံခဲ့ရုံသာမက အနောက်တိုင်းစာပေ ကိုအားပြုပြီး မြန်မာစာပေကို တခေတ်ပြောင်းစေခဲ့သူ၊ ယနေ့တိုင် စာဖတ်ပရိသတ်က မမေ့နိုင်သေးသည့် ရွှေဥဒေါင်းဟူသည့် စာရေးဆရာ ‘မာနကြီး’ ၏ ၁၂၀ ပြည့်အမှတ်တရကာလတွင် သူ့စာပေအမွေအနှစ်တို့ကို ဆက်လက်ရှာဖွေပုံနှိပ်ခြင်း (ဥပမာ- သူရိယနှင့်လူထုခေါင်းကြီးများ၊ ရတနာပူရကဲ့သို့ သူရိယသတင်းစာထဲက ဝတ္ထုများ)၊ ဆွေးနွေးနှီးနှောပြီး အကဲဖြတ်စာများ ရေးသားထုတ်ဝေခြင်းစသည့် ပညာဖြင့် ဂုဏ်ပြုခြင်းမျိုး ပြုသင့်ကြရုံမက သူ၏ ရဲရင့်လွတ်လပ်သည့် အတွေးယဉ်ကျေးမှုကိုပါ မြှင့်တင်အားပေးသင့်လှပါကြောင်း။။
စာရေးသူ ဘိုဘိုလန်းစင် မှာ လန်ဒန်တက္ကသိုလ်တွင် စစ်ပြီးစမြန်မာစာပေသမိုင်းနှင့် စပ်လျဉ်း၍ သမိုင်းမဟာဝိဇ္ဇာ ဘွဲ့ယူကျမ်းတင်သွင်းထားသူဖြစ်သည်။
မှတ်ချက်။ ။ ၁၉၇၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သော စာရေးဆရာ သတင်းစာဆရာ ဆရာကြီး ရွှေဥဒေါင်း ခေါ် အမည်ရင်း ဦးဖေသိန်းသည် ၁၈၈၉ ခု အောက်တိုဘာလ (၂၄ )ရက်တွင် မွေးဖွားခဲ့၍ ယခု အောက်တိုဘာ လ (၂၄) ရက်တွင် အသက် ၁၂၀ ပြည့်ပြီဖြစ်သည်။
ဆရာကြီးရေးသားခဲ့သော စာအုပ်များတွင် ရန်ကြီးအောင်၊ စုံထောက် ဦးစံရှား ၀တ္ထုများ၊ ရူပနန္ဒီ၊ ရတနာသိုက်၊ သူရဲကောင်း သုံးယောက်၊ မျှော်တလင့်လင့်၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ်၊ ဘ၀တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စသည့် စာအုပ်များမှာ အထူးထင်ရှားခဲ့သည်။
Comments (6)

written by ရွှေဥဒေါင်း, October 26, 2009
ရွှေဥဒေါင်း - တစ်သက်တာ မှတ်တမ်း အတွေးအခေါ်များ
http://www.fileden.com/files/2006/9/6/205911/Shwe Oo Daung.pdf
http://www.fileden.com/files/2006/9/6/205911/Shwe Oo Daung.pdf
written by Burmakin, October 24, 2009
A good article, indeed. I want to give a few remarks that might improve this article.
Critical thinking is not a sort of thinking based on somebody's own reason as interpreted in this article. It is rather rigorous self-criticism upon your own reason. It is rather setting a standard of minimal trust on our own way of reasoning for trying to explore deeper knowledge for getting closer to truth. It is a method rather than self-liberty. In short, the main flair of critical thinking is humility, and not self-arrogance.
It is inclined to a sort of flattery by saying "ပညာဂုဏ်" (his honor of great wisdom). The wisdom and the mastery of a kind of art such as writing and playing a violin are not the same. A person might have an IQ score of 150 but he may be lacking some professional talent. In the same way, a person might be excelled at a professional talent but he might still be very stupid.
In a nutshell, the author is clear to the point in contrasting Shwe U Dawn with his contemporaries. The article could become better by a more cautious choice of vocabularies and exactness of specific technical explanation.
Critical thinking is not a sort of thinking based on somebody's own reason as interpreted in this article. It is rather rigorous self-criticism upon your own reason. It is rather setting a standard of minimal trust on our own way of reasoning for trying to explore deeper knowledge for getting closer to truth. It is a method rather than self-liberty. In short, the main flair of critical thinking is humility, and not self-arrogance.
It is inclined to a sort of flattery by saying "ပညာဂုဏ်" (his honor of great wisdom). The wisdom and the mastery of a kind of art such as writing and playing a violin are not the same. A person might have an IQ score of 150 but he may be lacking some professional talent. In the same way, a person might be excelled at a professional talent but he might still be very stupid.
In a nutshell, the author is clear to the point in contrasting Shwe U Dawn with his contemporaries. The article could become better by a more cautious choice of vocabularies and exactness of specific technical explanation.
written by လူငယ်, October 24, 2009
စာရေးသူဟာ ရွှေဥဒေါင်းရဲ့ မဟုတ်မခံစိတ်ဓါတ်ကို မကြာခင်က ကွယ်လွန်ခဲ့တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ စကားနဲ့ နိဒါန်းချီးပြီး ထင်ရှားတဲ့ လက်ဝဲသမားများကို ဖေါ်ပြပြီး လက်ဝဲ မကောင်းကြောင်းကို လိုရာဆွဲ ရေးထားတယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့စာရေးသူဟာ ဖဆပလ ခေတ်က ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များရဲ မကောင်းကြောင်းတော့ ထင်ထင်ရှားရှား ရေးမပြခဲ့ပါဘူး။
လူထုဒေါ်အမာ အသက်ရှင်စဉ်က အခုလို ဆောင်းပါးမျိုးရေးခဲ့မယ် ဆိုရင် ပိုမို သင့်လျှော်မယ်လို့ ယူဆရပါတယ်။ အခုဟာက ဟိုး... ရှေးလွန်လေပြီးသော ခေတ်ကို မမှီတဲ့ စာရေးဆရာ ကျော်ဝင်းနဲ့ မောင်စုးစမ်းလို လူမျိုးပဲ ကျန်ခဲ့တော့ စာရေးသူရဲ့ တင်ပြတဲ့ အကြောင်းအရာ အားလုံးဟာ အမှန်လို ယူဆရမှာ ခက်ခဲနေပါတယ်။ စာရေးသူရဲ့ ၀ါဒစွဲမှိုင်း မမိဖို့ စေတနာထား တင်ပြတာကိုတော့
လက်ခံ ကြိုဆိုပါတယ်။ ဒါပေမဲ့တင်ပြပုံက စာရေးသူ ကိုယ်တိုင် အစွဲလေးတွေ ပါနေသလားလို့ ခံစားရပါတယ်။ ယနေ့ခေတ် လူငယ်တစ်ဦးအမြင်နဲ့ ဖေါ်ပြရမယ်ဆိုရင် ယနေ့ လူငယ်ေ တ်ာတော်များများမှာ
ဝါဒစွဲ မရှိတော့ကြောင်းပါ။ လက်ဝဲလက်ယာ လက်ခလယ်စတဲ့ ၀ါဒစွဲများ မရှိတော့ပဲ
တစ်ဦးချင်း ကြီးပွါးတိုးတ က်လိုစိတ်ရှိနဲ့ တိုင်းချစ်ပြ ည်ချစ်စိတ်ရှိ ကြတဲ့သူများသ ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။
လေးစားစွာဖြင့်
ခေတ်လူငယ်
လူထုဒေါ်အမာ အသက်ရှင်စဉ်က အခုလို ဆောင်းပါးမျိုးရေးခဲ့မယ် ဆိုရင် ပိုမို သင့်လျှော်မယ်လို့ ယူဆရပါတယ်။ အခုဟာက ဟိုး... ရှေးလွန်လေပြီးသော ခေတ်ကို မမှီတဲ့ စာရေးဆရာ ကျော်ဝင်းနဲ့ မောင်စုးစမ်းလို လူမျိုးပဲ ကျန်ခဲ့တော့ စာရေးသူရဲ့ တင်ပြတဲ့ အကြောင်းအရာ အားလုံးဟာ အမှန်လို ယူဆရမှာ ခက်ခဲနေပါတယ်။ စာရေးသူရဲ့ ၀ါဒစွဲမှိုင်း မမိဖို့ စေတနာထား တင်ပြတာကိုတော့
လက်ခံ ကြိုဆိုပါတယ်။ ဒါပေမဲ့တင်ပြပုံက စာရေးသူ ကိုယ်တိုင် အစွဲလေးတွေ ပါနေသလားလို့ ခံစားရပါတယ်။ ယနေ့ခေတ် လူငယ်တစ်ဦးအမြင်နဲ့ ဖေါ်ပြရမယ်ဆိုရင် ယနေ့ လူငယ်ေ တ်ာတော်များများမှာ
ဝါဒစွဲ မရှိတော့ကြောင်းပါ။ လက်ဝဲလက်ယာ လက်ခလယ်စတဲ့ ၀ါဒစွဲများ မရှိတော့ပဲ
တစ်ဦးချင်း ကြီးပွါးတိုးတ က်လိုစိတ်ရှိနဲ့ တိုင်းချစ်ပြ ည်ချစ်စိတ်ရှိ ကြတဲ့သူများသ ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။
လေးစားစွာဖြင့်
ခေတ်လူငယ်
Write comment
| < Prev | Next > |
|---|








အားကျတယ်ဗျာ
မန္တလေးက ဆရာဝန်ညီတွေ အတွက် အတု ယူစရာပါပဲ။ သမိုင်းဘွဲ့ကို ဘယ်က ဘယ်လို တက်ဖြစ်သွားတာလဲ။
အိုင်ဒီယာလည်း လန်းပါတယ်။ အခုတော့ ဆေးမန်းမှာ နှစ်လည် မဂ္ဂဇင်း ထုတ်ဖို့ စိုင်းပြင်း နေကြတယ်။