ချင်းရိုင်ခရိုင် ချင်းစန်မြို့နယ် ၀ိန်းကျောက်ရွာ အနီးမှာ ကျင်းပတဲ့ မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရရဲ့ သက်တော် ၄၇ နှစ်ပြည့် မွေးနေ့ပွဲမှာ ဆရာတော်ကို ပူဇော် ကန်တော့ဖို့အတွက် မြန်မာနိုင်ငံက သံဃာတော် တွေ အပါအ၀င် လူအများက သွားရောက်နေကြပါတယ်။
“ကျိုင်းတုံကနေ ဆရာတော်မွေးနေ့ပွဲ လာတာပါ၊ လူတယောက်ကို နယ်စပ်ဂိတ်မှာ ထိုင်းဘတ်ငွေ ၅၀(၁၅၀၀ ကျပ်) ခန့် ပေးပြီး တော့ ယာယီနိုင်ငံကူးလတ်မှတ်လုပ်ပြီးရင် ထိုင်းမှာ ၇ ရက်လောက်လည်လို့ရတယ်၊ ဆရာတော် မွေးနေ့ပွဲ လာရင်းနဲ့ မဲခေါင်မြစ်ထဲမှာ စက်လှေသွားစီးမယ်”လို့ ကျိုင်းတုံမြို့က ဆိုင်ကယ်နဲ့ လာရောက်သူ တဦးက ဆိုပါတယ်။အဝေးပြေးလမ်းမပေါ်မှာလည်း မြန်မာပြည် (၂ခ/ ရခ/ ဗ/ ကတ/ တခလ) နံပါတ်ပြားတွေ တပ်ဆင်ထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို မကြာခဏဆိုသလို တွေ့မြင်နေရပါတယ်။
ပွဲတော်ကျင်းပတဲ့ ရက်ပိုင်းအတွင်းမှာတော့ ထိုင်းအာဏာပိုင်များက မြန်မာပြည်အတွင်းမှ ပွဲတော် လာရောက် သူများကို နားလည်မှုနဲ့ ခွင့်ပြုထားပါတယ်။
“ဆရာတော်မွေးနေ့ကျင်းပတဲ့ ရက်ပိုင်းအတွင်းမှာ လမ်းမှာရှိတဲ့ ထိုင်း စစ်ဆေးရေးဂိတ်က အစစ် အဆေး အမေးအမြန်း သိပ်မလုပ်ပါဘူး၊ လမ်းကတော့ မြန်မာပြည်က လမ်းတွေထက် ကောင်းတော့ မိုင်ကုန် ဖွင့် မောင်း လိုက်တာပေါ့”လို့ တာချီလိတ် ဗင်ကား ဆရာတဦးက ပြောပါတယ်။
မိုင်းဖုန်းဆရာတော်ဟာ ငယ်စဉ်ကတည်းက တရားဓမ္မ ကျင့်ကြံ ပွားများအားထုတ်မှု၊ အကျင့်သီလ မြဲမြံမှုနဲ့ ရှမ်းပြည်နေရာအနှံ့အပြားနဲ့ မိုးကုတ်လို ဒေသတွေမှာ စေတီပုထိုးများစွာ တည်ထား လှူဒါန်းသာသနာပြု တာတွေကြောင့်လည်း မြန်မာပြည်က လူတွေက လေးစား ကြည်ညိုကြပါတယ်။
ဝါတော် ၂၇ ၀ါရှိပြီဖြစ်တဲ့ မိုင်းဖုန်းဆရာတော်ဟာ တကယ်တော့ ထိုင်းနိုင်ငံသား ဖြစ်ပြီး ကိုရင်လေး ဘ၀ ကတည်းက ရှမ်းပြည်တွင်းမှာ သွားရောက်သာသနာပြုနေခဲ့တာ ဖြစ်ပါတယ်။
အရင်က ဆရာတော်ဟာ ရှမ်းပြည်နယ် တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာမှာ သီတင်းသုံးနေရာက ၂၀၀၄ ခုနှစ် က စပြီးတော့ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းစန်မြို့နယ် ၀ိန်းကျောက်ရွာ၊ စပလင်အနီးရှိ ဘုန်းတော်ကြီး ကျောင်း နဲ့ လမ်းပန်းအနီးမှာ ပြောင်းရွှေ့သီတင်းသုံးနေတာပါ။ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် ရာထူးမှအနားမယူခင်အထိ တနှစ်လျှင် တကြိမ်ခန့်လာရောက် ဖူးမြော်လေ့ရှိတယ်လို့လည်း သိရပါတယ်။
နှစ်စဉ် ဇန်န၀ါရီလ ၅ရက်နေ့မှာ ကျရောက်တဲ့ မိုင်းဖုန်းဆရာတော်(၀န်းန်စွန့်မ်)ရဲ့ ၃ ရက် တိုင်တိုင် ကျင်းပတဲ့ မွေးနေ့ပွဲကို ထိုင်းနိုင်ငံ မယ်ဆိုင်၊ ချင်းရိုင်၊ ချင်းစန်မှ ထိုင်းနိုင်ငံသားတွေသာမက ရှမ်းပြည်နယ် တာချီလိတ်၊ ကျိုင်းတုံ၊ ခိုလန်၊ လဲချား၊ ပင်လုံ၊ နမ့်ခမ်း ဒေသတွေက သောင်းနဲ့ချီသော ရှမ်းလူမျိုးတွေနဲ့ နယ်စပ်ဒေသ ရွာတွေက ပလောင် လူမျိုး တွေ အပါအ၀င် တောင်ပေါ် တိုင်းရင်းသားတွေလည်း လာရောက်ကြပါတယ်။
ဒီနှစ်မှာတော့ အရင်နှစ်တွေအတိုင်း ဇန်န၀ါရီ ၅ ရက်နေ့မှာ ဆရာတော် ကြွရောက်နိုင်ခြင်းမရှိလို့ စောင့်မျှော် နေသူတွေထဲက တချို့တလေ ပြန်သွားတာလည်းရှိပါတယ်။
ဆရာတော်ဟာ ဇန်န၀ါရီလ ၆ ရက်နေ့ ည ၉ နာရီမှာ ပွဲတော် ကျင်းပနေတဲ့နေရာကို လမ်းပန်းက ကြွရောက် လာပြီး တရားဟောစင်မြင့်ထက်ကနေ တခြားသံဃာတော်တွေနဲ့အတူ လူပရိသတ်ကို ငါးပါးသီလပေးပါ တယ်။
ပြီးတော့ ဂါထာ မန္တန်တွေကို ရွတ်ဖတ်သရဇ္ဈာယ်ပြီးနောက် ၁၅ မိနစ်ခန့် ၀ိပဿနာတရားကို ပွားများ အား ထုတ်စေကာ ရှမ်းဘာသာနဲ့ တရားဓမ္မတွေကို စတင်ဟောကြားပါတယ်။
တည်ငြိမ်တဲ့ ဆရာတော်ရဲ့ အသံဟာ တိတ်ဆိတ်နေတဲ့ ကွင်းပြင်တခုလုံးကို ဖုံးလွှမ်းနေပါတယ်။
ပွဲကို လာရောက်ကြသူတချို့ဟာ ဇန်န၀ါရီလ ၁ ရက်နေ့ကတည်းက ပွဲကျင်းပရာ ကွင်းပြင်မှာ လာရောက်ပြီး ငှက်ပျောပင်နဲ့ သစ်ပင်ငယ်တွေဘေးမှာ မိုးကာတွေ၊ စောင်တွေနဲ့ ကာရံကာ ကြုံသလို ယာယီတဲတွေ ထိုးပြီး ဆရာတော် အလာကို စောင့်မျှော်လျက်ရှိကြပါတယ်။ ပွဲကျင်းပရာကွင်းပြင်အတွင်း အလှူခံမဏ္ဍာပ်၊ ဆရာတော် တရားဟောရာ စင်မြင့်၊ ဆရာတော် ရုပ်တုထားရှိ ရာ ယာယီတဲ၊ ပွဲလာသူတွေနားခိုဖို့အတွက် ယာယီမဏ္ဍာပ်နဲ့ ဈေးဆိုင်တန်းတွေကလွဲပြီး အခိုင်အခန့်ဆောက် ထားတဲ့ အဆောက်အဦးဆိုလို့ ရေချိုးခန်း၊ အိမ်သာတွေသာ ရှိပါတယ်။
ပွဲတော်ကျင်းပရာ ကွင်းပြင်မှာ စားသောက်ဆိုင်၊ အ၀တ်အထည်၊ ရှမ်းသီချင်းခွေတွေနဲ့ တခြား အမှတ်တရ ပစ္စည်း ရောင်းချတဲ့ဆိုင်တွေရှိသလို ဖုန်းတလုံးကို ဘတ် ၂၀ ပေးရင် ဘက္ကထရီ အားသွင်းပေးတဲ့ ဆိုင်လည်း ရှိပါတယ်။
ဒါ့အပြင် ကောက်ညှင်းကျည်တောက်၊ မုန့်လင်မယားတို့လို သရေစာရောင်းတဲ့ ပျံကျဆိုင်တွေကလည်း ပွဲတော်အတွင်း ဟိုဟိုသည်သည် ပျံကျဲလျက်ရှိပါတယ်။
“ဆရာတော်မွေးနေ့ပွဲဆို တအားစည်တယ်၊ အရမ်း ရောင်းကောင်းတယ်၊ သတ်မှတ်ထားတဲ့ နေရာမှာ ကြိုက် သလို ရောင်းလို့ရတယ်၊ အခွန်တွေဘာတွေ ပေးစရာမလိုဘူး၊ ဒီနှစ်တော့ ဆရာတော်က မကြွလာသေးတော့ တချို့ လုပ်လာတဲ့ ယာယီနိုင်ငံကူးလတ်မှတ်တွေ သက်တမ်းကုန်ပြီလို့လည်း ကြားတယ်”လို့ လ္ဘက်ရည်နဲ့ အီကြာကွေးရောင်းတဲ့ မယ်ဆိုင်က မသန်းသန်းက ပြောပြပါတယ်။
ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေ မပါပေမယ့် ညအချိန် အလှူခံ မဏ္ဍာပ်ရှေ့မှာ ဖျော်ဖြေပေးနေတဲ့ ရှမ်းအိုးစည်နဲ့ တိုးနယား အက က ပွဲလာသူတွေရဲ့ စိတ်အာရုံကို တမျိုး ဖြေဖျောက်ပေးနေပါတယ်။
“ဒီပွဲကို ကြည့်ပြီးတော့ တောင်ကြီးတန်ဆောင်တိုင်ကို သတိရတယ်ဗျာ”လို့ ထိုင်းနိုင်ငံမှာ လာ အလုပ်လုပ်နေ တဲ့ တောင်ကြီးမြို့သား ကိုထွန်းက ပြောပါတယ်။
ဒီမွေးနေ့ပွဲကို မြန်မာပြည်က လာရောက်သူတွေအတွက် တဦးကို ထိုင်း ဘတ် ၄၀၀၀(၁၂၀၀၀၀ ကျပ်) လောက် ကုန်ကျစရိတ် ရှိပြီးတော့ ရှမ်းပြည်နယ်က ဒေသခံ တချို့ဆို ခြေလျင်လာရောက်ကြတယ်လို့လည်း သိရပါတယ်။
“ဆရာတော်က ထိုင်းနိုင်ငံထဲရောက်နေတော့ ဘယ်မှာ သွားဖူးရမှန်းမသိဘူး၊ မွေးနေ့လုပ်မှပဲ ဒီနေရာမှာ သေချာဖူးလို့ရတော့ မရောက်ရောက်အောင် လာဖူးတာပါ၊ ထိုင်းနိုင်ငံထဲမှာ ဆိုတော့ ဖူးတွေ့ရဖို့ ပိုခက်တာ ပေါ့၊ ဒီအချိန်ဆို ထိုင်းမှာ အလုပ်လုပ်တဲ့ အမျိုးတွေနဲ့လည်း ပြန်ဆုံတာပေါ့”လို့ ထိုင်း-မြန်မာနယ်စပ် ရွာလေး တရွာ က အမေအို တဦးက ဆိုပါတယ်။မွေးနေ့ပွဲလာရောက်တဲ့သူတွေကို ဆရာတော်က အစားအသောက်တွေ အခမဲ့ ဖြန့်ဝေကျွေးမွေး သလို ထိုင်း နိုင်ငံ နဲ့ ရှမ်းပြည်နယ်က အလှူရှင်တွေကလည်း စားသောက်စရာတွေ၊ သစ်သီးတွေကို ကားကြီး ကားငယ် အသွယ်သွယ်နဲ့ အခမဲ့ ဖြန့်ဝေပေးနေပါတယ်။
“ကျနော်ဒီနေ့ ပွဲထဲကိုသွားပြီးတော့ ခေါက်ဆွဲ ၄၅ ကီလိုလောက် ကြော်ထားတာကို သွားဝေတယ်၊ ပြီးတော့ သူများ ဝေတာကိုလည်း ပြန်စားနေတာပေါ့”လို့ ကရင် တိုင်းရင်းသား လုဆန်က ပြောပြပါတယ်။
အလှူခံ မဏ္ဍာပ်မှာ အလှူရှင်တွေကိုယ်စား ဂေါပက အဖွဲ့က ခြုံ စောင်၊ အနွေးထည်နဲ့ ဘောင်းဘီတို တွေကို ပွဲလာရောက်သူများအတွက် အခမဲ့ ဖြန့်ဝေနေတဲ့ အသံကလည်း ပွဲတော်ကို ပိုပြီး အသက်ဝင်စေပါတယ်။
“ကျနော်ကတော့ အနွေးထည်ရတယ်၊ မနက်ဖြန်အလုပ်သွားရင် ၀တ်သွားမယ်၊ ဆရာတော်ဆီက ရတဲ့ပစ္စည်း ဆိုရင်တော့ အန္တရာယ်ကင်းတယ်”လို့ ချင်းစန်က အလုပ်သမား ကိုနိုင်က ဆိုပါတယ်။
အလှူငွေထည့်ဝင်တဲ့သူတွေကို အလှူခံမဏ္ဍာပ်က ဆရာတော် ဓာတ်ပုံ၊ အဆောင်လက်ဖွဲ့တွေ ပြန်ပြီး ဓမ္မဒါန ပြုပေးပါတယ်။
“အရင်ကတည်းက ဆရာတော်အကြောင်းကြားဖူးတယ်၊ မဖူးဖူးသေးဘူး၊ အခု အလုပ်ကနားပြီးတော့လာတာ၊ ဒီနေ့ မနက်ပိုင်း ကုန်တင်ကုန်ချလုပ်တာ ဘတ် ၁၀၀ ရတယ်၊ ဆရာတော် မွေးနေ့ပွဲအတွက် အလှူငွေ ထည့် လိုက်တယ်၊ ပီတိ ဖြစ်လိုက်တာဗျာ၊ ဒီဘက်မှာ အားကိုးစရာဆိုလို့ ဘုန်းကြီးပဲရှိတယ်”လို့ ချင်းစန်က ကုန်တင် ကုန်ချ လုပ်ကိုင်နေတဲ့ ကိုပနောင်ကလည်း ပြောပါတယ်။
ဆရာတော်ကို လာရောက်ဖူးမြော်ကြသူတွေထဲမှာလည်း အခွင့်အရေးနဲ့ လာဘ်လာဘကို လိုချင်လို့ လာရောက် ပူဇော်ကြသူတွေရှိတယ် ဆိုတာသိရပါတယ်။
“ဆရာတော်ရဲ့ဒကာတွေက အရမ်းချမ်းသာတယ်၊ အဲဒီတော့ အခွင့်အရေးသမားတွေက အဲဒါကို မျှော်ကိုးပြီး လာတာလည်း ရှိတယ်”လို့ ကိုနိုင်က ဆိုတယ်။
ဇန်န၀ါရီလ ၈ရက်နေ့မှာ ပွဲတော်အတွင်း သံဃာတော်တွေကို ဆွမ်းလောင်းလှူဒါန်းပွဲကျင်းပပြီးတော့ ပွဲတော် ပြီးဆုံးမှာ ဖြစ်ပါတယ်။
အပြန်ခရီးမှာတော့ အလှူခံမဏ္ဍာပ် နံဘေးမှာ စိုက်ထူထားတဲ့ ဆရာတော် ပုံတော်က “လာချင်း ကောင်း၍ ပြန်ချမ်းမြေ့ကာ မင်္ဂလာအပေါင်းနှင့် ပြည့်ဝပါစေ”ဆိုတဲ့ မေတ္တာပို့ ဆုတောင်းဟာ ပွဲလာသူ အားလုံးကို နှုတ်ဆက်နေတဲ့အလား တွေ့ရှိခဲ့ရပါတယ်။
Comments (5)

written by စိုင်းဆေခမ်း, April 27, 2011
written by Khammoon, January 11, 2010
It's a precious item of news for us, who now lives in abroad and could not take part in the 47 birther celebration of Venerable Nyannasamvara (Maiphon Sayataw). For this, let our appreciation goes to all of your irravaddy stuff and may the power of triple gem be upon you all.
Write comment
| < Prev | Next > |
|---|








ထိုကဲ့ သို့ ဆရာတော် တည် ထားခဲ့ သော ဘုရားပုထိုးစေတီတော်များ အား နယ် အရပ်ရပ် ရှိမိဘပြည်သူများ
အွန်လိုင်း အသုံးပြု သူများ အား ဖြန့်ဝေချင်ပါသဖြင့် ဧရာဝတီ ဆိုက်တွင် တင်ခွင့် ရရန် တောင်းခံအပ်ပါသည်။
saisaekham@gmail.com
ပုံများ အားပို့ပေးနိုင်ရန်အတွက်
ဆက်သွယ်ရန်မေးလိပ်စာများ
ချန်ပေးစေလိုပါတယ်
မေတ္တာဖြင့်
သိန်းနီသား
စိုင်းဆေခမ်း