မြန်မာအသင်း နည်းပြ ဒရာဂို မာမစ် က ယခုပွဲတွင် ရှုံးနိမ့်သော်လည်း စိတ်မပျက်ကြောင်း၊ လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပ မည့် အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဖလား ၂၀၁၀ (AFC Challenge Cup 2010) ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ခြေစမ်းကစားခြင်းဖြစ်ကြောင်း ပြောသည်။
"ရလဒ်အတွက်အဓိက ကစားတာမဟုတ်ပါဘူး၊ ကျနော်တို့အသင်းက အဆင်သင့်မဖြစ်သေးတဲ့ အသင်းပါ၊ တဖက်အသင်းက ကျွမ်းကျင်မှုကအစ ဘာမှကိုပြောစရာမလိုတဲ့ အသင်းပါ"ဟု ၎င်းက ဘောလုံးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
AFC Challenge Cup 2010 ပြိုင်ပွဲသည် အာရှတိုက် အတွင်း ဘောလုံး ဖွံ့ဖြိုးမှု အားနည်းသည့် နိုင်ငံများ အာရှဖလား ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် ရစေရန် အတွက် AFC မှ စီစဉ် ပေးထားခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲ၌ ဗိုလ်စွဲသည့် အသင်းသည် ၂၀၁၁ အာရှ ဖလား ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရမည် ဖြစ်သည်ဟု soccermyanmar.com အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။
အူလ်ဆန်အသင်းသည် ပျမ်းမျှအသက်၂၀ ၀န်းကျင်ရှိ အပျော်တမ်းကလပ်အသင်းတသင်းသာဖြစ်ပြီး ဇန်န၀ါရီ ၂၆ ရက်နေ့ပွဲစဉ် တွင် ခြေစွမ်းအသာဖြင့်ကစား သွားခဲ့သည်။ အူလ်ဆန် အသင်းအတွက် ဂိုးများကို ပွဲချိန် ၇ မိနစ်၊ ၅၅ မိနစ် နှင့် ၆၇ မိနစ်တို့တွင် သွင်းယူခဲ့သည်။
မြန်မာအသင်းအတွက်ဂိုးကိုမူ ၄၂ မိနစ်တွင် ကမ္ဘေဇအသင်း တိုက်စစ်မှူး စိုးမင်းဦး က မျိုးမင်းထွန်း၏ ဖန်တီးပေးမှုမှ တဆင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲချိန်အများစုတွင် အူလ်ဆန်အသင်းကသာ စိုးမိုးခဲ့ပြီး မြန်မာအသင်းမှာ တောင်ပံ နှစ်ဘက်မှ သာအဓိက ထိုးဖောက်၍ ရိုးစင်းစွာ တိုက်စစ်ဆင်ခဲ့သဖြင့် ထိရောက်မှုမရှိခဲ့ပေ။ နှစ်သင်းစလုံးမှာ ဂိုးသွင်းခွင့်အပြန်အလှန်ရရှိခဲ့ကြ သော်လည်း ၃-၁ ဂိုးဖြင့်သာ ပြီးဆုံးသွားသည်။
ပြည်တွင်းအပတ်စဉ်ထုတ် အားကစားဂျာနယ် အယ်ဒီတာတဦးက"ဘောလုံးပညာ အခြေခံကွာတာ အရမ်းသိသာတယ်"ဟု ပြောဆို သည်။
မြန်မာအသင်းတွင် မျိုးမင်းထွန်း၊ ထွန်းထွန်ဝင်း၊ စိုးမင်းဦး ကဲ့သို့သော နာမည်ကြီးကစားသမားတချို့သာ ပါဝင်ခဲ့ပြီး အောင်ကျော်မိုး ကို ဒုတိယပိုင်း မှသာထည့်သွင်း အသုံးပြုခဲ့ကြောင်း၊ မကွေးအသင်းမှ လွင်ဦး၊ အောင်မြင့်အေး တို့အပါအ၀င် နာမည်ကြီးကစား သမား တချို့မှာ ဒါဏ်ရာရရှိခြင်းကြောင့် မကစားနိုင်ကြောင်း၊ ရတာနာပုံ အသင်းမှ ရန်ပိုင်လည်း မပါဝင်နိုင်ကြောင်း သိရသည်။
လတ်တလောတွင် AFC Challenge Cup ပြိုင်ပွဲဝင်ရန် ကစားသမား ၃၈ ဦးရွေးချယ်ထားပြီး အူလ်ဆန်အသင်းနှင့် နှစ်ပွဲခြေစမ်း ကစားပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နှင့် ၃ ရက်နေ့များတွင် ထိုင်းလက်ရွေးစင် အသင်း၊ ထိုင်းပရီးမီးယားလိဂ်မှ ကလပ်အသင်း တသင်းတို့နှင့်ခြေစမ်းကစားမည်ဖြစ်သည်။
မြန်မာအသင်းမှာ လာအိုနိုင်ငံတွင် ကျင်းပခဲ့သော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA GAME)၂၃ နှစ်အောက်ဘောလုံး ပြိုင်ပွဲတွင် ၀င်ပြိုင်ခဲ့သော်လည်း အုပ်စုမှပင်လှည့်ပြန်ခဲ့ရသည်။
"အဲဒီ ပွဲပြီးလို့ဦးဇော်ဇော်ကို အင်တာဗျူးဖို့ ဆက်သွယ်တာ အတွေ့ကိုမခံတော့ဘူး"ဟု အားကစားသတင်းထောက် တဦးက ပြော သည်။
မြန်မာဘောလုံးလောကတိုးတက်ရေး ရေရှည်စီမံကိန်းချ လုပ်ဆောင်ရန် လိုအပ်ကြောင်း အူလ်ဆန်အသင်း နည်းပြ Mr Lee Sang Chul ကပြောကြားခဲ့ပြီး တခေတ်တခါက နာမည်ကြီးခဲ့သော မြန်မာအသင်း ထိုကဲ့သို့ ဖြစ်သွားရခြင်းအတွက် နှမြောမိကြောင်း မီဒီယာ များကိုပြောကြား သွားသည်။
Goal နှင့် ချန်ပီယံ အားကစား ဂျာနယ်များတွင် ရေးသားနေသော အားကစား ကလောင်ရှင် ဦးကိုကိုကြီးကလည်း“တချိန်က မြန်မာဘောလုံးအသင်းကို တောင်ကိုရီးယား အပါအ၀င် အာရှ နိုင်ငံအသင်းတွေက အားကျတယ်၊ အူလ်ဆန် အသင်း ဆိုတာ အပျော်တမ်း အနေအထားပဲရှိတယ်၊ အဲဒီလို အသင်းမျိုးကို ရှုံးတယ်ဆိုတော့ မြန်မာ ဘောလုံးအသင်းက အရင်အခြေအနေ ပြန်ရောက်အောင် အများကြီးလုပ်ရဦးမယ်”ဟု ပြောသည်။
အားကစားလောက တိုးတက်ရန် တိုင်းပြည် စီးပွားရေး အခြေအနေနှင့် သက်ဆိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
Set as favorite
Bookmark
Email this
Hits: 2755
Comments (5)

written by wai moeaung, February 02, 2010
ဟိုတလောက ထိုင်းနဲ့ ကန်တုံးက ယောကျာင်္းလိုလို မိန်းမလိုလိုတစ်ယောက်ပါလို့ တိုင်ထားတယ် ဆိုတာလဲ ဘာမှမကြားရတော့ပါလား။
written by Wai Lin Aung, January 30, 2010
ဘာမှလဲ ဖြစ်မလာပဲနဲ့  ဘောလုံး ဘောလုံး ဘောလုံး ဆိုပြီး လုပ်နေတာ ကြာပါပြီ
written by Sunn, January 29, 2010
ဒီစစ်အာဏာရှင် စနစ်ဆိုးနဲ့ စစ်အစိုးရ ရှိနေသမျှ ကာလပတ်လုံး ဘယ်ကဏ္ဍမှ တိုးတက်အောင် လုပ်လို့ မရဘူး။
written by မောင်ဘောလုံး, January 28, 2010
ဟုတ်ကဲ့.. ကျွန်တော်တို့ အသင်းက အခုချိန် အဆင်သင့် မဖြစ်သေးပါဘူး။
ဘယ်တော့ ဖြစ်မယ် ဆိုတာလဲ ပြောလို့ မရပါဘူး ခင်ဗျ။
ဟုတ်ကဲ့... .ပြောပိုင်ခွင့် မရှိလို့ပါခင်ဗျ။
မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည် ဆိုတာလား....အဲဒီဟာမှာ... ဟုတ်ကဲ့... တာဝန် ရှိသူတွေကို မေးမြန်းလိုက် ပါခင်ဗျ။ ကျွန်တော်က ဒီနေ့မှ တာဝန် ချိန်းတာ ဆိုတော့ ဘောလုံးကန်တာ မသိလိုက်ရဘူး ခင်ဗျ။
ဘယ်တော့ ဖြစ်မယ် ဆိုတာလဲ ပြောလို့ မရပါဘူး ခင်ဗျ။
ဟုတ်ကဲ့... .ပြောပိုင်ခွင့် မရှိလို့ပါခင်ဗျ။ မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည် ဆိုတာလား....အဲဒီဟာမှာ... ဟုတ်ကဲ့... တာဝန် ရှိသူတွေကို မေးမြန်းလိုက် ပါခင်ဗျ။ ကျွန်တော်က ဒီနေ့မှ တာဝန် ချိန်းတာ ဆိုတော့ ဘောလုံးကန်တာ မသိလိုက်ရဘူး ခင်ဗျ။
Write comment
| < Prev | Next > |
|---|







