ထိုသီချင်းမှာ လူမျိုးတမျိုး၏ ဆုံးရှုံးခဲ့ခြင်း အတွက် တမ်းတခြင်းဟု အဓိပ္ပာယ် ဖော်ဆောင် နိုင်အောင် ကြိုးစား ထားသည်ဟု ခံစားလိုက် ရသည်။ အထက် ဖော်ပြပါ သီချင်းခေါင်းစဉ်ကို “မိကျောင်း ရှိုက်ငိုသံ” ဟု ပေးထား သော်လည်း သီချင်း စာသားတွင် “မိကျောင်း” ဟူသည့် စာသား တလုံး တပါဒမှ မတွေ့ရပေ။ သို့သော် သီချင်း အစပိုင်းတွင် သုံးထားသည့် ရိုးရာ မိကျောင်း တူရိယာ၏ တီးခတ်ဟန်မှာ မြန်ဆန် သွက်လက်ပြီး လျှို့ဝှက်နက်နဲမှု ရှိသည်ကိုတော့ နားလည် လိုက်သည်။
“သဲသောင် ပြင်ထက်မှာ အိပ်စက်ခွင့်ပြုပါ ... မြစ်ယန်စီရေ သောက်သုံးခွင့် ပြုပါ ...... နေရာ ဟောင်းဆီ ပျံသန်းခွင့် ပြုပါ ....” စသည့်စာသားများ ပါဝင်သော ရော့ခ်အပြင်းစားသီချင်းတပုဒ် ဖြစ်နေသဖြင့် ထိုသီချင်းကို ဂရုပြုမိသူ နည်းပါးသည်။
“ကျနော့်အခွေက အချစ်သီချင်းတွေနဲ့ ပေါက်သွားတော့ ဒီသီချင်းကို လူတွေ သတိမထားမိလိုက်ကြဘူး။ အဲဒီသီချင်းဟာ ပျောက်ကွယ်စ ပြုနေပြီဖြစ်တဲ့ မွန်ရိုးရာ တူရိယာတမျိုးရဲ့ လက်ရှိအခြေအနေကို ပြောပြချင်လို့ ရည်ရွယ်ရေးသား ခဲ့တာပါ” ဟု နာမည်ကျော် မွန် အဆိုတော် လဝီက သူ့သီချင်းနှင့် ပတ်သက်၍ ပြောပြသည်။
သူက သူ့သီချင်းခွေ တီးခတ် သီဆိုစဉ် IC အဖွဲ့သားများနှင့် ညှိနှိုင်းကာ ရှေးဟောင်းမွန်တူရိယာ မိကျောင်းကို ခေတ်ပေါ် သီချင်းနှင့် တွဲသုံးရန် စီစဉ်ခဲ့ပုံများကို ရှင်းပြသည်။
မိကျောင်း တူရိယာသည် မွန် တိုင်းရင်းသားတို့ အမြတ်တနိုးထားသော ရိုးရာတူရိယာတမျိုး ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ဂီတ သင်္ကေတ ပြယုဂ်လည်း ဖြစ်သည်။
“မိကျောင်း တီးခတ်သူရဲ့ ဘယ်ဘက် လက်ချောင်းတွေဟာ တေးသွားအလိုက် လှန်ချည်၊ မှောက်ချည် လိုက်ကနေသလို ကြည့်ရှုသူတွေကို ဆွဲဆောင်မှု ပိုစေတယ်။ မိကျောင်းကျောကုန်းပေါ်က ဖလက်တံတွေကြားမှာ လက်ချောင်း ကလေး တွေက ကပြနေသလားလို့ ထင်လာစေတယ်။ တေးသွားအလိုက် တီးခတ်သူရဲ့ ဦးခေါင်းကလည်း အကမင်းသား အလား လှုပ်ရှားယိမ်းခါပြီး တီးခတ်ကြတယ်။ ဒါပေမယ့် အဲဒီအဆင့်အထိ တီးခတ်နိုင်တဲ့ မွန်ပညာရှင်တွေ သိပ်မကျန်တော့ဘူး” ဟု ရန်ကုန် အနုပညာ တက္ကသိုလ်တွင် ဂီတဆိုင်ရာ နည်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ နိုင်ထောပိုင်က ရှင်းပြသည်။
နိုင်ထောပိုင်သည် အဆိုတော် လဝီ သီဆိုခဲ့သည့် "မိကျောင်းရှိုက်ငိုသံ"သီချင်းအစ၊ မိကျောင်းတူရိယာအသံကို ဖန်တီး ပေးခဲ့သူလည်း ဖြစ်သည်။
နိုင်ထောပိုင်၏ ပြောပြချက်သည် ရန်ကုန်မြို့ပေါ် မွန်ရိုးရာယဉ်ကျေးမှု ပွဲတော်များတွင် မိကျောင်းတူရိယာ တီးခတ် ပေးလေ့ရှိသူ သာကေတမြို့နယ်မှ ဂီတပညာရှင် ဆရာ နိုင်ဟံသာကို သတိရမိစေသည်။ နိုင်ဟံသာ၏ တီးခတ်ဖျော်ဖြေ ဟန်သည် ဦးခေါင်း၊ လက်များက တေးသွားအလိုက် ယိမ်းနွဲ့လှုပ်ရှားကာ တေးသွားကို ပိုမိုသက်ဝင်အောင် ဆောင်ကြဉ်း နိုင်သူဟု မွန်ဂီတပညာရှင်တို့က ပြောစမှတ်ပြုကြသည်။
မွန်မိကျောင်း တူရိယာသည် မွန်ဘာသာ "ကျာံ" (မြန်မာအသံထွက် "ကျာမ်") ဟု ထွက်ဆိုပြီး ထိုင်းနိုင်ငံမှ Jakhe စောင်းနှင့် ကမ္ဘောဒီးယားမှ Krapeu ရှေးဟောင်းကြိုးတပ် တူရိယာကြီးများနှင့် ဆင်တူကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းအခေါ် Jakhe၊ ကမ္ဘောဒီးယားအခေါ် Krapeu ဟူသည်မှာ "မိကျောင်း" ဟု အနက်အဓိပ္ပာယ်ချင်း တူညီသကဲ့သို့ တူရိယာများ၏ ဖွဲ့စည်းပုံ၊ တီးခတ်ပုံမှာလည်း ဆင်တူလှသည်။
သို့သော် မွန်မိကျောင်း၏ ဖွဲ့စည်းပုံသည် ပုံမှန်အားဖြင့် ၄ ပေ ရှည်လျားသည့် မိကျောင်း ကိုယ်ထည်ကဲ့သို့ အချိုးအစား ပြေပြစ်ပြီး ဦးခေါင်း၊ အမြီးနှင့် ခြေ ၄ ချောင်း ပါရှိသည်။ ကျောကုန်းအကျယ် ၇ လက်မ ရှိပြီး ဝမ်းဗိုက်မှာ ၈ လက်မ ကျယ်သည်။ ဝမ်းဗိုက်ဟောင်းလောင်း ဖြစ်၍ ကျောဘက်တွင် မိကျောင်းသားရေဖြင့် တန်ဆာဆင်ထားသည်။ ၃ ကြိုးတပ် မိကျောင်းတူရိယာဖြစ်သည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော မွန်လူမျိုးတို့က ကြိုး ၃ ချောင်းသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ အောက်ဆုံးကြိုးမှာ ကြေးနီဖြစ်ပြီး အပေါ် ၂ ချောင်းအတွက် နိုင်လွန်ကြိုး သုံးထားသည်။ ပုံမှန်အသံများမှာ FCF ကြိုးညှိသံ ဖြစ်သော်လည်း သစ်သား (သို့မဟုတ်) ဝါးဖြင့် ပြုလုပ် ထားသည့် ဖလက်တံ ၁၃ ခုမှာ အသေမဟုတ်ဘဲ လိုအပ်သလို ရွေ့လျားနိုင်သည်။ ထိုမိကျောင်းကို စောင်းနှင့် မတူရ လေအောင် ရောင်စုံ ခြူးပန်းခြူးနွယ်ဖြင့် တန်ဆာဆင်ထားသေးသည်။
အေဒီ (၈၀၁ - ၈၀၂) ခုနှစ်တွင် ပျူမင်း ယန်ချိအန် စေလွှတ်လိုက်သော သံအဖွဲ့တဖွဲ့သည် တရုတ်နိုင်ငံ ချန်အန် နေပြည်တော် ဧကရာဇ် တဲကျုန်၏ နန်းတော်သို့ ရောက်ရှိခဲ့သည်။ ယင်းသံအဖွဲ့တွင် ပါသွားသည့် တူရိယာ ၂၂ မျိုးအနက် ကြိုးတပ် တူရိယာတွင် မိကျောင်းခေါင်းစောင်း ၂ မျိုး ပါဝင်ရာ တရုတ်ပြည်ရောက် မိကျောင်းစောင်းသည် ယခု မွန်တို့ အသုံးပြုနေသော မိကျောင်းစောင်း တမျိုး ဖြစ်သည်ဟု စာရေးဆရာကြီး ဒဂုန်နတ်ရှင်၏ စာတမ်းတစောင်တွင် ရေးသား ထားသည်။
သို့သော် တရုတ်ပြည်ရောက် မိကျောင်းတွင် ကြိုး ၉ ချောင်းကို ဆန့်တန်းရန် အကန့်များ ပါရှိသော်လည်း ယနေ့ခေတ် မွန်မိကျောင်းသည် ကြိုးညှိရန် ဒလက် ၃ ခုသာ ပါရှိသည်။
မည်သို့ပင်ဖြစ်စေ ယခုအခါ မိကျောင်းတူရိယာကို မွန်တို့ ကသာ အသုံးပြုနေကြသဖြင့် ထန်မင်းဆက် တရုတ်နန်းတော် ရောက် မိကျောင်းစောင်းသည် ယခု မွန်မိကျောင်းတူရိယာမျိုး ဖြစ်သည်ဟူသော ဆရာကြီး ဒဂုန်နတ်ရှင်၏ အဆိုကို လက်ခံသင့်သည်ဟု မွန်သမိုင်းဆရာ နိုင်ခင်မောင်လေးက ထောက်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် မွန်တူရိယာ ဖြစ်ကြောင်း သုတေသီတို့က တညီတညွတ်တည်း ဆုံးဖြတ်ကြသည့် မိုးသားခေါင်း ဗျပ်စောင်းတူရိယာ၏ ကြိုးခေါက် တုတ်ပြား၌ ကနေသည့် ရုပ်ပုံကို တရုတ်တို့က ကွန်လွန် (Kun Lun) ဟု ခေါ်သည်။ ကွန်လွန်သည် တရုတ်တို့က မွန်လူမျိုးကို ခေါ်ဝေါ်သည့် အမည် ဖြစ်သည်။
တခြားအချက်မှာ မွန်မိကျောင်းတူရိယာ ဆင်းသက်လာပုံကို တချို့သမိုင်းဆရာတို့က “ရှင်မွေ့နွန်းနှင့် မင်းနန္ဒာ” တို့၏ ဒဏ္ဍာရီဆန်ဆန် ကြေကွဲဖွယ်ဖြစ်ရပ်၏ နောက်ကွယ်က စတည်လာသည်ဟု ဆိုသည်။ ချစ်သူနှင့် ဆုံတွေ့ရန် ငမိုးရိပ် ချောင်း ဖြတ်ကာ မင်းနန္ဒာကို ပို့ပေးခဲ့သည့် မိကျောင်းကို အစွဲပြု၍ မိကျောင်းတူရိယာကို ထွင်းလုပ်စေကာ နန်းစဉ်သုံး တူရိယာတမျိုးအဖြစ် စတင်အသုံးပြုလာကြကြောင်း မွန်လူမျိုးတချို့ကလည်း လက်ခံယုံကြည်ထားကြသည်။ ထို့ကြောင့် မိကျောင်းတူရိယာ၏ အသံသည် လွမ်းဆွတ်ကြေကွဲမှုများ ထင်ဟပ်နေသည်ဟု ဆိုကြသည်။ မင်းနန္ဒာသည် ချစ်သူ ရှင်မွေ့နွန်း ရှိရာ ရန်ကုန်မြို့တဘက်ကမ်း သန်လျင်သို့ အသွား မမျှော်လင့်သောတည၌ မိကျောင်းအာခံတွင်းတွင် ငုံထားစဉ် အသက်ဆုံးရှုံးခဲ့ရသည်ကို ဒဂုံ (ရန်ကုန်) ပြည့်ရှင် ဥက္ကလာပမင်းက ကွယ်လွန်သူ သားတော်အတွက် မိကျောင်းတူရိယာ ထွင်းလုပ်စေခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည် ဆိုရိုးစကား ရှိခဲ့ကြသည်။
မည်သို့ပင်ဆိုစေ ယနေ့ခေတ်ကာလတွင် မိကျောင်းတူရိယာကို ပညာရှင်အဆင့် တီးခတ်နိုင်လောက်အောင် တတ်ကျွမ်းသူ အတော်ပင် ရှားပါးသွားသည်ကို တွေ့မြင်ရသည်။
ပညာရှင်အဆင့် တတ်မြောက်သူ နိုင်ရွှေပြည်၊ နိုင်ချမ်းရဲ၊ နိုင်ထောပိုင်၊ နိုင်ဟံသာ၊ နိုင်ဟန်ဝင်းအောင်တို့သာ ရှိတော့သည်ဟု မွန်ဂီတ သမိုင်း လေ့လာသူ နိုင်ထောပိုင်က ရှင်းပြသည်။ ထိုသူများမှာ အသက် ၅၀ ကျော် သက်ကြီးပိုင်းများသာ ဖြစ်သည်။ မျိုးဆက်သစ်များတွင် ပညာရှင်အဆင့် တီးခတ်နိုင်သူ မရှိသေးကြောင်း သိရသည်။
“မွန်လူမျိုးက ကိုယ်ပိုင်ဂီတတွေကို လွတ်လွတ်လပ်လပ် လက်ဆင့်ကမ်းထိန်းသိမ်းခွင့် မရတာ နှစ်ပေါင်း ၂၅၀ ကျော်လာပြီလေ။ မွန်နေပြည်တော် ကျဆုံးပြီးကတည်းက ဆိုတော့လေ။ ဒါကြောင့် ရှေးရိုးမပျက် တီးခတ်နိုင်သူ ရှားသွားတာ” ဟု နိုင်ထောပိုင်က ပြောသည်။
လွန်ခဲ့သည့် အနှစ် ၆၀ ကျော်က မြန်မာနိုင်ငံတွင် မိကျောင်းတူရိယာ တီးခတ်နိုင်သူ မရှိသလောက် ရှားခဲ့သည်ဟု မွန်ဂီတ ပညာရှင်တို့၏ ပြောပြချက်အရ သိရသည်။ ထိုစဉ်က ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူ သံဖြူဇရပ်မြို့နယ်သားတဦးသာ တီးတတ်သည်ဟု ဆိုကြသည်။ ထိုပညာရပ်ကို အဆိုပါပညာရှင်ထံမှတဆင့် မြန်မာပြည်တွင်းမှ မွန်မျိုးဆက်တို့က ဆက်လက် သင်ကြားလာ၍ ယနေ့ ပညာရှင်အဆင့် တီးခတ်နိုင်သူများ ပြန်လည်ပေါ်ထွန်းလာကြခြင်း ဖြစ်သည်။
မိကျောင်းတူရိယာဖြင့် တီးခတ်ထားသည့် မွန်ခေတ်ဟောင်း တေးသီချင်းများတွင်သာ နားဆင်နိုင်ခြင်းသည် ထိုတူရိယာကို ဆက်လက် ထိန်းသိမ်းသွားရန် ခက်ခဲစေသည်ဟုလည်း မွန်ဂီတပညာရှင်တချို့က ပြောဆိုကြသည်။
“မိကျောင်းအတတ်က အပုဒ် ၂၀ လောက် တီးတတ်သွားရင် ဆက်သင်ချင်စိတ် မရှိတော့ဘူး။ မိကျောင်းကို သွားလေရာ သယ်ဖို့ မလွယ်ကူဘူးလေ။ ပြီးတော့ မှာတဲ့လူရှိမှ ထွင်းလုပ်တာဆိုတော့ ဈေးနှုန်းကလည်း ကြီးတယ်လေ။ အဓိက အချက် က ဒီအတတ်ပညာတခုတည်းနဲ့ အသက်မွေးဝမ်းကြောင်းအနေနဲ့ ရပ်တည်လို့ မရဘူး” ဟု မိကျောင်းတီးခတ်မှုကို အခြေခံအဆင့် လိုက်စားခဲ့ဖူးသူ မွန်လူငယ် နေလင်းထွန်းက ဆိုသည်။
ကျေးလက်နေ မွန်မျိုးဆက်သစ်တို့က မိကျောင်းတူရိယာထက် သယ်ရလွယ်ကူပြီး တီးခတ်ရန် ပိုမိုလွယ်ကူသော မယ်ဒလင်၊ တယောတို့ကို ပိုစိတ်ဝင်စားကြသည်။ ယနေ့ခေတ် မွန်ရိုးရာ ပွဲလမ်းသဘင်များတွင် မိကျောင်းတူရိယာ၏ အခန်းကဏ္ဍသည်လည်း ပျောက်ကွယ်စပြုနေသည်။ အပျို၊ လူပျိုတို့ တိုင်ချက်ညီညီ၊ ကဗျာ၊ လင်္ကာကျကျ စကားစစ်ထိုး သည့် နှစ်ပါးသွားအဆို သီချင်းမျိုးနှင့် ယဉ်ကျေးမှုအကတို့ဖြင့် ဖျော်ဖြေရသည့် သီချင်းမျိုးများတွင်သာ မိကျောင်းကို အသုံးပြုကြသည်။ သို့သော် ပွဲလမ်းသဘင်များတွင် နှစ်ပါးသွားအဆို၊ အတီးအကများသည် ခေတ်ပေါ်တီးဝိုင်းအဖွဲ့တို့၏ ဖျော်ဖြေရေးလောက် အရာမဝင်တော့သည်ကို တွေ့မြင်ရသည်။
မိကျောင်းတူရိယာ၏ ယနေ့ခေတ် တန်ဖိုးမှာ ကျပ် ၃ သိန်းဝန်းကျင်ခန့်ရှိသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ မိကျောင်း တူရိယာ ထွင်းလုပ်သူ နိုင်ဟန်ဝင်းအောင်က “ပြည်တွင်းမှာ မိကျောင်း မှာတဲ့လူ မရှိသလောက်ဖြစ်နေတယ်။ ကျနော်တို့ကလည်း မှာယူတဲ့သူရှိမှ လုပ်ပေးတယ်။ တနှစ်အတွင်းမှာမှ ၃ ခုလောက်ပဲ လာမှာ တတ်တယ်။ မိကျောင်းတူရိယာ ၁ ခုလုပ်ဖို့ အချိန် ၂ လလောက် လိုအပ်တယ်” ဟု ဆိုသည်။
"မြန်မာပြည်မှ မွန်ဂီတ"အမည်ရှိ နိုင်ထောပိုင်၏ မွန်တူရိယာအဖွဲ့က ရှေးဟောင်းမွန်တေးသီချင်း(၁၃)ပုဒ်ကို ၂၀၀၆ ခုနှစ်က နောက်ဆုံး ထွက်ရှိခဲ့ဖူးသည်။ ထိုထဲတွင် "မိကျောင်းဘုရင်ရဲ့ ဒေါသ"အပါအဝင် မိကျောင်းတူရိယာကို အသားပေးတီးခတ်ထားသည့်သီချင်းများလည်း ပါဝင်သည်။ ထိုအချိန်မှစ၍ ယင်းကဲ့သို့ အလားတူ ရှေးဟောင်းမွန်တူရိယာများဖြင့် သီဆိုတီးခတ်ထားသည့် အယ်လ်ဘမ်မျိုး ထွက်ရှိလာခြင်း မရှိတော့ချေ။
ရိုးရာဂီတ လိုက်စားနေသူ အမေရိကန်ရောက် မြန်မာ ဂီတပညာရှင် ကိုဒူးက “နိုင်ငံတကာမှာ အခု ခေတ်စားနေတဲ့ ရိုးရာတူရိယာနဲ့ ပေါင်းစပ်ထားတဲ့ ခေတ်ပေါ် ကိုယ်ပိုင်ဟန်တွေ အရမ်း အောင်မြင်နေတယ်။ ကိုယ်ပိုင် တီထွင်ဖန်တီးမှု အနေနဲ့ပဲ နိုင်ငံတကာက အာရုံစိုက်လာအောင် ကြိုးစားသင့်ပါတယ်။ ဒါ မွန်ဂီတ၊ ဒါ မြန်မာဂီတကွလို့ ပြနိုင်မယ့် ဂီတမျိုးတွေပေါ့” ဟု ပြောသည်။
ကိုဒူးက မွန်မိကျောင်းတူရိယာကို မွန်ပြည်နယ် ပေါင်မြို့မှ မှာယူကာ အမေရိကန်နိုင်ငံအထိ သယ်ယူခဲ့ပုံကို ပြောပြသည်။
မိကျောင်းတူရိယာကို ခေတ်ပေါ် စက်ပစ္စည်း၊ တူရိယာများနှင့် ပေါင်းစပ်ပြီး အများနှင့် အသွင်ကွဲပြားစေမည့် ဂီတသစ်ကို ဖန်တီးနိုင်မည်ဟု ယုံကြည်သူများထဲတွင် ကိုဒူးလည်း ပါဝင်သည်။ ကိုဒူးသည် ၂၀၀၆ ခုနှစ်က “မြန်မာပြည်မှ မွန်ဂီတ” ဟူသည့် မိကျောင်းတူရိယာ အသားပေး တီးခတ်ထားသည့် တေးစီးရီးကို ထုတ်လုပ်သူများတွင် ပါဝင်သူလည်း ဖြစ်သည်။
မိကျောင်းတူရိယာ၏ ဖွဲ့စည်းပုံကို ဆန်းသစ်ရမည်၊ သို့မှသာ ခေတ်ပေါ်တူရိယာများ အကြားတွင် မွန်လူမျိုးတို့၏ သင်္ကေတ အဖြစ် မိကျောင်းတူရိယာကို ဆက်လက် ရှုမြင်ရမည် ဆိုသည့်အချက် အပေါ် မွန်တိုင်းရင်းသား ပညာရှင်များနှင့် ဂီတ လိုက်စားသူ လူငယ်များအကြားတွင် အမြင်မတူကြချေ။
“ခေတ်ဟောင်း တူရိယာကို ခေတ်ပေါ်ဂီတမှာ တွဲသုံးရင် မိရိုးဖလာဂီတကို ဖျက်ဆီးနေတယ်လို့ ထင်နေကြသူတွေ ရှိနေတယ်။ လက်မခံဘဲ ဒီအတိုင်း ထားခဲ့ရင်တော့ မိကျောင်းရဲ့ အခန်းကဏ္ဍက အလိုလို ပျောက်ကွယ် သွားလိမ့်မယ်” ဟု အဆိုတော် လဝီက ပြောသည်။ ။
Comments (8)

written by Ougkar, February 28, 2010
ကျေးဇူး တင်တယ်ဗျာ၊ သမိုင်းရဲ့ အမွေ အနှစ်တွေကို ဆောင်းပါးတစ်ပုဒ် အနေဖြင့် ရေးသားပေးတဲ့ အဆောင်းဝီကိုလည်း ကျေးဇူး အရမ်း တင်ချင်တယ်၊ အသက် သိပ်မကြီးပေမယ့် လေ့လာမှု အားကောင်းတဲ့ အဆောင်းဝီ အခြား သမိုင်း အမွေ အနှစ်တွေကိုလည်း ဆက်လက် လေ့လာနိုင်အောင်ြ ကိုးစား ပေးပါဦး၊
written by Haymar, February 20, 2010
၃ သိန်း ဆိုတာ မများဘူး ဆိုပေမယ့် အခုခေတ် လူငယ်တွေ အနေနဲ့ လိုက်စားဖို့ ကျတော့ ဂစ်တာထက် တော့ ဈေးကြီးတာ အမှန်ပဲလေ။ ပြီးတော့ ဂစ်တာလို၊ တယောလို ဟာမျိုး သင်ဖို့ဆရာ ရှာရတာ မခက်ဘူး။ ဒီလို မိချောင်း တူရိယာ ပညာရှင်က နေရာတိုင်း ရှာလို့ မရဘူးလေ။
written by လှမင်းသူ, February 18, 2010
ဆာလံကျမ်း ၉၂း၃ မှာ မိကျောင်းတူရိယာလို့ ဆရာကြီး ယုဒသန် သုံးနှုန်း ထားတော့ ကျွန်တော် အတော်လေး အံ့သြမိပါတယ်။ ဒီတူရိယာကို ကျွန်တော် အစက မြင်ဖူးဖို့ နေနေ သာသာ၊ ကြားတောင် မကြားဘူးပါဘူး။ အခုတော့ ဒီဆောင်းပါးကြောင့် မိကျောင်း ဆိုတဲ့ တူရိယာကို မြင်ဘူးပါပြီ။ တိုင်းတစ်ပါးသားဖြစ်တဲ့ ဆရာကြီး ယုဒသန်ဟာ ကျွန်တော်တို့ထက် မြန်မာ ယဉ်ကျေးမှုကို ပိုမို အကျွမ်းဝင်တာ သေချာပါတယ်။ ဆောင်းပါးရှင်ကိုလည်း ကျေးဇူး တင်ကြောင်း ပြောကြားလိုပါတယ်။
written by mokenlay, February 17, 2010
ကျွန်တော် ၁၀နှစ်သား လွန်ခဲ့တဲ့ နှစ် နှစ်ဆယ် ကျော်ကျော် တုန်းက ရှင်ပြုပွဲ တခုမှာ မွန်ရိုးရာ အငြိမ့် ဆိုင်းဝိုင်းနဲ့ အတူ မိချောင်းကို မြင်တွေ့ခဲ့ရဖူးပါတယ် ဒါက နီးနီး ကပ်ကပ်နဲ့ မှတ်မှတ်ရရ တွေ့ဖူးတာပါ၊ နောက်တခါ ဘုရားပွဲ တပွဲမှာ မွန်ရိုးရာ နှစ်ပါးသွား ခေါ်မလား မြိုင်ထ ခေါ်မလား ကြက်ဖကြီးနဲ့ ကြက်မလေး ချစ်တင်း နှောဟန် အချီအချ စကား ပြောရင်း ကပြတဲ့ ကကွက်ကို ပံ့ပိုး တီးခတ် ပေးတဲ့ တူရိယာ ၀ိုင်းမှာလဲ လခြမ်းမောင်း ပတ်တလား တို့နဲ့အတူ မိချောင်းကို တီးခတ် နေကြတာ တွေ့ဖူးပါတယ် ဒါတွေ အားလုံးက လွန်ခဲ့တဲ့ နှစ် နှစ်ဆယ် ကျော်ကျော် ကပါ။
လွန်ခဲ့တဲ့ ၁၀ ပတ်ဝန်းကျင်က မွန်ပြည်သစ် ပါတီဟာ န-အ-ဖ နဲ့ အပစ်ခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ရယူခဲ့ပါတယ်၊ အဲဒါတွေရဲ့ အကျိုးဆက် အဖြစ် မွန်ပြည်သစ် ပါတီဟာ သစ်ထုတ်လုပ်ခွင့် တို့လိုမျိုး အခွင့်အရေး တွေကို ရခဲ့ပါတယ်။ တိုယိုတာ အီဆူဇူး စတဲ့ ဖိုးဝီး ကာကြီးများနဲ့ မြို့ပေါ် ရောက်လာကြတဲ့ သူရဲကောင်းများကို ကျွန်တော်တို့ အမျှော်လင့်ကြီး မျှော်လင့် ခဲ့ကြပါတယ် ဒါပေမဲ့ မိချောင်းသံ ပြန်လည် နိုးမထလာခဲ့ပါ၊ ဆိုင်းပုဒ်သာ ရှိပြီး အဆောက် အဦး ဖြစ်မလာတဲ့ ကျွန်တော်တိြု့ မို့က မွန်ပဋိကတ်တိုက် လေးကလည်း ကျွန်တော် တို့လိုပဲ မိချောင်းသံ မျှော်နေမလား မသိ။
လွန်ခဲ့တဲ့ ၁၀ ပတ်ဝန်းကျင်က မွန်ပြည်သစ် ပါတီဟာ န-အ-ဖ နဲ့ အပစ်ခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ရယူခဲ့ပါတယ်၊ အဲဒါတွေရဲ့ အကျိုးဆက် အဖြစ် မွန်ပြည်သစ် ပါတီဟာ သစ်ထုတ်လုပ်ခွင့် တို့လိုမျိုး အခွင့်အရေး တွေကို ရခဲ့ပါတယ်။ တိုယိုတာ အီဆူဇူး စတဲ့ ဖိုးဝီး ကာကြီးများနဲ့ မြို့ပေါ် ရောက်လာကြတဲ့ သူရဲကောင်းများကို ကျွန်တော်တို့ အမျှော်လင့်ကြီး မျှော်လင့် ခဲ့ကြပါတယ် ဒါပေမဲ့ မိချောင်းသံ ပြန်လည် နိုးမထလာခဲ့ပါ၊ ဆိုင်းပုဒ်သာ ရှိပြီး အဆောက် အဦး ဖြစ်မလာတဲ့ ကျွန်တော်တိြု့ မို့က မွန်ပဋိကတ်တိုက် လေးကလည်း ကျွန်တော် တို့လိုပဲ မိချောင်းသံ မျှော်နေမလား မသိ။
Write comment
| < Prev | Next > |
|---|













ဖုန်းနံပါတ် ရှိရင်လည်း သိပါရစေ။