NLD နောက်ဆုံး အခမ်းအနား

တနှစ်ခွဲ အရွယ် သားငယ်လေးကို ရင်ခွင်မှာ အပ်ပြီး ပွေ့ချီ၊ အဖြူအစိမ်း ၀တ်ထားသော ၉ နှစ်သမီးလေးကို လက်ဆွဲကာ နှုတ်ခမ်း တင်းတင်း စေ့လျက်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးသို့ လာရာလမ်းတလျှောက်လုံး ခေါင်းမော့ရင်ကော့ပြီး မျက်နှာကိုချီ၍ လမ်းလျှောက်လာသူ မသင်းက ယခုနှစ် ပညာသင်ထောက် ပံ့ကြေး ပေးအပ်ပွဲမှာ ဘ၀တူ နိုင်ငံရေးသမား ဇနီးသည်များကို စုံစုံညီညီတွေ့မြင်ရကြောင်း ပြောပြသည်။

“ကျမ အရင်နှစ်တွေ တုန်းကလည်း တက်ပါတယ်၊ ဒီနှစ်လောက်တော့ အကျဉ်းကျ နိုင်ငံရေးသမား မိသားစုဝင်တွေ လူမစုံခဲ့ဘူး၊ အခု ဒီနေ့က အဖွဲ့ချုပ်ရဲ့ နောက်ဆုံး အခမ်းအနား မို့လား မသိဘူး၊ လူတော်တော် စုံတာတော့ တွေ့ရတယ်” ဟု မသင်းက ပြောသည်။

ယမန်နေ့က NLD ရုံးချုပ် ခန်းမထဲ၌ သူလို ဘ၀တူ နိုင်ငံရေးသမား ဇနီးများစွာ စကားတွတ်ထိုး ပြောဆိုနေကြသော်လည်း အားလုံး၏ မျက်နှာများမှာ မကောင်းကြောင်း၊ ကိုယ်တိုင်လည်း တခုခုကို ၀မ်းနည်းနေသလို ခံစားနေရကြောင်း သူက ဆိုသည်။

မသင်းက ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၁၆ နှစ်  ပြစ်ဒဏ်ကျခံခဲ့ရသော လှိုင် သာယာမြို့နယ်မှ ကိုမျိုး၏ ဇနီးဖြစ်သည်။

“ရုံးက မကြာခင်ပိတ်တော့မှာလို့ ကြားလိုက်ရတော့ ခံစားရတယ်၊ ကိုထွေးသိန်းရဲ့ အမျိုးသမီးကလည်း မျက်ရည်ဝဲပြီး နောက်ဆို ငါတို့ဒီကို လာရတော့မှာ မဟုတ်ဘူး လို့ ပြောလိုက်တော့ စိတ်ထဲပိုပြီး မကောင်းဖြစ်သွားတယ်”ဟု မသင်းက နှီးယပ်တောင် တဖျပ် ဖျပ်နှင့် ၃ နှစ် အရွယ် သားငယ်ကို ခတ်ပေးရင်း ပြောပြသည်။

ကလေးငယ်သည် ခန်းမထဲတွင် လူများလာသဖြင့် အိုက်ကလည်း အိုက်၊ မိတ်တွေကလည်း ယားသဖြင့် ဂျီကျနေဟန်တူသည်။ မသင်းက လက်တဘက်က ကလေးကို ကုတ်ရင်း၊ လက်တဘက်ကလည်း ချွေးစေးများနှင့် စိုနေသော ကလေးငယ်၏ ဆံပင်များကို ဖွလျက် ယပ်ခတ်ပေးနေခြင်းဖြစ်သည်။

အနားတွင် ထိုင်နေသော ပခုက္ကူထောင်၌ အကျဉ်းကျနေသည့် ကိုကြင်လှိုင်၏ ဇနီးကလည်း မသင်း၏ ဂျီကျနေသော သားကို မြှူရင်း ကလေးပျော်စေရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည်။ ဦးကြင်လှိုင်ဇနီးမှာလည်း သားသမီး ၄ ဦးရှိကြောင်း သိရသည်။

သားအကြီး ကိုကိုအောင်က တက္ကသိုလ်ကျောင်းသား၊ ဒုတိယသားက၁၀ တန်းကျောင်းသား၊ နောက် ၅ တန်း ကျောင်းသား နှင့် အငယ်ဆုံးက ၃ တန်းကျောင်းသားဖြစ်ပြီး ယခုလို အခမ်းအနားနှင့် ပညာသင် ထောက်ပံ့ကြေး ရသည်မှာ ၃ ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ခင်ပွန်းသည် ထောင်ဒဏ်ကျခံနေရသည်မှာလည်း ၃ နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း ဦးကြင်လှိုင်၏ ဇနီးက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၀ ၀န်းကျင်မှ နိုင်ငံရေး အကျဉ်းသားများ၏ ဇနီးများနှင့် မိသားစုဝင်များ စုံရပ် ပွဲတပွဲလည်း
ဖြစ်သည့်အတွက် အခမ်းအနား မစတင်မီ ခန်းမတခုလုံး စကားသံများဖြင့်ပွက်ပွက်ညံလျက်ရှိသည်။

အိမ်ရှင်မ ဇနီးသည်များ အနေဖြင့် ဒီမိုကရေစီတိုက်ပွဲဝင်နေသော ခင်ပွန်းသည်များအတွက် ကြံ့ကြံ့ခံလျက်ရှိသော်လည်း ယခုကဲ့သို့ တဦးနှင့် တဦးတွေ့ဆုံကြချိန်တွင် အခက်အခဲများကို ရင်ဖွင့်ပြောဆိုကြ၊ အတွေ့အကြုံခြင်း ဖလှယ်ကြ၊ တဦးနှင့်တဦးဖေးမကြခြင်း ဖြစ်ကြောင်းလည်း နိုင်ငံရေးအကျဉ်းသား ဇနီးသည်များက ပြောဆိုကြသည်။

NLD အနေဖြင့် တရားဝင်မှတ်ပုံတင်ရက် မကုန်ဆုံးခင် တရက်အလို၌ အကျဉ်းကျနေသော နိုင်ငံရေးသမားများနှင့် မိသားစုဝင် ကျောင်းနေအရွယ် သားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြား ချက်နှင့် ရွှေဂုံတိုင် ရုံးချုပ်၌ မေလ ၅ ရက် နေ့လယ်ပိုင်းတွင် ၉ ကြိမ်မြောက် ပြုလုပ်ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းအတွင်းမှ ကျောင်း သားပေါင်း ၁၂၅ ဦးကို တဦးလျှင် ငွေကျပ် ၂ သောင်း ၃ ထောင်နှုန်းဖြင့် ထောက်ပံ့ပေးကြောင်း သိရှိရသည်။

ပုံမှန်အားဖြင့် ယခုကဲ့သို့ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲနှင့် အမြဲတွဲဖက် ၍ ပြုလုပ်နေကြဖြစ်သည်။

ယခုနှစ်တွင် ပါတီဆက်လက် မှတ်ပုံမတင်တော့သည့်အတွက် မွေးနေ့မတိုင်မီ ကြိုတင်ကျင်းပရခြင်းဖြစ်ကြောင်း NLD ဗဟိုလူမှု ထောက်ကူပြုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးအောင်က ပြောသည်။

“ပုံမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ပေးနေကြပါ၊ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ အကြို အနေနဲ့ ပေးခြင်းဖြစ်ပါတယ်၊ ရန်ကုန်တိုင်း လူမူအထောက်အကူရဲ့ပညာရေး အထောက်အပံ့တွေ၊ဗဟိုလူမူအထောက်အကူတို့ ဗဟိုအဖွဲ့တို့ ကနေပြီးတော့ ပံ့ပိုးကူညီ နေတယ်၊ စုပေါင်းပြီးတော့ ကလေးတွေရဲ့ပညာရေးကိုဖြည့်ဆည်းပေးခြင်းဖြစ်တယ်၊ ဒေါ်အောင်ဆန်း စုကြည် ရဲ့(၆၅) နှစ်မြောက် မွေးနေ့မှာ ဒေါ်မေနှင်းကြည် အိမ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒအရ ကလေးတွေရဲ့ပညာ သင် ထောက်ပံ့စရိတ်ပေးဦးမယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်း အခမ်းအနားသို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များ အပါအ၀င် ရန်ကုန်တိုင်းမှ အဖွဲ့ချုပ်အဖွဲ့ဝင် အများစုကလည်း တက်ရောက် လာခဲ့ကြောင်း တွေ့ရပြီး စုစုပေါင်း လူဦးရေ ၅၀၀ ၀န်းကျင်ခန့် တက်ရောက်ကြောင်း သိရသည်။

“နောက်ဆို ကျမတို့ ဒီလို လူစုံတက်စုံတွေ့ဖို့ ဆုံဖို့ ဆိုတာ သိပ်မလွယ်တော့ဘူး ထင်တယ်၊ အရင်က အဖွဲ့ချုပ်မှာ အန်တီ့ မွေးနေ့ တိုင်း တနှစ် တခါတော့ ပုံမှန်ဆုံဖြစ်တာပေါ့နော်”ဟု ကိုကြင်လှိုင်၏ ဇနီးက ပြောပြသည်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်အများစုသည် နွမ်းပါးသူ များ ဖြစ်ကြ၍ အဆိုပါ ပညာသင်ထောက်ပံ့ ကြေးသည် ၎င်းတို့အတွက် များစွာ အထောက်အကူဖြစ်သည်ဟု နိုင်ငံရေး အကျဉ်း သား မိသားစုဝင်များက ပြောသည်။

ယင်း နိုင်ငံရေး အကျဉ်းသားများ ရှိနေသည့် အကျဉ်းထောင်များဆီ ထောင်ဝင်စာ သွားရောက် တွေ့ရန်က အစ သားသမီးများ၏ စားဝတ်နေရေး ၊ လူမှုရေး ၊ ပညာရေးစရိတ်များ ကြီးမြင့်သည့်အတွက် အခက်အခဲဖြစ်ကြောင်း၊ ထိုကြောင့် နောင်နှစ်များတွင်လည်း ရှိစေချင်ကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

“ကလေးတွေနဲ့ ဆိုတော့နည်းနည်းတော့ ခက်တာပေါ့၊ အမျိုးသားမရှိလည်း ကိုယ့်ဘာသာကိုယ် ရုန်းကန်ရတာပေါ့၊ အခုလို အဖွဲ့ချုပ် က ပညာသင် ထောက်ပံ့ကြေးရတာ တောာ်တော်ကို ကျမတို့တွေအတွက် အထောက်အကူဖြစ်ပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်”ဟု နိုင်ငံရေးအကျဉ်းသား ကိုထွေးသိန်း၏ ဇနီးက ပြောဆိုသည်။

၎င်းတွင် ကလေး ၄ ယောက်ရှိပြီး အကြီးဆုံးကလေးမှာ ၁၀ တန်း၊ ဒုတိယ ကလေးမှာ ၅ တန်းနှင့် တတိယကလေးမှာ ၃တန်းဖြစ် ကာ အငယ်ဆုံးလေးမှာ အသက် ၃ နှစ်သာ ရှိသေးကြောင်း သိရသည်။

ကိုထွေးသိန်းသည် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် လူငယ်အကူအညီပေးအဖွဲ့မှဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော အမှုဖြင့် အင်းစိန်ထောင်တရားရုံးတွင် အမှုရင်ဆိုင်နေရစဉ်က ထောင်ရှေ့တွင် ဖဲကြိုးနီများ ဝေမှုဖြင့် ဖမ်းဆီးထောင်ချ ခံရသူဖြစ်သည်။ 

“မကြာခင် ရုံးပိတ်တော့မယ်ဆိုတော့ စိတ်ထဲကတော့ မကောင်းဘူးပေါ့နော်၊ ကိုယ်လာနေကြရုံးကြီး မရှိတော့ဘူးဆိုတော့လေ။ တွေးလိုက်တိုင်း ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတယ်”ဟု ကိုထွေးသိန်း၏ ဇနီးက ပြောပြသည်။

ကိုမျိုး၏ ဇနီးသည် ကလေးနှစ်ယောက်မိခင်ကလည်း ယခင်နှစ်တုန်းကလို ခံစားမှုမျိုးဖြင့် မဟုတ်ကြောင်း၊ နောင်နှစ်များကိုလည်း
ပညာသင်ထောက်ပံ့ကြေးဆက်ပေးဦးမည်ဟု သိရသော်လည်း စုံစုံညီညီ တွေ့ချင်သေးကြောင်း သူက ပြောသည်။

“နှစ်တိုင်း အန်တီ့မွေးနေ့မှာ အထိမ်းအမှတ် ပညာသင်ထောက်ပံ့ကြေးပေးပွဲ လုပ်တာလေ၊ အခုတော့ စိတ်ထဲမှာလည်း မကောင်းတော့ဘူး၊ ဒီအခမ်းအနားက အဖွဲ့ချုပ်ရဲ့ နောက်ဆုံး အခမ်းအနားဖြစ်တော့မှာလား၊ နောက်နှစ်မှာကော အခုလို အခမ်းအနားနဲ့ မလုပ်နိုင်တော့ဘူးလားလို့ တွေးမိပြန်တော့လည်း ရင်ထဲပိုနာကျင်သွားရတယ်”ဟု မသင်းက မျက်ရည်ဝဲ၀ဲဖြင့် စကားဆိုသည်။

အဆိုပါ ပွဲသို့ အကျဉ်းကျခံနိုင်ငံရေးသမား မိသားစုဝင်များ အပါအ၀င် ရန်ကုန်တိုင်းမှ အဖွဲ့ချုပ်အဖွဲ့ဝင်အများစုကလည်း တက်ရောက်လာခဲ့ကြောင်း တွေ့ရပြီး စုစုပေါင်း လူ ဦးရေ ၅၀၀ ၀န်းကျင်ခန့်တက်ရောက်ကြောင်း သိရသည်။

“ရုံးကတော့ ဆိုင်းဘုတ်မဖြုတ်ဘူး၊ အလံမချဘူးလို့ ပြောတယ်၊ ဒါပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေ မရှိတော့ လူအ၀င်အထွက်နည်း သွားမှာပဲ၊ နယ်ကလူတွေအတွက်တော့ ဘယ်လို စီမံမလဲ မသိရသေးဘူး”ဟု NLD အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။
Comments (14)Add Comment
0
Do not give up
written by MyochitPeacock, May 18, 2010
We are always with NLD and Daw Su. Good things will come to good people. We will see.
0
NLD ဟာ ကျမတို့ရင်ထဲမှာ ထာဝရရှိနေမည်
written by မအိအိ, May 09, 2010
NLD ရဲ့ နောက်ဆုံးနေ့လို့ ဆိုပေမယ့်လည်း ကျမတို့အတွက် NLD ရယ်၊ အမေဒေါ်စု ရယ်၊ ပြီးတော့ လူထု အားလုံးဟာ ကျမတို့ရင်ထဲမှာ အမြဲ ထာဝရရှိနေမှာပါ။ လောကမှာ အရာအားလုံးဟာ လုပ်ယူလို့ရသလို၊ ဒီမိုကရေစီ ဆိုတာလည်း ကျမတို့အားလုံး လုပ်ယူမှ ရမယ့်အရာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက် အလုပ် လုပ်နေဖို့က ကျမတို့ အားလုံးရဲ့ တာဝန်သာ ဖြစ်ပါတယ်။

လေးစားလျက်
0
...
written by zarnimyomyat, May 08, 2010
ဘာတွေ ဘယ်လိုပဲ ဖြစ်နေပစေအုံး NLD ရဲ့နောက်ဆုံး အခမ်းအနား လို့တော့ မသုံးသင့်ပါ NLD ဆိုတာ ဘယ်တော့မှ ပျက်ပျယ်သွားမှာ မဟုတ်ပါဘူး..
0
နောက်ဆုံးနေ့ မဟုတ်
written by အောင်မြင်စိုး, May 08, 2010
ဒီဆောင်းပါး ခေါင်းစဉ်ကို သိပ်သဘောမကျသလိုပဲ။ တကယ်တော့ NLD ရဲ့ နောက်ဆုံးနေ့ မဟုတ်ပါဘူး။ မတရားတဲ့
လုပ်ရပ်တွေကို ပပျောက်အောင် တိုက်ပွဲဝင်နေတဲ့ အဖွဲ့ အစည်း လူပုဂ္ဂိုလ်တွေမှာ နောက်ဆုံးနေ့ ဆိုတာ မရှိဘူး။ ဒီမ
တရားမှုတွေ ရှိသေးသမျှ ဒါတွေ ကင်းစင် ပပျေက်အောင် တိုက်ပွဲဝင်မှုတွေ ရှိနေအုံးမှာပဲ။ ဒါကြောင့် NLD လဲ အသွင်
သဏ္ဍာန် အမျိုးမျိုးနင့် ရှိနေအုံးမယ်လို့ ကျနော် ယုံကြည်နေတယ်။ ဒါကြောင့် ကျနော်တို့ ရဲ့ လူထုခေါ င်းဆောင် နောက်မာ NLD ရဲ့ နောက်မာ မယိမ်း မယိုင်ပဲ ကျနော်တို့ တွေ ဆက်လက် ရပ်တည်ပေးကြရမယ်။
0
never end , never die
written by Khun Saing, May 08, 2010
NLD's days will never end and NLD will never die as long as it stands before the people, carrying its political goal committed to, stick to the benefit of people since it was founded. It is sure NLD flag is still flying high among the people heart and soul. Official or unofficial, ups or downs, famous or infamous -this doesn't matter in this long march. It is naturally and no one can block our struggling for freedom , no one can deter our democratic momentum. At last you will see the fall of militarism in Burma ,only the end of regime . History has been shown us again and again. Be strong and wise. Justice and fairness is always at the bright side and upper hand ,never diminish.
0
NEVER THE END THE N L D.
written by thitsar, May 07, 2010
NEVER THE END THE N L D.
It's still alive in the most of the Myanmar people's memories, minds and hearts. BoGyoke Aung San, Daw Aung San Suu Kyi, Ba Ba U Win Tin and all of political prisoners are still alive in our mind until the end of the world.
MILITARY GOVERNMENT IS FACING RUIN !!!!!!
WAIT AND SEE !!!!
0
NLD party organization
written by lin lin, May 07, 2010
We are sorry to see this picture & read this article , but please donot upset & depress .UNITY , Reality & Fair must change the government.our turn will be soon.Our GOD did not like unfair & unjustice.Keep good mind to others & pray to release all prisioners from jail.We are helping U to see FREE BURMA.We are all your shadow & u will see movement of leaves & u will know the wind was blowing around u all.please stay relax & keep happy.
0
...
written by Friday Born, May 07, 2010
horrible government.
0
ဒီလိုဟာမျိုးတွေ ဖတ်ရလေ စစ် အုပ်စုကို ရွံလေပဲ။
written by ၇န်ကင်း, May 07, 2010
နောက် တခုက NLD နဲ့ နောက်ဆုံး အခန်းအနား ဆိုတဲ့ စကားလုံးကို ဆောင်းပါးရှင် အနေနဲ့ မသုံးသင့်ပါ။
0
...
written by lin linn, May 07, 2010
Up to the fall of military government, there will continue to exist sad stories like this
We all should unite to end these stories
0

written by Shinelay, May 06, 2010
Please don't use the tile like "the Last" for NLD. NLD is still alive.
0
Please , stop to saying LAST CEREMONY ...!
written by Shahrukh Kyaw, May 06, 2010
We no need to worry a lot that when will the sky fall down .We all believe all leaders experiences . They know that what is better way to march for the democracy .So , we just keep quiet and wait after Daw Suu house arrest , is not so far .
0
ကလေးတွေ သနားစရာပဲ့ !!!
written by မျိုးလွင်, May 06, 2010
ကောက်ကျစ်စဉ်းလဲတဲ့ အာဏာရူးတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ အတိုက်ခံ နိုင်ငံရေး သမားတွေရဲ့ ဘဝက မျိုးဆက် ထိတောင် ခံရပါလား။
0
We are brilliant.
written by Nay Linn, May 06, 2010
smilies/smiley.gifDon't worry they would be ruined soon, you must know.
True is always true never betray to false. We must be brilliant !

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်