ပုဏ္ဏက ကျားမြီးဆွဲကောင်းခြင်း

“... ကျုံးဘေးမှာ လမ်းလျှောက်နေတုန်း နန်းတော်ထဲက  ယာဉ်တန်းထွက်လာပြီး ဗိုလ်ချုပ်နေဝင်းက ကားပေါ်ကနေ လက်ပြ သွားတယ်။ ကိုလှကို နောက်ကျောက မြင်တာတောင် မှတ်မိပုံထောက်တော့ ဟိုတခါ မေမြို့ အိမ်တော်မှာ ခေါ်တွေ့တုန်းကပြောဖူး တဲ့ သားကိစ္စကိုလည်း မမေ့လောက်ဘူးထင်ပါရဲ့...” (လူထုဒေါ်အမာ၏ ကိုယ်ရေးမှတ်တမ်းတစောင်မှ) (၁၉၇၂ ခန့်)

ဗိုလ်ချုပ်ကြီး အဂ္ဂမဟာ သီရိသုဓမ္မ နေဝင်း ၏ မှတ်ဉာဏ်နှင့် စပ်လျဉ်း၍ မိတ်ဆွေများလည်း ကြားဖူးပြီး ဖြစ်ပါမည်။ လူတယောက်ကို ပြန်တွေ့တိုင်း သူကမှတ်မိ နှုတ်ဆက်တတ်သော ဝသီကြောင့် “မင်း ဒီမှာပဲလား..” အမေးခံရသူကို သူ့ “အနားပြာ”များက အလိုက်သိလွန်ပြီး ဖြုတ်ပစ်လိုက်၍ ဒုက္ခရောက်ရသည့်အကြောင်း “နေဝင်းပုံပြင်”များမှာ လက်ရှိ မြန်မာ့ နိုင်ငံရေး မိုးလေဝသနှင့် နှိုင်းစာကြည့်လျှင်ပင် ဖြစ်တန်ရာသော အကြောင်းရပ်များဟု ယူဆသင့်ပေ၏။

bellamyထိုသို့နှုတ်ဆက်ခံရသူများ အထဲ စာရေးဆရာ ရန်ကုန်တက္ကသိုလ် ဥပဒေ ကထိက မောင်ကိုယုက“ခင်ဗျားတောင် ဒီလိုနေရာ ရောက်သေးတာပဲ၊ ကျုပ်လဲရောက်မှာပေါ့ဗျ”ဟု အငေါ်ပြန်တူးမိ၍ အလုပ်ပြုတ်သွားသည် ဆိုသော ပုံပြင်ကို တွေးမိတိုင်း နေရာ တလွဲမှာ လူတလွဲတွေနှင့် ဖြစ်ပျက်နေသော မြန်မာလောကကြီးကို မြင်လာမိတော့သည်။

ဟုတ်ကဲ့။ လွဲတာတွေ များလွန်းတော့လည်း အစောင်းကိုမှ အတည့်မှတ်ချင်စရာပင်။ နိုင်ငံရေး ယဉ်ကျေးမှုက နှစ် ၅၀ လောက် လွဲလာသည့်အခါ ပြည်သူ့ဝန်ထမ်းတွေ နိုင်ငံရေးမလုပ်ရဟု တင်းကျပ်စွာ သတ်မှတ်ထားသော ရွှေပြည်ကြီးဖြစ် ဥပဒေတော်ကြီး တွင်ပင် ဝန်ထမ်းတစုကို ထူးထူးရှယ် အခွင့်အရေးများပေး၍ ပြည်စိုးပြည်ပိုင် နှင်းထားသည်ကိုကြည့်လေ။ သူ့အရပ်နှင့် သူ့ဇာတ် ပိုင်လို့ ဤမျှ လက်ရဲနေခြင်း မဟုတ်ပါလား။ တကယ်တမ်းတော့လည်း နိုင်ငံရေးသမားတွေ အာဏာမက် ကွဲပြဲနေလို့ ဝင်ထိန်းပေး နေရပါသည်ဆိုသော ဗျာဒိတ်ခံ ကိုယ်တော်ကြီးများ အာဏာ ငန်းဖမ်းပြီး တောတွင်းဥပဒေနှင့် လက်ဦးသူက  ဖြုတ်ထုတ်ရှင်း လိုက်ကြသည်မှာ သူတို့“အဖေကြီး”ပါ ဝိပါက်တော် မကြွင်းခဲ့ပါတကား။ လက်နက်နှင့်မင်းလုပ်သည့် ပဒေသရာဇ် နိုင်ငံရေး အစဉ်အလာကြီးကတော့ အရှိန်တညီးညီးနှင့် မွန်းတည့်နေဆဲပင်။

မွေးနေ့များ အချစ်အမုန်းနှင့် အလှည့်လေးများ

နံပါတ်ဝမ်းကြီးခေါ် ဗိုလ်ချုပ်ကြီးနေဝင်းကို ၁၉၁၁ မေ ၁၄ မွေးသည်ဟု အစဉ်အလာအားဖြင့် လက်ခံလာကြပါသည်။ ၁၉၉၅ ရန်ကုန် တက္ကသိုလ် စိန်ရတုပွဲ အကန်တော့ခံ ကျောင်းသားဟောင်းများ စာအုပ်တွင်လည်း ရက်တမျိုးတွေ့ဖူးပါသည်။ ၁၉၁၀ ဇူလိုင် ၆ ဆိုသည်ကတော့ သူ့ဇနီးဟောင်း ဒေါ်နီနီမြင့်ဌာနက ပြုစုသည့် ရဲဘော်သုံးကျိပ် စာအုပ် အလိုအရပင်။ သေခါနီး တရားထိုင်ချိန် မှာတော့ အမှန်တိုင်းပြောမည် မှတ်ပါသည်။ မွေးနေ့များသကဲ့သို့ ဗိုလ်ချုပ်ကြီးတွင် ဇနီးလည်းပေါသည့်အပြင် သတ်သတ်မှတ်မှတ် ယူသည့် အရေအတွက်ပင် ဘယ်နှယောက်မှန်း သေချာမသိကြပါ။

ထိုနည်းနှင်နှင် စစ်ဗိုလ်ကြီးတန်မဲ့ ဉာဏ်နီဉာဏ်နက်ကလည်း အင်မတန်များပါသည်။ ဂဠုန်စော ကို လုပ်ကြံသည့် ကိစ္စ၊ ဘကြီး ဘဘေ၏ နိုင်ငံတော်သစ္စာဖောက်မှု သက်သေပြ အသံဖမ်းစက်တို့လို “ဇာတိပြ” လက်ရာမျိုးမှသည် ၁၉၆၂ အာဏာသိမ်းပွဲ၊ ပြည်သူပိုင်သိမ်းခြင်း၊ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ၁၉၆၈ ပြည်တွင်းညီညွတ်ရေး အကြံပေး အဖွဲ့နှင့် ၁၉၇၄ ဆိုရှယ်လစ် သမ္မတ နိုင်ငံတော်သစ်၊ နောက်ဆုံး ၈၈ အရေးအခင်းကို လက်တလုံးကြား ပြန်အာဏာသိမ်းပွဲစသည့် အံ့ချီးမကုန် ကလိမ်ချုံများမှာ လက်မြောက်လှသည်။

လက်ရှိ ဒီမိုကလိမ်ဆင်ရွေးကောက်ပွဲမှာ ယုံချင်ယောင်ဆောင်သည့် နိုင်ငံရေးလူနပ်တသိုက်ကိုသာ အမဲတုံးပစ်ဖမ်းနိုင်သည်။

ဗိုလ်ချုပ်ကြီး၏ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကြီးမှာကား တချို့လက်ဝဲ နိုင်ငံရေး သမားကြီးများနှင့် နိုင်ငံရေး သန်သူ ပညာတတ်များကို နှစ်အနည်းငယ်ခန့် ဖမ်းစားခဲ့နိုင်သည်သာမက စီးပွားရေးနှောင့်နှေးတာ မှောင်ခိုဝိသမတွေကြောင့်ဟု ၁၉၈၇ ငွေစက္ကူတွေ သိမ်းချိန်အထိ ယုံနေခဲ့သည့် ပြည်သူများပင် ရှိခဲ့သည် မဟုတ်ပါလော။

“ဆိုရှယ်လစ်အနံ့ပေးလိုက်ရင် လိုက်သွားတာပဲ”ဟု ဦးသိန်းဖေမြင့်ကို သူ့ဇနီးက မှတ်ချက်ပေးသည်ကိုပဲ မှတ်မိနေပါသည်။ မဆလ ပါတီဝင် မဟုတ်ပေသိ ထိုခေတ်ပညာရေး ယဉ်ကျေးမှုလှုပ်ရှားမှုများတွင် ဆိုရှယ်လစ်စိတ် တိုင်းပြည်စိတ်နှင့် ကျွန်ုပ်ဘိုးဘွားများ ကဲ့သို့ အလေးစားခံ ပညာတတ်အသိုင်းအဝိုင်းက ကူညီအားပေးမှု ရှိခဲ့ပေသေးသည်။ ယခုကဲ့သို့ ဆိတ်ခလောက် သတင်းသမား ပညာရှင် တသိုက် မည်မျှနာမည်ပျက်ခံ ကျားကန်ပေးငြား ထန်းပလတ်စုတ်က နတ်ရုပ်မဖြစ်သည့် အပေါက်မျိုးမဟုတ်ပေ။ အာကာ ဘောင်က ကိုကိုမောင် အသက်သွင်းသည့် အညမည ဆိုရှယ်လစ်ရေသူမမှာ လာလတ္တံ့ လေဒီဘွိုင်း ဒီမိုကရေစီ ထက်တော့ ကြည့်ပျော်သေးသည် ဆိုက မမှားပေ။

သို့သော် ဆဲဗင်းဂျူလိုင်၊ ဦးသန့်၊ ၈၈ စသည့် အရေးအခင်းများတွင် လက်လွတ်စပယ် စစ်အင်အားသုံးခဲ့ခြင်း၊ သောင်းကျန်းမှု စစ်ဆင်ရေးများအတွင်း ဖြတ်လေးဖြတ်စသည့် မလေး ဗီယက်နမ်စစ်များမှ သယ်လာသည့် ချေမှုန်းရေး ပေါ်လစီများကြောင့် စစ်တပ်အနေနှင့် ခုချိန်ထိ အာဏာသိုက်စောင့်ဘဝက မကျွတ်ဝံ့ဖြစ်နေရပေသည်။ ဗိုလ်ချုပ်ကြီးအား မင်းဆိုးမင်းညစ်အဖြစ် မော်ကွန်းတင်ခံရခြင်းမှာ ဤသို့ စစ်တပ်အားကိုး ဖိနှိပ်သတ်ဖြတ်မှုများ၊ ခြစားမှုများကြောင့် လူထုနှင့် အခွင့်ထူးခံများကြား အမုန်း မီးပင်လယ်ကို အတိုင်းမသိ ကျယ်ပြောစေခြင်း၊ လက်ဝဲကျွံ ဆိုရှယ်လစ်ပေါ်လစီများနှင့် တိုင်းပြည်ကို ချွတ်ခြုံကျစေရုံသာမက သူ့ပုဂ္ဂလိက စည်းစိမ်ခံမှုကလည်း တိုင်းပြည်၏ အကြည်ညိုမဲ့စေခြင်းတို့ကြောင့်ပင်။ သို့ကြောင့် နာဆာ၊ တီးတိုး စသည့် သူ အတု ယူရာ ဆိုရှယ်လစ်ဗိုလ်ချုပ်ကြီး အာဏာရှင်ကြီးတချို့ကဲ့သို့ တိုင်းပြည် ဖခင်ဘဝမရောက်ဘဲ ပထွေးဆိုးဘဝနှင့် ဘဝဆုံးခဲ့ရသည်။ ပိုဆိုးသည်က သမီးကို မုဒိန်းကောင်နှင့် အဓမ္မ မင်္ဂလာ ပြုစေခဲ့ခြင်းတည်း။

ကျွန် သဘောက်တို့ရမည့် နေဝင်းစပေ့စ်

မြန်မာပြည်တွင် နေဝင်းအမွေဟု ထင်ထင်ရှားရှားပြစမ်းပါဆိုလာလျှင် ပဒေသရာဇ် အသုံးတော်ခံ စစ်နိုင်ငံကြီးနှင့် ရဟန်းရှင် လူ ပညာရှင်တို့ မကျေလည်စရာ မြန်မာစာ သတ်ပုံစာအုပ် စိမ်းစိမ်းများကိုသာ ဆွဲထုတ်ပြလိုသည်။ စစ်တပ် မျိုထားသောနိုင်ငံကို  အရပ်ရောင်ထွက်အောင် လွှတ်တော် ရွေးကောက်ပွဲ ပါတီစုံ အဆောင်အယောင်နှင့် မည်သို့ဆင်စေကာမူ ပွဲစားရှင်လောင်းမှာ နူနာမကင်း၍ ရှင်ဖြစ်မည့်ပုံမပေါ်ချေ။ နေပြည်တော် ခံကတုတ်မှ အချိန်မရွေးထွက်လာမည့် ဇွမ်ဘီ တပ်ကြီးကို အဘယ် ပါချီပါချဲ့ နိုင်ငံရေးသမားက နားရွက်လှုပ်ဝံ့ ပါအံ့နည်း။

ne_winစင်စစ် ၁၉၅၈ အိမ်စောင့်ခေတ်ကတည်းက မြန်မာပြည်တ၀န်း နိုင်ငံရေး ခါးပိုက်ဆောင် တပ်များကို ရှင်းလင်းပြီး အာဏာကို စုစည်း ထားသည့် စစ်တပ်သည် တိုင်းပြည်တွင် သြဇာအကြီးဆုံး နိုင်ငံရေး အင်အားစုဖြစ်ခဲ့ပြီးလေပြီ။

သတ်ပုံကိစ္စတွင်လည်း မြန်မာစာကော်မရှင်ကို လက်ကိုင်တုတ် လုပ်ကာ ဟံသာဝတီ ဦးဘရင်၊ ဒဂုန် ဦးစန်းငွေ၊ ဦးဆန်းထွန်း စသည့် ဘောင်းတော်ညိတ် မြန်မာပညာရှိတသိုက်နှင့် “တ” တွေ “တစ်”တွေ ထင်ရာလုပ်သွားခြင်းကို ဆရာ ဇဝန ကဲ့သို့ “အဟမ်း အဟမ်း သတ်ပုံကျမ်းကြီး”ဟု ချောင်းဟန့်ဝံ့သူ မည်သူမှ မရှိတော့ဘဲ မကျေမချမ်းနှင့် လက်ခံခဲ့ရသည်။

မှတ်မိသေးသည်၊ ကျွန်ုပ် ဘွားအေ က“လဲတွေအကုန်လုံး လည်းနဲ့ပေါင်းရတော့မယ်တဲ့ကွ”ဟု ညသတ် ရှေ့ကပေါက် အသံ ပီပီကြီးနှင့် မြည်တွန်နေခြင်းကိုပင်။ စိတ်ဆိုးလည်း ဆိုးလောက်စရာ၊ ဥက္ကဋ္ဌကြီး မန္တလေးမေမြို့ရောက်လျှင် မြန်မာစာကထိက ဟောင်း ဆရာ မောင်မောင် တင်ကလေး နှင့်အတူ သူတို့စုံတွဲကို ခေါ်,ခေါ်တွေ့ကာ သတ်ပုံကိစ္စမေးမြန်းတိုင်ပင်ပြီးမှ ထင်ရာ လုပ်ခဲ့သည်ကိုး။

ရန်ကုန်က ဆရာ ဇေယျ၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ကိုလည်း မင်းလို သူ့အလို မလိုက်၍ ချောင်ထိုးထားခဲ့သည်။ ပိုဆိုးသည်က ရှေးစာအုပ်များကို လက်ရှိမူနှင့် လျှောက်ပြင်၍ ဖောက်ပြန်ပျက်စီးရခြင်း။ စင်စစ်မတော့ ပညာရှိအဆက်ဆက်ငြင်းမပြီးနိုင်သည့် ကိစ္စကြီးကို စစ်ပုံစံတစံတည်း ဖြစ်အောင် ရိုက်သွင်းသည့် အတွက် စာပေရေးထုံးတွင် ဒွိဟပွားစရာတွေ ပိုလို့ များလာခဲ့ရခြင်းပင်။

စစ်အစိုးရ စက်ရိပ် အပြင်က မီဒီယာတွေကပါ ဤသတ်ပုံတိုင်း လိုက်ပြီး တ တစ် လဲ လည်း ပဲ ဘဲ ဦး အုံး တွေကို လျှောက်ပြင် လာသည့်အခါ ရှေးကထုတ်သည့် သတ်ပုံဟောင်းများကို ရှာဖွေတိုက်ဆိုင်ကြည့်ကြပါဦးဟုသာ ဟစ်ချင်တော့သည်။

ထို့ထက် ဗိုလ်ချုပ်ကြီးသည် ယဉ်ကျေးမှု ရှေးရိုးစွဲဖြစ်သည်။ နိုင်ငံခြား မုန်းတီးရေးနှင့် တိုင်းပြည်ကို တံခါးပိတ်ခဲ့သည်။ မြန်မာပြည်ကို ကိုလိုနီ အမွေမှလွတ်ပြီး စီးပွားရေး တကယ်တမ်း လွတ်လပ်အောင် ဆောင်ကြဉ်းခဲ့သည်ဆိုသော မိုက်ကယ် အောင်သွင်၏ စာမျိုး ကို ဖတ်ရလျှင် နဝရတ် ဟိုတယ် ရေကန်ပေါင်မှ သမီးတော်ဘုရား မွေးနေ့တွင် ပုဆိုး ထဘီများနှင့် တွဲဖက် ကနေသည့် မဆလ ၏ သားအို သမီးအိုများ ဗီဒီယိုခွေကိုသာ သတိရမိသည်။ ကြည့်လိုက်ရသူတဦးက ဒါကြည့်ပြီးတော့ တတိုင်းပြည်လုံးကို ပိတ်ဆို့ ထား ချိန် မှာ သူတို့အသိုင်းအဝိုင်းထဲမတော့ အပြင်လမ်းကြောင်းတွေက မပြတ်ပွင့်နေတုန်းပဲ ဆိုတာ ပို သိသာတယ် ဟု ကောက်ချက်ချ သည်ကိုသာ ကြားနေဆဲပင်။

ဟုတ်၏၊ ကိန်းဘရစ်ခ်ျထုတ် မိုက်ကယ်ချာနီ၏ ခေတ်သစ်မြန်မာပြည်သမိုင်းတွင် မဆလ ခေတ်က အခွင့်ထူးခံ ရေပေါ်ဆီ လူတန်းစား သည် ဆက်၍လည်း(စီးပွားရေး နိုင်ငံခြားနှင့်ကူးလူးဆက်ဆံရေး အခွင့်ထူးများ ဆက်လက်ခံစားပြီး) ဒီမိုကရေစီ ကူးပြောင်းရေးတွင် ကဖျက်ယဖျက် လုပ်နေဆဲဆိုသည့် အချက်မှာ ၂၀၁၀ တွင် ပြည်တွင်းပြည်ပ တတိယ အုပ်စု ဆိုသူများ၏ ခွင်များကိုကြည့်ရင်း ရုပ်လုံးက ပို၍ပေါ်လာသည်။

အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်ကဲ့သို့ လက်သာရာယိမ်းသည့် မဆလ ကလည်း နီးစပ်ရာ စစ်အသိုင်းအဝိုင်းကိုသာ ပြည်ပ ပညာ တော်သင် လွှတ်ပြီး လူမွေးခဲ့သည် မဟုတ်ပါလား။

ယခု အန်ဂျီအို သံ စပေ့စ်သံ ဟစ်နေသူများတွင်လည်း ထိုအနွယ်အဆက်ပညာရှင်၊ ဓနရှင်များက ကြီးစိုးနေသည်ကို တတိယလိုင်း စာစောင်များ၊ ပြည်ပကွန်ဖရင့် ဆွေးနွေးပွဲတက် ပြည်တွင်းကိုယ်စားလှယ် စာရင်းများကိုကြည့်လိုက်လျှင် တန်းသိလိမ့်မည် (မျက်နှာကြီးဆွေတော်စဉ်တော့ သိရမည်)။

လက်ရှိစစ်အစိုးရကိုလည်း နိုင်ငံခြားကြောက်စိတ်ရှိသည်၊ ရှေးရိုးစွဲဟု မသိနိုးနားပြောသံများကြားတိုင်း“မင်းပရိယာယ် ငတင့်တယ် နားဝယ်မလည်ရှာ”ဆိုသည့် ကဝိလက္ခဏ သံပေါက်ကိုပဲ ထပ်ခါထပ်ခါ ရွတ်ပြချင်မိသည်။ မဆလ စီးပွားရေး အဆောက်အအုံမှာ လည်း စင်စစ် ဂျပန်နှင့် မြန်မာ့မိတ်ဆွေများ ထောက်ပံ့မှုကို မှီခိုနေရသည့် ကုန်ကြမ်းဈေးကွက် ကိုလိုနီသာသာပဲ ရှိပါသည်။

သြော် ခုတော့ ဗိုလ်ချုပ်ကြီးလည်း လွန်လေပြီ။ ပုဏ္ဏက လက်သစ် ပဒေသရာဇ် ခေတ်ကို ရိုက်ချိုးမည့် ခေတ်ပြောင်းတော်လှန်ရေး ကား ရုပ်လုံးမပီသေးသလို နေပြည်တော် ပေါ်တွင် နေဝန်းက ရှိန်ပြင်းဆဲ။
Comments (15)Add Comment
0
ဆိုးတာ များရင် လူဆိုးဘဲ
written by မောင်မဲ, August 13, 2010
ဥိးနေ၀င်းဟာ သူကိုယ်တိုင် မလိုက်နာနိုင်တဲ့ ဆိုရှယ်လစ် စနစ် နဲ့ တိုင်းပြည် မွဲအောင်လုပ်ခဲ့တာက ပကတိ အရှိ တရားပါ။
တတိုင်း ပြည်လုံး တန်းစီ တိုးစား ဆင်းရဲေ နချိန်မှာ မိသားစုလိုက် လေယဉ် စင်းလုံး ငှါးပြီး ဥရောပ နိုင်ငံတွေကို အပမ်းဖြေ ခရီး ထွက်ခဲ့သူပါ။ သူ့သမီး ခင်စန္ဒာဝင်း ဟာလဲ ဒီမိုကရေစီ တောင်းဆိုသူ ကျောင်း သားတွေကို ထောက်လှမ်းရေး အသုံးပြုပြိး ရက်ရက် စက်စက် ဖြိုခွဲနှိမ်နင်းခဲ့ပါတယ်။ မရတဲ့အဆုံး ဒီမိုကရေစီ စနစ်ကို ပြောင်းရတော့မယ် ဆိုတော့ သူက အရင်ဆုံး န၀ရတ် ဟိုတ်ာနဲ့ နိုက်ကလပ်ေ ထာင်ပြီး ဒီမိုကရေစီ အသီးအပွင့် ခံစားပါတယ်။

ဟစ်တလာတို့ ဆဒမ်ဟူစိတ်တို့ ဟာလဲ ကောင်းတာေ လးတွေ ရှိပါတယ်။ ဒါပေမဲ့ အကောင်း အဆိုးမှာ ဆိုးတာများရင် လူဆိုးပါဘဲ။ ဆင်ခြေပေးလို့ မရပါဘူး။
0
ဖတ်ရှု အားပေး လက်ပါ ဆရာ ဘိုဘိုလန်းစင်
written by ထွန်းလှ, August 07, 2010
အခုထက်ထိ ဖတ်ပြီး သမျှ ဆရာ ဘိုဘိုလန်းစင်ရဲ့ ဆောင်းပါးတွေ အားလုံးမှာ လက်မခံစရာ အယူ အဆတွေ ပါဝင်တာ မတွေ့ သေးပါဘူး။ တချို့ ကတော့ ဆရာ ဘိုဘိုလန်းစင် ရဲ့ ဆောင်းပါး တခါ ဖတ်ပြီးတိုင်း စားလို့  မြိုမကျမှာ အမှန်ပဲ
0
To Ko Aung Zay
written by kokopoliticalanalyzer, August 06, 2010
What a pathetic joke! What do you mean by Nay Win got a place by majority support? He got into power by using military force and remained in power by using military force agianst its own people and by using various torture tactics, long term imprisonment, use of military intelligence.
That is Nay Win's legacy. He brought down the country's economy to rock bottom. Spoiled the country spirit by corruption. Planted and left military dictatorship in Burma.
ဒီမိုကရေစီမြ ကိုက်သူ, Low-rated comment [Show]
0
...
written by sai main, August 05, 2010
ကျေးဇူး တင်ပါတ ယ်ခင်ဗျာ ..ခုလိုေ လးတွေ တင်ပေးတာ ..မသိသေးတဲ့မျိုးဆက်သစ်တွေ သမိုင်းကြောင်းတွေကို သိရတာပေါ့ ..
0
who is responsible for military dictatorship?
written by kokopoliticalanalyzer, August 04, 2010
I disagreed that it was a one man error. Military dictatorship was first established in 1958 coup attempt by Aung Gyi, Maung Maung and Tin Pe. Aung Gyi and Maung Maung are still alive. Arrogance of Maung Maung and cunningness of Aung Gyi supported wicked Nay Win. Aung Gyi should confess that he planted the seeds of dictactorship. History will tell. Military dictatorship banner is still carried by Than Shwe and will be carried by another general unless military itself starts to keep away from politics.
0
One man error
written by K.L, August 02, 2010
Burma need changes at time but went beyond its needs then horribly wrong. That was a "one man error" Younger generation should learn from mistake.
0
သူ.ခေတ် သူ.အခါ
written by nga pyae, August 02, 2010
are you sure Ko Aung Zay ...?
0
မှတ်သားဖွယ်
written by Thazin Pyu, August 02, 2010
ကောင်းလိုက်တဲ့ဆောင်းပါး---- အာဏာရှင်တွေ အတွက် သေရင် မြှပ်စရာ မြေကြီးက လက်မခံ တာတွေ ကိုလည်း ကမ္ဘာ့ ဥပမာ မြန်မာ ဥပမာ လေးတွေနဲ့ ရေးပေးပါအုံး လို့ တောင်းပန်ပါတယ်
0
Great article
written by Ta Pyay Thu, August 01, 2010
A great snapshot of the fomer Dictator and the consequences of his idiosyncratic power-hijack for decades. I liked the part on (power) Zombies he left behind. Pyinn Ma Narr is a zombie land but not a funny one as the Hollywood movie.
0
good!
written by kojew, August 01, 2010
မြန်မာပြည်ဒုက္ခရောက်ခဲ့ရတဲ့ လက်သည် ဦးနေ၀င်း နောက်ကြောင်း ရာဇ၀င်လေး ဖတ်ရတာ သဘော ကျတယ်ဗျာ။ မရှိတော့တဲ့ သူကို အပြစ် မတင်လို ပေမဲ့ တာဝန် ကတော့ သူ့မှာ ရှိနေပါတယ်။ နှောင်းလူတို့ သတိ ရကြမှာပါ။
0
...
written by nyein chan yeal, August 01, 2010
ဆောင်းပါးက ဖတ်လို့ ကောင်းပါတယ် ခန်းဆက် ဆောင်းပါးရှည် အနေနဲ့ ရေးစေချင်ပါတယ်
0
...
written by ko kyaw kyaw, July 31, 2010
thanks for the article.
0
about U nay win
written by hninpyo, July 31, 2010
thz sayar bobo for the article.
actually i didnt know about him much, just about his selfishness by the others.
i think we never learned about him in our compulsory text in the school, didnt we?
သူ.ခေတ် သူ.အခါ, Low-rated comment [Show]

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်