သတင်းများက ၀တ္ထုဖြစ်၊ ၀တ္ထုများက သတင်းဖြစ်

တခါတရံ ဆက်သွယ်ရေး နည်းပညာရပ်များ ပေါက်ကွဲဖြစ်ထွန်းမှု အကြောင်း မိတ်ဆွေတချို့နှင့် စကား စပ်မိသည်။ ထိုအခါ ကမ္ဘာ့ရွာ ရောက်သည်အထိ စကားခရီး ဆက်မိကြ၏။

သမိုင်းနိဂုံး ချုပ်ပြီလောဟု ပြောဆိုလာခဲ့ သည်မှာပင် နှစ် (၂၀) နီးပါးကြာခဲ့ပြီ။ ထိုအခါ ကြပြန်တော့လည်း လမ်းဆုံးလျင် ရွာတွေ့မည် ဟူသော မြန်မာစကားပုံကို မဆီမဆိုင် တွေးမိကာ ပြုံးမိသေးသည်။

မည်သိုပင်ဖြစ်စေ ... ကမ္ဘာကြီးမှာ ရွာကြီးတရွာအသွင်ဆောင်လာသည်ကိုတော့ လူအများလက်ခံ လာကြရ ၏။ သို့သော်ဤကိစ္စသည်ပင် ခြွင်းချက်များရှိနေသည်။

သတင်းအချက်အလက်၊ ဆက်သွယ်ရေး ကိစ္စများတွင်သာ ရွာကြီးတရွာအဖြစ် ရည်ညွှန်းပြောဆိုလို့ ရကောင်း သော်ငြားလည်း အမျိုးသားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှူ ကိစ္စရပ်များမှာမူ(၂၀)ရာစုထက်ပင် ပိုမိုထင်းပြက် လာနေသလောဟု ယူဆရဟန် ရှိ၏။ ကမ္ဘာ့ရွာပြုမှုကြောင့် မိမိတို့၏အမျိုးသား၊ ဘာသာ၊ သာသနာကို ပိုမို ကျစ်လျစ်အောင်ဆုပ်ကိုင်နိုင်ရေး ကြိုးပမ်းမှုများမှာ(၂၀)ရာစုထက်ပင် ပိုပြီးပြင်းထန်လာနေပြီလားဟုသံသယ ဖြစ်မိသည်။

သည်လိုအခြေအနေများအောက်၌ သတင်းအချက်အလက်များကို သည်အတိုင်းမထုပ်မပိုးဘဲ တင်ပို့လို့မဖြစ် နိုင်တော့။ အထူးသဖြင့် ပုံနှိပ်သတင်းတင်ပို့မှုလုပ်ငန်းများမှာ အသံဖြင့်သော်လည်းကောင်း၊ အင်တာနက်ဖြင့် သော် လည်းကောင်း သတင်းပို့မှုလုပ်ငန်းလောက် မမြန်ဆန်နိုင်၊ မကျယ်ပြန့်နိုင်တော့။

ထိုအခါ ယင်းပုံနှိပ်သတင်း ဖော်ပြမှုနယ်ပယ်တွင် သတင်းအချက်အလက်များကို လူတွေသည်းခံပြီး စောင့် ဖတ် ချင်စိတ်ဖြစ်အောင် သတင်းပို့မှုပုံသဏ္ဍာန်သစ်ကို တီထွင်လာကြရ၏။သတင်းကိုသတင်းသက်သက် အနေနှင့် မတင်ပို့တော့ဘဲ ရသနှောသည့်သတင်းပို့မှုစနစ်ကို သုံးစွဲလာကြရ၏။ ထိုအခါ သတင်းနည်းပညာ နယ်ပယ်၌ သတင်းတင်ပြမှု နည်းပညာသစ်ဟူ၍ပေါ်ပေါက်လာရ၏။

သတင်းတင်ပြမှုနည်းပညာသစ်ကို ရသနှင့်တွဲဖက်အသုံးပြုသောအခါ ဆောင်းပါး၊ ၀တ္ထုအစရှိသည့် စာပေ ပုံသဏ္ဍာန်နှင့် ဒွေးရောယှက်တင်ဖြစ်လာနိုင်၏။ ဖြစ်လာသည်လည်းရှိ၏။ ဤအမြင်၊ ဤအယူအဆ အတွက် ကျနော့်မှာ သက်သေပြစရာ မြန်မာဝတ္ထုတပုဒ်ရှိပါသည်။ ယင်းဝတ္ထုမှာ“ခင်ခင်ထူး”၏ “၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်”၀တ္ထုဖြစ်လေသည်။

*    *    *    *

ဤ၀တ္ထုတွင် အဓိကဇာတ်ကောင်များမှာ ဖြုံဘူး ရွာသူ ခင်နှောင်း ၊ တရွာတည်းသူ မဖူးငုံ ၊ ခင်နှောင်း ၏ အစ်ကို ချစ်ခင် ၊ ခင်နှောင်းနှင့်ချစ်ကြိုက်သူ ထန်းတောရွာသား ကျီးညို ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်လေး ကိုသိန်းဒန် တို့ဖြစ်ကြ၏။ ၀တ္ထု၏အစပိုင်းတွင် ခင်နှောင်းတို့မောင်နှမနှစ်ယောက်၏စရိုက်ကို စာမျက်နှာ အတော်များများအထိဖွဲ့ပြီးမှ ကျန်ဇာတ်ကောင်များကို တဖြည်းဖြည်း စရိုက်ပေါ်အောင်ဖွဲ့သွား၏။

ခင်နှောင်းနှင့် ကျီးညို တို့၏ကိုကြီးကျော်နတ်ပွဲတွင်ဆုံခဲ့သည့်ဇာတ်လမ်းကို ခင်နှောင်း တို့အိမ်၌ ကျီးညို တယောက် သူရင်းငှားဝင်လုပ်သည့်နည်းဖြင့် ဇာတ်လမ်းကိုဆက်လို့ရသွား၏။ ခင်နှောင်းမိခင်က ကြီးညို နှင့်သဘောမတူ၊ တနေရာစီခွဲထားလိုက်၏။ ခင်နှောင်း ရွာကိုပြန်လာခွင့်ရတော့ ကျီးညိုက သူရင်းငှား အလုပ် မှ ထွက်ကာ ထန်းတောထဲတွင် ဆင်းဆင်းရဲရဲနှင့်ခေါင်းချသွားနှင့်ပြီ။ ခင်နှောင်း အဖို့ ချစ်သူနှင့် ပေါင်းဖက် ခွင့် မရနိုင်တော့။ ၀တ္ထု၏နိဂုံးမှာ ယူကျုံးမရဖွယ်ဖြင့် အဆုံးသတ်၏။

“၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ၀တ္ထုမှာ ဇာတ်လမ်းအဓိကထားသည့်ဝတ္ထုမဟုတ်ပါ။ သာမန်မျှ သာ ဖြစ်၏။ မည်သည့်လှည့်ကွက်၊ မြှုပ်ကွက်၊ ဆင်ကွက်၊ တင်ကွက်မျှမပါ။ သို့နှင့်တိုင် ခင်ခင်ထူး သည် မည် သည့်အတွက်ကြောင့် ဤသာမန်ဇာတ်လမ်းတပုဒ်ကို ၀တ္ထုတပုဒ်အဖြစ်ဖန်တီးလာခဲ့သနည်း။

ဤ ဆီသည်မလက်သုပ်လိုဖြစ်နေသည့် တွေ့၊ ချစ်၊ ကွဲ ဇာတ်လမ်းမျိုးကို ခင်ခင်ထူး ဘာ့ကြောင့်ရေးခဲ့ သနည်း။ ဘာကြောင့်ဇာတ်လမ်းသစ် တခုခုကို မရွေးချယ်ခဲ့သနည်း။
    
ဝတ္ထု၏အဖွင့်စာမျက်နှာမှစကာ သုံးချိုးနှစ်ချိုးကျော်သည်အထိ ကိုကြီးကျော်နတ်ပွဲနှင့် ပါတ်သက်သည့် အချက် အလက်များမှာ လိုအပ်လျှင် လိုအပ်သလို အဓိကထားပြီးရေး၏။

ဥပမာ စာမျက်နှာ(၂၃) မှစတင်ကာ၊ ကိုကြီးကျော်နတ်ပွဲ ထုံးစံ၊ နတ်ပွဲ ပွဲစဉ်၊ နတ်ပွဲအတွေ့အကြုံအသေးစိတ် ကို စာမျက်နှာ(၂၈)အထိ လည်းကောင်း၊ တဖန်စာမျက်နှာ(၉၀)မှ (၉၉)အထိ နတ်ပွဲခင်းကျင်းပုံ နတ်ပွဲလာ ပရိသတ်က နတ်ပူဇော်ပုံများကို လည်းကောင်း၊ ကိုကြီးကျော်နတ်ပွဲသို့ လာရောက်ရောင်းချကြသည့် ဈေးဆိုင် များ၊ ပစ္စည်းများကို ဖော်ပြရာ၌ ဇာတ်လမ်းဖြစ်စဉ်နှင့်ရောမွှေသမကာ စာမျက်နှာ(၁၀၂)မှ(၁၂၀) အထိ လည်းကောင်း။

ဥပမာ “ကျောက်မြောင်းနွယ်ငြိမ်း ဘက်မှ စဥ့်ထည်များ၊ မြင်းခြံနယ်ဘက်မှ တောင်သာအိုး၊ မိတ္ထီလာအိုး မြေ ထည်များ၊ ဧရာဝတီ မြစ်ရိုးဆီက စစ်ကိုင်းအိုး၊ မြောင်နယ်ထဲက နဘက်အိုး၊ ဆီမီးခုံနယ်က ရန္တပိုအိုး၊ ကတော အိုးများ၊ ချင်းတွင်း အနောက်ဘက်ကမ်း ပခန်းနယ်မှ အိုးဆိုင်များ” စာ (၁၁၄)။

ကိုကြီးကျော် နတ်သမိုင်းအသေးစိတ်အချက်အလက်များကိုလည်း စာ(၁၃၄)မှစာ(၁၄၀)အထိ။ တဖန်ယုတ်စွ အဆုံး ဧရာဝတီ မြစ်နှင့်ချင်းတွင်းမြစ်ကြားတွင်ရှိသည့်“ကျွန်းဆယ့်နှစ်ရွာ”ဒေသနေ ကျေးလက်လူထု၏ မည် သည့် စားဝတ်နေရေးပင်ဖြစ်ပါစေ၊ နတ်ကိုးကွယ်ယုံကြည်မှုနှင့်မကင်းနိုင်သည်ကို မီးမောင်းထိုးပြ၏။ နတ်ကိုး ကွယ် ယုံကြည်မှူအောက်က ကျေးလက်လူထု၏ ဘ၀ရှင်သန်ရေး၊ ယဉ်ကျေးမှူစရိုက်ကိုဖေါ်ပြ၏။

ဥပမာ ကိုကြီးကျော်နှစ်သက်သော ဆေးပင်များကို ယာတခင်း ဆေးသုံးပင် စတိထည့်စိုက်ကြမြဲသာ။ မြေပဲ စိုက်စိုက်၊ ပဲစိုက်စိုက်၊ ငရုတ်စိုက်စိုက်၊ နေကြာစိုက်စိုက် ဆေး သုံးပင်ထည့်စိုက်ခြင်းအားဖြင့် အလေးအမြတ် ပြုကြသည်။(စာ-၄၅) ။

ဤသို့ဖြင့် “၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ၀တ္ထုမှာ သတင်းအချက်အလက်များ ပြည့်နှက်ကြွယ်ဝ လွန်းသလောက်၊ ၀တ္ထုဇာတ်လမ်းအရမူ စာတပိုဒ်မျှ ချုံ့ပြီး ပြန်ရေးပြလို့ ရလောက်အောင်တို၏။ ရှင်း၏။

ဝတ္ထုတွင် စာရေးသူက ဇာတ်လမ်းကိုအဓိကမထားခဲ့ပါ။ သတင်းအချက်အလက်များကို သိစေလိုသည့် ရည် ရွယ် ချက်ကိုသာ အဓိကထားခဲ့သည်မှာ သိသာလွန်းလှသည်။ ထို့ကြောင့်ပင်ဖြစ်မည်။ ခင်ခင်ထူး သည် ဇာတ်လမ်းကို ဦးစားမပေးဘဲ၊ သတင်းအချက်အလက်များကိုသာ အဓိကထားခဲ့လေသည်။

*    *    *    *

ခင်ခင်ထူးသည် အဘယ့်ကြောင့် သတင်းအချက်အလက်များကို ၀တ္ထုပုံသဏ္ဍာန်ဖြင့်ဖော်ပြဖိုကြိုးစားခဲ့ သနည်း။

ကျနော်အထက်ကဆိုခဲ့၏။ တခါတရံ သတင်းအချက်အလက်ကို သတင်းသက်သက် အနေနှင့် တင်ပြသည် ထက် ရသနှင့်ထုပ်ပိုးပြီးမှ တင်ပြသည့် “သတင်းပို့မှု ပုံသဏ္ဍာန်သစ်”နှင့်ဖော်ပြခြင်းဖြင့် ပိုမို ထိရောက်သည် ဟု ယူဆခဲ့ဟန်တူပါသည်၊။ ဤသို့ဖြင့် သတင်းအချက်အလက်ကို အဓိကအခြေခံသည့်ဝတ္ထု တပုဒ် ဖြစ်လာခဲ့ ရ လေ၏။

ယခုအခါ ကျနော်တို့သည် သတင်းနှင့်ဝတ္ထု၊ ၀တ္ထုနှင့်ကဗျာ၊ ကဗျာနှင့်စကားပြေ ဒွေးရောယှက်တင် ဖြစ်လွန်း သည့်ခေတ် တခေတ်ကိုဖြတ်သန်းနေကြရ၏။ ယင်းဘာသာရပ်များတခုနှင့်တခု၏ကြားတွင်ရှိနေ၊ ကာနေ သည့် ကန့်လန့်ကာစမှာ ပါးလျားသည်ထက် ပါးလျားလာနေ၏။

သို့သော် အထူးသတိပြုရမည့်အချက်တော့ ရှိပါသည်။ သတင်းများသည် ၀တ္ထုချောက်ထဲ မဆင်းမိဖို့ နှင့် ၀တ္ထု များသည်လည်း သတင်းချောက်ထဲဆင်းမသွားမိဖို့တော့ အရေးကြီးသည်ဟု ယူဆမိပေသည်။     ။
Comments (5)Add Comment
0
မေတ္တာရပ်ခံခြင်း
written by aung, November 30, 2009
စာရေးဆရာမ ခင်ခင်ထူးရဲ့ ၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ဆိုတဲ့ ၀တ္ထုလေး ဖတ်ကြည့်ချင်ပါတယ်။။
အဆင်သင့် ရှိတယ် ဆိုရင် မျှဝေစေချင်ပါတယ်....။
0
နှိုင်းယှဉ်ဖို့
written by mmthinker, August 06, 2009
မောင်သစ်ဦး ကြည့်ရတာ ခင်ခင်ထူးရဲ့ တခြားဝတ္ထုတွေ မဖတ်ဖူးဘူးထင်တယ်။ ဖတ်ကြည့်ရင် သူ့ဖရိန်၊ သူ့ လစ်မစ်တေးရှင်းကို ယှဉ်ကြည့်လို့ရမယ် ထင်တယ်။
0
ဦးသစ်ဦးခင်ဗျာ့
written by အငုံး, May 24, 2009
ဆရာနေ၀င်းမြင့် ရဲ့ရေးသားဟန်လေးတွေကို ဆရာမခင်ခင်ထူး ရေးတာထက် ပိုစွဲလမ်းတယ်ဗျာ ဦးသစ်ဦးရေ
ဦးသစ်ဦးတို့ စောင့်ဖတ်ရလောက်အောင် ရေးနိုင်စွမ်းတဲ့ ဆရာမတွေ ရှားပါးကုန်တာတော့ အမှန်ပဲ
ပြောရရင် ဆရာမ ခင်ခင်ထူးလို သရုပ်မှန် သဘောဆန်တဲ့ စာမျိုးရေးနိုင်တဲ့သူတောင် လက်ရှိစာပေအသိုင်းဝိုင်းမှာ
လက်ချိုးရေလို့ ရလောက်အောင် ရှားပါးပါတယ်
ဆရာမ ဂျူး၊မ၀င့်(မြစ်ငယ်)၊ခက်မာ၊သန်းမြင့်အောင် စတဲ့ အရေးအသားနိုင်နင်းသူတွေရဲ့စာတွေတောင် သိပ်မတွေ့ 
ရတော့ဘူးဆိုတော့ အကျိုးအမြတ်မကြည့်ပဲ ကျွန်တော်တို့ ဖတ်ခွင့်ရအောင်(ဖတ်စရာရှိအောင်)ဖန်တီးပေးကြတဲ့
ရေးသားသူနဲ့ ထုပ်ဝေသူတွေကိုပဲ ကျေးဇူးတင်လိုက်ကြဆို့ ဗျာ။
0
မုဒိတာပွားပါ ကိုသစ်ဦး
written by shan, May 20, 2009
ကိုသစ်ဦးရေ
မြန်မာ့ စာပေလောကမှာ လက်ချိုး ရေတွက်လို့ ရတဲ့ ရသစာပေသမား ဆိုတာ ရှားပါး ပစ္စည်း ပါဗျာ၊
ဆရာမ ခင်ခင်ထူးဟာ ရသစာပေရဲ့ ပြယုဂ် တစ်ခုပါပဲ၊ အပြစ် တင်နေမယ့် အစား မုဒိတာ ပွားတာက
ပိုပြီး အကျိုးရှိမယ် ထင်ပါတယ်။ တကယ်တမ်း ကိုသစ်ဦးတို့ တိုက်ဖျက်ရမှာက မြန်မာ့ စာပေလောကကို
ဖျက်ဆီး နေတဲ့ xxxတို့၊ xxxxx တို့ကိုပါ။ ကျွန်တော်လည်း စာပေသမား တစ်ဦးပါ၊
ခင်ခင်ထူး ဆိုတဲ့ ကလောင်ဟာ အမြဲတမ်း ရင်ထဲမှာ ရှိနေပေမယ့် မောင်သစ်ဦး ဆိုတဲ့ အမည်ကိုတော့
ဒီတစ်ခါပဲ ကြားဘူးတာပါ။
0
သို့  မောင်သစ်ဦး
written by ဗမာပြည်သား, April 21, 2009
မှန်တယ်ဗျာ...ကျုပ်တော့ ဖတ်ပြီးသွားပြီ. ..အဲဒီရေးသားပုံကိုတော့ ကြိုက်တယ်. အခုခေတ် စာရေးဆရာများလို ချစ်ကြိုက်ကွဲညားပြီး.. .တစ်ချိန်လုံး ချစ်ပြနေတာထက်စာရင် ဒါက ဖတ်ရတာ ဗဟုသုတ ရစရာပေါ့။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်