၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အင်္ဂလိပ် ကိုလိုနီ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးအား ဗမာ အပါအ၀င် တိုင်းရင်းသား အားလုံး တပြိုင်နက် ရယူရန် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်၍ ပင်လုံ သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့သည့် နေ့ကို ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့ဆိုလျှင် ၆၃ နှစ်မြောက် ရှိပြီဖြစ်သည်။ ယင်း ပင်လုံစာချုပ်၏ အဓိက အနှစ်သာရမှာ ပြည်ထောင်စု တိုင်းရင်းသား အားလုံး သာတူညီမျှ အကျိုးခံစားခွင့် ရရှိရေး ဖြစ်သည်။
ရခိုင် တိုင်းရင်းသား ခေါင်းဆောင်ဖြစ်သူ ဦးအေးသာအောင်ကမူ ယနေ့ ပြည်ထောင်စုသည် စစ်တပ်က အုပ်ချုပ်နေသည့် အတွက် အသွင်သဏ္ဍာန် အရရော အနှစ်သာရ အရပါ ကင်းမဲ့နေသည်ဟု ပြောဆိုသည်။
“ဖေဖော်ဝါရီလ ၁၂ရက်နေ့ကို ရောက်ရင်ဖြင့် ပြည်ထောင်စုနေ့ အကြောင်းကို ပြောကြမယ်၊ ရေးကြမယ်ပေါ့၊ ဒါပေမယ့် လက်ရှိ အနေအထားအရ မြန်မာနိုင်ငံမှာ ပြည်ထောင်စုရဲ့ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ မရှိဘူးလို့ ကျနော်မြင်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ အခု မြန်မာနိုင်ငံကို အုပ်ချုပ်နေတာဟာ စစ်တပ်က အုပ်ချုပ်နေလို့ ပါပဲ”ဟု ဦးအေးသာအောင် က ပြောသည်။
မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ နိုင်ငွေသိန်း ကလည်း စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် တိုင်းရင်းသား အားလုံး ချစ်ချစ်ခင်ခင် နေနိုင်သည်ဟု ဆိုသည်။
“လက်ရှိပြည်ထောင်စုဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှမှု မရှိဘူး၊ တဦးနဲ့ တဦး စာနာမှုမရှိဘူး၊ အင် အားကြီးတဲ့သူက အနိုင်ကျင့်တော့ ပြည်တွင်းစစ်တွေ ဖြစ်ကြတာပေါ့၊ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စုဟာ တယောက်နဲ့ တယောက် တိုက်ခိုက်ကြဖို့မလိုပါဘူး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းရင်းသားအားလုံး ချစ်ချစ်ခင်ခင် နေနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
ပြည်ထောင်စု မြန်မာနိုင်ငံဟု ခေါ်ဝေါ်နေသော်လည်း တိုင်းရင်းသားများအတွက် ရသင့်ရထိုက်သော ပြည်နယ် အခွင့်အရေးများ၊ အုပ်ချုပ်ပိုင်ခွင့်များ၊ ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက်လုပ်ကိုင်ခွင့်များ မရရှိသောကြောင့် အနှစ်သာရ ကင်းမဲ့သော ပြည်ထောင်စုသာ ဖြစ်ကြောင်း ကချင် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်(Kachin National Congress for Democracy) မှ ဦးဇော်အောင်က ဆိုသည်။
“ကျနော် ကချင် တယောက်အနေနဲ့ ပြောရရင် ပြည်ထောင်စုဆိုတာ စာရွက်ပေါ်မှာပဲရှိတယ်၊ တကယ့်ပြည်ထောင်စုရဲ့ အနှစ်သာရနဲ့
လက်ရှိအနေအထားက မိုးနဲ့ မြေလိုပဲ ကွာခြားတယ်၊ ဘာကြောင့်လဲဆိုရင် ပြည်ထောင်စုတော့ ပြည်ထောင်စုခေါ်တာပဲ၊ ဒါပေမယ့် အားလုံးသိတဲ့ အတိုင်းပဲလေ စစ်တပ်က အုပ်ချုပ်ထားတာပဲ၊ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဘာတခုမှ မရ တော့ကာ ပြည်ထောင်စုက နာမည်ပဲ ကျန်တာပေါ့”ဟု ၎င်းက ပြောဆိုသည်။
ယနေ့ကျရောက်သော (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့သို့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေးပို့သည့် သ၀ဏ်လွှာတွင်“နိုင်ငံတော်သစ်ကို တည်ဆောက်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို တိုင်းရင်းသားတို့က တခဲနက် ထောက်ခံအတည်ပြုခဲ့ကြပြီးနောက် နိုင်ငံတော်ရှေ့ ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်အရ ယခုနှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပမည်ဖြစ်သည်။ တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ရရှိတော့မည်ဖြစ်ရာ နိုင်ငံသားတို့ ၏ ကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးတို့အား ရွေးကောက်နိုင်ရန် အများဆန္ဒဖြင့် ဆုံးဖြတ်ကြရမည် ဖြစ်ပေသည်”ဟု ပြောဆိုသည်ကို အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် ကတိပေးနေသော်လည်း ၂၀၀၈ အခြခံဥပဒေသည် ပင်လုံစာချုပ်နှင့် အလှမ်းကွာလွန်းသည်ဟု ဦးအေးသာအောင်က ပြောသည်။
“၂၀၀၈ ခုနှစ်မှာရေးဆွဲပြီး အတင်းအကျပ် အတည်ပြုလိုက်တဲ့ အခြေခံဥပဒေအသစ်အရ ပေါ်ပေါက်လာမယ့် မြန်မာနိုင်ငံကရော ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြောနိုင်မလားဆိုတော့ အမည်အားဖြင့်တော့ ပြည်ထောင်စု ရယ်လို့ ခေါ်ထားတာ တွေ့ ရမယ်၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စသည်ဖြင့်တွေ့ ရမယ်၊ အဲသလို အုပ်ချုပ်ပုံ အဆင့်ဆင့်မှာ တပ်မတော် က ၂၅ ရာခိုင်နှုန်း ယူထားမယ်ဆိုတော့ တိုင်းရင်းသားများလိုလားတဲ့ ပြည်ထောင်စုနဲ့ တနည်းအားဖြင့် ပင်လုံစာချုပ်နဲ့ အလှမ်းကွာလွန်း လှပါတယ်၊ ဆီနဲ့ ရေလိုပဲကွာတယ်”ဟု ၎င်းက ဆိုသည်၊
ယနေ့တွင် (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများကို ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးချုပ် အပါအ၀င် ပြည်တွင်းပြည်ပတွင် ကျင်းကြသည်ဟု သိရသည်။
Set as favorite
Bookmark
Email this
Hits: 3212
Comments (4)

written by Sai Namt Mao, February 15, 2010
We, the new generation of Shan, woluld like to read the original version of Pin Lon agreetment. If anybody have it, please share.
written by စိုင်းစိုင်း, February 14, 2010
တိုင်းရင်း သားတွေရဲ့ ရိုးရာ ယဉ်ကျေးမှူတွေ အားလုံး ဖျက်ဆီးပြီးမှ ပြည်ထောင်စြု ဖစ်လာမယ် ထင်တယ်။
Burmanization
Burmanization
written by boman, February 13, 2010
ပြည်ထဲက ခေါင်းဆောင်တွေ ပြောတာမှန်တယ်။ ဗမာပြည်ရဲ့ အနေအထား အရ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်မှ သာလျှင် နောင်လာ နောက်သားတွေ အတူတကွ အေးချမ်းစွာ ယှဉ်တွဲနေနှိုင်မှာ ဖြစ်တယ်။ ပြည်ထောင်စု စနစ်ကို မတည်ေ ဆာက်နှိုင်လျှင် ဗမာပြည်မှာ ဘာစနစ်ပဲ ကျင့်သုံး ကျင့်သုံး ငြိမ်းချမ်းမူ မရပဲ ပြည်တွင်းစ စ်မီးသာ တောက်လောင်နေမည်သာ ဖြစ်ပါကြောင်း.............
Write comment
| < Prev | Next > |
|---|


ပင်လုံစာချုပ်၇ဲ.အနှစ် သာ၇ကိုယနေ.လူငယ်များ သေချာ မသိသေးပါ။





