ဒီအရှုံးဟာ ဆိုရင် ဘရာဇီး နိုင်ငံရဲ့ ထင်ရှား ကျော်ကြားတဲ့ ကိုပါကာဘန်နာ ကမ်းခြေ အထိအောင် ရိုက်ခတ် ခဲ့ပါတယ်။ ဒီကမ်းခြေ ကြီးမှာ ဘောလုံးပွဲ ကြည့်နေတဲ့ ပရိသတ် ၂၀၀၀၀ လောက်ဟာ ပွဲသိမ်းခရာ သံကြောင့် ဖြူလွလွ သဲသောင်ပြင် ပေါ်မှာ ခေါင်းငိုက်စိုက် ချပြီး စိတ်ပျက် လက်ပျက် ရှိနေကြပါတယ်။အ၀ါရောင်ပေါ်မှာ အစိမ်းရောင် ကျားထားတဲ့ ဘရာဇီး နိုင်ငံတော် အလံလည်း လျှောကျခဲ့ရပါပြီ။ ထို့အတူ အဘိုးအဘွားတွေနဲ့ မိခင် တွေဟာ ငိုကျွေးနေကြပြီးတော့ ကလေးတွေကတော့ သူတို့မိခင်တွေရဲ့ ပရိဒေ၀အပူကို တအံတသြ ကြည့်နေကြပါတယ်။
ပေါ်လိုဂရမ်နဲ့ သူ့ရည်းစား ကောင်မလေးလည်း ရုပ်မြင်သံ ကြားဖန်သားပြင်ကို မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ မှင်တက်ငေးမော ရင်း မျက်ရည်တွေလည်း ရွှဲစိုခဲ့ရပါပြီ။
“အင်း မနက်ဖြန်တော့ နေထွက်မှာမဟုတ်ဘူး”ဆိုတဲ့ ရေရွတ်မှုကိုပဲ နောက်ဆုံးတတ်နိုင်ပါတယ်။
ဒီအချိန်မှာတော့ ကာနီဗယ် ပွဲတော်တွေ ၊ ဆမ်းဘား အကတွေ ရှိတဲ့ ဒီမြေမှာ ပြည်သူတရပ်လုံးဟာ ၀မ်းနည်းပူဆွေးပြီး ငိုကြွေး နေကြ ပါပြီ။
ဘောလုံးပွဲ အစပိုင်း ဘရာဇီးက ၁ ဂိုး အသာနဲ့ ဦးဆောင်နေချိန်မှာတော့ သက်သောင့်သက်သာနဲ့ ဆီမီးဖိုင်နယ်ကို ရောက်တော့ မယ်၊ ကမ္ဘာ့ဖလားကို ခြောက်ကြိမ်မြောက် ကိုင်မြှောက်ခွင့်ရတော့မှာ သေချာတယ်ဆိုတဲ့ မျက်နှာပေးတွေနဲ့ ဂုဏ်ယူစွာနဲ့ ဘရာဇီး အင်္ကျီတွေကို လေမှာ ဝှေ့ ယမ်းကာ ပျော်မြူးနေခဲ့ကြတယ်။
ဘောလုံးဝိဇ္ဖာကလေး ရော်ဘင်ဟိုကလည်း ပွဲစပြီး ဆယ်မိနစ်လောက်မှာပဲ ဘရာဇီးက နယ်သာလန်ဘက်ကို အေးအေးဆေးဆေး နဲ့ ဗွေဆော်ဦးဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီမတိုင်မီကလည်း သူပဲ တဂိုးသွင်းခဲ့သေးတယ်။ ဒါပေမယ့် လူကျွံဘော သတ်မှတ်ခဲ့ လို့ နစ်နာခဲ့ရပေါ့။
ဒါပေမယ့် ဒုတိယပိုင်းရောက်လို့  ၅၃ မိနစ်အချိန်မှာတော့ ဘရာဇီးအသင်းက Felipe Melo ရဲ့ခေါင်းနဲ့ ထိပြီး ၀င်သွားလို့ အပျော် တွေ ဟာ ရပ်တန့်သွားခဲ့ပါတယ်။
နယ်သာလန်တွေလည်း ချေပဂိုး ရသွားလို့ မျှော်လင့်ချက် ရောင်ခြည် တောက်ပလာခဲ့ပြီး အနိုင်ရလဒ်အတွက် ရေကုန်ရေခမ်း ကြိုးစားလာကြတော့တယ်။
ပွဲချိန် ၆၈ မိနစ် အရောက်မှာတော့ နယ်သာလန်ရဲ့ မရှိမဖြစ် စနိုက်ဒါက ကော်နာမှတဆင့် ခေါင်းတိုက်သွင်းလိုက်တဲ့ ဂိုးကြောင့် ပြည်သူတရပ်လုံးရဲ့ ရွှေမျက်ရည်ပုလဲတွေကို ခြွေယူလိုက်သလို ဖြစ်ပြီး ဘရာဇီး ပြည်သူ သန်း ၁၉၀ ရဲ့ နှလုံးသားကို တစစီ ချေမွှလိုက်ပါတော့တယ်။
“ဘုရားသခင် ကယ်တော်မူပါ” ဆိုတဲ့စကားလုံးကို ရွတ်နေရင်း သူ့ ကလေးနှစ်ယောက်ကို တင်းတင်းဖက်ထားတဲ့ ဗီရာလူစီယာ တော့ ပွဲသိမ်းခရာမှုတ်ချိန်မှာ ယူကြုံးမရ ချုံးပွဲချ ငိုလိုက်ပါတယ်။
ဘရာဇီးနိုင်ငံဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပခွင့်ကို ရရှိထားသလို ၂၀၁၆ အိုလံပစ် ပွဲတော် ကျင်းပခွင့်ကိုလည်း ရထားသေးတဲ့အပြင် နိုင်ငံစီးပွားရေး ဘက်မှာလည်း အောင်မြင်မှုတွေ ရထားပါတယ်။
အဲ့ဒီအရာတွေဟာ သောကြာနေ့ ည မတိုင်မီအထိသာရှိပြီး နယ်သာလန် အသင်းကို ရှုံးနိမ့်လိုက်ချိန်မှာတော့ သူတို့ဟာ အရာရာကို ရှုံးနိမ့်လိုက်ရတယ်လို့ ခံစားခဲ့ကြတယ်။
ပွဲပြီးလို့ မိနစ် ၂၀ လောက်အကြာမှာတော့ ဘရာဇီးရဲ့ ဆမ်းဘား ကချေသည်တွေဟာ ကိုပါကာဘန်နာ ကမ်းခြေက ကပွဲ စင်မြင့်
ပေါ်ကို တက်ပြီး အစွမ်းကုန် တီးမှုတ်ကခုန်ကြတော့တယ်။ လူအုပ်ကြီးကလည်း လိုက်ပါ ကခုန်ကြတော့ပါပဲ။
ပြီးတဲ့ အခါမှာတော့ ဘရာဇီးတွေဟာ အရာအားလုံးကို မေ့ပြီးတော့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ပြန်လာမှာပါ၊ အဲ့ဒီအခါကျရင် ဗိုလ်စွဲ ရမှာ ပါလို့ ရွေရွတ်နေကြပါတယ်။
Samba Turns Someber As Top – Ranked Brazil Ousted ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
Set as favorite
Bookmark
Email this
Hits: 6713
Comments (0)

Write comment
| < Prev | Next > |
|---|







