မြစ်ဝကျွန်းပေါ်ရှိ ဒီရေတောများ ပြုန်းတီးတော့မည်

နာဂစ် မုန်တိုင်း ဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသတွင် ထင်းခုတ် သည့်လုပ်ငန်း ကိုအဓိက အသက်မွေး ၀မ်းကြောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်လာမှုကြောင့် ဒီရေတောများ ဆုံးရှုံးပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

nargis400နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခဲ့သည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သော်လည်း မြစ်ဝကျွန်းပေါ်ဒေသတွင် အခြေအနေများ ပုံမှန်မရောက်သေးဘဲ မုန်တိုင်း မတိုက်မီ အခြေအနေကထက် ပိုမိုဆင်းရဲကျပ်တည်းလာကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါးပုစွန်ဖမ်းဆီးခြင်း၊ ရေလုပ်ငန်းများမှာလည်း အဆင်မပြေကြသောကြောင့် ထင်းခုတ် ရောင်းချခြင်းကို အဓိက လုပ်ငန်းအဖြစ် လုပ်ကိုင်လာကြကြောင်း လပွတ္တာမြို့နယ် အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

“မုန်တိုင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ထင်းခုတ်တဲ့လုပ်ငန်းကို ဒေသခံတွေက အဓိက အသက်မွေး ၀မ်းကြောင်းလုပ်ငန်းအဖြစ်ကို လုပ်လာတယ်။ အဓိက ခုတ်တာက ဒီရေတောကို ခုတ်ကြတာ။ ထင်းခုတ်ရောင်းတဲ့အလုပ်က အရင်းအနှီးမလိုဘူး။ ဓားမတချောင်းရှိရင် လုပ်လို့ရတာဆိုတော့ အဆင်မပြေတဲ့သူတွေက ထင်းပဲခုတ်ရောင်းကြတယ်” ဟု သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) မှ အဖွဲ့ဝင်တဦးက ရှင်းပြသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ရာ၌ ကြွက်ကျခြင်းကြောင့် စပါးသီးနှံ ပျက်စီးပြီး မျိုးစပါးရရန်ပင် မလွယ်ကူကြောင်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ကဲ့သို့သော အဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ရရှိသော ချေးငွေဖြင့် လယ်ယာစိုက်ပျိုးရေးကို ကြိုးပမ်းလုပ်ကိုင်ခဲ့ကြသော်လည်း မအောင်မြင်ဘဲ လယ်သမားများ အကြွေးသံသရာ လည်နေကြကြောင်း သိရသည်။

“လယ်သမားတွေမှာ အဆင်မပြေတဲ့ သူတွေချည်းပဲ။ လယ်တဧကကို ကြွက်ကောင်ရေ ထောင်သောင်းချီပြီး ကျတော့ မျိုးစပါးတောင် ပြန်မရဘူး။ စပါးလည်းမရ ကြွေးလည်း မဆပ်နိုင် ဖြစ်ကုန်တယ်” ဟု လပွတ္တာမြို့နယ်၊ မိကျောင်းအိုင် ကျေးရွာသားတဦးက ပြောသည်။

ရေလုပ်ငန်းတွင် ငါးပုစွန် ကဏန်း ဖမ်းဆီးရရှိမှု အလွန်နည်းပါးသောကြောင့် ရေလုပ်သားများ အဆင်မပြေကြကြောင်း၊  ရေလုပ်သား အများစုသည် တနေ့တာ မိသားစု စားဝတ်နေရေးအတွက်ပင် ရှာဖွေမရနိုင်သည့် အခြေအနေမျိုး ဆိုက်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“မုန်တိုင်းပြီးတဲ့ အချိန်ကတည်းက ငါးပုစွန် အရနည်းတယ်။ ရေလုပ်ငန်း လုံးဝ အဆင်မပြေဘူး။ ခက်ခက်ခဲခဲကို ရုန်းကန်နေရတယ်” ဟု လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ၀န်ထမ်းတဦးက ပြောသည်။

အသက်မွေးဝမ်းကြောင်း ခက်ခဲလာချိန်တွင် ထင်းခုတ်ရောင်းချခြင်းသည် စားဝတ်နေရေးအတွက် ၀င်ငွေရရှိရန် သေချာသော အလုပ်တခုဖြစ်လာခြင်းကြောင့် လုပ်ကိုင်သူ များပြားခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်စုဖွဲ့ပြီးတော့ ဒီရေတောကို လိုက်ခုတ်ကြတယ်။ ရလာတဲ့ ဒီရေတောပင်တွေကို ထင်းအဖြစ် ရောင်းတယ်။ နည်းနည်းမာတဲ့ အသားတွေဆိုရင် အိမ်ဆောက်တဲ့ သစ်အဖြစ် ရောင်းကြတယ်” ဟု မြစ်ဝကျွန်းပေါ်မှ သစ်တောဦးစီးဌာန ၀န်ထမ်းတဦးက ရှင်းပြသည်။

ထင်းခုတ်မှု များပြားလွန်းသဖြင့် ဒီရေတောများ အချိန်အနည်းငယ်အတွင်း ပြုန်းတီးကုန်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

“ရက်ပိုင်း၊ လပိုင်းအတွင်း ဒီရေတော ထူထပ်တဲ့ကမ်းပါးတွေ ဟင်းလင်းပြင် ဖြစ်ကုန်တယ်။ ရွာသူရွာသားတွေကလည်း ထင်းမှ ခုတ်မရောင်းရင် သူတို့ ငတ်သေကုန်မယ်လို့ ပြောတယ်” ဟု သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ တဦးက ဆိုသည်။

သစ်တောရေးရာ ၀န်ကြီးဌာနမှ အရာရှိတဦးကမူ မြစ်ဝကျွန်းပေါ် ဒေသခံများ ဒီရေတောကို ထင်းခုတ်ရောင်းချမှုများ မပြုစေရေးအတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးရန် လိုအပ်ကြောင်း အကြံပြုသည်။

ဒီရေတော ပျက်စီးမှုနှုန်း မြန်ဆန်ချိန်တွင် ပြန်လည် စိုက်ပျိုးနိုင်မှုနှုန်းက နှေးကွေးလွန်းပြီး အာဏာပိုင်များက လျစ်လျူရှုနေကြောင်း၊ ဒီရေတောများ ထိန်းသိမ်းပြုစု ပျိုးထောင်ရေးကို အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဦးစီးလုပ်ဆောင်နေကြခြင်း ဖြစ်သည့်အတွက် လုပ်နိုင်စွမ်းအား အကန့်အသတ်ရှိကြောင်း သဘာဝပတ်ဝန်ကျင် လေ့လာဆန်းစစ်သူများက ထောက်ပြသည်။

“မုန်တိုင်းတုန်းကလည်း ဒီရေတောတွေ ပျက်ကုန်တယ်။ မုန်တိုင်းပြီးတော့လည်း လူတွေက ခုတ်တယ်။ ပြန်စိုက်တာ  တော်တော်နည်းပါတယ်။ FREDA လို အဖွဲ့အစည်းတွေကပဲ ဦးဆောင် လုပ်နေကြတာ။ အစိုးရပိုင်းက ပံ့ပိုးပေးတာ တော်တော်အားနည်းပါတယ်” ဟု လူသိများသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတဦးက ဆိုသည်။

ဒီရေတောပညာရှင် ဒေါက်တာ မောင်မောင်သန်းကမူ မြန်မာနိုင်ငံတွင် နှံဗြူး၊ ဗြူးဝါး၊ ကြိတ်လန် ကဲ့သို့သော ဒီရေတောမျိုးစိတ်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဟု သြဂုတ်လ ၁၀ ရက်နေ့ထုတ် True News သတင်းဂျာနယ်သို့ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီရေတော ဟက်တာ ၄ သိန်းခွဲရှိပြီး နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် ဒီရေတော ဟက်တာ ၃၈၀၀၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု အစိုးရ စာရင်းဇယားများက ဖော်ပြသည်။
Comments (1)Add Comment
0
တကယ်ပါ
written by စောမင်း, August 14, 2010
ဧရာဝတီတိုင်း ဟင်္သာတ ခရိုင်ထဲ ကရွာတွေမှာ နာဂစ် မတိုင်ခင်ထဲ ထင်းမခုတ် ထင်း မရောင်းပဲ နေရင် ထမင်း မစားရရတဲ့ သူတွေ တကယ် ရှိပါတယ်။ ။ ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်