ထူးထူးရှယ် ဆေးကုခန်းကြီး

ရန်ကုန်မြို့တနေရာရှိ ထူးထူးရှယ်ဆေးကုခန်းကြီးတွင် ဦးရုက္ခစိုး နှင့် ဖိုးရှုပ်တို့ ရောက်နေကြသည်။ လူပြောများနေသော ရန်ကုန်မှ ဆေးခန်းကြီးများ၊ ဆရာဝန်ကြီးများအကြောင်း စုံစမ်း၊ စစ်ဆေး ရေးသားသင့်ကြောင်း ဦးရုက္ခစိုးကြီးက အိုင်ဒီယာပေး တိုက်တွန်းသဖြင့် သတင်းထောက် ဖိုးရှုပ်က လူနာဟန်ဆောင်ပြီး ဆေးခန်းကြီးသို့ လာရောက် ပြသခြင်း ဖြစ်သည်။

ရှေးဦးစွာ ဧည့်ကြိုဌာန ဝန်ထမ်းနှင့် တွေ့ရလေသည်။

ဧည့်ကြို။     ။ မောင်လေးက ရိုးရိုးလား၊ ရှယ်လား၊ ထူးရှယ်လား။ ဘယ်လိုပြမှာလဲ။

ဖိုးရှုပ်။     ။ ဟင် … ရိုးရိုးနဲ့ ရှယ် ဘာကွာလို့လဲ၊ ဒါက အထူးကု ဆေးခန်းဆိုတော့ လူနာ အားလုံးကို အထူးကုမှာ မဟုတ်ဘူးလား။

ဧည့်ကြို။     ။ သြော် … အဟင်း … ဟင်း … ဟင်း … ဟင်း … ဟင်း … ။ ဒီလိုရှိတယ် မောင်လေးရဲ့၊ ရိုးရိုးဆိုတာက ရိုးရိုးပေါ့ကွယ်။ ရှယ်ဆိုတာက လူနာရဲ့ ဝေဒနာ နည်းနည်း အရေးကြီးတယ်ဆိုရင် သက်သောင့်သက်သာ ဖြစ်အောင် ဘီးတပ် ကုလားထိုင်နဲ့ ထိုင်ရမှာပေါ့၊ ရှယ်ဆိုတာ ဒါကို ခေါ်တာပါ၊ အဟင်း … ဟင်း … ဟင်း … … … ။

ဖိုးရှုပ်။     ။ အင်း … ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ထူးရှယ်ကရော ဘယ်လိုလဲ။

ဧည့်ကြို။     ။ မောင်လေးက ထူးရှယ် ဆိုတာကို ရွေးမယ်ဆိုရင် (ဦးရုက္ခစိုးကို လက်ညှိုးထိုး၍) ဟောဒီ ဦးလေးကြီးက အထူး နားနေခန်းထဲမှာ ဆိုဖာထိုင်ခုံနဲ့ ထိုင်စောင့်ရမယ်၊ မမတို့က မောင်လေးကို အထူးစပါယ်ရှယ် ဂရုစိုက်မယ်၊ ဝန်ထမ်းတွေကလည်း ဘီးတပ် ကုလားထိုင်ကို ဖြည်းဖြည်းလေး တွန်းပေးမယ်၊ ဝန်ဆောင်မှုက တကယ့်ကို ရှယ် ဖြစ်စေရမယ်၊ သမားတော်ကြီးတွေ ကလည်း မောင်လေးကို ချက်ချင်း ခွဲပေးမှာပေါ့ကွယ် … အဟင်း … ဟင်း … ဟင်း … ဟင်း … ဟင်း။

ဖိုးရှုပ်။     ။ အိုးမိုင်ဂေါ့ … အောင်မယ်လေး ကျနော့်ရဲ့ ဘုရားသခင် … ၊ ကျနော့် ရောဂါက မခွဲလို့ မရဘူးလား။

ဧည့်ကြို။     ။ သြော် … မောင်လေးရယ်၊ ရှောင်ပြေးဖို့ မကြိုးစားပါနဲ့၊ အဲလေ ယောင်လို့ … လိုအပ်ရင်တော့ ခွဲရမှာပေါ့ မောင်လေးရယ် … အဟင်း … ဟင်း … ဟင်း … ဟင်း … ဟင်း။ ကဲ … ဘယ်လိုလဲ၊ ရှယ်လား ထူးရှယ်လား။

ရှယ် နှင့် ထူးရှယ်ကို စိတ်ဝင်စားသော်လည်း ဖိုးရှုပ်က ဒေဝါလီမဂ္ဂဇင်း၏ ချွေတာရေး မူဝါဒကို သတိရသဖြင့် ရိုးရိုးကို ရွေးလိုက်သည်။

မကြာမီ သူနာပြု ဆရာမ တယောက်ထံသို့ ဖိုးရှုပ် ရောက်သွားသည်။ ဆရာမကို ကြည့်ပြီး သတင်းထောက်က ဘိုဘိုဟန်၏ ငွေသော်တာရောင်ခြည် အစချီ သီချင်းကို ညည်းလိုစိတ်ပင် ပေါက်သွားသည်။

ဆရာမ။     ။ ကဲ … ပြော၊ ဘာဖြစ်တာလဲ။

ဖိုးရှုပ်။     ။ ဟို … ဆရာမရေ … ကျနော်လေ … အဟဲ … ဟို … ကျနော် အခု ရင်ခုန်နေတယ်။ အဟဲ … ရင်ခုန်နေတယ် … ဟဲ ဟဲ ဟဲ ...။

ဆရာမ။     ။ သြော် … ရင်ခုန်နေသလား။ ဒါဆို ဘာမှ မပူနဲ့၊ နေကောင်းသွားမှာပါ။ ဒီမှာ ရင်ခေါင်းအထူးကု ဆရာဝန်ကြီးတွေ ရှိတယ်။

ဆရာမက ထိုသို့ နှစ်သိမ့် ပြောဆိုပြီး ဓာတ်မှန်ရိုက်ခြင်း၊ သွေး၊ ဆီး၊ သလိပ်တို့ စစ်ဆေးခြင်းများ လုပ်ဆောင်ရန် စီစဉ်လေသည်။ ထိုသို့ လုပ်ဆောင်ပြီး သကာလ အထူးကု သမားတော်ကြီး၏ ကုသမှုကို ခံယူရန် စောင့်ရသည်။ မြန်မာစံတော်ချိန်ကား နံနက် ၉းဝဝ နာရီ ထိုးချေပြီ။

ဖိုးရှုပ်က ထူးထူးရှယ်ဆေးကုခန်းကြီးအတွင်း သွားလာနေကြသော အမျိုးသမီး သူနာပြုများကို အငမ်းမရ ငမ်းနေသည်။ ဖိုးရှုပ် ဘရိတ်အုပ်စေရေးအတွက် ရုက္ခစိုးကြီးက ချောင်းဟန့်သံပေးပြီး အချက်ပြသော်လည်း သတင်းသမား ဖိုးရှုပ်က အကင်းမပါးချေ။

ရုက္ခစိုး။     ။ ဟေ့ကောင် ဖိုးရှုပ်၊ မင်းက ဆရာဝန်တွေအကြောင်း အထူးပြု ရေးမှာမဟုတ်လား၊ ဘာကြောင့် အမျိုးသမီးတွေကိုပဲ လေ့လာနေရတာလဲ။

ဖိုးရှုပ်။     ။ သြော် … ဦးရုက္ခစိုးရယ်၊ အသေးစိတ် အကြောင်းအရာတွေကို ပစ်ပယ်ထားလို့ မရဘူး ဆိုပြီး Investigative Reporting လို့ ခေါ်တဲ့ စုံစမ်း ထောက်လှမ်း သတင်းရေးသားနည်း ပညာရပ်မှာ ပြဌာန်းထားတယ်ဗျ၊ ကျနော်က သူနာပြုတွေကို အလကားငမ်း အဲ … အလကားကြည့်တာမှ မဟုတ်တာ။ လိုအပ်ချက်အရ လေ့လာတာဗျ။ ဒါမှ ကျနော် ရေးတဲ့ သတင်း ဆောင်းပါးက အရမ်း အရမ်းကို ရုပ်လုံးကြွ အသက်ဝင်မှာ။ ဝါရှင်တန်ပို့စ်တို့ နယူးယောက်တိုင်းမ်းစ်တို့ကတောင် ယူသုံးနိုင်တယ်ဗျ။

ရုက္ခစိုး။     ။ ဟုတ်ပါပြီ စာနယ်ဇင်း ပိဋကတ် အိုးကွဲလေးရယ်၊ မင့်မျက်လုံးတွေ ကျွတ်ထွက်တော့မှာမို့ ငါက ပြောမိတာပါ။ အင်း … သတိပေးမိတာ မှားပါတယ်။ ဟေ့ကောင် … ၁ နာရီတောင် ခွဲပြီ၊ မင့်အလှည့် မရောက်သေးဘူးလား။ မေးစမ်းကြည့်ပါဦးကွ။

ဖိုးရှုပ်။     ။ စိတ်အေးအေးထားမှပေါ့ ဦးရုက္ခစိုးရယ်၊ သတင်းကောင်းတပုဒ်ဆိုတာ စိမ်ပြီး ရေးရတယ်ခင်ဗျ။

ရုက္ခစိုး။     ။ မင်းမသွားချင်ရင် ငါ သွားမေးမယ်။

ဖိုးရှုပ်။     ။ ဟိုး …ဟိုး …ဟိုး … ကျနော် သွားမေးပါ့မယ်ဗျာ။ အထူးကုဆေးခန်းတွေအကြောင်း ရေးမှာက ကျနော်လေဗျာ။ ကျနော်ကိုယ်တိုင် မေးမှ ဖြစ်မှာပေါ့။

သူနာပြုဆရာမထံ ထွက်သွားသော ဖိုးရှုပ်ကို ကြည့်ပြီး ဒီကောင် မေးခွန်းထုတ်ချင်တာက နည်းနည်း၊ ငမ်းချင်တာက များများဖြစ်မှာပါဟု ရုက္ခစိုးကြီးက တွေးလိုက်မိသည်။

ဖိုးရှုပ်။     ။ (သွား အချောင်း ၃ဝ ခန့် ပေါ်အောင် ပြုံးရင်း) ဆရာမရေ ကျနော် အထူးကု သမားတော်ကြီးနဲ့ မတွေ့ရသေးဘူးလား။

ဆရာမ။     ။ ခဏလေး ထပ်စောင့်ပါနော်၊ မကြာပါဘူး၊ တွေ့ရတော့မှာပါ။ နော် … ။

ဆရာမက ပြုံးပြီး ပြောသဖြင့် ဖိုးရှုပ် ကျေနပ်သွားသည်။ ဦးရုက္ခစိုးထံသို့ မြောက်ကြွမြောက်ကြွဖြင့် လမ်းလျှောက်သွားသည်။

ရုက္ခစိုး။     ။ ရုပ်ကိုက ဒီမိုကရေစီရတဲ့ မျက်နှာနဲ့။ ကဲ … ပြော၊ ဘယ်လို ဖြစ်လာတာလဲ၊ အထူးကု ဆရာဝန်ကြီးနဲ့ ဘယ်တော့ တွေ့ရမှာလဲ။

ဖိုးရှုပ်။     ။ ဆရာမက ပြောတယ်၊ သိပ်မကြာတော့ပါဘူး တဲ့။ ခဏနေဆို တွေ့ရတော့မှာပါ တဲ့။

ရုက္ခစိုး။     ။ အင်း … ဆေးရုံခဏ ကလည်း ရဲတွေပြောတဲ့ ခဏနဲ့ တူနေပြီထင်တယ်။

နှစ်ဦးသား အထူးကု ဆရာဝန်ကြီး၏ အခန်းရှေ့တွင် ထပ်မံ စောင့်ဆိုင်း ရပြန်သည်။ အဝင်ဝရှိ ဆိုင်းဘုတ်တွင် ဆရာဝန်ကြီး၏ ဘွဲ့ထူး ဂုဏ်ထူးများရေးထားသည်ကို တွေ့ရသည်။ MBBSဟူသော စာလုံးအပြင် လန်ဒန်၊ ဖင်လန်၊ ပိုလန်၊ ဆွစ်ဇာလန် ဟူ၍လည်း ရေးသားထားသည်။

ရုက္ခစိုး။     ။ ဟေ့ကောင် … MBBS ဆိုတာ ဘာလဲကွ။

ဖိုးရှုပ်။     ။ MBBS ဆိုတာ အတိုကောက် စကားလုံးပဲ။ "မြန်မာ ဘရမ်းဘဒါ (ပရမ်းပတာ) ဆရာဝန်" လို့ ဒေဝါလီ စာဖတ်သူတယောက်က ပြောဖူးတယ်။ ဝတ္ထုထဲမှာတော့ မောင်ဘာဘာစိန် လို့ ရေးထားတာ ဖတ်ဖူးတယ်။ ဘယ်ဟာ အမှန်လဲတော့ မသိဘူး။

ဤသို့ဖြင့် နှစ်ဦးသား စကား တပြောပြောဖြင့် စောင့်ဆိုင်းနေရာ ညနေ ၅းဝဝ နာရီ ထိုးသွားသည်။ ဖိုးရှုပ်အလှည့် မရောက်သေးပေ။ သူနာပြုတဦးထံ သွားရောက် မေးမြန်းသည့်အခါ အရေးပေါ် ခွဲစိတ်ပေးရမည့် ထူးရှယ်အဆင့်လူနာ ၃ ဦး ရှိသဖြင့် အတန်ကြာ စောင့်ဆိုင်းရဦးမည်ဟူသော အဖြေကို ရလေသည်။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးရေ၊ ကျနော်သာ လူနာအစစ်ဆိုရင် ဒုက္ခပဲ။ ဒီလောက်တောင် စောင့်ရတယ်ဆိုရင်တော့ သေပြီဆရာ။

ရုက္ခစိုး။     ။ အင်း … ရိုးရိုးနဲ့ရှယ် ဘယ်လိုကွာတယ်ဆိုတာ မင့်စာထဲ ထည့်ရေးလို့ ရပြီပေါ့ကွာ။

နံနက် ၉းဝဝ နာရီမှ စတင် စောင့်ဆိုင်းနေသော ဦးရုက္ခစိုး နှင့် ဖိုးရှုပ်တို့သည် ည ၉းဝဝ နာရီတွင် အထူးကုဆရာဝန်ကြီးနှင့် တွေ့ခွင့်ရလေသည်။

အထူးကုဆရာဝန်ကြီးက သူ့ကိုယ်သူ မိတ်ဆက်သည်။ ဖိုးရှုပ်မှာ အထူးကုဆရာဝန်ကြီး ယနေ့ စမ်းသပ် စစ်ဆေး ကုသပေးရသော အယောက် ၃ဝဝ မြောက် လူနာဖြစ်သည်ဟူ၏။ ထို့နောက် လက်နှစ်ဘက်ကို အပေါ်သို့ မြှောက်လိုက်ပြီး အညောင်း ဆန့်လိုက်သည်။ ဆုံလည် ကုလားထိုင်တွင် ထိုင်နေရာမှ မတ်တပ်ရပ်ပြီး ခါးကို ဘယ်တချက် ညာတချက် လှည့်လိုက်ရာ ဂျွတ် … ဂျွတ် … ဟူသော အသံများထွက်သွားသည်။ ထိုသို့ အညောင်းဖြေနေစဉ်မှာပင် အထူးကုဆရာဝန်ကြီးက ဖိုးရှုပ်၏ ရောဂါ ဝေဒနာအကြောင်း စကား စ လေသည်။

အထူးကုဆရာဝန်ကြီး။     ။ ကဲ … ပြော၊ ဘာဖြစ်နေသလဲ။

အထူးကုဆရာဝန်ကြီးက ဖိုးရှုပ်ကို မေးခွန်းထုတ်သည့်အချိန်မှာပင် နားကြပ်ဖြင့် ဖိုးရှုပ်၏ ရင်ဘတ်ကို စမ်းသပ်လေသည်။ ဆရာဝန်ကြီး၏ လှုပ်ရှားမှုများမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းလှသည်။ လူနာများကို ရာနှင့် ချီပြီး စမ်းသပ်ရသူ ဖြစ်သောကြောင့် ထိုသို့ မြန်ဆန် သွက်လက်သင့်ပေသည်ဟု ဦးရုက္ခစိုးကြီး ယူဆမိသည်။

အထူးကုဆရာဝန်ကြီး။     ။ မင်းရဲ့ နှလုံးခုန်သံက ပုံမှန်မဟုတ်ဘူးကွ။

ဖိုးရှုပ်။     ။ ဟုတ်ကဲ့။

အထူးကုဆရာဝန်ကြီး။     ။ ထူးခြားနေတယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲကို ကင်မရာထည့်ပြီး စမ်းသပ်မယ်။ မင်း ရင်ခုန်သံက ဘယ်အချိန်တွေမှာ ပိုမြန်တတ်သလဲ။

ဖိုးရှုပ်။     ။ ရင်ခုန်သံက အမျိုးသမီးတွေကိုတွေ့ရင် ပိုပြီး မြန်တယ်ခင်ဗျ။

အထူးကုဆရာဝန်ကြီး။     ။ ဟ … ဒါဆို ခွဲမှ ဖြစ်မှာပေါ့။ မခွဲခင် ကင်မရာထည့်ပြီး အရင်ကြည့်ရမယ်။ ကဲ … ကဲ … ဒီက နောင်ကြီးက အုပ်ထိန်းသူလား။ အတော်ပဲ၊ ခွဲစိတ် ကုသမှာကို သဘောတူကြောင်း လက်မှတ်ထိုးကြဗျာ။

ရုက္ခစိုး။     ။ ခွဲဆိုလည်း ခွဲ၊ လက်မှတ်ထိုးဆိုလည်း ထိုးတာပေါ့ဗျာ။ လူနာက ဘာရောဂါဖြစ်တာလဲ သိပါရစေဦး။

ဦးရုက္ခစိုးကြီးက ရုပ်တည်ဖြင့် မေးခွန်းထုတ်လိုက်သည်။ ဆရာဝန်ကြီးက အလေးအနက် မျက်နှာထားဖြင့် အဖြေပေးလေသည်။
အထူးကုဆရာဝန်ကြီး။     ။ ခွဲမှ ဖြစ်မှာပါ။ အခုချက်ချင်း ခွဲပေးမှာပါ။ အချိန် မရှိဘူး။ အမြန်လုပ်။ ကျုပ် နောက်ဆေးခန်း တခုကို ကူးရဦးမယ်၊ အဲ … လူနာရဲ့ ဝေဒနာက အရေးကြီးတယ်။

ရုက္ခစိုး။     ။ ခွဲပါ၊ ခွဲချင်သလို ခွဲပါ၊ ဒါပေမယ့် ဘာရောဂါလဲ ဆိုတာ ပြောပါဦး။

အထူးကုဆရာဝန်ကြီး။     ။ လူနာက အဆုတ်ထဲ လေဝင်တဲ့ရောဂါ ဖြစ်နေပါတယ်။

အထူးကုဆရာဝန်ကြီး၏ စကားအဆုံးတွင် ဦးရုက္ခစိုး နှင့် ဖိုးရှုပ်တို့က "ဗျာ … အဆုတ်ထဲ လေဝင်တဲ့ရောဂါ … ဟုတ်လား" ဟု အံ့သြတကြီး ပြိုင်တူ ရေရွတ်မိကြပြီး ထူးထူးရှယ် ဆေးခန်းကြီးအတွင်းမှ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးကြ လေသတည်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

Comments (22)Add Comment
0
ရယ်ချင်စရာ
written by bayarmonh, December 16, 2009
အတော် ကောင်းတဲ့ သရော်စာတွေပဲ။ အဆုတ်ထဲ လေဝင်တဲ့ ရောဂါ မဟုတ်ပဲ နှားခေါင်း ပေါက်မှာ လေတွေ ထွက်နေတယ် ဆိုရင်တော့ စိုင်းစိုင်းဆိုတဲ့ သီချင်းထဲက အတိုင်း သေပြီ ဆရာဝန်။
0
Half agree!
written by Richard, December 15, 2009
As a nature, some are bad and are good. Pls, note that Dr are also just a normal human being. In myanmar, most of Dr are in over-load. Most of them are official government staff. They have to work in Gov Hospital and then work at out-side also. Their working hr is more than 48hr/week. So, sometime, they got some body and mind weekness. They may do some mis-diagnose on the patient sometime, we cannot avoid it. As they are Dr, their mistake will be dangered to patient but no choice. (pls, consider ourselves in our work, howmany time did we do the mistakes and careless mistakes? pls)
If we say "cannot be wrong, you should be sure in 100%", like that no body cannot dare to do the Dr job as well.
So, sometime, we can be faced unsuccessfull cases in anywhere and anyplaces.
0
...
written by Tun Shwe Khaing, December 14, 2009
ကျွန်တော် (Tun Shwe Khaing) ရေးတဲ့ Comment ဟာ လက်တွေ့  ဖြစ်လို့ သွေးကင်ဆာ သမားများ အခြားနည်း မရှိတော့ရင် အဆိုပါ အရွက်ကို သောက်ကြည့်ပါ---အဖွါးအို တစ်ယာက်က ညွှန်ပြလို့ ကျွန်တော့်ညီမ စမ်းသုံးခဲ့တာ အတိုင်းအတာ တစ်ခုထိတော့ အကျိုး ရှိနေပါတယ်--ဒီ အရွက်ကလည်း အလွယ်တကူ ရနိုင်တာမို့ ကုန်ကျစရိတ် မရှိတဲ့ နည်း တစ်ခြု ဖစ်ပါတယ်။ အပင်က နာနတ်ပင်နဲ့  တူပါတယ်-အရွက်က နာနတ်ရွက်လောက် မကြီးပါ- နဲနဲသေးငယ်ပါတယ်--ကျောဘက်(အောက်ဘက်) မှာ နီညိုရောင် ရှိပါတယ်။ ၀မ်းဗိုက်ဘက် (အပေါ်ဘက်) မှာ အစိမ်းရောင်ရှိပါတယ်---မြန်မာထုံးစံ (၃)ခွက် (၁)ခွက်တင် ကြိုပြီးတော့ တစ်နေ့ကို လဘက်ရည် အချို ပန်းကန်နဲ့ (3-4)ကြိမ် သောက်ရပါတယ်--အစားအသောက် ကတော့ စံနစ်တကျ ကျွေးရပါတယ်- -ကျန်းမာ ချမ်းသာ ကြပါစေ။
0
အထူးကု သမားတ်ာကြီး ပြောတိုင်းလည်း-- ဟုတ်လှပြီ မထင်ကြပါနဲ့
written by Tun Shwe Khaing, December 13, 2009
ကျွန်တော်မှာ ညီမထွေး တစ်ယောက် ရှိပါတယ်---- သူ နေမကောင်းလို့ အထူးကုဆေးရုံ တစ်ခုကို သွားပြပါတယ် သွေးကင်ဆာ အဆင့်(၄)ဆိုလား ---
အထူးကုနဲ့ ကုသရမယ် Chemotheraphy လုပ်ရမယ် ဆေးရုံစရိတ် အပါအ၀င် သိန်း(40)လောက် ကုန်မယ် လို့ ဆရာဝန်ကြီးက ပြောပါတယ်---
-ဒီရောဂါ အခြေအနေနဲ့ ဒီလိုကုသလိုက်တော့ ရောဂါပျောက်နိုင်သလားလို့မေးတော့ နောက်ထက်(၆)လ အသက်ရှည်ဖို့ (၄၀%) ဘဲရှိတယ်လို့ဆိုပါတယ်။
ဒါနဲ့ ကျွန်တော်တို့ မိသားစုကလည်း သိပ်ချမ်းသာတာ မဟုတ်တော့ တိုင်ပင်ကြပါတယ်--နောက်ထပ် အလားတူ အတွေ့အကြုံမျီုး ရှိတဲ့ မိတ်ဆွေ တစ်ဦးက
သူအစ်မမှာ ဖြစ်တုန်းက Chemotheraphy လုပ်တာ ဝေဒနာ အပြင်း အထန် ခံစားရကြာင်း နောက်ဆုံး ဘယ်လိုမှ မခံနိုင်တော့လို့ ရပ်လိုက် ရကြောင်း -- ပြောပြပါတယ်-
--ဒီတော့ ကျွန်တော်တို့ကလည်း နောက်ထက် (၆)လ ခံဖို့တောင် မသေချာတဲ့ ကုထုံး တစ်ခုကို ဝေဒနာ
အလွန် ပြင်းပြင်း ထန်ထန်လည်း ခံစားရအုံးမယ် ငွေလည်း သိန်း(40) ကုန်အုံးမယ် ဆိုတော့ ---- ဒီနည်းကို မသုံးဘဲ အိမ်မှာ ဘဲ နားနား နေနေ သေပစေတော့
ဆိုပြီး အိမ်ပြန် ခဲ့ကြပါတယ်။ အိမ်ရောက်တော့ ဆေးသမားကံ လူနာကံ ဆိုပြီးတော့ ဂမုန်းရွက် တမျိုး (နာနတ်ပင် လိုဘဲ-- အရွက်က အပေါ်ဘက်က အစိမ်းရောင်-
အောက်ဘက်က နီညိုရောင် ရှိတယ်) ကို သုံးခွက် တစ်ခွက်တင် ကြိုတိုက် လိုက်တာ- အခု (၁)နှစ် ကျော်လာပြီး---သန်သန် မာမာနဲ့ ခြံထဲမှာ အလုပ် လုပ်နေလေရဲ့--
0
...
written by Tunwin, December 12, 2009
Not all the doctors are same. Many doctors may act like this. But there are many doctors who sacrifice their life for the patients are still present in our country.
Another thing we must consider is our country all-ruined systems. These unwanted conditions emerge under this poorly managed military government.
0
good
written by 33, December 12, 2009
i read this satire twice.
thanks
33
0
ဆေးပညာကိုဖျက်ဆီးခံ တာနစ်နာတာဘဲ
written by မောင်မောင်, December 11, 2009
ဒီ တပ်မတော် အစိုးရက ဆေးပညာ၊ ဥပဒေပညာ နဲ. အင်ဂျင်နီယာ ပညာကို အညှိုးတကြီး စံနစ်တကျ ဖျက်ဆီးခံလိုက် ရတာ ပြည်သူတွေမှာ နစ်နာတာပေါ့။ အရင် ကာလ က ကျန်းမာရေးဌာနကို လူနာလာရင် ဆေး အခမဲ့ ကုပေးကြရတယ်။ ခုတော့ ဆေးရုံ လာသမျှ လူနာတွေဆီက ငွေတောင်းခိုင်း တော့တာဘဲ။ စေတနာ ဆရာဝန်၊ သူနာပြုတွေ ကတော့ စိတ်ညစ်ကြ တာပေါ့၊ နောက် စေတနာတန်ဖိုး နားမလည်တဲ့သူ တွေကတော့ ရလေလိုလေ ဖြစ်တော့ ဆေးပညာ အပေါ် လူတွေ စိတ်ပျက်ကုန်တာပေါ့။ အခုတော့ ဘယ်သူမှ ပြင်လို. မရတော့ဘဲ ပျက်စီး စုတ်ပြတ် နေတာ။
0
ဂျိုဂုပ်လဒူြး ကီးကို အထူးကု ပို့ပေးလိုက်ပါ
written by ကိုကျော်(MBBS) Myanmar Botahtaung Baya Saysaing, December 11, 2009
ကျုပ်တို့ရဲ့ ပြည့်သူ့ချဉ်ဖတ်ကြီး ဂျိုဂုပ်လဒူးကြီး မိသားစုကိုလည်း အဲဒီ ဆေးခန်းကို ပို့ပေးလိုက်ြ ကပါဗျို့။ ကုန်ကျငွေတွေကို ပြည်သူတွေ အားလုံး စုပေါင်း လှူဒါန်းပါမယ်။ စေတနာ ရှိလွန်းလို့ပါ။
0
That's prove the irresponsibility of the SPDC
written by Ko Sant Tint, December 11, 2009
I agree with the comments above. That's show the stupidity of the government. In our country someone may ask you what can you show that is white during the 21 years time of SPDC. We will have to answer nothing except their group with proxy. Look at Cuba, they may be a poor nation yet their health care system is one of the best in the world at the rank of within the top tens. Can you believe this dear audience?
0
...
written by ဇွဲကပင်သား, December 10, 2009
.. စရိတ်မျှပေး ကျန်းမာရေး ... ဆိုတဲ့ ဆောင်ပုဒ်ကိုစပြီး သုံးတဲ့ အချိန်ကပဲ ထင်တယ်၊ ဘားအံပြည်သူ့ ဆေးရုံမှာ အရေးပေါ် ဆေးရုံ လာတက်တဲ့ ကမမောင်းဘက်က ကျနော့်အဒေါ် တယောက်ကို ဆရာဝန်က၊ ခွဲစိပ်ကုသရမယ်၊ ဒီလောက်ဒီလောက် ကုန်ကျမယ်၊ တတ်နိုင်လားလို့ မေးတော့ မတတ်နိုင်လို့ မတတ်နိုင်ဘူး ပြောတော့ ချက်ချင်းပဲ - - - - လှည့်ထွက်သွားပါတော့တယ်။ အဲဒီလူနာလည်း ရွာကို ပြန်သွားပြီး ဆေးမီးတိုတွေနဲ့ ပဲ ပြန်ကုလိုက်တာ သိပ်မကြာပါဘူး၊ သေသွားခဲ့ပါတယ်။

ဒါပေမယ့် ကိုယ့်အတွက်ေ တာင်ကိုယ် လောက်လောက်ငှငှ မရှိတဲ့ ကြားကနေ လူနာတွေရဲ့ အခက်အခဲတွေကို ရတဲ့နည်းနဲ့ ကူညီ ဖြေရှင်းပေးတဲ့ တကယ့်ပြည်သူ့သူနာပြု၊ ဆရာဝန်တွေ ရှိတာကိုလည်း မေ့ထားလို့ မရပါဘူး။
0
Air in the lung
written by thein, December 10, 2009
There is such a thing as pneumothorax. Air in the pleural space of the lung. You could say this condition , air in the lung, but at the wrong place.
0
nice
written by abcd, December 10, 2009
the ending is very funny!
smilies/smiley.gif
0
ဟီဟိ
written by မိုးမိုး, December 10, 2009
အဆုတ်ထဲ လေ၀င်တဲ့ အကြောင်းကို ဒီမို ကရေစီရတဲ့ မျက်နှာနဲ့  ဖတ်သွးပါတယ်
smilies/cheesy.gif
0
patients $ Doctors $$$$$
written by dr. lavendar, December 10, 2009
The bad morality of the doctors have been trained by some bad and wealthy patients.
Not all the doctors are like this. But I accept this case because many poly clinics are behaving like this. So so bad!!!! smilies/sad.gif
0
Money is second God
written by aye moe, December 10, 2009
ဒါ့အပြင်.. ငွေတင်ထားတာ နည်းနေရင် လူနာခွဲပြီး ပေမဲ့ ကုတင်ဆီ မပို့ဘူး ခွဲခန်းဘေး စင်္ကြင်္ံလမ်းမှာ ထားသေးတယ် ငွေထပ်တင်ပေးမှ လူနာ ကုတင်ဆီ ရောက်ပါတယ် ကိုယ်တွြေ့ ကုံခဲ့ရတာပါ - - - မှာပေါ့ အူအတက်ခွဲတာ ရှစ်သိန်းလောက် ကုန်ခဲ့ပါတယ် ငွေမရှိရင်........
0
I can't stop laughing!
written by coolzy, December 10, 2009
Damn Funny.
I can't stop laughing!
Good Job!
0
Good Hta
written by Kaung Myat, December 10, 2009
မကောင်းမှုရှောင,် ကောင်းမှုဆောင်, အိုတောင် မဆင်းရဲ...
0
request for specialist point of view
written by Dagaung Thar, December 10, 2009
agree with all... this is truly happening inside country.But I would like to suggest Irrawaddy Team to get some expert opinions also from Medical Society especially inside country who did sacrifice a lot for own people just as regular Medical Officers at Government Hospitals...............We all witnessed those young doctors and some very much kind-hearted specialists always put their own money whenever they are dealing with poor people's emergency operation like Cesarean section,other urgent operations..........although they don't have enough for own survival......
.........................should not neglect such kind of great doctors inside country who simply sacrifice their lives just for the sake of own poor people........waiting for those kind of non-biased article or interview from medical society inside country..........thanks in advance Irrawaddy Team.........at the same time.....should not neglect all roots problems of this kind of miseries happening......
0
One of the funniest!
written by Master, December 10, 2009
This one could be one of the funniest stories.smilies/cheesy.gif
0
This is not satire
written by Myanmar Pyi Thar, December 10, 2009
This reflect real situation in Myanmar (the specialist consultation is so real).
It's not satire at all.
0
good point
written by zaw, December 09, 2009
အ ဆု တ် ထဲ လေ ၀င် တာေ၇ာ ဂါ လား
ကောင်း လိုက် တဲ့ သေ၇ာ် ချက်
ဟား ဟား ဟား

ကို ဇော်
0
ssc
written by ye naing, December 09, 2009
ssc ရှေ့ မှာ ပြေးနေတာ တွေ့လိုက်တယ်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်