ကြွက်စုတ်။ ။ အေးအေး ဆေးဆေး ကော်ဖီ သောက်မလားလို့ လာပါတယ်၊ မင်းက ဘာဖြစ်နေတာလဲ။
ရုက္ခစိုး။ ။ အေးလေကွာ … အခုလို ရာသီဥတု သာသာယာယာလေး ရှိတုန်း ပျော်ပျော်ရွှင်ရွှင် နေစမ်းပါ။ အခုတော့ မင်းဟာက ဠင်းတကြီး လည်မြိုအနင်းခံထားရသလို မျက်နှာက ရှုံ့တွနေတာပဲ။ဖိုးရှုပ်။ ။ သတင်းမရှိလို့ဗျို့၊ သတင်းမရှိလို့၊ သတင်းမရှိတော့ သူများပျော်လို့ မပျော်နိုင်၊ သူများ ငမ်းလို့ မငမ်းနိုင်။
ကြွက်စုတ်။ ။ ဟာ ဟေ့ကောင် မင်းဟာက မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ ခေါက်နေပြန်ပြီ။ မင်းဘာသာ သတင်းရှားတာနဲ့ပဲ ငါငမ်းတာကို မနာလိုဖြစ်နေတာလား။
ဖိုးရှုပ်။ ။ မင်းက ငမ်းနေလို့လား။
ရုက္ခစိုး။ ။ ကဲ … တော်ကြစမ်းပါကွာ ...။ မင်းတို့ဟာကလည်း ၂ ယောက်တည်းရှိတာ ၃ ဖွဲ့ကွဲနေပါဦးမယ်။
ဖိုးရှုပ်။ ။ ဒီမှာ သတင်းမရှိလို့ စိတ်ညစ်နေရတဲ့ အထဲဗျာ။ သတင်းမရရင် ကိုဂေါ်ကြီးနဲ့ ပြဿနာတက်မယ်ဗျ။ ဦးရုက္ခစိုး ကယ်ပါ။
ရုက္ခစိုး။ ။ ငါ ကယ်ပါ မဟုတ်ဘူး နင်သာ သူတောင်းစား။ ဒီမှာ ဟေ့ကောင်၊ သတင်းတွေမှ အများကြီးကွ။ ရေးတတ်ရင် သတင်းတွေချည်းပဲ။
ဖိုးရှုပ်။ ။ ရေးလို့ရတဲ့ သတင်းတပုဒ်မှ မရှိဘူးဗျာ။
ကြွက်စုတ်။ ။ မင်းကလည်း ငါတောင် ခုကောက်ရေး ခု တပုဒ်ရတယ်။ ဆီးဂိမ်းမှာ မြန်မာက သေနတ်ပစ် ရွှေတံဆိပ် ၂ ခု၊ အပြေး ရွှေတံဆိပ် ၂ ခုရတယ်ဆိုတာ ရေးကွာ။
ဖိုးရှုပ်။ ။ ဟာ အဲဒါ သတင်းမှ မဟုတ်ဘဲ။
ရုက္ခစိုး။ ။ ဒါ သတင်းပေါ့ကွ၊ မြန်မာပြည်အနေနဲ့ ခုလို ရွှေတံဆိပ်တွေရတာ ….။
ဦးရုက္ခစိုး စကားမဆုံးခင် ဖိုးရှုပ်က မျက်နှာကို ရှုံ့မဲ့ကာ လက်ကာပြလိုက်သည်။
ဖိုးရှုပ်။ ။ မြန်မာပြည်မှာ ပြေးတဲ့သူနဲ့ ပစ်တဲ့သူပဲရှိတယ်၊ သေနတ်ပစ် ရွှေတံဆိပ်ကို စစ်တပ်က လူတွေရမယ်၊ အပြေး ရွှေတံဆိပ်ကို ပြည်သူထဲက ရမယ်ဆိုတာ လူတိုင်း သိတယ်၊ ဒါ သတင်းမဟုတ်ဘူး နောက်တခုပြော။
ဖိုးရှုပ်စကားကြောင့် ကြွက်စုတ် ခေါင်းပုဝင်သွားသည်။
ရုက္ခစိုး။ ။ အေး အဲဒါလည်း ဟုတ်သားဟ … ဒါဆို နောက်တခုပြောမယ်ကွာ။ ချိုကုပ်ဒူးကြီး အကြောင်းရေး။
ဖိုးရှုပ်။ ။ ဟာ လုပ်ပြန်ပြီ … သူ့အကြောင်းက ပျင်းစရာကြီးဗျ။
ကြွက်စုတ်ခေါင်း ပြန်ထောင်ထလာသည်။
ကြွက်စုတ်။ ။ တိုင်းပြည်ရဲ့ ခေါင်းရှောင်ကြီး သတင်းကွ၊ ဘာ ပျင်းစရာကောင်းရမှာလဲ။ သူ့ဘာသာ အမြီးမြှောက်မြှောက်၊ အီးပေါက်ပေါက် … ဘာပဲလုပ်လုပ် သတင်းဖြစ်တယ်။
ဖိုးရှုပ်။ ။ ဒါတော့ ဒါပေါ့ကွာ … ဒါပေမယ့် သူ့အကြောင်းက အတည်ပေါက်သိပ် ရေးလို့မကောင်းဘူးလေ။ ဟာသလေး ဘာလေး ရေးတော့မှ ထည့်ရေးလို့ အဆင်ပြေတာကွ။
ရုက္ခစိုး။ ။ ဘာပဲဖြစ်ဖြစ်လေကွာ ၂၀၀၉ နှစ်ကုန်ခါနီးဆိုတော့ ချိုကုပ်ဒူးကြီးအနေနဲ့ တနှစ်တာအတွက် ကမ္ဘာ့ အဆိုးဆုံး ဆုတွေဘာတွေ မှန်းထားလား အဲဒီအတွက် ဘယ်လိုရည်မှန်းချက်တွေ ထားပြီး ဆောင်ရွက်နေလဲဆိုတာ အင်တာဗျူးလုပ်ပြီး ရေးပေါ့ကွ။
ကြွက်စုတ်။ ။ ဟာ … ကမ္ဘာ့ အဆိုးဆုံးဆုတော့ ရဖို့သိပ်မသေချာဘူး။ ဘာလို့လဲဆိုတော့ ဒီနှစ်ကုန်ခါနီးကျမှ အကျဉ်းထောင်မှာ ရေသန့်စက်တပ်ပေးတာတို့၊ ရေလောင်းအိမ်သာ ဆောက်ပေးတာတို့ လုပ်တယ်တဲ့။
ဖိုးရှုပ်။ ။ အဲဒါကတော့ ဒေါ်ကွိုင်ကွိုင့် အလိုကျ ယတြာချေတာပဲ ဖြစ်မယ်ကွ။ စနေနံဖြစ်တဲ့ ထောင် မှာ ဗုဒ္ဓဟူး နံဖြစ်တဲ့ ရေသန့်စက်တို့၊ ရေလောင်းအိမ်သာတို့ ဆောက်တယ်ဆိုတော့ ဒါ … စနေနဲ့ ဗုဒ္ဓဟူး ရူးတောင် ထမင်းမငတ်ဘူး ဆိုတဲ့ စကားကို အကောင်အထည်ဖော်တာ ဖြစ်မယ်။
ရုက္ခစိုး။ ။ ပေါက်ကရက ပြောပြီ။ စနေနဲ့ ဗုဒ္ဓဟူး ရူးတောင်ထမင်းမငတ်ဘူးဆိုတာ အိမ်ထောင်ဘက်ကိုပြောတာဟ။ ဘာပဲ ဖြစ်ဖြစ်လေ … ယတြာချေတယ်ဆိုရင်လည်း နည်းနည်းလောက် စောင့်လိုက်ရင်ပြီးရော။ ခုတော့ ကမ္ဘာ့ အဆိုးဆုံးလူသား ဆုနဲ့ ကပ်လွဲသွားပြီပေါ့ ...။ တကယ်ဆို အဲဒီဆုကို ချိုကုပ်ဒူးကြီးပဲရရမှာကွ။
ဖိုးရှုပ်။ ။ ဘာဖြစ်လို့လဲ … သူ့ထက်ဆိုးတဲ့သူ မရှိတော့ဘူးလား။
ရုက္ခစိုး။ ။ အာဖဂန်နစ္စတန်က အယ်လ်ကေဒါတွေ ဖမ်းထားတဲ့ အကျဉ်း သားတွေတောင် ကမ္ဘာ့ကြက်ခြေနီအဖွဲ့နဲ့ ၂ ခါရှိပြီ တွေ့ခွင့်ရတယ်လေ၊ တို့ချိုကုပ်ဒူးကြီးဖမ်းထားတဲ့ အကျဉ်းသားတွေက ဘယ်ကြက်ခြေနီနဲ့မှ တွေ့ခွင့်မရဘူးမဟုတ်လား။ ချိုကုပ်ဒူးကြီးက အယ်လ်ကေဒါတွေထက် သာတယ်၊ သဘောပေါက်။
ဖိုးရှုပ်။ ။ ကဲပါဗျာ … သတင်းပေးပါဆို … ဘာတွေလာပြောနေမှန်း မသိဘူး။ ရှုပ်နေတာပဲ။
ရုက္ခစိုး။ ။ ဒါဆိုရင် Space ရှိတယ်ဆိုပြီး ချိုကုပ်ဒူးကြီးအလိုကျ၊ အလှူရှင်တွေအလိုကျ လိုက်လျှောက်ပြောနေတဲ့ “Turd Force” တွေအကြောင်း ရေးကွာ။
ဖိုးရှုပ်။ ။ ဟာ … ဒေါက်တာဝမ်းတွင်းရူးတို့ အကြောင်းလား၊ မလုပ်ပါနဲ့ ဦးရုက္ခစိုးရယ်။ ရေးလိုက်တော့မှ အရူးဘုံမြှောက်သလို ဖြစ်နေပါဦးမယ်။
ကြွက်စုတ်။ ။ ဒါလည်း ဟုတ်တာပဲ။ ဒီလိုလုပ်ကွာ၊ ရခိုင်ပြည်မှာ နှစ်ပေါင်းများစွာ အသုံးပြုလာတဲ့ သင်္ချိုင်းကို ရွှေ့မယ် ဆိုတဲ့အကြောင်း ရေး။
ဖိုးရှုပ်။ ။ အင်း အဲဒါတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်၊ ဒါပေမယ့် အော်ဖစ်ရှယ် (Official) အသံလိုတယ်ကွ။
ဖိုးရှုပ်က ကြားဖူးနားဝ ငါးပိသံဖြင့် ပြောလိုက်ရာ သူသောက်နေသည့် ကော်ဖီခွက်ထဲသို့ တံတွေးများပင် စဉ်သွားသည်။ ထိုစဉ် သူတို့ထိုင်နေသည့် နေရာအနား၌ လူတယောက် ဘွားခနဲ ပေါ်လာသည်။
ဖိုးရှုပ်။ ။ ခင် … ခင်ဗျားက ဘယ်သူလဲ။
အလန့်တကြားမေးလိုက်သော ဖိုးရှုပ်ကိုကြည့်ရင်း ထိုသူက “ခင်ဗျားတို့ပဲ အော်ဖစ်ရှယ် အသံလိုတယ်ဆို။ ကျုပ်က ခင်ဗျားတို့ ခုနက ပြောတဲ့ သင်္ချိုင်းက သရဲပဲ။ ကဲ မေးမယ်ဆို မေးကြ” ဟု ပြန်ဖြေလိုက်သည်။
ကြွက်စုတ်။ ။ ဟာ … ခင်ဗျား ရခိုင်ပြည်က သရဲမဖြစ်နိုင်ဘူး။ အဲဒီသင်္ချိုင်းက သရဲဖြစ်ကြောင်း ဘာအထောက်အထားပါလဲ ပြ။
သရဲ။ ။ လုပ်ပြီ … သရဲပါဆိုမှ မှတ်ပုံတင်ပါမလားဗျ။
ဖိုးရှုပ်။ ။ ဟုတ်တယ်၊ ခင်ဗျားရခိုင်ပြည်က သရဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သရဲတွေက နယ်ကျော်လို့မရဘူးလို့ ကြားဖူးတယ်။
ဖိုးရှုပ်စကားကြောင့် သရဲက အားပါးတရာ အော်ရယ်လိုက်သည်။
သရဲ။ ။ ခင်ဗျားတို့ တော်တော်တုံးတာပဲ။ ခေတ်က ပြောင်းနေပြီဗျ။ မြန်မာပြည်က လူပေါင်းများစွာတောင် ရတဲ့နည်းနဲ့ ထိုင်းနိုင်ငံကို ရောက်အောင်လာနေတာ။ ကျုပ်တို့သရဲတွေက ပိုလွယ်တာပေါ့ဗျာ။ လွယ်တယ်ဆိုပေမယ့်လည်း ပိုင်ရာ ဆိုင်ရာတွေကိုတော့ ပေးရကမ်းရသေးတာပေါ့လေ။ ဒါက ပါးပါးလေးပါ။
ရုက္ခစိုး။ ။ သြော် သရဲတွေလည်း လာဘ်ထိုးရတာပဲတဲ့ … ထူးဆန်းပါပေ့။ ကဲ … ဒါဆို ခင်ဗျားက ဖိုးရှုပ်ကို အင်တာဗျူး ပေးမယ်ပေါ့။
သရဲ။ ။ ဟုတ်တယ်၊ ကျုပ်တို့ သရဲအခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ သင်္ချိုင်းကို ရွှေ့ချင်တိုင်း ရွှေ့လို့မရဘူးဗျ။ ကျုပ်တို့ကို နေရာအသစ် ပြန်ပေးတယ်ဆိုပေမယ့် သင်္ချိုင်းသစ်ဆိုတာက သိတဲ့အတိုင်းပဲ၊ ဘာမှ အခြေတကျရှိတာ မဟုတ်ဘူး။ ရန်ကုန်မှာ ကြံတောရွှေ့တုန်းကလည်း ကျုပ်တို့ သရဲတွေ ဒုက္ခရောက်လိုက်တာ နည်းတာမဟုတ်ဘူး။ နေရာသစ်က လူတွေက … အဲ … သရဲတွေကလည်း သူတို့နေရာ ရောက်လာတဲ့ ကျုပ်တို့ သရဲသစ်တွေအတွက် နေရာ မပေးချင်ကြဘူး။
ဖိုးရှုပ်။ ။ ဒါပဲလား … အဲဒါဆိုရင်တော့ သတင်းမဖြစ်ဘူး။
ကြွက်စုတ်။ ။ မင်းဟာကလည်း ဘာမှ သတင်းမဖြစ်ပါလားကွ။ အခု သင်္ချိုင်းရွှေ့ခံရလို့ ဒုက္ခရောက်နေတဲ့ သရဲ ကိုယ်တိုင် အင်တာဗျူးပေးနေတယ်လေကွာ ...။ သရဲဆီက အင်တာဗျူးရတယ် ဆိုရင် မင်း ကမ္ဘာတောင် ကျော်သွားဦးမယ်။
ဖိုးရှုပ်။ ။ ဆောရီးပဲ သူငယ်ချင်း … သရဲတွေကို ချိုကုပ်ဒူးကြီးက အိမ်ခြေရာမဲ့ ဖြစ်အောင် လုပ်တယ်ဆိုတာလောက်နဲ့ ဘယ်လိုလုပ် သတင်းသွားရေးမလဲကွ။ အဲဒါထူးဆန်းလို့လား ...။ မင်းချိုကုပ်ဒူးကြီးက ၃၁ ဘုံက ရှိရှိသမျှ လူတိုင်း၊ နတ်တိုင်း၊ သတ္တဝါတိုင်း၊ သရဲ၊ ဥစ္စာစောင့်၊ ပြိတ္တာ နဲ့ ဘုရားသားတွေပါမကျန် ဒုက္ခပေးနေတာ မဟုတ်ဘူးလား။
ဖိုးရှုပ်ပုံစံက သတင်းမရသဖြင့် ညစ်တွန်းတွန်းကာ သရဲကို ပြန်ခြောက်မည့် အနေအထားဖြစ်နေသောကြောင့် သရဲလည်း ထိုနေရာမှ ကုပ်ချောင်းချောင်းဖြင့် အသာ ပြန်လစ်သွားသည်။
ရုက္ခစိုး။ ။ ကဲ ဖိုးရှုပ်၊ မင်းလုပ်ပုံက သရဲပါ လန့်သွားပြီထင်တယ်။ သတင်းကိစ္စ ဘယ်လိုလုပ်မလဲ။
ကြွက်စုတ်။ ။ ဘာလုပ်လုပ် သတင်းဖြစ်တဲ့သူ အကြောင်း ပြောတာတောင် သတင်းမဖြစ်ဘူးဆိုတော့ ငါတို့လည်း မပြောပြ တတ်တော့ဘူးကွာ။
ကြွက်စုတ်စကား အဆုံးတွင် အားလုံးငြိမ်သွားသည်။ ကွမ်းတရာ မညက်တညက်ခန့် အကြာတွင်တော့ ဖိုးရှုပ်က ရုတ်တရက် “သိပြီ” ဟု အလန့်တကြား ထအော်လိုက်သည်။ ကောင်မလေးများကို လိုက်ငေးနေသော ကြွက်စုတ်ကော ဦးရုက္ခစိုးပါ လန့်သွားသည်။
ဖိုးရှုပ်။ ။ ငါတို့ သတင်းလောကမှာ အဆိုတခုရှိတယ်ကွ “No News is good News” တဲ့ … ဘာသတင်းမှ မရှိတာဟာ သတင်းကောင်းပဲပေါ့ကွာ။ ကဲ သတင်းကောင်းကို ကိုဂေါ်ကြီးဆီ ပြေးပြောလိုက်ဦးမယ်။ ကြွက်စုတ် မင်းပါလိုက်ခဲ့။
ကြွက်စုတ်လက်ကိုဆွဲ၍ ပျော်ရွှင်စွာ ထွက်ခွာသွားသော ဖိုးရှုပ်ကိုကြည့်ရင်း ဦးရုက္ခစိုးတပါးတည်း “ဘာသတင်းမှ မရှိရင် သတင်းကောင်းပဲ ဆိုတာ ကျန်တဲ့ လူတွေအားလုံးအတွက်တော့ ဟုတ်တယ်၊ အယ်ဒီတာအတွက်တော့ သတင်းဆိုးကွ … အရူးရ” ဟု ရေရွတ်ရင်း ကျန်ခဲ့လေတော့သည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Set as favorite
Bookmark
Email this
Hits: 8040
Comments (5)

written by အုပ်စိုး, December 18, 2009
No News is Good News ဆိုတာ... ဘယ်သတင်းမှ သတင်းကောင်း မဟုတ်ဘူး... လို့ ပြောတာကော မဖြစ်နိုင် ဘူးလားဗျ...။
written by zawone, December 17, 2009
မြန်မာပြည်မှာ ပြေးတဲ့သူနဲ့ ပစ်တဲ့သူပဲရှိတယ်၊ သေနတ်ပစ် ရွှေတံဆိပ်ကို စစ်တပ်က လူတွေရမယ်၊ အပြေး ရွှေတံဆိပ်ကို ပြည်သူထဲက ရမယ် ဆိုတာ လူတိုင်း သိတယ်၊
written by Ougkar, December 16, 2009
Ha Ha
Dear Yokkha Soe media team work, please find it news at NCUB, NCGUB and MPU. Because it is near end of the 2009. i thought you see last year at the end of 2008, they also try to do for 2009. but now 2009 is near end. So, what will they plan for 2010. It is news for you i thought.
Dear Yokkha Soe media team work, please find it news at NCUB, NCGUB and MPU. Because it is near end of the 2009. i thought you see last year at the end of 2008, they also try to do for 2009. but now 2009 is near end. So, what will they plan for 2010. It is news for you i thought.
Write comment
| < Prev | Next > |
|---|







