ဘုရင့်နောင်ရှိ ဆန်လုပ်ငန်းရှင်တဦးက “ဆန်ဈေးတက်လာတော့ ဈေးမကိုက်မှာစိုးလို့ အိတ်စ်ပို့စ် ပါမစ်တောင် ခဏ ပိတ်ထားတယ်” ဟု ဧရာဝတီကို ပြောသည်။
ဆန်ဈေးများ မြင့်တက်သွားသည့်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဆန်ကုန်သည်များအား ဈေးနှုန်း ထိန်းချုပ်ရန် သတိပေးခဲ့ကြောင်း၊ ထိုသို့ သတိပေးမှုကြောင့် ဆန်ဈေးနှုန်းမှာ ရပ်တန့်သွားခဲ့ကြောင်း အဆိုပါ ဆန်ကုန်သည်က ပြောသည်။
ဘုရင့်နောင် လက်ကားဆန်ဈေးကွက်တွင် ပြည်ပသို့ တင်ပို့နေသည့် ဧည့်မထဆန်ကြမ်း ၂၅ မတ် (၂၅ ရာခိုင်နှုန်း အကျိုးအကြေ ပါဝင်သည့်ဆန်) တတင်းခွဲ တအိတ်လျှင် ၁၃၅၀၀ ကျပ် ရှိနေရာမှ ၁၃၉၀၀ ကျပ်ဈေးအထိ မြင့်တက်ခဲ့ပြီး စားဆီဈေးမှာလည်း နှမ်းဆီတပိဿာလျှင် ၂၆၅၀ ကျပ်မှ ၂၉၀၀ ကျပ်အထိ မြင့်တက်သွားခဲ့သည်။
ထိုသို့ စစ်အစိုးရက ကုန်ဈေးနှုန်းများ မြင့်တက်မသွားစေရန် ထိန်းချုပ်သည်ဆိုသော်လည်း အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ရုတ်တရက် မြင့်တက်သွားသည်ဟု ရန်ကုန်မြို့မှ အိမ်ရှင်မ တဦးကပြောသည်။
“ကြက်သွန်နီ၊ သကြား၊ ဆန်၊ သား၊ ငါးဈေး အကုန်လုံး တပိဿာကို ပျမ်းမျှ ၃၀၀ ကျပ်လောက်စီတက် သွားတယ်။ နည်းနည်း နည်းနည်းနဲ့ အကုန်တက်တော့ တော်တော်လေးထိခိုက်တယ်” ဟု၎င်းကဆိုသည်။
ကုန်ဈေးနှုန်းမြင့်မားမှုသည် လက်ကားဈေးကွက်တွင် မသိသာသော်လည်း လက်လီဈေးကွက်တွင်မူ ဈေးနှုန်းများ တက်လျှင် ပြန်လည်ကျဆင်းခြင်းမရှိကြောင်း အဆိုပါ အိမ်ရှင်မကပြောသည်။
လစာငွေ ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀၀ ကျပ်အထိ ရရှိခံစားရသည့် ၀န်ထမ်းများကို ကျပ် ၂၀၀၀၀ စီ တိုးပေးမည်ဟု သတင်းများ ထွက်ပေါ်လာသော်လည်း စစ်အစိုးရ သတင်းစာများတွင် သတင်းထုတ်ပြန်ခြင်း မရှိပေ။
စစ်တပ်အတွင်းတွင် အောက်ခြေတပ်သား အဆင့်မှ ဗိုလ်မှူးကြီးအဆင့်အထိ လစာတိုးကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်း အ၀န်းက သိရသည်။
“လစာလည်း တိုးတယ်လို့တော့ ပြောတယ်။ စစ်တပ်ထဲမှာ သားငါးအတွက် ရိက္ခာစိုငွေကို အရင်က တရက် ကျပ် ၁၀၀ ပေးနေရာက အခု တရက် သုံးရာပေးတယ်” ဟု စစ်တပ်အသိုင်းအ၀န်းက ပြောသည်။
မကြာသေးမီကလည်း ဂျီအက်စ်အမ် ဖုန်းခေါ်ဆိုခများကို ယခင် တမိနစ် ၂၅ ကျပ်နှုန်းမှ ၅၀ ကျပ်နှုန်းသို့ တိုးမြှင့်ကောက်ခံမည်ဟု ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်မီး သုံးစွဲခ များလည်း တိုးမြှင့်ကောက်ခံတော့မည်ဟု အတည်မပြုနိုင်သည့် သတင်းများ အရ သိရသည်။
စစ်အစိုးရက ၀န်ထမ်းများကို အမှန်တကယ် လစာတိုးမြှင့်ပေးသင့်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းများကြောင့် ၀န်ထမ်းများ ရပ်တည်နိုင်ရန် မလွယ်ကူကြောင်း၊ တိုးမြှင့်ပေးသည့် ငွေများအတွက် ပုံနှိပ်၍ ထုတ်ဝေမည်ဆိုလျှင် ငွေကြေး ဖောင်းပွမှုနှုန်း ပိုမို မြင့်မားလာမည် ဖြစ်ကြောင်း၊ သို့သော် ယခုတိုးမြှင့်ပေးမည့် ငွေပမာဏကို ကြည့်ခြင်းဖြင့် ရိုက်နှိပ်ထုတ်ဝေခြင်း မဟုတ်ဘဲ အစိုးရ၏ ဘဏ္ဍာ ငွေထဲမှ ပေးခြင်းသာ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့နေ စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။
Set as favorite
Bookmark
Email this
Hits: 3334
Comments (0)

Write comment
| < Prev | Next > |
|---|







