ချိုကုပ်ဒူးကြီးကို စိတ္တဇဆေးရုံသို့ ပို့ဆောင်ရခြင်း

ရုက္ခစိုးထံသို့ ချိုကုပ်ဒူးကြီး ရောက်မလာသည်မှာ အတန်ကြာပြီ ဖြစ်သည်။ ချိုကုပ်ဒူးကြီး၏ အခြေအနေကို သိလိုသဖြင့် ရုက္ခစိုးက အဲပုဂံ လေယာဉ်ကို စီးပြီး ချင်းမိုင်မှ ရန်ကုန်သို့ သွားလေသည်။

ချိုကုပ်ဒူးကြီး၏ ရန်ကုန်မြို့ နေအိမ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ချိုကုပ်ဒူးကြီး စိတ်ဖောက်ပြန် သွားသောကြောင့် ဆေးရုံပို့ရန် စီစဉ်နေကြသဖြင့် နေအိမ်တခုလုံး ဆူညံပွက်လော ရိုက်နေခြင်း ဖြစ်သည်။ ချိုကုပ်ဒူးကြီး၏ သမီးတော်က ပို့ရမည့် ဆေးရုံ ဝေးလံသဖြင့် ဒေါသ ထွက်နေသည်။ ဗျစ်တောက် ဗျစ်တောက် မည်တွန် တောက်တီး နေသည့် အိမ်ကြီးရှင် ဒေါ်ကွိုင်ကွိုင်က ဆေးရုံပို့ရေး အစီအစဉ်ကို အနီးကပ် ကွပ်ကဲနေလေသည်။ 

ဒေါ်ကွိုင်ကွိုင်။     ။ ခရီးစဉ်မှာ လူအများကြီး မလိုက်နဲ့။ ဦးရုက္ခစိုး လိုက်ခဲ့။ ဟို ဗေဒင်ဆရာတွေ နေခဲ့။ ဒီလူတွေ အားမကိုးရဘူး၊ အသုံးလည်းမကျဘူး။

သမီးတော်။     ။ ဖေဖေ့ဆရာဝန်ဗိုလ်မှူးကိုရော ခေါ်ခဲ့ရမလား။

ဒေါ်ကွိုင်ကွိုင်။     ။ ခက်တော့တာပဲ သမီးရယ်၊ ညည်းဖေဖေ အခု ဖြစ်နေတာက စိတ်ရောဂါ ကွဲ့။ ဆရာဝန်ဗိုလ်မှူးက ဒီရောဂါကို ဘယ်ကုနိုင်ပါ့မလဲ။ ညည်းကလည်း ခေါင်း နည်းနည်း သုံးစမ်းပါအေ … ။

သမီးတော်။     ။ ဒီဗိုလ်မှူးက ဒါလေးတောင် မကုနိုင်ဘူးဆိုရင် ရှင်းပစ်လိုက်ပါလား။ ဘာကြောင့် ခန့်ထားတာလဲ။ အမေတို့ အိုင်ဒီယာတွေကလည်း မလန်းပါဘူး။ ဆေးရုံက ခါတိုင်းဆို အိမ်နဲ့ နီးနီးလေး။ လမ်းကူးလိုက်ရင် ရောက်ပြီ။ အခုတော့ ရွာသာကြီး ရွှေ့လိုက်တော့ သွားရတာ ဝေးတာပေါ့။

ဒေါ်ကွိုင်ကွိုင်။     ။      ။ စိတ်ကုဆေးရုံကို ရွာသာကြီး ရွှေ့လိုက်တာ ညည်းဖေဖေရဲ့ အိုင်ဒီယာ ဟဲ့၊ ငါ့ကို ဘာမှ လာအော်မနေနဲ့။ ကဲ … ဟယ်လီကော်ပတာ ခေါ်ကွယ်။ ကားနဲ့သွားလို့တော့ ရောက်တော့မှာ မဟုတ်ဘူး။ ခေါ်စမ်း … ၊ ခေါ်စမ်း … ၊ အခုချက်ချင်း ခေါ်စမ်း…။

ထိုသို့ အမိန့်ပေးပြီး ထမင်းတအိုးကျက်ခန့်အကြာတွင် ရဟတ်ယာဉ် ရောက်လာသည်။ ချိုကုပ်ဒူးကြီးကို ချော့မော့ပြီး ရဟတ်ယာဉ်ပေါ်သို့ တင်ပေးရန် ဒေါ်ကွိုင်ကွိုင်က ဦးရုက္ခစိုးကို အကူအညီ တောင်းသည်။ ချိုကုပ်ဒူးကြီးက ဂျစ်ကန်ကန် လုပ်သော်လည်း ရဟတ်ယာဉ်ပေါ်သို့ ရောက်သည့်အခါ အနည်းငယ် ငြိမ်သက်သွားသည်။ 

ချိုကုပ်ဒူးကြီး။     ။ ပိုင်းလော့ လုပ်တမ်း ကစားမယ်၊ ကစားမယ်၊ ဟေ့ … ကွိုင်ကွိုင် … နင်ရော ပါမလား။

ဒေါ်ကွိုင်ကွိုင်။     ။ မနက်က ပါပြီးပြီ။ ထပ်ပါလို့ မရတော့ဘူး … ဟာ …  မောင်တော်ကလည်း ဘာတွေ ပြောနေမှန်း မသိဘူး။ ဟဲ့ …  ဟဲ့ …  ဟဲ့အကောင်တွေ၊ မြန်မြန်မောင်းစမ်းပါဟဲ့ … ။

ချိုကုပ်ဒူးကြီး။     ။ ဟုတ်တယ်၊ မြန်မြန်မောင်း၊ မြန်မြန်မောင်း၊ ဒါမှ မြန်မြန်ရောက်မှာ၊ ဟော … ဟော … ရောက်တော့မယ် ထင်တယ်၊ ရောက်တော့မယ်။ ဟဲဟဲဟဲဟဲ … ရောက်တော့မယ်။ ဟုတ်ပြီ … ဟုတ်ပြီ၊ ဒီတော့ … … … ကျေးဇူးပြု၍ နားဆင်ပါခင်ဗျာ … ၊  ကျေးဇူးပြု၍ နားဆင်ပါခင်ဗျာ … ၊ ကျနော်တို့ရဲ့ ဟယ်လီကော်ပတာက မကြာမီ အချိန်အတွင်းမှာ ငရဲကြီး ရှစ်ထပ်ကို ဆင်းသက်တော့မှာ ဖြစ်တဲ့အတွက် ခါးပတ်တွေ ပတ်ထားကြပါခင်ဗျာ … ။

သမီးတော်။     ။ စိတ်ကို ထိန်းမှပေါ့ ဖေဖေရယ်။ မေမေကလည်း ၀င်ထိန်းပေးဦးလေ၊ ဟောဒီမှာ ဘာတွေ ပြောနေမှန်းလဲ မသိဘူး။

ဒေါ်ကွိုင်ကွိုင်။     ။ ဟဲ့ … သမီးတော် … ၊ ညည်းအဖေကို ငါ မထိန်းနိုင်လို့ ဆေးရုံကို ပို့နေတာဟဲ့။ ညည်း … တိတ်တိတ်နေစမ်း။ညည်းအသံကြောင့် ငါပါ ဂေါက်ချင်လာပြီ။

သမီးတော်။     ။ မဂေါက်ချင်ပါနဲ့ မေမေရယ်။ ဟူး … မလွယ်ပါလား။ အင်း … အနိစ္စ၊ ဒုက္ခ၊ အနဂ္ဂ။

ဒေါ်ကွိုင်ကွိုင်။     ။ အနဂ္ဂ မဟုတ်ပါဘူး၊ အနတ္တ ပါဟဲ့။ ညည်းအဖေလည်း မသေသေးပါဘူး၊ ဒါတွေ လာရွတ်ပြမနေစမ်းပါနဲ့။

သမီးတော်။     ။ အနဂ္ဂ မဟုတ်ဘူးလား၊ ဆောဒီး … ဟီးဟီး … ဟို … အဆိုတော်လေးကို စွဲနေလို့။ အဟိ … အနိစ္စ၊ ဒုက္ခ၊ အနဂ္ဂ အဲ … အနတ္တ … ။

ထိုသို့ ပြောနေစဉ် လူနာဖြစ်သူ ချိုကုပ်ဒူးကြီးက ရဟတ်ယာဉ်ပေါ်မှ ခုန်ချရန် ဟန်ပြင်သဖြင့် ၀ိုင်း၍ ဆွဲရသေးသည်။

ချိုကုပ်ဒူးကြီး။     ။ ဟင်း … နေရထိုင်ရတာ ချမ်းစိမ့်စိမ့် ဖြစ်လာပြီ။ ချမ်းလာပြီ။ တကယ် ချမ်းလာပြီ။ အဟုတ် ချမ်းလာပြီ။ အရမ်းအရမ်းကို ချမ်းတာပါပဲခင်ဗျာ။ အို … ချမ်းမှာပေါ့၊ အပေါ်မှာ ပန်ကာကြီး ဖွင့်ထားတာပဲ။ ပန်ကာပိတ်၊ ပန်ကာပိတ်၊ အပေါ်က ပန်ကာကြီးကို ပိတ်။

ဒေါ်ကွိုင်ကွိုင်။     ။ စိတ်ကို ထိန်းမှပေါ့ရှင်။ အဲဒါ ပန်ကာ မဟုတ်ဘူး၊ ဟယ်လီကော်ပတာတိုင်းမှာ ပါတဲ့ ဒလက် လေ။ ရှင်ပြောသလို အဲဒါကို ရပ်သွားအောင် လုပ်လိုက်ရင် ကျုပ်တို့ ပြုတ်ကျပြီး ငရဲပြည်ရောက် အဲလေ … ပြုတ်ကျပြီး သေမှာပေါ့။ ဟဲ့ … သမီးတော် … ၊ ညည်းအဖေကို ချုပ်ထားစမ်း၊ နေရာ မရွေ့စေနဲ့။

ရှုပ်ရှုပ်ထွေးထွေး အခြေအနေများကို ကြည့်ပြီး ဦးရုက္ခစိုးလည်း ဂေါက်ချင်ချင် ဖြစ်လာသည်။ ဒီနေ့ ကံမကောင်းပါလား ဟုလည်း မြိုင်ရာဇာတွတ်ပီကဲ့သို့ တွေးလိုက်မိသည်။ ထိုအချိန်တွင် ရဟတ်ယာဉ်က ရွာသာကြီးရှိ စိတ်ရောဂါကု ဆေးရုံသို့ တဖြည်းဖြည်း ဆင်းသက်လေသည်။ မြေပြင်သို့ ရောက်သည့်အခါ ချိုကုပ်ဒူးကြီးက ထွက်ပြေးရန် အစွမ်းကုန် ရုန်းကန်သော်လည်း ဦးရုက္ခစိုး၏ အကူအညီဖြင့် ချုပ်နှောင်ပြီး ဆေးရုံအတွင်းသို့ ခေါ်သွားကြသည်။

ပြင်ပလူနာဌာနတွင် တာဝန်ကျဆရာဝန်က လူနာမှတ်တမ်း ယူသည်။ ဆရာဝန်ရှေ့ ရောက်သည်နှင့်  ချိုကုပ်ဒူးကြီးက သိသိသာသာ ငြိမ်ကျသွားသည်။ ဆရာဝန်က ချိုကုပ်ဒူးကြီးကို အင်တာဗျူးလေသည်။

ဆရာဝန်။     ။ နာမည် ဘယ်လိုခေါ်လဲ။

ချိုကုပ်ဒူးကြီး။     ။ (အဆိုတော် မျိုးကျော့မြိုင်၏ သီချင်းအလိုက်ဖြင့်) ကျနော့်နာမည် ချိုကုပ်ပါ။ နေပြည်တော်မှာ နေပါတယ်။ ရန်ကုန်မှာလည်း နေပါတယ်။ ၀င်ငွေတွေလည်း ကောင်းပါတယ်။ ဘယ်သူ့ကိုမှ ဂရုမုစိုက်ပါ  … … … …

ဆရာဝန်။     ။ ဟိုး တော်တော့ … ၊  တော်တော့ … ။ ခင်ဗျား ဘာကြောင့် ဒီနေရာကို ရောက်နေသလဲ၊ သိသလား။

ချိုကုပ်ဒူးကြီး။     ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီအကြောင်း ဟောပြောဖို့ပေါ့ကွ။

ဆရာဝန်။     ။ အင်း … ဟုတ်ပြီ။ ဒါဆို ခင်ဗျား နေရာမှန်ကို ရောက်လာတာပဲ။ ဒီဆေးရုံမှာတော့ အကုန်ပြောလို့ ရတယ်။ နိုင်ငံရေး၊ ဘာသာရေး၊ စစ်ရေး၊ အချစ်ရေး ကြိုက်တာပြော။ ကဲ … အခု ဘာလုပ်ချင်သလဲ။

ချိုကုပ်ဒူးကြီး။     ။ ရွေးကောက်ပွဲဥပဒေထုတ်ဖို့ ကျနော်ကြိုးစားမယ်၊ ထုတ်မယ်။ အခုထုတ်မယ်။ တကယ် ထုတ်မယ်။

ဆရာဝန်။     ။ ဟုတ်ပါတယ်၊  ထုတ်ရမှာပေါ့၊  ဒါပေမယ့် ဘာကြောင့် အိမ်မှာတုန်းက မထုတ်ဘဲ အခုမှ ထုတ်ချင်ရတာလဲ။

ဒေါ်ကွိုင်ကွိုင်။     ။ အဲဒီအကြောင်းတော့ မမေးပါနဲ့တော့ ဒေါက်တာရယ်။ မောင်တော်က အဲဒီ ဥပဒေ ထုတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ဒါပေမယ့် ကလိမ်ကျ … အဲ … … အချိန်ကျပြီလို့ မထင်သေးတာနဲ့ မထုတ်ဖြစ်သေးတာပါ။ နေ့ကောင်းရက်သာ ရွေးဖို့ ဗေဒင်ဆရာတွေနဲ့ နေ့ရောညပါ အသည်းအသန် ညှိနှိုင်း၊ တိုင်ပင်၊ ဆွေးနွေး၊ အကြံထုတ်၊ သုံးသပ်၊ ဝေဖန်၊ လေကန်ရင်း အခုလို ဂေါက်သွားတာပါ။ အဲဒီ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးမိတဲ့ အကျိုးကျေးဇူးပေါ့ ဒေါက်တာရယ်။

ဆရာဝန်။     ။ စိတ်မပူနဲ့။ လုံး … … … … … … … … ၀ စိတ်မပူနဲ့။ ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဆွေးနွေး ငြင်းခုံရင်း စိတ်ရောဂါရသွားတဲ့ နိုင်ငံရေးသမားတွေထဲမှာ ချိုကုပ်ဒူးကြီးက ၉၉ ယောက်မြောက်ပါပဲ။ ဒီတော့ စိတ်မပူပါနဲ့။ ဖြစ်ရိုးဖြစ်စဉ်ပါ။ ကံကောင်းရင် ဂျာနယ်တွေကတောင် အင်တာဗျူး လာလုပ်ပြီး နာမည်ထပ်ကြီးသွားနိုင်တယ်။

ဆရာဝန်၏ အားပေးစကားကြောင့် ဒေါ်ကွိုင်ကွိုင် စိတ် အကြီးအကျယ် ညစ်သွားသည်။ သို့သော်လည်း ကာယကံရှင် လူနာကမူ စိတ်လှုပ်ရှားမှု တစုံတခုမျှ မရှိဟန်ဖြင့် ငြိမ်ချက်သားကောင်းနေ၏။

ရုက္ခစိုးကြီးက ခေါင်းတတွင်တွင် ခါနေသည်၊ ချိုကုပ်ဒူးကြီး၏ စိတ်ကျန်းမာရေး ဒီတောင်ကို ကျော်နိုင်တော့မည် မဟုတ် ဟုလည်း သုံးသပ်လိုက်မိသည်။ ဆရာဝန်က မေးခွန်းများ ဆက်မေးသည်။

ဆရာဝန်။     ။ ဒီရက်ပိုင်းအတွင်း လူနာအတွက် စိတ်ဖိစီးစရာ တခြား ဘာအကြောင်းအရာတွေ ရှိသလဲ။

ဒေါ်ကွိုင်ကွိုင်။     ။ မပြောလို့ မဖြစ်ဘူးလား။ လူနာက နိုင်ငံတော် အကြီးအကဲ ဆိုတော့ အခု ထုတ်ပြောလိုက်ရင် နိုင်ငံတော် လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာပေါ့။ ပြီးတော့ ဟောဒီမှာ ဦးရုက္ခစိုးကြီးလည်း ရှိတယ်။ သူ့ရှေ့မှာတော့ သိပ်မပြောချင်ဘူး။ သူက ချင်းမိုင်မှာ ရှိတဲ့ ဒေ၀ါလီ မဂ္ဂဇင်းနဲ့ အရမ်း နီးစပ်တော့  … … …

ဆရာဝန်။     ။ ပြောမှာသာ ပြောပါ။ လူနာရဲ့ အခြေအနေ အလုံးစုံကို သိမှ သင့်လျော်တဲ့ ကုထုံးကို ပေးနိုင်မှာပါ။

ရုက္ခစိုး။     ။ ဟုတ်ပါတယ်။ အမှန်ကိုသာ ပြောလိုက်ပါ။ ခုချိန်ဆို သတင်းဌာနတွေကလည်း အားလုံး သိပြီး ဖြစ်မှာပါ။

ဒေါ်ကွိုင်ကွိုင်။     ။ ပြောဆိုတော့လည်း ပြောရတာပေါ့လေ။ ဒီလို … ဒီလို … … အင်းလျားကန်ကို ဒီနှစ်မကုန်ခင် နောက်တခါ ထပ်လာဖို့ ဟို …  အမေရိကန်ကောင် ကြက်တောကို အီးမေးလ်ပို့ သတိပေးတာလည်း ကြာပြီ။ ကြက်တောဆီက ဘာမှ Reply မလာဘူး။ ပြီးတော့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးကလည်း ရက်ပိုင်းအတွင်း အကျယ်ချုပ် သက်တမ်း စေ့ပြီ။ သူ့ကို လွှတ်ပေးရမလား၊ ဇာတ်လမ်း တခုခု ထွင်ပြီး အင်းစိန်ထောင်ပို့ရမလား၊ ကြက်တောလို အကောင်တကောင် ရှာပြီး သူ့အိမ်ထဲ ခိုးဝင်ခိုင်းရ ကောင်းမလား ဆိုတဲ့ ကိစ္စကလည်း စဉ်းစားရတာ ခေါင်း တော်တော်စားတယ်။ ပြဿနာတွေက အကြီးကြီးတွေချည်းပဲ။

ဆရာဝန်။     ။ ဟုတ်ပြီ၊ သဘောပေါက်ပြီ။

ချိုကုပ်ဒူးကြီး။     ။ သဘောပေါက်ရင်လည်း ပြီးရောပေါ့။ ကဲ … ကွိုင်ကွိုင်ရေ … ငါတို့ ပြန်ရအောင်။

ဆရာဝန်။     ။ ပြန်ရမှာပေါ့၊ ပြန်ရမှာပေါ့။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် အေးအေးဆေးဆေး နေပေါ့ဗျာ။ (ထို့နောက်  ဆေးရုံဝန်ထမ်းများကို ခေါ်ပြီး) ကဲ … သူ့ကို နေရာ ချထားပေးလိုက်ပါကွယ်။

စိတ်ရောဂါကုဆေးရုံသို့ ချိုကုပ်ဒူးကြီး ရောက်နေသည် ဟူသည့် သတင်းသည် ဆေးရုံရှိ လူနာများကြားတွင် မိနစ်ပိုင်းအတွင်း တောမီးပမာ ပျံ့နှံ့သွားလေသည်။ သတင်းကို ကြားမိသည်နှင့် လူနာများ အားလုံး ရုတ်တရက် ကြက်သေ သေသွားကြသည်။ ထို့နောက် အားလုံး စုဝေးပြီး ချိုကုပ်ဒူးကြီး ရှိသည့် နေရာသို့ ရောက်လာကြသည်။

အခန်းရှေ့သို့ လူနာ ရာပေါင်းများစွာ စုဝေး ရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ချိုကုပ်ဒူးကြီး ၀မ်းသာအားရ ဖြစ်သွားသည်။

ချိုကုပ်ဒူးကြီး။     ။ ကဲ … ကွိုင်ကွိုင်ရေ … ကြုံကြိုက်တုန်း “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” အကြောင်း ဟောပြောလိုက်ဦးမယ်။

ချိုကုပ်ဒူးကြီးက အင်္ကျီလက်မောင်းများ ပင့်တင်ပြီး မိန့်ခွန်းပြောရန် ဟန်ပြင်စဉ် လူနာများထံမှ  “မပြောနဲ့။ မကြားချင်ဘူး။ ပြန်။ ပါးစပ်ပိတ်၊ တိတ်တိတ်နေ။ ပြန်တော့။ အတူ မနေနိုင်ဘူး။ ပြန်ပေတော့။ နင်မပြန်ရင် ငါပြန်မယ်။ ဒီမှာ လက်မခံဘူး။ ထွက်သွား။ ပြန် …  ပြန် … နောက်လှည့်ပြီးတော့ပြန်…” ဟူသည့် အော်ကြီးဟစ်ကျယ် တုံ့ပြန်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ရွာသာကြီး စိတ်ရောဂါကုဆေးရုံအတွင်း အခြေအနေက တင်းမာသည်ထက် တင်းမာလာသည်။ ချိုကုပ်ဒူးကြီးကို လုံးဝ လက်မခံနိုင်ကြောင်း ခါးခါးသီးသီး ငြင်းဆန်သည့် လူနာများထံမှ အသံများ ပို၍ပို၍ ဆူညံလာသည်။ ဆေးရုံဝန်ထမ်းများလည်း အခြေအနေ တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းငှာ မစွမ်းသာတော့ပေ။

ရုက္ခစိုးကြီးက မည်သို့မျှ အကူအညီ မပေးနိုင်သဖြင့် ကိုယ်ရောင်ဖျောက်ပြီး ထိုနေရာမှ ရှောင်ထွက်သွားလေသည်။ တာဝန်ကျဆရာဝန်မှာ လူနာသစ် ချိုကုပ်ဒူးကြီးအား လက်ခံရေးအတွက် လူနာထုကြီးကို မည်သို့ဖျောင်းဖျရမည်နည်းဟု စဉ်းစားပြီး ကျန်ရစ်ခဲ့လေသည်။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Comments (8)Add Comment
0
ဂျိုကုပ် ဒူးကြီးအတွက်
written by mrhary, July 02, 2010
များများရေး ပေးနိုင်ပါစေ ဆြာတေ၊ အများပြည်သူမျက်လုံးများပွင့်စေခြင်းငှုာ(ဆြာတေ)တို့ ထွန်းညှိလိုက်တဲ့မီးမောင်း
အလင်းရောင် ကောင်းလှစွာဖြင့် တောက်ပ လင်းလက်စေခဲ့ပါတယ်။ ပြည်သူများ လည်း အသိ၊အမှန် အမြန် ရနိုင်ကြပါစေ၊
(ဓမ ရဲ့ အမှန်တရား)
0
၁,၀၀၀ စီစီ
written by မက္ခရာဓား, February 11, 2010
ဆရာဝန်။ အမေကွိုင်ကြီး ကလည်း လုပ်တော့မယ် ... အမေရိကန် က 'ကြက်တော' ကို ဒီတခါ ထပ်ပြီး ခေါ်ဦးမယ်ဆို၊ ဘယ် ဆန်းတော့မလဲ။ လူတွေ မျက်စိကျယ် သွားအောင် မြန်မာပြည် က 'တောကြက်' တွေလည်း အလုပ် ဖြစ်ပါတယ်။ ဒေါ်လာ ပေးစရာတောင် မလိုဘူး။ ကဲ..ကဲ..လူနာ ကောင်းကောင်း အိပ်ပျော်သွားအောင် ကျနော် ဆေးတလုံး အလျှင် ထိုးပေးထားလိုက်ပါမယ်။
[ အထူးကု ဆရာဝန်ကြီးသည် နောက်နားတွင် ရပ်နေသော သူနာပြု ဆရာမလေးအား လှည့်၍ သူ၏ ပါးစပ်ကို လက်နှင့်အုပ်ကာ တိုးတိုး ပြောလိုက်သည် ]

ဆရာဝန်။ ဆရာမလေး ဒီလူနာက သာမန် ပုဂ္ဂိုလ် မဟုတ်ဘူး၊ ဗွီအိုင်ပီ (very insane paranoid) နော်၊ သူ ကောင်းကောင်း နဲ့ ကြာကြာလေး အိပ်ပျော်သွား အောင် "ဆိုင်ယင်နိုက် ၁,၀၀၀ စီစီ" ကို မိုးရေ မရောပဲ ထိုးပေး ထားလိုက်ပါ။ နောက် တနာရီလောက် ကြာယင် နောက်တလုံး ထပ်ထိုးပေး။ ဒါမှ ကျန်တဲ့သူတွေအားလုံး စိတ် လက် ချမ်းသာစွာ နေနိုင်ကြမှာကွဲ့။ ကဲ..ဆရာ ဟိုမှာ ငိုငို ယိုယို ဖြစ်နေတဲ့ ဒီ ဗွီအိုင်ပီ ကြီးရဲ့ သမီးတွေကို စိတ်ပြေ လက်ပျောက် ဖြစ်သွားအောင် နိုက်ကလပ် သွားပို့ လိုက်ဦးမယ်။ မျက်လုံးပွင့်လာဒါနဲ့ ၁,၀၀၀ စီစီနော် မမေ့နဲ့ ဆရာမလေး။ ဘိုင်ဘိုင်....
0
He's been mad long time ago!
written by Ko San Tint, February 11, 2010
According to a former education minister U Than Aung, Senior General Than Shwe has been mad since long time ago. Once he told his minister that Senior General Than Shwe is mad. So what can you expect much out of him. Indeed this illustration is true.
0
ရွှီး … ဖြောင်း … ဖြောင်း …
written by မန်းကိုကို, February 11, 2010
ဗမာပြည်သားတွေရဲ့ ဘဝ အမောတွေကို တစ်ဖက် တစ်လမ်းက ပြေလျော့အောင် ဟာဒယ ရေအေး
မှန်မှန် တိုက်ပေးတဲ့ “ဆြာတေ” ကို အဝေးက နေပဲ သြဘာ ပေးလိုက်ပါရစေ။

သတိတော့ ရှိပါဗျာ လို့ လက်တို့ လိုက်ပါရစေ။ “နကါးတို့ မျက်စောင်း အကြောင်းသုံးပြား အရွေးဘူး” မဟုတ်လား။ တော်ကြာ ရုက္ခစိုးတို့ တစ်တွေကို ရွှေခေါင်းပြောင် (ထိုင်းရဲ) တွေနဲ့ တောခြောက်
လွတ်လို့ ခက် နေပါအုံးမယ်။

ချင်းမိုင်ဘက် ရောက်ဖြစ်ရင် တော့လည်း ကျုပ်တို့ ရိုးရာ မပျက် ကြိမ်နဲ့ ယက်ထားတဲ့ ကျည်ကာ အင်္ကျီတစ်ထည်လောက် လက်ဆောင် လာပေးပါအုံးမယ်ဗျာ။ အနည်းဆုံး ဖိုးလောက်လန်းတို့ လေးဂွနဲ့ လာပစ်ရင် ခံသာတာပေါ့။
0
မရှင်းလိုက်ဘူးလား
written by Ougkar, February 11, 2010
ဦးရုက္ခစိုး က လည်းဗျာ ကွိုင်ကွိုင် ပြောတာ တခုကျန်မနေခဲ့ဘူးလားဗျာ သေချာလည်း ပြန်စဉ်းစားပါဦး၊ ဘာကျန်ခဲ့လဲ ကျနော့် အထင်တော့၊ တိုင်းပြည် ပျက်လု နီးပါး၊ အာဏာ ချုပ်ငြီး နီးပါး ဖြစ်တော့ ရူးချင်ယောင် ဆောင်နေတယ် ထင်တယ်၊

အော်လိုက်ချင်တယ် ------- ----------- "ရူးချင်ယောင်ဆောင်မနေနဲ့"
0
ကလိမ်ကျ
written by Raja, February 10, 2010
ဥပဒေ ထုတ်ဘို့ အဆင်သင့် ဖြစ်နေပြီ ဒါပေမယ့် ကလိမ်ကျ အဲ အချိန် ကျသေးတယ် မထင်လို့ ...... ........
ကိုရွေနိုင်ငံ အတွက်တော့ ရင်လေးပါဘိ
0
စိတ္တဇ...
written by aung, February 10, 2010
ဟား...... ဒီတစ်ခါတော့ ... တစ်ခါတည်းကို အရူးထောင် ပို့လိုက်ေ တာ့တာပဲ။ ကောင်းပါတယ် ပို့သင့်တာလည်း ကြာပါပြီ။
0
;)
written by art, February 10, 2010
this should be a real story.
who can say?

Than Shwe is crazy about Displinined Democracy.
Funny!
smilies/cheesy.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်