ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စကား တဖောင်ဖောင်နှင့် ဝင်လာပြီး ဦးရုက္ခစိုးကြီးကို နှုတ်ဆက်လိုက်သည်။ဖိုးရှုပ်။ ။ ဘန်ကောက်မှာ ကိုသက်ဆင်ကို ထောက်ခံတဲ့ ရှပ်နီတွေက သွေးမြေမကျ ကျအောင် သွေးတွေ ဖောက်ထုတ်ကုန်ပြီဗျ။ ဦးရုက္ခစိုးကြီးက ဘာတွေ တကုတ်ကုတ်နဲ့ ငြိမ်နေတာလဲ။
ကြွက်စုတ်။ ။ ဟုတ်ပါ့ ဦးရုက္ခစိုး၊ မှန်ဘီလူးကြီးတလက်နဲ့ပါလား။
ရုက္ခစိုး။ ။ ရွေးဂေါက်ပွဲ ဥပဒေတွေ ခုမှ အစုံရလို့ ထောင့်စေ့အောင် ဖတ်ကြည့်နေတာပါ။ ရှပ်နီတာ သွေးနီတာတွေထားပြီး အထဲက သတင်းပုလင်းတွေ ဖောက်သည်ချပါဦး။
ဖိုးရှုပ်။ ။ ကျနော်ကတော့ စစ်အစိုးရဆိုရင် သွေးနဲ့ ဖျန်းဖို့ အားမပေးဘူး၊ သေးနဲ့ပဲ ဖျန်းစေချင်တော့တာပဲ။ သတင်းတွေကတော့ အစုံပဲ ဦးရုက္ခစိုးရေ၊ ပုလင်းတွေကတော့ ကျနော်နဲ့ ကြွက်စုတ် ညက ရှင်းလိုက်ပြီ … အဟဲ။
ဦးရုက္ခစိုး။ ။ ကိုင်း … ကပြောင်ကပျက်တွေ အသာထားစမ်း၊ ရွေးပြီး ဂေါက်ကြမယ့်ပွဲကြီးဟာ မြန်မာပြည်မှာ ဘရိတ်ပေါက် သွားတဲ့ ကားကြီးလိုပဲ တကြောင်းထိုး စွတ်မောင်းနေပြီ။ ဒီရက်ထဲ မင်းတို့ သိထားတာတွေ ဖောက်သည် ချကြဦး။
ကြွက်စုတ်။ ။ ထူးတာကတော့ အစုံပဲ။ စစ်ဗိုလ်တွေရော၊ ပါတီပိုးထတဲ့သူတွေရော ဟိုသီချင်းထဲကလို ဟိုဘက်လှုပ်လိုက်၊ ဒီဘက်လှုပ်လိုက် အချိန်နဲ့အမျှ တလှုပ်တည်းလှုပ်နေကြတာပဲဗျ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး စိတ်ဝင်စားမယ့်သတင်း စပြောမယ်ဗျ။ ဒေါ်ရှိုရှိုကျော်ညိန်းလေ။ ဖြူဖြူကျော်သိန်း မဟုတ်ဘူးနော်၊ လူမှားမယ်၊ အဟဲ … သူထောင်မယ့်ပါတီကို ဝင်ပါရစေဆိုလို့ ဧရာဝတီတိုင်းဘက်ကို ဖောင်တွေတောင် ပို့နေရပြီဆိုပဲ။
သစ်ဖောင် ဝါးဖောင်တွေ ပြေးမမြင်ပါနဲ့။ ပါတီဝင်ဖောင်ကို ပြောတာပါ။ သူတို့လုပ်နေရတာ အင်းစိန်တောရကို လမ်းလျှောက်နေရသလိုပဲ ဆိုပြီး ဒေဝါလီမဂ္ဂဇင်းကို ပြောတယ်လို့ ကြားတယ်ဗျ။
ကြွက်စုတ်။ ။ အင်းစိန်ကို လမ်းမလျှောက်ချင်လည်း ဦးဝင်းတင်လို အဲဒီနားပြောင်းနေရင် ရသားနဲ့။
ရုက္ခစိုး။ ။ ဟဲ့ ကြွက်စုတ်၊ နင် တိတ်တိတ်နေစမ်း။
ဦးရုက္ခစိုးကြီးက သတင်း အတော်သိချင်နေပုံရသည်။ ကြွက်စုတ်ကလည်း မချိုမချဉ်နှင့် ...
ကြွက်စုတ်။ ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မတားမြစ်ပါနဲ့ ဦးရုက္ခစိုးရယ် … ငှဲ … ငှဲ။
ရုက္ခစိုး။ ။ အောင်မယ် လာလာချည်သေး၊ အခုခေတ်မြန်မာပြည်မှာ လွတ်လပ်စွာ ထုတ်ဖော်တာကတော့ ကောင်မလေးတွေပဲ ရှိမယ်၊ နင့်အဘ စာပေဆီစွတ်ရေးတောင် ဘယ်လိုလာဦးမယ် မသိဘူး။
ကြွက်စုတ်က ဗရွတ်ရွှတ်တ ဆက်မနောက်နိုင်မီ ဖိုးရှုပ်က ကမန်းကတန်း ဆက်ပြောသည်။
ဖိုးရှုပ်။ ။ ဖရီးအန်ဖဲ လုပ်မယ့် ရွေးဂေါက်ပွဲကြီးမှာ အကြံနဲ့ဖွတ်တွေမွေးထားတဲ့ ကြံဖွတ်ကလည်း ပါတီတွေ ထောင်မတဲ့ဗျ။ တခုတည်းတောင် မဟုတ်ဘူး၊ ခွဲထောင်ဦးမှာတဲ့။
ကြွက်စုတ်။ ။ ဖွတ်ပါတီတော့ မဝင်ပါရစေနဲ့ဗျာ။ မသကာ နဂါးပါတီဆို ဟုတ်သေး။
ကြွက်စုတ်က ပြောင်စပ်စပ်လုပ်နေသော်လည်း ဦးရုက္ခစိုးကြီးက သီအိုရီတခု ထုတ်လိုက်သည်။
ရုက္ခစိုး။ ။ တကယ်က ဘောင်းဘီချွတ်ပြီး ပုဆိုးကောက်စွပ်မယ့် သဘောပေါ့။ “ချွတ်စွပ်ပါတီ”ကြီးတွေ မြင်ရဦးမှာပေါ့လေ။
ဖိုးရှုပ်။ ။ အောင်မယ်၊ အွေးလင်တို့ ညီအစ်ကိုကလည်း ပါတီ တယောက်တခုစီ ထောင်မယ် ဆိုသလားလို့။
ရုက္ခစိုး။ ။ နိုင်ငံရေးပါတီတောင် စီးပွားခွဲနေပါလား။ အွေးလင်က တခြားသူမပြောနဲ့၊ ညီအစ်ကိုချင်းတောင် မတွဲနိုင်လို့လား၊ ဒါမှ မဟုတ် ညီအစ်ကို ၂ ယောက်လုံး အမတ်ဖြစ်အောင်လား။ သူ့ညီက ရဲတွန်းဆိုတာ မဟုတ်လား။
ကြွက်စုတ်။ ။ စစ်သားကို မတွန်းရဲလို့ ရဲကို တွန်းတာ နေမှာပေါ့ ဦးရုက္ခစိုးရဲ့။ နောက်တာပါ။ သူတို့က ပါတီတွေသာ စီးပွားခွဲနေတာ၊ ဖန်ငွေက မရှိဘူးဆို။ စစ်အစိုးရဆီမှာတောင် အကူအညီတောင်းတယ် မဟုတ်လားဗျ။ အခုတောင် ပါတီ ဝင် မယ့်သူတွေကို ရိုက်ပေးဖို့ ဓာတ်ပုံဖိုးတောင် မတတ်နိုင်ဘူးဆိုပဲ။ ပါတီဝင်မယ့်သူတွေ အတော်များလို့လား မသိဘူးနော်။
ဖိုးရှုပ်။ ။ အောင်တောင်းဆိုတဲ့ ဝင်ကြီး ဦးဆောင်ပြီးတော့လည်း ကြားဖျောက်အစိုးရ ဖွဲ့မယ်လို့ ကောလာဟလတွေ ပြောနေကြတယ် ဦးရုက္ခစိုးရေ။
ရုက္ခစိုး။ ။ ဖရီးအန်ဖဲ သာဆိုတယ် သူတို့ချည်း ချွတ်စွပ်တွေ တမိုးလုံးဖျောက်ဆိပ်ဖြစ်နေပါပေါ့လား။ အကြံနဲ့ဖွတ်ပါတီအပြင် ကြားဖျောက်အစိုးရကလည်း သူတို့ပဲဆိုတော့ ဦးကိုယ့်ဝေတို့၊ အွေးလင် တို့တော့ လွှတ်တော်မှာ ထိုင်ခုံမရလို့ မတ်တတ်များ ရပ်နေရတော့မလား မသိဘူးဟေ့။
ဦးရုက္ခစိုးသည် အတော်ပင် စိတ်ပျက်လက်ပျက်ဖြစ်သွားပုံရလေသည်။ ကြွက်စုတ်က ဦးရုက္ခစိုးကို အချွန်နှင့် ဝင်မသည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးလည်း ဇင်းမယ်မှာ နေတာကြာပြီ၊ ပါတီထောင်ဖို့ အထဲပြန်ဝင်ပါလား။ မသေခင် အမတ်မင်းဖြစ်လည်း နည်းလား ဦးရုက္ခစိုးရဲ့။ ဟိုးခေတ်ကဆို “မင်းတိုင်ပင်အမတ်”လို့ ဆိုကြတာ မဟုတ်လား။
ရုက္ခစိုး။ ။ “အမတ်”မဖြစ်ဘဲ “တုံးလုံးလဲ”နေမှ ဟုတ်ပေ့ဖြစ်နေပါမယ်။ ငါ့ဟာငါ ဒွိုင်ဆူထေ့မှာပဲ နေပါရစေ။ “မင်းတိုင်ပင်” ဖြစ်မလာဘဲ “မင်းထောင်ဝင်” ဖြစ်သွားရင်လည်း အိုးစားကွဲနေပါ့မယ်။ ငါဖြင့် ဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ”စာအုပ် ဖတ်ပြီး ကိုယ့်သွားတွေ ကိုယ်ပြန်စမ်းမိတယ်။ စစ်ကြောရေးက လက်သံပြောင်လို့ ဦးဝင်းတင်ခမျာ သွားတွေ တချောင်းမှ မကျန်ဘူးဆိုတာကိုးဟ။
ဖိုးရှုပ်။ ။ တချို့အနောက်နိုင်ငံက နှာခေါင်းရှည်လူမျိုးတွေကလည်း ရွေးကောက်ပွဲ ဝင်သင့်ကြောင်း လေသံတွေ ပစ်နေတယ် ပြောတယ်ဗျ။ ဝင်သင့်တယ်ဆိုပြီး အခါတော် ဝင်ပေးသတဲ့။
ဦးရုက္ခစိုးက အလိုမကျ ဖြစ်သွားဟန်ဖြင့် …
ရုက္ခစိုး။ ။ နေပါဦး၊ သူတို့နဲ့က ဘာဆိုင်သတုန်း။
ဖိုးရှုပ်။ ။ သြော် သူတို့ကလည်း နောက်တက်မယ့် အစိုးရကျရင် မြန်မာပြည်ထဲမှာ ဝင်လုပ်ဖို့ ပရောချက် ရှာမယ်၊ ပရိုအပိုဆယ်တွေ တင်မယ်ပေါ့ဗျာ။
ကြွက်စုတ်။ ။ ရွေးဂေါက်ပွဲဥပဒေတွေ ဦးရုက္ခစိုးကြီး ဖတ်နေတာ မဟုတ်လား။ ပြောပြပါဦး။
ရုက္ခစိုး။ ။ ဟုတ်တယ်။ ပါတီဟောင်းတွေက ရက် ၆၀ အတွင်း မှတ်ပုံမတင်ရင် တရားမဝင်ဖြစ်မယ်။ ၉၀ ရလဒ်ကိုလည်း ပျက်ပြီဆိုပြီးကြေညာတယ်။ ဒီတော့ကာ NLD မှာ မျောက်သစ်ကိုင်း လွတ်မလို ဖြစ်နေပြီ ထင်ပါ့ကွာ။ ချိုကုပ်ဒူးကြီးတို့ တနှစ် တာပတ်လုံး တကုန်းကုန်းရေးဆွဲနေတာ လက်စသတ်တော့ “ဒေါ်စုဖယ်ထုတ် ၉၀ ပြုတ်” ဥပဒေကြီးပဲဟေ့။ သူတို့ဘာသာ အကြောင်းညီညွတ်ပြီး ဘောင်းဘီချွတ်ကြ၊ တိုက်ပုံစွပ်ကြမယ့် “ချွတ်စွပ်”ဥပဒေကြီးပဲ။ မြန်မာပြည်အတွက်တော့ ရင်လေးသေးတယ်။
ကြွက်စုတ်က တစခန်းထသည်။
ကြွက်စုတ်။ ။ မပူပါနဲ့ ဦးရုက္ခစိုးရယ်၊ ဒီဘက်က ဦးမှောင်မှောင်တို့ကလည်း တခဲနက် ယူအန်ကို အပူခံ ဝင်ကြမှာပေါ့။ ကန်ပိန်းတွေ အိုင်ပိန်းတွေ လုပ်ကြမှာပေါ့။ အာဆီယံတို့ အီးယူတို့ သွားပြီး ပြောကြမှာပေါ့ဗျ။
ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးလုပ်နေပုံကတော့ လွှတ်တော်ကို အစိတ်သားတင်မက၊ ရှစ်ဆယ်သားလောက် ချက်ပြုတ်စားသောက် တော့မယ့်သဘော ဖြစ်နေပါပြီ ဦးရုက္ခစိုးရယ်။ ပြည်တွင်း မီဒီယာတွေကို စာပေဆီစွတ်ရေးကလည်း ဆီနာနာစွတ်ပြီး မီးကင် နေပြီဗျ။
ဦးရုက္ခစိုးကြီးသည် သတင်းများကို စီကာစဉ်ကာ သုံးသပ်သမှုပြုပြီးနောက် …
ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးတို့ရဲ့ချည်ပြီးတုပ်ပြီး အဟုတ်တီးမယ့် ရွေးဂေါက်ပွဲကြီးကလည်း တလှုပ်လှုပ်၊ ဒင်းတို့ဘာသာ ရွေးပြီး ဂေါက်ကြမှာဆိုတော့ ဂေါက်ကြပစေဟေ့၊ ဝင်ရမယ် ဝင်ရမယ်ဆိုတဲ့ အဖြူတွေကလည်း တမျိုး၊ ပါတီပိုးထပြီး ရွတတဖြစ်နေ သူတွေကလည်း မနည်း၊ ဟိုမရောက်ဒီမရောက်နဲ့ ဘာလုပ်ဦးမယ် မသိရတဲ့ NLD ကလည်း ဇော်ကန့်လန့်ကြီးဖြစ်နေပါပေါ့၊ ချွတ်စွပ်လုပ်မယ့် စစ်ဗိုလ်ဝင်ကြီးတွေကလည်း တစခန်းက၊ ဖရီးအန်ဖဲ ဆိုတာကြီးကလည်း ပါသေး၊ ဘာတွေလဲ ဘာတွေလဲ၊ ရှုပ်နေပြီ ရှုပ်နေပြီဟေ့။
ဦးရုက္ခစိုးက အော်ဟစ်ပြောဆိုပြီးလျှင် ရွေးဂေါက်ပွဲဥပဒေ စာရွက်ထပ်ကြီးကို ဘုတ်ခနဲ ပစ်ချလိုက်လေသည်။
ဖိုးရှုပ်နှင့် ကြွက်စုတ်လည်း ဇင်းမယ်မြို့တွင် ယခုရက်အတွင်း မှုန်မှိုင်းမှိုင်း မြူဆိုင်းကဲ့သို့ အခြေအနေမကောင်းဟု သဘောပေါက်သည်ဖြစ်၍ အချင်းချင်း လက်ကုပ်ကာ အပြင်သို့ ခပ်သုတ်သုတ်ထွက်ခဲ့လေသည်။
ထိုရောကာလတွင် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ မသိလိုက်သည့် ဖြစ်ရပ်တခုရှိ၏။ ယခင် ချိုကုပ်ဒူးကြီး ဦးရုက္ခစိုးထံ အလည်လာသည့်ကာလ အသံဖမ်းစက် တပ်ထားခဲ့သည်ကို သူတို့ မသိလိုက်ပေ။
ကြပ်ပြေးနေပြည်တော်၌ ချိုကုပ်ဒူးကြီးသည် ဦးရုက္ခစိုးတို့တစု ပြောဆိုကြပုံကို ခိုးနားထောင်ပြီးနောက် ဒူးနှန့်ကာ “လူတွေတော့ အာရုံနောက်ကုန်ပြီ”ဟုဆိုကာ တဟားဟား အော်ရယ်လိုက်လေတော့သတည်း။
“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Comments (8)

written by ??????????, March 20, 2010
မတရားတဲ့ ရွေးကောက်ပွဲကို ပြည်သူ အားလုံး မဲမထဲ့ကြပါနဲ.။ NLD ကို မတရား လုပ်တာမခံကြနဲ. ။ တတ်နိုင် သလောက် ဆန်.ကျင်ကြ။ မဲဆိုတာ ကိုယ် ထဲ့ချင်မှ ဖြစ်တာပါ။
written by ကို သက်, March 20, 2010
မဝင်သင့်ပါဘူး....NLD အနေနဲ့....ပါတီတစ်ခုဆိုတာ...အစိုးရက ဖျက်သိမ်းတယ် ပြောတိုင်းလည်း ပျက်တာမှ မဟုတ်တာ ..လူထုစိတ်ထဲမှာ ပါတီေ ထာင်ပေး နိုင်ရင်ပြီးတာပဲ... အစိုးရခို င်းတိုင်းလုပ်မှ လူထုက ချဉ်မှာ...ချဉ်ရင် ကြံ့ဖွံ့လို ဖြစ်သွားပြီ....အခွင့်အ ရေးသမားလို့ ပြောင်းမြင သွားနိုင်ပါတယ်. ..ဒါကြောင့်...မဝင်ပါနဲ့.... အချိန်တန်ရင် နွားပိန်ကန်ပါလိ မ့်မယ်..အ င်း...မြန်မာပြည်သူတွေ သွေးမြေကျရဦးမှာ...မြင်ယော င်မိရင်း ဝမ်းန ည်းတယ်ဗျာ....
written by nailynn, March 18, 2010
2010 ကြိုးဝိုင်းမှာ ချိုဒုပ်ကူးကြီး လက်ချက်နဲ့ NLD အောက်ပက ထိသွားပါပြီ ခင်ဗျား ဒိုင်လူကြီးက အမှတ်စဉ်ရေနေတာ 4 ရောက်နေပြီ နောက်ထပ် 6 ခါထပ်ရေလို့မှ မ ထနိုင်ရင်တော့ ရှုံးပြီပေါ့ NLD ရယ်



written by REALITY, March 18, 2010
Very Good
NLD ကလည်း ဇော်ကန့်လန့်ကြီး ဖြစ်နေပါပေါ့၊
အခုခေတ် မြန်မာပြည်မှာ လွတ်လပ်စွာ ထုတ်ဖော် တာကတော့ ကောင်မလေးေ တွပဲ ရှိမယ်၊
NLD ကလည်း ဇော်ကန့်လန့်ကြီး ဖြစ်နေပါပေါ့၊
အခုခေတ် မြန်မာပြည်မှာ လွတ်လပ်စွာ ထုတ်ဖော် တာကတော့ ကောင်မလေးေ တွပဲ ရှိမယ်၊
written by မောင်မြန်မာ, March 17, 2010
များတို့ NLD ကလည်း ဦးဂေါင်ရွှေတို့ ဦးခင်ကြောင်ခွေတို
written by မောင်လူဝ, March 17, 2010
စိတ်ရှုပ်စရာ ဒို့ဗမာ ရွေးဂေါက်ပွဲ ခေတ်ကို လှောင်ထားတာ ကောင်းပါဗျာ့၊
written by george, March 17, 2010
i'm very much glad to see these satire which reflects the current situation of Myanmar and it will end with the Neo-Democracy developed by Myanmar-SeniorGeneral and his slaves.
this is the time to say Cheers to him for the formation of new style of Democracy in the history of politics.
ha ha ha
this is the time to say Cheers to him for the formation of new style of Democracy in the history of politics.
ha ha ha
Write comment
| < Prev | Next > |
|---|








မဲထည်.လဲ သိန်းဂိန်တို.ပဲ
စိတ်ပိန်တယ်