ဆော်ကြမ်း။ ။ အောင်မလေးဗျ ...။ လန့်လိုက်တာ ဦးရုက္ခစိုးရယ်။ လန့်လိုက်တာ ရယ်တဲ့မှလန့်လိုက်တာ။ ရုက္ခစိုး။ ။ လန့်တာ ရိုးရိုးလန့်လို့မရဘူးလား။ ဘာလို့ ဇာတ်သံပါနေရတာလဲ။
ဆော်ကြမ်း။ ။ ရိုးရိုး လန့်လို့တော့ ရတာပေါ့ ဦးရုက္ခစိုးရယ်။ ဒါပေမယ့် သားသားလေးက အခု ဇာတ်ထောင်ဖို့ လေ့ကျင့် နေတာ ဆိုတော့ အရာရာကို ဇာတ်မူ ဇာတ်ဟန် ဇာတ်သံလေးနဲ့ လန့်ပါတယ်။
ရုက္ခစိုး။ ။ ဘယ်ကသားသားလေးလဲ။ ဦးဆော်ကြမ်းသားကို ဇာတ်ထောင်ပေးမလို့လား။
ဆော်ကြမ်း။ ။ သြော် … လွဲပြန်ပကောဗျာ … ဗျာ့။ ကျုပ်ကိုယ်ကျုပ် တင်စားပြီး ပြောလိုက်တာပါ။ ဒါနဲ့ ဦးရုက္ခစိုးကော ပါဦးမလား။
ရုက္ခစိုး။ ။ ဟင့်အင်း … ကျုပ်က အငွေ့ပဲစားတာဆိုတော့ အိမ်သာမလိုပါဘူးဗျာ။
ဆော်ကြမ်း။ ။ အဲဒါကို ပြောနေတာ မဟုတ်ဘူး ဦးရုက္ခစိုးရဲ့။ အောင်မလေးနော် … ဝေးပြန်ပြီ။ ကျုပ်ထောင်တဲ့ ဇာတ်ထဲ ပါမလားလို့ မေးနေတာ။ ဦးရုက္ခစိုးသာ ပါရင် အဝတ်အစားဖိုး သက်သာတာပေါ့ဗျာ။
ဦးဆော်ကြမ်းက ဇာတ်ဟန် အပြည့်နှင့် ပြောရင်း နှပ်ညှစ်ကာ လွှတ်တော်ရှေ့က တိုင်လုံးကြီးတွင် သုတ်လိုက်သည်။
ရုက္ခစိုး။ ။ မပါသေးပါဘူး ဝန်ကြီးရယ်၊ ဟုတ်ပါဘူး … ဇာတ်ဆရာရယ်။ ကျုပ်ဘာသာ ရုက္ခစိုးဘဝနဲ့ အေးအေး နေပါရစေ။ ဒါနဲ့ ခုနတုန်းက ဘာလို့ တရှုံ့ရှုံ့နဲ့ ငိုနေရတာလဲ။
ဆော်ကြမ်း။ ။ တပ်မတော်ရဲ့ သဘောထားအမှန် … အဲ ကျုပ်တို့ တမတ်သားအစိုးရရဲ့ သဘောထားအမှန်ကို လူတွေက နားမလည်ကြပါလားလို့ စဉ်းစားရင်း စဉ်းစားရင်း ဝမ်းနည်းလွန်းလို့ပါ … အမယ်မင်း ဝမ်းနည်းလိုက်တာနော် … အဟင့် ဟင့်။
ရုက္ခစိုး။ ။ မငို … မငိုလိုက်ပါနဲ့ဦးဗျာ … ခဏလေး ခဏလေး မေးပါရစေဦး။ ဘယ်လိုမျိုး သဘောထားမှန်တွေကို လူတွေက ဘယ်လိုမျိုး နားမလည်တာတုန်း။
ဆော်ကြမ်း။ ။ လွှတ်တော်မှာလေ … လုပ်ပုံကို ကြည့်ပါဦး။ တခါလာလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘယ်လို လုပ်မလဲ၊ ဘယ်လို ဆွေးနွေးမှာလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုပါတယ် ဆိုတာချည်းပဲ။ တကယ်ဆို ကျုပ်တို့ တိုင်းပြည်လောက် ပြည်တွင်းငြိမ်းချမ်းတာ ဘယ်နိုင်ငံရှိလဲ။
ရုက္ခစိုး။ ။ လှုပ်မရအောင် ချုပ်ထားမှတော့ ငြိမ်းချမ်းသလို ဖြစ်နေတာပေါ့ဗျာ။
ဆော်ကြမ်း။ ။ ဒါပဲလေ … ပြည်တွင်းငြိမ်းချမ်းမှု မရမှာစိုးလို့ လှုပ်နိုင်တဲ့သူတွေကို ချုပ်ထားပြန်တော့လည်း လွတ်ငြိမ်း ချမ်းသာခွင့်တဲ့၊ ဥပဒေတွေ ပြင်ပေးပါတဲ့၊ အရေးပေါ် ဥပဒေ ၅ (ည) ကိုတောင် ဖြုတ်ခိုင်းလိုက် သေးတယ်။ တော်တော် မတရားတဲ့လူတွေ။
ရုက္ခစိုး။ ။ လွှတ်တော်ထဲမှာ အရေးကြီးတဲ့အချက်တွေ အဆိုတင်သွင်းသမျှ အကုန် ပယ်ချတဲ့ ဝန်ကြီးတို့ တမတ်သားတွေ ကျတော့ တော်တော် တရားတာပေါ့နော်။
ဆော်ကြမ်း။ ။ ဒီမှာ ဦးရုက္ခစိုး။ ကျုပ်က အရပ်ပုပေမယ့် စိတ်ကို တတ်နိုင်သလောက် ဆွဲဆန့်ထားတယ်နော်။ အခုဟာက ဆွဲဆန့်ထားတဲ့ ကျုပ်စိတ်ကို ရှည်နေရာက တို၊ တိုနေရာက ခံစားချက်တွေပြင်းထန် ပေါက်ကွဲပြီး ငိုရအောင် လုပ်နေလို့ဗျ။
ရုက္ခစိုး။ ။ ဘယ်လိုတွေ လုပ်နေတာလဲ ရှင်းစမ်းပါဦး။
ဆော်ကြမ်း။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး အမြဲတမ်း ကော်မရှင်မှာ ထည့်ချင်တယ်တဲ့။ စဉ်းစားကြည့်စမ်း ပါဦး ဦးရုက္ခစိုးရယ်။
ရုက္ခစိုး။ ။ ဒါ ငိုစရာလား ဝန်ကြီးရာ။ မထည့်ချင်လည်း မထည့်ဘူး ပြောလိုက်ရုံပဲ မဟုတ်လား။
ဆော်ကြမ်း။ ။ ဒါတော့ ဒါပေါ့ဗျ။ ဒါပေမယ့် သူတို့ကိုက ဒါကို တင်စရာလား၊ တင်သင့်လား စဉ်းစားပါဦး။ ဒေါ်အောင်ဆန်း စုကြည်ဆိုတာ ကမ္ဘာ့ ငြိမ်းချမ်းရေးဆု ရပြီးသားလေ၊ သူ့ကို ဒီထဲ ထပ်ထည့်ရင် ကျုပ်တို့လိုလူတွေ ကမ္ဘာ့ ငြိမ်းချမ်းရေးဆု ဘယ်ရတော့ မှာလဲ မဟုတ်ဘူးလား။ ကျုပ်တို့ခမျာမှာ ဆုလေး ဘာလေး ရလိုရငြား မျှော်လင့်ချင်သေးတာပေါ့။
ရုက္ခစိုး။ ။ သြော် နိုဘဲလ်ဆု လိုချင်လို့ ငိုတာပေါ့ ဟုတ်လား။
ဆော်ကြမ်း။ ။ ဟာ နိုဘဲလ်ဆု လိုချင်လို့ ငိုစရာလား ဦးရုက္ခစိုးရယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေးဆု မရလည်း ကိုယ့်ဘာသာ မြန်မာ့ ငြိမ်းချမ်းရေးဆု၊ အမျိုးသားငြိမ်းချမ်းရေးဆု ဆိုပြီး နာမည်တပ် ပေးလို့ရတာပဲဟာ။
ရုက္ခစိုး။ ။ ဒါဆိုလည်း မြန်မြန်ပြောဗျာ။ အခုထိ ငိုရတဲ့ အကြောင်းရင်း မသိရသေးဘူး။
ဆော်ကြမ်း။ ။ ပြောပါ့မယ်ဗျာ။ ဘယ်လောက် သနားစရာကောင်းတဲ့ ကျုပ်တို့ တမတ်သား အစိုးရလည်း ဆိုတာ ...။တကယ်ဆို ပြည်တွင်းငြိမ်းချမ်းရေးလိုချင်ရင် အစိုးရကိုချည်း ပြောနေလို့ ဖြစ်မလား။ ကျုပ်တို့ဘက်က ပစ်နေ၊ ခတ်နေ၊ ထုနေ ရတယ်ဆိုတာက တို့တာဝန် အရေး ၃၇ မင်းကို … အဲနတ်နဲ့ မှားသွားတယ်၊ ၃၇ ပါးကို မထိပါးစေချင်လို့ပါဗျာ။ ကျုပ်တို့ ဘယ်လောက် ပစ်ပစ် သည်းခံပြီး သူတို့ဘက်က လက်နက်ချလိုက်ရင် ပြီးရောဥစ္စာ။
“ဘယ်လောက် ပစ်ပစ်” ဆိုသည့်နေရာတွင် ဦးဆော်ကြမ်းက နှပ်ညှုစ်ထားသည့် တစ်ရှူးစက္ကူစုတ်ကို ပစ်ပေါက် ပြလိုက်သေးသည်။
ရုက္ခစိုး။ ။ အစိုးရဘက်က ဘယ်လောက်ပစ်ပစ် သည်းခံရမယ် ဟုတ်လား။
ဆော်ကြမ်း။ ။ ဟုတ်တယ်လေ။ အခုတော့ ကိုယ်စားလှယ်တော်တွေ လုပ်တာ မဟုတ်ပုံ ပြောဦးမယ်။ လွှတ်တော်မှာ ဒီအကြောင်းချည်းပဲ လာလာပြောနေတယ်။ အဲဒီတော့ ကျုပ်တို့ကလည်း ပြောပြီးသားတွေ ပြန်ပြောရတယ်။ ပြောပြီးသား ပြန်ပြောဖို့ ဆိုတာ လွယ်တယ်မထင်နဲ့ဗျ … အရင်က ပြောထားဖူးတဲ့ အဲ ဖတ်ပြထားတဲ့ စာရွက်တွေပြန်ရှာပြီး ပြန်ရွတ်ရတာ ဘယ်လောက် အလုပ်ရှုပ်တယ်မှတ်လဲ။
ရုက္ခစိုး။ ။ ဒါဆိုလည်း နောက်တခါ ထပ်ပြောရင် ဖတ်ပြမနေဘဲ အရင်က ဖတ်ပြခဲ့တာကို ကော်ပီလုပ် ဝေလိုက်ပေါ့။
ဆော်ကြမ်း။ ။ အဲဒီ အကြံ မဆိုးဘူးဗျ။ ဒါပေမယ့် သူတို့ နောက်တခါ မပြောရဲလောက်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ လွှတ်တော်မှာ တခါတည်း ကြိမ်းခဲ့တယ်။ နောက်တခါ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ လာမပြောနဲ့ … ပြောချင်ရင် ဟိုဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေကို သွားပြောလို့။ အဲဒီတော့လည်း သနားစရာပါဗျာ ကျုပ်စကား ဆုံးတာနဲ့ အားလုံး လက်ခုပ်တီးကြရှာပါတယ်။
ရုက္ခစိုး။ ။ သြော် ဒါကြောင့် ဝန်ကြီးက ငိုတာလား။
ဆော်ကြမ်း။ ။ ဟာ လက်ခုပ်သံကြားတာ ငိုစရာလားဗျ။ ထကချင်တာ မနည်းထိမ်းထားရတယ်။
ရုက္ခစိုး။ ။ ဟာဗျာ ဒါဆိုလည်း ဘာလို့ငိုတာလဲ။ နတ်တောင် စိတ်မရှည်တော့ဘူး။
ဆော်ကြမ်း။ ။ ဝမ်းနည်းလွန်းလို့ပါဗျာ … နည်းနည်း စိတ်ရှည်ပေးပါ။ ကျုပ် လွှတ်တော်ထဲ ရောက်နေတုန်း ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးတွေ၊ သူရေးတဲ့ ဆောင်းပါးတွေ ဖော်ပြကြတယ်။ လုပ်ပုံ … လုပ်ပုံ။
ရုက္ခစိုး။ ။ ဒါ မကောင်းဘူးလား ဦးဆော်ကြမ်းရယ်။ တချို့ဆို မီဒီယာ ပွင့်လင်းလာပြီ … လွတ်လပ်လာပြီ ဆိုပြီး ဝမ်းသာ နေကြတာ။
ဆော်ကြမ်း။ ။ မဟုတ်တရုတ်ဗျာ။ စတုတ္ထမဏ္ဍိုင်တို့ ဘာတို့ဆိုတာ သမ္မတက အရူးထပြီး လျှောက်ပြောတာ။ အဲဒီ မီဒီယာဆိုတဲ့ဟာတွေက နည်းနည်းလောက် ဖွင့်ပေးတာနဲ့ ကုလားအုပ်လို တကိုယ်လုံး ဝင်ချင်ကြတဲ့ဟာတွေ။ ဘယ်ရမလဲ ကျုပ် သိသိချင်း အကုန် အရေးယူလိုက်တယ်။
ရုက္ခစိုး။ ။ ဒါနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့တယ်ဆို။ အခြေခံဥပဒေမှာလည်း ပါတယ်လေ … လွတ်လပ်စွာ ဖော်ထုတ် ရေးသားခွင့် … ဆန္ဒ ပြ … ပြ ...။
ဆော်ကြမ်း။ ။ တော် … အဲဒါက မြန်မာဗားရှင်း၊ အမျိုးသားဗားရှင်း လူ့အခွင့်အရေး ကော်မရှင်ဗျ။ လွတ်လပ်စွာ ဖော်ထုတ် ရေးသားခွင့် ရှိတယ်၊ ဒါပေမယ့် တို့တာဝန်အရေး ၃၇ ပါးကို ထိပါးလို့မရဘူး။ ထိပါးရင် အရေးယူမှာပဲ။ ဟာဗျာ … ပြောရင်းနဲ့ကို ဝမ်းနည်းလာ ပြန်ပြီ။ ကျုပ်က နှလုံးသား နုတယ်ဗျ။ ငိုချင်လာပြီ။
ရုက္ခစိုး။ ။ နေပါဦးဗျာ … ကျုပ် နားမလည်လို့ မေးပါရစေ။ ဂျာနယ်တွေကို အရင်ကလည်း ဒီလို အရေးယူနေကျပဲဟာ အခုမှ ဘာကိစ္စ ဝမ်းနည်းနေရတာလဲ။
ဆော်ကြမ်း။ ။ ဝမ်းနည်းရခြင်း အကြောင်းရင်းကို အခုလို ပြောပြချင်ပါတယ် ဦးရုက္ခစိုးရယ်။ သြော် … ဟောဒီက သားသားလေးမှာ … ဟောဒီက ဆော်ကြမ်းလေးမှာ … ဗျ။
ရုက္ခစိုး။ ။ ရိုးရိုး ပြောပါလားဗျာ။
ဆော်ကြမ်း။ ။ သားသားလေးကို ခွင့်လွှတ်ကြပါဗျာ။ ဒီလိုလေ … ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ဂျာနယ်တွေ အရမ်းအရောင်းသွက်တယ်တဲ့။ စဉ်းစားကြည့်တော့ လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို တယ် မေတ္တာ ထားကြပါလား။
ရုက္ခစိုး။ ။ အဲဒီတော့ ဘာဖြစ်လဲ။
ဆော်ကြမ်း။ ။ ဘာဖြစ်ရမလဲ ကျုပ်လို မြို့မေတ္တာခံယူမယ့် သားကျတော့ ဘယ်သူမှ အဖက်မလုပ်ချင်ကြဘူး။ စဉ်းစားတိုင်း စဉ်းစားတိုင်း … အမယ်မင်း … ငိုချင်းချည်းသာ ချလိုက်ချင်တော့တယ် ဦးရုက္ခစိုးရဲ့ အဟဲ့ အဟဲ့ ...။ အဲဒါကြောင့် ဒင်းရဲ့ အင်တာဗျူးတွေ အင်တာဗျက်တွေ အကုန် ပိတ်တယ် ဒါပဲ။ အောင်မလေး ဝမ်းနည်းလိုက်တာနော်၊ ဝမ်းနည်းလိုက်တာ။
ရုက္ခစိုး။ ။ လတ်စသတ်တော့ ဒါကြောင့်ကိုး။
ဆော်ကြမ်း။ ။ နောက်တခုရှိသေးတယ်ဗျ။
ရုက္ခစိုး။ ။ ဟာ နောက်တခု ရှိသေးလား။
ဆော်ကြမ်း။ ။ ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဂျာနယ်တွေမှာ အောင်မြင်ကျော်ကြား ထင်ရှားတဲ့ စီလီဘရစ်တီ တယောက်လို၊ မင်းသမီး တယောက်လို ဖြစ်နေတာ ကျုပ် မကြိုက်ဘူး။ ကျုပ်လည်း မင်းသား ဖြစ်လို့ရတာပဲဗျ။ အဲဒါကြောင့် ကျုပ် မကြာခင်မှာ ဝန်ကြီး အဖြစ်က နုတ်ထွက်တော့မယ်။ ဒီအလုပ်ကိုလည်း စိတ်ကုန်ပြီ။ ဘယ်လောက်လုပ်လုပ် အပြစ်ပဲ ပြောခံနေရတယ်။
ရုက္ခစိုး။ ။ ဟင် ဝန်ကြီးအဖြစ်က နုတ်ထွက်ပြီး ဘာလုပ်မှာလဲ။
ဆော်ကြမ်း။ ။ ဇာတ်ထောင်မယ်၊ ဇာတ်ဆရာလုပ်မယ်၊ ဂျာနယ်တွေမှာ ကျုပ်ဓာတ်ပုံ မျက်နှာပြည့်ထည့်မယ်၊ ကြော်ငြာရိုက်မယ်၊ သီချင်းဆိုမယ်၊ စာအုပ်ထုတ်မယ်၊ ရုပ်ရှင်ရိုက်မယ်၊ အဆိုတော် နေခဲမှန်လို မော်ဒယ်ဂဲလ်ရှိသမျှ အကုန်သုံးပြီး ဓာတ်ပုံ ရိုက်ခံမယ်။ ကျုပ်ထောင်တဲ့ ဇာတ်မှာ ပါချင်ရင် အခုကတည်းက နိုင်ငံခြားက ပြန်လာလို့ရတယ်။
ရုက္ခစိုး။ ။ နိုင်ငံခြားက ပြန်လာတဲ့သူတွေကို ဇာတ်ထဲထည့်မှာလား။
ဆော်ကြမ်း။ ။ ဟုတ်တယ် ဇာတ်ထဲမထည့်ခင် အချုပ်ထဲတော့ ခဏထည့်မှာပေါ့နော်။ ဒါပေမယ့် မပူပါနဲ့ … တနေ့တော့ လွတ်မှာပါ။ တနေ့က ထိန်းသိမ်းထားတဲ့ ရွာစားကျော် စိန်ကျော်လှိုင်ကိုတောင် ကျုပ်ဇာတ်မှာ ဆိုင်းတီး ခိုင်းမလားလို့။ ပြည်ပက မျိုးချစ်ပုဂ္ဂိုလ်များကိုလည်း ဝဲလ်ကမ်းပါခင်ဗျာ။ ကျုပ်ဇာတ်ကို နိုင်ငံခြားပြန် စိန်ဆော်ကြမ်း မဟာသဘင် ဇာတ်အဖွဲ့ကြီးလို့ နာမည်ပေးပါမယ်။
ရုက္ခစိုး။ ။ ရောဂါက တော်တော် သည်းနေပုံပဲ။
“ပြောနေတာကြာတယ် အခုကနေစပြီး ကြိုးစားတော့မယ်။ အဖေရယ် အမေရယ် အစ်ကိုရယ် မောင်ရယ် အဘိုးရယ် အဘွားရယ် … သားသားလေးကို အားပေးကြပါကွယ် … စိန်ဆော်ကြမ်းကို အားပေးကြပါကွယ် … တယ့်နယ်ဗျောင်”
ကွေးနေအောင် ကပြီး ထွက်သွားသော ဦးဆော်ကြမ်းကို ကြည့်ကာ ဦးရုက္ခစိုးတပါးတည်း လွှတ်တော် အဆောက်အအုံကြီး ရှေ့တွင် ကြောင်တက်တက်နှင့် ကျန်ခဲ့လေတော့သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။
Set as favorite
Bookmark
Email this
Hits: 10832
Comments (9)

written by Toe, September 26, 2011
ခင်ဗျားတို့က အကြိုက် လိုက်ပြီး တင်ပေးနေတာေ တွ့ရတယ်. အကုန်တင်ပေးေ စချင်တယ် စမ်းကြည်အုံးမယ်
written by Burmese, September 10, 2011
သောက်ရမ်းကို ရယ်ရပါသည်။ ဒီသရော်စာ ဖတ်ပြီး ဆော်ကြမ်းကို ပါးရိုက်ချင် စိတ်တောင် ပျောက်သွားတယ်။ ဖနောက်နဲ့ တော့ တစ်ချက်ပြီးတ စ်ချက်ပေါ က်ချင်လာလို့ ..။
written by ဇွဲကပင်သား, September 09, 2011
To 'Yo'---- I have no objection to your comment but I believe you wanted to say 'constitution', not 'prostitution'. These two words aren't related to each other and shouldn't be mistaken as the latter has an unfavorable meaning. Thank you.
written by tartee, September 09, 2011
ရွာစားကျော်စိ န်ကျော် လှိုင်ကတော့ေ လာလောဆယ်ထောက် လှမ်းရေးေ တွရဲ့စပ ယ်ရှယ် အတီးခံေ နရပြီ။နဲတော င်နဲသေးတယ်။
written by ဖိုးသုည, September 08, 2011
ကိုတာတေ ဒီတခါ နာမည်ပေး တာညံသွားပြီး အမှန် ကနေ့နံသင့် ဇာတ်နံမည်က အင်္ဂါံဇာတ်ဗျ
written by u PN wara, September 08, 2011
ဟုတ်မယ်ဗျ ဆော်ကြမ်းက သူတို့ ကို လူထုက အဖက် မလုပ်ဘဲ ဒေါ်စု ပုံပါတဲ့ သတင်းဂျာနယ်ကို
ဈေးတင်ရောင်းလဲ ၀ယ်ယူအားေ ပးကြတာဆိုတော့ စိန်ဆော်ကြမ်း မနာလို အူတိုတာဖြစ်မယ်။
တာတေရဲ့  ကလိချက်တွေက စိတ် အပန်းပြေတယ်ဗျာ- တာတေ ကျမ္မာပါစေ။
ဈေးတင်ရောင်းလဲ ၀ယ်ယူအားေ ပးကြတာဆိုတော့ စိန်ဆော်ကြမ်း မနာလို အူတိုတာဖြစ်မယ်။
တာတေရဲ့  ကလိချက်တွေက စိတ် အပန်းပြေတယ်ဗျာ- တာတေ ကျမ္မာပါစေ။
written by ဇွဲကပင်သား, September 08, 2011
မိုက်သဗျာ၊ တကယ်လဲ အပြင်မှာ အဲဒီအတိုင်းပဲ ဖြစ်နိုင်တယ်။ နို့ မဟုတ်ရင် သတင်းစာ လွတ်လပ်ခွင့်လေး ရလာပြီလို့ ၊ အများက ချီးကျူးနေတာကို၊ အသာလေးမှိန်းပြီး၊ နာမည်ကောင်း ယူလိုက်ရင် ရနေတာပဲဟာ။ မနာလိုစိတ် အတော်ကြီးတဲ့ ၀န်ကြီးပဲ။ ပြန်ကြားရေးဝန်ကြီး နှိပ်စက်တာ ခံနေရတာ၊ မြန်မာတနိုင်ငံပဲ ရှိမယ်ထင်တယ်။
written by Yo, September 08, 2011
Just one question, how about Wikileaks? US CL supports freedom of speech but why they sue the founder of Wikileaks with criminal law that is misuse of prostitution. hahaha They can't sue that guy with any laws except .... but they want to sue him right?
Write comment
| < Prev | Next > |
|---|







