ဖိအားပေးမှုအဆင့်ကို ကျော်၍

ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် ချထားရာမှ ၎င်းအိမ်အတွင်း အင်းလျားကန်မှ တဆင့် ရေကူးဝင်သည် ဆိုသော မစ္စတာ ယက်ထောကြောင့် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ၊ ရုံးတင် တရားစွဲဆိုသည့် အတွက် နိုင်ငံတကာအသိုင်းအဝန်းနှင့် ကမ္ဘာ့ ခေါင်းဆောင်များ၊ နိုဗဲယ်ဆုရှင်များ အပါအဝင် နာမည်ကြီး ထင်ရှားသူအများစုတို့က ပြင်းပြင်းထန်ထန် ဝေဖန်နေကြချိန်အထိ သိသာထင်ရှားစွာ နှုတ်ဆိတ်နေကြသူများ ရှိနေသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ထပ်မံ တိုးမြှင့်လိုက် သော်လည်း
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သည့် တရုတ်နှင့်အိန္ဒိယတို့က ယခုအချိန်ထိ ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်၍ မည်သည့်ထုတ်ပြန်ချက်၊ စကားတခွန်းမှ မဆိုသေးပေ။

သူတို့ဘာကြောင့် နှုတ်ဆိတ်နေကြသည်ကို ရှည်ရှည်ဝေးဝေး စဉ်းစားကြည့်ရန်မလိုဘဲ သိနိုင်သည်။

နှစ်နိုင်ငံစလုံးက မြန်မာပြည်၏ သယံဇာတများကို ဈေးသက်သာစွာ ဝယ်ယူသုံးစွဲနေသူများ ဖြစ်သလို အကျိုး အမြတ်များစွာ ရရှိသည့် အဓိက ကုန်သွယ်ဖက် နိုင်ငံအဖြစ်လည်း မြန်မာပြည်ကို အားကိုးနေရသည့် နိုင်ငံ များ ဖြစ်သည်။

ထို့ပြင် တရုတ်အစိုးရက မြန်မာစစ်အစိုးရကို လက်နက်များ ရောင်းချနေသလို အတိုးမဲ့ချေးငွေများ ဖြင့်လည်း နှစ်စဉ်ထောက်ပံ့ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေနှင့် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကို မည်သည့် အကြောင်းပြချက်နှင့်မှ အပျက်ခံလိမ့်မည်မဟုတ်ပေ။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် သူတော်ကောင်းယောင် ဆောင်သော အိန္ဒိယနိုင်ငံသည်လည်း စစ်အစိုးရကို ခယဝပ်တွားချင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအရေးကို ထောက်ခံ ခဲ့သည့် ၎င်း၏ မူဝါဒကို လုံးဝ ပြောင်းလဲလိုက်သည်။

မြန်မာပြည် ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ မိုးမှောင်ကျနေသည့် ယခုလိုကာလမျိုးတွင် အာရှနိုင်ငံအများစု အနေနှင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ၎င်းတို့၏ သဘောထား များကို ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ပြသဖို့ အကောင်းဆုံးအချိန်လည်းဖြစ်သည်။ အထူးသဖြင့် အရှေ့တောင်အာရှနှင့် အာဆီယံနိုင်ငံများက ထိုသို့သော် ဖော်ထုတ်ပြသမှုများ ပိုမို ပြုလုပ်သင့်သည်။

မေလ ၁၉ ရက်နေ့တွင်တော့ အာဆီယံ၏ ပထမဆုံးသော ထုတ်ပြန်ချက် ထွက်ပေါ်လာ ခဲ့သည်။

“မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်သောကြောင့် အာဆီယံက လိုက်နာကျင့်သုံးနေသော လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာသော အားဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ဆေးကုသခွင့် ပုံမှန်ပေးရန်နှင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်” ဟု ၎င်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ၆ နှစ် ဆက်တိုက် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရရုံမက ယခုအခါ အင်းစိန်ထောင် တရားခွင်တွင် အများပြည်သူ ကြားနာခွင့်မရှိသည့် တခါးပိတ်တရားစီရင်ခြင်း ခံနေရသည်။

စစ်အာဏာရှင်များ၏ မတရားအမှုဆင် စွဲဆိုမှု ဆိုသည်ကလည်း ထင်ရှားလျှက်ရှိသည်။ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအသီးသီး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် အာရှ နိုင်ငံများက ပြင်းပြင်းထန်ထန် အင်နှင့်အားနှင့် စစ်အစိုးရကို ဖိအားပေးသင့်သည့် အချိန်ဖြစ်သည်။

တောင်းဆိုမှုများ၊ ထုတ်ပြန်ချက်များနှင့် ဝေဖန်ပြစ်တင်ပြောဆိုမှုများက လိုအပ်သည်ဆိုသော်လည်း နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပန်းနှင့် ပေါက်သည့်နှယ် ဖြစ်နေသည်။ ထို့ထက် ကျော်လွန်ကာ မည်သို့ ဖိအားပေး အရေးယူဆောင်ရွက်မည် ဆိုသည့်အချက်ကို နိုင်ငံတကာက စဉ်းစားရမည့် အချိန်ဖြစ် သည်။

အားကိုးရာမဲ့နေသည့် ပြည်သူလူထုကလည်း ထိုသို့ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို စောင့်စားမျှော်လင့်နေသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူနှင့် သူ၏စစ်အစိုးရအပေါ် သိသာထင်ရှားကာ ထိရောက်သည့် အရေးယူမှုများ မပြုလုပ်သေးသည့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကို သွေးတိုးစမ်းမှုများ ဆက်တိုက်ဆို သလို ပြုလုပ်နေဆဲဖြစ်သည်။ သူ၏ သွေးတိုးစမ်းမှုက နောက်ဆုံးအဆင့်ထက် ဘောင်ကျော်သွားပြီဟုပင် ဆိုနိုင်သည်။

တိတ်ဆိတ်စွာနေခြင်းသို့မဟုတ် သိမ်မွေ့စွာ ပြောဆိုနေခြင်းက အာဏာရှင်စစ်အစိုးရကို ပိုနေမြဲ ကျားနေမြဲ အတိုင်း စိတ်ထင်ရာ လုပ်ခွင့်ရစေရန် အားပေးနေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။     ။
Comments (2)Add Comment
0
right
written by khin, March 19, 2010
Right
Action means Acting like Hero.
0
Action...Action
written by My sentiment exactly!, May 19, 2009
Burmese generals don't care NATO (No Action Talk Only). Intense action should be taken by international.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်