ဤသို့သော အငြင်းအခုန်ဖြစ်ဖွယ် အမြင်မှာ မိမိတို့ ကိုယ်မိမိတို့ မြန်မာပြည်အရေး ကျွမ်းကျင်သူများဟု ယူဆနေကြသူ "တတိယအင်အားစုဝင်" များက ၀ါဒဖြန့်ချိနေကြခြင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်များအတွင်း ၎င်းတို့ ခေါင်းပြူထွက်နိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းရင်း ဤသို့ ပြောဆိုနေခဲ့ကြခြင်း ဖြစ်သည်။ ဧရာဝတီမဂ္ဂဇင်းအနေဖြင့် ဤသို့သော ယုံမှတ်မှားချက် အမြင်ကို အနားပေးရန် သင့်ပြီဟု ယုံကြည်သည့်အလျှောက် တုံ့ပြန်ရေးသားရခြင်း ဖြစ်သည်။
နောက်ဆုံးဖြစ်ရပ်မှာ ဤသို့မသမာသော အကြံအစည်ဖြင့် ရေးသားထားသည့်စာကို ဇူလိုင်လ ၂၃ ရက်နေ့ထုတ် "သည် အီကော်နော်မစ်" (The Economist) စီးပွားရေးမဂ္ဂဇင်းတွင် ဖော်ပြလာခဲ့သည်။ "အမျိုးသမီးအနေနှင့် ပြောင်းလဲရန် သင့်ပေ ပြီ" (The Lady should be for turning) ဟူသော ဆောင်းပါးပါ ဖော်ပြချက် ဖြစ်သည်။
ဤဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ် အိမ်အကျယ်ချုပ်ကျခံရသည့် အနှစ် (၂၀) မြောက်သည့် နေ့မှစ၍ စတင်ဖော်ပြခဲ့ပြီး သူ၏ ဆယ်စုနှစ် ၂ ခုကျော်ကာလ ရင်ဆိုင်ခဲ့ရသော ရဲစွမ်းသတ္တိနှင့် ပုဂ္ဂိုလ်ရေးအရ စွန့်လွှတ် အနစ်နာခံမှုများကို ပစ်ပယ်၍ ရေးသားထားသည်။ (ယခင်က ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာတွင် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက ရေးသား ဖော်ပြချက်ကဲ့သို့ အမှားမျိုး မဖြစ်ရလေအောင်တော့ ရှောင်လွှဲရေးသားခဲ့သည်မှာ သံသယ ဖြစ်ဖွယ် မရှိပါ။ ၎င်း ဂါးဒီးယန်းပါ သတင်းစာဆောင်းပါးမှာ "ကိစ္စများအားလုံး ပြီးဆုံးပြီးသည့်နောက် ထင်သလို သူရဲကောင်း ကြီးလည်း မဟုတ်ပါ" (Not such such a hero after all) ဟု ခေါင်းစဉ်အမည်ပေးထားခဲ့ပြီး နောက်ဆုံးတွင် အကြိမ်ကြိမ် ပြန်လည် ပြင်ဆင်ရမှုများ၊ လူသိရှင်ကြား တောင်းပန်ရမှုများနှင့် အဆုံးသတ်ခဲ့ရဖူးသည်။)
သမားရိုးကျပုံစံများဖြင့် ဆောင်းပါးကို ခင်းကျင်းလာခဲ့သော်လည်း စာရေးသူက "တိုးတက်ပြောဆိုလာနေကြသော အမြင် များ" ဟူ၍ ကိုးကားပြီး ဒေါ်အောင်ဆန်းစုကြည်သည် "စံပြုစရာ ခေါင်းဆောင်လော၊ အခက်အခဲလော" ဟု မေးခွန်းထုတ် လာခဲ့သည်။ ပို၍ တိတိကျကျဖော်ပြရလျှင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ကို ပါးနပ်စွာ တိုက်ခိုက်ထားပြီး မြန်မာနိုင်ငံ စီးပွားရေးပျက်ယွင်းရမှု၏ အကြောင်းရင်း တခုသဖွယ် သတ္တုချ ဖော်ပြထားသည်။ ထို့ နောက် ဒီမိုကရေစီအရေးအတွက် အဓိပ္ပာယ်ရှိသော တိုးတက်ဖြစ်ထွန်းမှုများ မရရှိနိုင်သည့်အခြေအနေကိုလည်း ထောက်ပြထားခဲ့သည်။
ဤသို့ တစုံတဦးက စွပ်စွဲလာမည် ဆိုပါက ဤသို့ စဉ်းစားတွေးခေါ်မှုပုံစံသည် သူ့တဦးတည်းအတွက် လက်ခံနိုင်ဖွယ် ထင် ရှား ပေါ်လွင်နေသည် ဆိုဦးတော့ ငြင်းပယ်မှုအများအပြား ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ပါသည်။ ဤအခြေအနေမျိုးကို စာရေး သူကလည်း လိုလားမည် မဟုတ်ပါ။ သို့သော်လည်း တင်ပြထားသည့် ဆွေးနွေးချက်အပေါ်တွင် အခြေခံကျသည့် အမှား များကို မိမိတို့က ဖော်ထုတ် ထောက်ပြလိုပါသည်။ သို့မှသာ အမှန်ကို မြင်အောင် မှတ်ကျောက်တင်နိုင်လိမ့်မည် ဖြစ်သည်။
ပထမ ထောက်ပြလိုသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံများ၏ မူဝါဒများကို သြဇာလွှမ်း ထားခြင်း မဟုတ်ပါ။ များသောအားဖြင့် အနောက်တိုင်းမှ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ဒေါ်အောင် ဆန်းစုကြည် ၏ ပုဂ္ဂိုလ်ရေး ကံကြမ္မာနှင့် တွဲချိတ်ထားတတ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဤမူဝါဒများ နောက်ကွယ်မှ တွန်း အား၊ အင်အားတခု မဟုတ်ပါ။ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အကယ်၍ ဒေါ်အောင် ဆန်းစုကြည်ကို လွှတ်ပေးလျှင် အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ်ရန် အသင့်ရှိနေကြောင်း မကြာသေးမီက ပြောခဲ့သည့်အခါ သူ၏ အမြင်အရ ဖော်ပြပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။ အထိန်းသိမ်းခံနေရသည့် ခေါင်းဆောင်နှင့် ညှိနှိုင်းတိုင်ပင်၍ ပြောဆိုခဲ့ခြင်း မဟုတ်ပါ။
တနည်းပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုအပေါ် ယခင်က သူ၏ ရပ်တည်ချက်ကို ပြောင်းလဲ၍ ပြောဆိုလာခဲ့လျှင်သော်မှ အနောက်နိုင်ငံများက ဤပြောကြားချက်အတိုင်း အလိုအလျောက် လိုက်လံ လုပ်ဆောင်မည်ဟု မဆိုနိုင်ပါ။ သို့အတွက်ကြောင့် နိုင်ငံရပ်ခြားအစိုးရများက လုပ်ဆောင်နေကြသော ဆုံးဖြတ်ချက်များ အတွက် ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်ရှိသည်ဟု စွပ်စွဲနေကြခြင်းမှာ လုံးဝ မမျှမတ ဖြစ်နေပါတော့သည်။
မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု အကြောင်းအရင်းမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်သည်ဟု ဖော်ပြနေကြခြင်းမှာလည်း အချက်အလက်များကို ပုံဖျက် ဖော်ပြနေကြခြင်းသာ ဖြစ်သည်။ မြန်မာ နိုင်ငံ ကဲ့သို့သော သဘာဝသယံဇာတ ပေါကြွယ်ဝ သည့် နိုင်ငံတခုတွင် ပြည်သူလူထုကို မထောက်ပံ့နိုင်ဘဲ ဖြစ်နေရသည့် အဓိက အကြောင်းရင်းမှာ အစိုးရက တာဝန်ယူ တာဝန်ခံမှု လုံးဝကင်းမဲ့နေခြင်းသာ ဖြစ်သည်။
နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ မရရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ရှိမနေခြင်းကြောင့် မဟုတ်ပါ။ မြန်မာနိုင်ငံရှိ ကြွယ်ဝလှသည့် သဘာဝ သယံဇာတများကို လာရောက်ခေါင်းပုံဖြတ် အမြတ်ထုတ်ယူကြမည့် နိုင်ငံရပ်ခြားမိတ်ဆွေများကို ရှာဖွေရေး၌ စစ် အစိုးရအတွက် အခက်အခဲမရှိလှပါ။ သို့သော်လည်း ဤသို့ နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုများကို အလုံးစုံ ခိုးဝှက် ချရောင်းလိုက်သည့် ငွေကြေးဘဏ္ဍာများသည် နိုင်ငံရပ်ခြားရှိ ဘဏ်စာရင်းများ၌သော်လည်းကောင်း၊ သို့မဟုတ် နေပြည်တော်၌ ဥမင် လိုဏ်တည်ဆောက်ရေးလုပ်ငန်းများ၌ နိဂုံးချုပ် အဆုံးသတ်သွားကြပါသည်။ ဒေသတွင်း စီးပွားရေး လုပ်ငန်းများအတွင်းသို့ ဤဘဏ္ဍာငွေများက ပြန်လည်စီးဆင်းလာခြင်း မရှိသလို၊ နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လည်း အကျိုးမဖြစ်ထွန်းစေပါ။
The Economist မဂ္ဂဇင်းက မှတ်ချက်ပြုခဲ့သလို မြန်မာနိုင်ငံက ရရှိသည့် နိုင်ငံတကာ တရားဝင်အကူအညီများမှာ နိုင်ငံက လိုအပ်သည်ထက် လျော့နည်းနေသည်ဆိုသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဤသို့ဖြစ်ရသည်မှာလည်း နိုင်ငံတကာအလှူရှင် များက စစ်အစိုးရကို ယုံကြည်မှု ရှိမနေသောကြောင့်ပင် ဖြစ်သည်။ သူတို့က စစ်အစိုးရအနေနှင့် ၎င်းအကူအညီများကို သင့် လျော်သလို အကျိုးရှိရှိ သုံးစွဲလိမ့်မည်၊ အကူအညီပေးသည့် အေဂျင်စီအဖွဲ့များနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လိမ့် မည်ဟု ယုံကြည်ထားခြင်း မရှိကြပါ။ ထိုသူများက အလှူငွေများကို ပေးအပ်ရေး ထိန်းချုပ်ထားကြသည်မှာလည်း မြန်မာ နိုင်ငံရှိ ဒီမိုကရေစီခေါင်းဆောင်ကို ထောက်ခံမှုပြသသောကြောင့် မဟုတ်ရပါ။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ယခု တွက်ချက်ထားမှုထဲမှ ဖယ်ရှားလိုက်လျှင်သော်မှ စစ်အစိုးရကို ထောက်ခံပြောဆိုနေသူများ၊ မိမိကိုယ်ကို လက်တွေ့ကျ သည့် သဖွယ် ဟန်ဆောင်ပြောဆိုနေကြသူများ ကာလကြာရှည်ပြောဆိုလာကြသလို အခြေအနေက ပြောင်းလဲသွားလိမ့် မည် မဟုတ်ပါ။ နာဂစ်မုန်တိုင်းနောက်ပိုင်းကာလကို ပြန်ကြည့်လျှင်ပင် စစ်အစိုးရက အကူအညီများကို ချောမွေ့လျှင်မြန် စေရန် ကူညီရမည့်အစား၊ ပိတ်ဆို့မှုများပင် လုပ်ဆောင်ခဲ့သေးသည်။
ကမ္ဘာကြီးက မြန်မာနိုင်ငံသို့ အကူအညီများတိုး၍ ပေးအပ်လိုသည့် ယခုကာလမှာပင် စစ်အစိုးရက အတိုက်အခံအင်အားစု များကို တင်းကျပ်၍ ဖိနှိပ်နေသည့်အချက်မှာ မြန်မာစစ်ဗိုလ်ချုပ်များအနေနှင့် ပြည်သူများ ခံစားဒုက္ခတွေ့နေရသည်ကို အကြောင်းပြု၍ သူတို့အကျိုးအတွက် အမြတ်ထုတ်လိုသည့် ဆန္ဒပေါ်လွင်ထင်ရှားနေပါတော့သည်။ ဤသို့ဆောင်ရွက်နေ ခြင်းဖြင့် သူတို့က နိုင်ငံတကာမိသားစုကို ၂ ခုထဲမှ တခု ကြိုက်ရာရွေးခိုင်သည့်သဖွယ် ဖြစ်နေစေသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်မည်လော၊ ကျန်သည့် နိုင်ငံသားများကို ကယ်တင်မည်လောဟု ရွေးချယ်ခိုင်းသည့် နှယ် ရှိနေသည်။ အကယ်၍ ဤရွေးချယ်မှုသည် အဓိပ္ပာယ်ရှိသော ရွေးချယ်ရန်ကိစ္စ ဖြစ်ပါက ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က ဒုတိယအဖြေကို ရွေးချယ်ရန် မဆိုင်းမတွ တိုက်တွန်းပါလိမ့်မည်။ သို့သော် ဤသို့မဟုတ်ပါ။ ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံရေးအင်အားစုတခုအဖြစ်မှ ဖယ်ပစ်ရန် ကြိုးပမ်းနေခြင်းဖြင့် ဗိုလ်ချုပ်များအတွက်လည်း ရေရှည်ခံစားရမည့် အကျိုးအမြတ်များ ဖြစ်ထွန်းလာဖွယ် မရှိပါ။
The Economist မဂ္ဂဇင်းက အခြားသူများကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချပြစ်တင်ဝေဖန်ရန်အတွက် ရည်ရွယ် ချက် ရှိပုံမရပါ။ သို့သော်လည်း ယခုတင်ပြထားသည့် အမြင်များနှင့် ကွဲလွဲနေသည့်၊ သို့မဟုတ် ယခုတင်ပြထားသူများ အပေါ် သံသယဖြစ် လာစေမည့် အမြင်များကို တင်ပြထားခြင်း မရှိပါ။ လက်ခံကျေးဇူးတင်ဖွယ် အမြင်တခုမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိမှ နိုင်ငံရေးအတွက် တွန်းအား၊ ကောင်းကျိုးများ ဆောင်ကျဉ်းလာမည်ဟူသော အမြင်ပင် ဖြစ်ပါသည်။
သို့အတွက်ကြောင့် ၎င်းမဂ္ဂဇင်းက"သတ္တိကောင်းလှသော အမျိုးသမီး" အနေနှင့် "ဖွံ့ဖြိုးရေးသည် ဒီမိုကရေစီရေး အတွက် ပို၍မြန်သောလမ်းဖြစ်မည်" ကို ၀န်ခံလာလိမ့်မည်လောဟု မေးခွန်း ထုတ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နှင့် ဗီယက်နမ်နိုင်ငံများ၏ အတွေ့အကြုံကိုဖယ်၍ ဤနှစ်နိုင်ငံကို မြန်မာနိုင်ငံက အတုယူနိုင်ဖွယ်ရှိသော ပုံစံအဖြစ် ဖော်ပြခဲ့ခြင်းကို လုံးဝလက်ခံနိုင်ဖွယ် မရှိပါ။ မြန်မာစစ်အစိုးရက ဘေဂျင်းနှင့် ဟနွိုင် အစိုးရများထံမှ အတုယူ လေ့လာရ မည့်အစား၊ မြောက်ကိုရီးယား ပြုံယန်းအစိုးရကို အားကျနေသည်ဆိုသည့် အချက်ကို စာရေးသူက မေ့လျော့ထား ပုံ ရပါ သည်။ အကယ်၍ ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် ဒီမိုကရေစီ ရနိုင်သည်ဟူသော အပြောကို ယုံကြည်စေလိုသည် ဆိုလျှင် ဖြင့် အင်ဒိုနီးရှားနိုင်ငံ ဥပမာကမှ တော်သေးသည်ဟု ဆိုရပါလိမ့်မည်။
The Economist မဂ္ဂဇင်းက "ဖွံ့ဖြိုးတိုးတက်မှုဖြင့် နိုင်ငံရေး ရေခံမြေခံကို အလျှင်အမြန် ပြောင်းလဲသွားစေ ဖွယ်ရှိသည်။ အင်ဒိုနီးရှားတွင် နောက်ဆုံး ဖြစ်ပေါ်လာသကဲ့သို့ဟု ဆိုရမည်" ဟု မြန်မာ့သမိုင်းပညာရှင် ဦးသန့်မြင့်ဦးကို ကိုးကား၍ ဤ အမြင်ကို ဖော်ပြခဲ့သည်။ အကယ်၍ အင်ဒိုနီးရှားနိုင်ငံ အတွေ့အကြုံကို မြန်မာနိုင်ငံတွင် အသုံးချနိုင်သည်ဟုဆိုပါကလည်း များစွာ လက်ခံဖွယ်ကောင်းသော ဥပမာ မဟုတ်ပါသေးချေ။ ဆူဟာတို လက်အောက် ခြစားမှုနှင့် ရက်စက် ကြမ်းကြုတ်မှု များ တင်းကြမ်းပြည့်နေသော အခြေအနေတွင် နှစ်ပေါင်း ၃၀ ကျော်ဖြတ်သန်းပြီးမှ စီးပွားရေးပျက်ကပ်အပြီး အင်ဒိုနီးရှား စီးပွားရေးအပြိုကာလ ၁၉၉၀ ခုနှစ်များ နှောင်းပိုင်း သွေးထွက်သံယို လူထုမငြိမ်သက်မှုများ ကြုံရပြီးမှသာ ဒီမိုကရေစီစနစ် သို့ ပြောင်းလဲဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဦးသန့်မြင့်ဦးနှင့် စီးပွားပိတ်ဆို့မှု ဆန်ရှင်ကို ဆန့်ကျင်နေကြသူများ က မြန်မာနိုင်ငံကို ဖြစ်စေလိုသည့် နမူနာလောဟု မေးခွန်းထုတ်ဖွယ် ရှိနေပါသည်။
ဤသို့ဆိုပါက ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့ သော လူထုအုံကြွမှုမျိုးကို ပြန်လည်တောင်းဆိုရန် မည်မျှလိုလားကြပါသနည်း ဟုလည်း မေးဖွယ် ရှိနေပြန်သည်။
အကယ်၍ အင်ဒိုနီးရှားနိုင်ငံ အတွေ့အကြုံမှ သင်ခန်းစာထုတ်ယူစရာ ရှိသည်ဆိုဦးတော့၊ ဖိနှိပ်မှုများမှနေ၍ အကြမ်းဖက်မှု များ ပေါ်ပေါက်စေသည်ဟုသာ သင်ခန်းစာ ထုတ်ယူရန် ရှိပါသည်။ တိုင်းပြည်ကို တ၀ဲလည်လည် ထိုးကျဆင်းနေစေသော အဆိုးသံသရာကို ရပ်ဆိုင်းဟန့်တားနိုင်ရန်အတွက် သံလက်သီးဖြင့် အုပ်ချုပ်သော စနစ်မှလွဲ၍ အခြားရွေးချယ်စရာ နည်း လမ်းမှာ တခုတည်းသာ ရှိပါသည်။ ဤအဆိုးသံသရာကြောင့် ဖောက်ပြန်ဆိုးရွားသည့် အာဏာရှင်စနစ်များ နိဂုံးချုပ်ရခြိမ့် မည်ဟု သင်ခန်းစာ ထုတ်ယူရန်သာ ရှိပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ကြံခံရသူ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဆူကာနို၏ သမီးဖြစ်သူ မေဃာဝတီ ဆူကာနိုပူထရီ က နိုင်ငံ ချောက်ထဲကျလုဆဲဆဲ အခြေအနေမှ ပြန်လည်ကောင်းမွန်တည့်မတ် လာစေရေးအတွက် လမ်းညွှန်ပြရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ သမ္မတတဦးကဲ့သို့ သူက ထိရောက်စွာ မဆောင်ရွက်နိုင် သော်လည်း ပို၍ စွမ်းရည်ထက်မြက်သည့် နိုင်ငံရေးသမားများ နေရာယူနိုင်ရန် လမ်းခင်းပေးနိုင်ခဲ့ပြီး ပို၍တည်ငြိမ်သည့် နိုင်ငံရေးစနစ်တခုကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ အလားတူအခွင့်အရေး ရခဲ့ပါကလည်း အလားတူ စွမ်းဆောင်နိုင်မည်သာ ဖြစ်သည်ဟု ယုံကြည်သည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအုပ်ချုပ်နေသူများအနေနှင့် ဤသို့ဖြစ်ပေါ်လာမည့်အရေးကို ကြိုတင် ၍ မမြင်နိုင်ကြခြင်းပင် ဖြစ်သည်။ အင်ဒိုနီးရှားခေါင်းဆောင် မေဃာဝတီနှင့် မတူကွဲပြားသောအချက်မှာ သူက ဆူဟာတို အာဏာမှ မဆင်းရမီကတည်းက အင်ဒိုနီးရှားလွှတ်တော်တွင် နေရာယူ လှုပ်ရှားနေခဲ့သူတဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်မှာ ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း အချိန်အများစုတွင် ချုပ်နှောင်ခံထားရပြီး သူ၏ အချိန်ကို ကုန်ဆုံး ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အထီးကျန်ဖြစ်အောင် ထားခဲ့သလို နှုတ်ပိတ် အသံတိတ်စေရန်လည်း လုပ်ဆောင်ခဲ့ ကြသည်။ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုအပေါ် သူ၏ ရပ်တည်ချက်ကို ပြန်၍ ဆင်ခြင်သုံးသပ်နိုင်ရန် အခွင့်အလမ်းဖြစ်စေ၊ အကြောင်းပြချက် ဖြစ်စေ ပေးအပ်ခဲ့ကြခြင်း မရှိပါ။
တချို့သော အနောက်တိုင်းသတင်းစာဆရာများက ဒေါ်အောင်ဆန်းစုကြည်၏ အဆင့်နေရာကို The Economist မဂ္ဂဇင်း က ဖော်ပြထားခဲ့သလို၊ "ဒီမိုကရေစီအရေး ပိုစတာထဲမှ အမျိုးသမီးလေး"သဖွယ်ထား၍ သူ့ကို ပစ်ပယ်ရန် မြင်နေကြသည် မှာလည်း ၀မ်းနည်းဖွယ်ပင် ဖြစ်တော့သည်။ ထိုသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်အတွက် အလွန် အကျိုး ယုတ်စရာ အကြောင်း ပြုနေကြသည်ဟု ဆိုရပေတော့မည်။ အနောက်တိုင်းသတင်းမီဒီယာများက ဝေဖန်ပိုင်းခြားမှု မရှိဘဲ ကြည်ညို လေးစားစိတ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း အမှားရေးကြသလို၊ တချို့ကလည်း ဒေါ်အောင်ဆန်း စုကြည်၏ သူရဲကောင်း ခေါင်းဆောင်ပုံရိပ်ကို ပြန်ဆွဲချနိုင်ရန် တဖက်အစွန်းရောက် ပြုနေကြပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခွင့်မရှိ၊ ဤသို့ ဝေဖန်စရာများ ကင်းလွတ်နေသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် လည်း မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ဆင်းရဲဒုက္ခအလုံးစုံအတွက် ပုံချပြစ်တင်ဝေဖန်နေခြင်း (တနည်းအားဖြင့် သွယ်ဝိုက်၍ ပြစ်တင်နေခြင်း) သည် လုံးဝလွဲချော် မှားယွင်းနေသော ကိစ္စဖြစ်ပါ သည်။ မေးစရာရှိလာသော မေးခွန်းမှာ The Economist မဂ္ဂဇင်းက ဤမျှကြီးမားသော အမှားကို ၀န်ခံပါမည်လော ဟူ၍ပင် ဖြစ်ပါတော့သည်။
ဧရာဝတီမဂ္ဂဇင်း၏ အွန်လိုင်း အယ်ဒီတာ့ အာဘော် Lay Off the Lady ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Set as favorite
Bookmark
Email this
Hits: 6170
Comments (7)

written by ??????????, November 21, 2009
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်တာက သူတို. ဒမြတိုက်ပြီး စီးပွါးပျက်အောင် လုပ်ထားတာတွေ ပေါ်မှာစိုး လို. နိုင်ငံခြားသား journalist ကို ဒေါ်လာစိတ်ကြိုက် ပေးပြီး ရေးခိုင်းထားတာ လူတိုင်း သိနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကလဲ စီးပွါးပိတ် ပေးကြပါလို. မတိုက်တွန်းရဘဲ ယောက်ျားတွေဖြစ်တဲ့ ဗိုလ်ချုပ်တွေ က ငါးစိမ်းသယ် တွေလို အရှက်မရှိ တဖက်သတ် စွပ်စွဲနေကြတဲ့ ကောင်တွေဘဲ။ အမျိုးသမီး တစ်ယောက်လောက်မှ ရဲရင့်တည်ကြည်မှု မရှိတဲ့သူတွေ အုပ်ချုပ်ခံနေရတာ တိုင်းပြည်နာတာပေါ့။ နိုင်ငံခြားမှာ ရောက်နေတော့မှ သူတို.အကြောင်း အကုန်သိရတော့တယ်။ မြန်မာပြည်ထဲမှာတော့ သူတို.ဘက်သား ဖါးသတင်းစာတွေ က ရေးထားတဲ့ ဘုန်းတော်ဘွဲ.တွေနဲ. အရှိန်တက်နေကြတာ။ နေပြည်တော် ကိုငွေပေါင်း မြောက်များစွာ အကုန်ခံပြီးတယ်တော့ တိုင်းပြည်မွဲတာပေါ့။ နောက် ဘိန်း ရောင်းလို. ကြီးပွါးနေတဲ့ လုပ်ငန်းရှင်ကို ငွေဖြူဖြစ် အောင် လုပ်ပေးတဲ့အနေနဲ. ဘာဆင်ခြင်မှုမှ မရှိဘဲ ထင်ရာစိုင်းပြီး နေပြည်တော်မှာ နိုင်ငံတကာ လေဆိပ်ဆောက် ခိုင်းပြီးငွေချေ ပေးနေတာ တိုင်းပြည်ရဲ.ငွေကို ဘိန်းဝယ်နေသလို ခံစားရတယ်။ တိုင်းပြည်ဘဲမွဲပြာ ကျမှာဘဲ။ ဘယ်နိုင်ငံက လေယျာဉ် ကရော နေပြည်တော်မှာ ဆင်းမှာလဲ။ နေပြည်တော်က ဘယ်သူတွေ နိုင်ငံခြားလေ ယျဉ်စီးကြမှာလဲ။ ငွေသောက်သောက်လဲ ကုန်ပြီး ဗိုလ်ချုပ်တွေရဲ. အိပ်ကပ်သာဖေါင်းသွားမယ်။ ပြည်သူကတော့ ငတ်ပြတ်နေမှာဘဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ. ဘာမှမဆိုင်တာ ကျုပ် တို.အားလုံး သိပြီးသားပါဗျာ။ မခံချင်လို. ပြန်ရေးရတာပါ။

written by may, August 18, 2009
ပိတ်ဆို့တာ မကောင်းဘူး လူထု နစ်နာတယ် ဆိုပြီး ပြောနေကြတာ ဘယ်သူတွေလဲ။ (၁)နအဖ (၂) အချို့သော အကျိုးစီးပွား လိုလားသော နိုင်ငံများ ဖြစ်တယ်။
- နအဖကတော့ ရှင်းပါတယ်။ အားလုံး သိတဲ့အတိုင်း ဘယ်သူ့အကျိုးကို ကြည့်မယ် ဆိုတာ သိကြပါတယ်
- အကျိုး စီးပွား လိုလားသော နိုင်ငံများ ဆိုတာ မြန်မာ ပြည် လူထု အကျိုးကို ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး။ သန်း ၅၀ သော စားသုံးသူ လူဦးရေကို ကြည့်ပြီး မိမိနိုင်ငံရဲ့ အကျိုးစီးပွား တိုးတက်အောင် လုပ်ဘို့ စဉ်းစား နေသူတွေ ဖြစ်ပါတယ်။
- သန်း ၅၀ သော စားသုံးသူတွေ အတွက် ကုန်ထုတ်လုပ် တင်သွင်း နိုင်ရင် ရမယ့် အကျိုး အမြတ်ကို စဉ်းစားကြည့်ရုံနဲ့ သိပါတယ်။ မြန်မာပြည်က ထွက်တဲ့ သဘာဝ သယံဇာတ ပစ္စည်းတွေ၊ နဲ့ကုန်ကြမ်း အမျိုးမျိုးကိုပါ ထည့်ထွက် လိုက်ရင် ဘာကို လိုလို့ ပြောနေတယ် ဆိုတာ အရှင်းကြီးပါ။
စီးပွားရေး ပိတ်ဆို့တာ၊ ဗီဇာ ပိတ်တာတွေ မရှိဘူး ဆိုရင် နအဖဟာ ဒီထက် အများကြီး ပိုချမ်းသာပြီး စစ်တပ် အသုံးစရိတ် ပိုသုံးမှာ သေချာပါတယ်။ သူတို့ရဲ့  မျိုးဆက်သစ် အတွက် ငွေလမ်းခင်း အခြား နိုင်ငံမှာ ပညာ သင်စေပြီး မွေးမြူ၊ ဒီစစ်အာဏာရှင် စနစ်ဟာ ပိုပြီးတောင် အင်အားကြီး ခိုင်မာနေဦးမှာပါ။
ပြည်သူတွေက သတင်း အချက်အလက် မရ၊ အစစ အရာရာ ပညာ ပေးထားမှုတွေ မရှိ၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေ မရှိဘဲနဲ့ စီးပွားရေး လာရောက် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ အမျိုးမျိုးကြောင့် ဘာတွေ ဖြစ်နေမယ် ထင်ပါသလဲ။ လူမှုရေး ပြသနာ အမျိုးမျိုးကို ခါးစည်းခံနေရမှာ ဖြစ်တယ်။ အကျိုး အမြတ်ကျတော့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နအဖဆီ သွား လူထုကျတော့ ပြသနာတွေနဲ့ပြည့် ဖြစ်နေမှာပါ။ ယူနိုကောလ်နဲ့ တိုတယ်လ်ကိုပဲကြည့်ပါ။ တရုတ်တွေ လာလုပ်နေတဲ့ စီးပွားရော... တရုတ် တွေက ဒေသခံတွေကို အနိုင် ကျင့်ရင် နအဖက ဖြေရှင်းပေးသလား။ ဘယ်သူ့ ဘက်က ရပ်သလဲ။ အရှင်းကြီးပါ...
ကျမတို့ မြန်မာ ပြည်သူ ပြည်သားတွေ ကိုယ်ပိုင် အသိဥဏ်နဲ့ သုံးသပ်သင့်ပါပြီ။ ယောင်ဝါးဝါး မလုပ်သင့် တော့ပါဘူး။ ခံရပေါင်းများရင် လုပ်သူအပြစ် မဟုတ်ဘဲ ခံရသူရဲ့ အပြစ်သာ ဖြစ်ပါတယ်။

written by D-Wave, August 10, 2009
အချက်အလက် တချို့လောက် ဝင်ဆွေးနွေး ချင်ပါတယ်။ သူတပါး နိုင်ငံတွေမှာ ၂ဒေါ်လာလောက် ပေးရတဲ့ ဖုန်းဆင်းကဒ် တွေကို ဒေါ်လာ ၁၅၀၀ လောက်နဲ့ အမြတ်ထုတ် ရောင်းစားနေတာ ဘယ်သူတွေလဲ။ သိန်း ၃၅၀ လောက်ပေးရင် သူများတွေ ကားသစ် လိတ်တက်(စ်) မော်ဒယ်တွေ စီးနိုင်ချိန်မှာ၊ တပတ်ရစ်ကားတွေ တောင် သိန်းရာ ထောင်ချီ ပေးရအောင် အမြတ်တင်ထားတာ ဘယ်သူတွေလဲ။ တနိုင်ငံလုံးရဲ့ သွင်းကုန်ထုတ်ကုန် အမျိုးမျိုး တွေကို ကြိုးနီ စနစ်တွေနဲ့ နည်းအမျိုးမျိုးသုံး ချုပ်ကိုင်ထား ကိုယ့်ဆွေမျိုး သားချင်း တွေကိုသာ အမြတ်ထုတ် လုပ်ခိုင်းပြီး ပြည်သူတွေကို ဂုတ်သွေး စုတ်နေတာ ဘယ်သူတွေလဲ။ လဒ်ပေးလဒ်ယူ မရှိပဲ ဘယ် နိုင်ငံခြားကုမ္ပဏီ ကအလုပ်လုပ်ခွင့်ရှိလဲ ။ အခု သူတို့နဲ့ အလွမ်း သင့်နေတဲ့ တိုတယ်လို ကုမ္ပဏီ မျိုးတောင် သူတို့ လဒ်မပေးခဲ့ရပါဘူး လို့ ကျမ်းကိုင်ပြီး ပြောရဲရဲ့လား။ မီးတွေ မှန်အောင်လုပ် ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်အောင်တော့ မလုပ်ပဲ ရတဲ့ဂက်(စ်)တွေကျတော့ အပြင်ထုတ် ရောင်းစား လက်နက်တွေဝယ် ကိုယ့်အိတ်ထဲ ထည့်ရုံမက နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့တောင် ကြိုးစား ပတ်ဝန်းကျင် နိုင်ငံတွေ ကိုခြိမ်းခြောက်နေတာ ဘယ်သူတွေလဲ။ တိုင်းပြည်ရဲ့ စီးပွားရေးကို ဘယ်သူတွေ ကျဆင်းအောင်လုပ်နေတယ် ဆိုတာ အသိသာကြီးပါ။
ဒေါ်အောင်ဆန်းစုကြည် ပြောလို့ စီးပွါးရေး ပိတ်ဆို့တာလို့ ပြောရအောင် ပိတ်ဆို့ကြတဲ့ နိုင်ငံအားလုံး ပြောနေတာက ရက်ရက်စက်စက် လူ့အခွင့်အရေး ချိုးဖေါက်မှု လက်နက် အားကိုးပြီး ပြည်သူတွေကို အနိုင်ကျင့် ဖိနှိပ်မှုတွေကြောင့် လို့သာ ပြောကြတာပါ။ ဘယ်နိုင်ငံကမှ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုလို့ ပိတ်ဆို့ ထားရတာပါလို့ မပြောခဲ့ဘူး ပါဖူး။
ငြိမ်းချမ်းစွာ အကြမ်းမဖက်တဲ့ နည်းလမ်း ပြေလည်အောင် ဖြေရှင်းမယ့် နည်းလမ်းကိုသာ အမြဲ ကိုင်စွဲလာခဲ့တဲ့ အမျိုးသမီး တယောက်ကို ယောင်္ကျားရင့်မ စစ်ဗိုလ်ချုပ်ကြီးတွေက မျက်နှာချင်းတောင် မဆိုင်ရဲပဲ နှစ်ပေါင်းများစွာ အကျယ်ချုပ် ချထားခဲ့တာ၊ မတရား အမှုဆင်ပြီး ထောင်ချဖို့ ကြိုးစားနေတာကို ရှက်တတ်ရင် ကိုယ့်ကိုကိုယ် သတ်သေလို့ ရပါတယ်။ အဲဒီအပေါ်မှာ ဆက် အငြင်းပွါးချင်သေးရင် လူပုံအလယ် ကမ္ဘာ့ ပရိတ်သတ် အလယ်မှာ အမေရိကန် သမ္မလောင်းတွေ စကား စစ်ထိုးကြသလို ယှဉ်ပြော ဝံ့ရင် ကြည့်ချင်စမ်းပါတယ် စစ်ဗိုလ်ချုပ်ကြီးများ ခင်ဗျား။

written by ကျော်အောင်, August 07, 2009
တိုင်းပြည်စီးပွားရေး ကျတာဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လို့ ပြောကြတာ တွ ကြားဖူးပေါင်း များပါပြီ။ မြန်မာပြည်ရဲ့ စီးပွားရေးလောကကို သေသေချာချာ မသိသူတွေပဲ ဒီလိုစကားကို ပြောကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့်၊ အမေရိကန် အစိုးရကြောင့်၊ အီးယူကြောင့်ဆိုတဲ့ အငြင်း ပွားဖွယ်တွေ ခဏထားလိုက်ပါဦး။ ဂျပန်၊ ထိုင်းနဲ့ တရုတ်က ကားအသစ်တွေ မသွင်းဖို့ စီးပွားရေးပိတ်ဆို့မှု မြန်မာပြည် အပေါ်ကို ဘယ်သူချမှတ်ထားပါသလဲ။ ကားသွင်းခွင့်ပါမစ်တစ်စောင်ဟာ ဘယ်လောက် တန်တယ်ထင်ပါသလဲ။ မြန်မာပြည်မယ် ကြိုက်ရာကား အမျိုးအစား သွင်းခွင့်ပါမစ်တစ်စောင်ဟာ ကျပ်သိန်းနှစ်ထောင် ရှိပါတယ်။ ဒါက မြင်သာတဲ့ မော်တော်ကား ပါမစ်ကို ဥပမာပေးတာပါ။ တခြားသော ပစ္စည်းများ တင်သွင်းခွင့်တွေ မှာရော ဘယ်လို အကန့်အသတ်တွေရှိသလဲ စုံစမ်းကြည့်ပါဦး။ မြန်မာပြည် စီးပွားရေးမဖွံ့ဖြိုးတာဟာ စီးပွားရေးပိတ်ဆို့မှု ကြောင့် မဟုတ်ပါဘူး။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့ ညံ့ဖျင်းမှန်း သိသော်လည်း မိမိတို့ ကိုယ်ကျိုးစီးပွား တစ်စုံတစ်ရာ ရှိနေသူတွေက မသိယောင်ဆောင် နေကြလို့ပါ။ ပြောရရင် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတဲ့ လူတန်းစားက ကြီးစိုးခြယ်လှယ်ပြီး Elite လူတန်းစား တစ်ရပ်ကို တည်ထောင်နေကြ လို့ပါ။
ုမြန်မာ့ရွှေဖြူဆိုပြီး ရာဘာတွေ အတင်းစိုက်ခိုင်းခဲ့တယ်။ သစ်ဆိမ့်ကနေ ဆီထုတ်ပြီး စားသုံးဆီ ဖူလုံစေမယ်ဆိုပြီး အစိုက်ပြပြန်တယ်။ ဆီအုန်းတွေကို စားအုန်းဆီ အစားထိုးဆိုပြီး ဧကပေါင်းများစွာ စိုက်ပြန်တယ်။ ဒီဇယ် တင်သွင်းရခြင်း သက်သာစေဖို့ ကြက် ဆူတွေကို ထောင်နဲ့ချီတဲ့ ဧကတွေနဲ့ ရပ်ကွက် လမ်းကြို လမ်းကြားမကျန် စိုက်ခိုင်းတယ်။ ကြက်သွန် စိုက်ခိုင်းတယ်။ လက်ဖက် စိုက်ခိုင်းနေပြီ။ အခုထပ်ပြီး သစ်မွှေးစိုက်ကြလို့ ဆိုလာပြန်တယ်။ အဲဒီ စိုက်ခဲ့သမျှ တွေကိုသာ တကယ်အာရုံထားပြီး တိုင်းပြည် တိုးတက်ဖို့ စိုက်ခဲ့ကြရင် အကျိုးအမြတ် တစ်စုံတစ်ရာ ရှိမှာပဲ။ အခု ဘာဖြစ်လာလို့လဲ။ စိုက်ခိုင်း သူတွေကလည်း စေတနာမပါဘဲ အဖြစ် ပြောတယ်။ အခိုင်း ခံရသူတွေကလည်း ခိုင်းလို့ လုပ်တာမို့ ဖြစ်မြောက်အောင် မလုပ်ကြပါ။ မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ ထားတာနဲ့ အဲဒီစိုက်ခင်းတွေ မအောင်မြင်တာ ဘယ်လို စပ်ဆက်ပြမလဲ သိချင်မိတယ်။
ပြည်သူ အများစားတဲ့ စားအုန်းဆီကို ဘာလို့ မြန်မာ့ စီးပွားရေး ဦးပိုင်ပဲ တင်သွင်းခွင့် ရှိတာလဲ။ နေပြည်တော်မြို့သစ်ကြီးကို ဘယ်က ငွေကြေးတွေနဲ့ တည်ပါသလဲ။ တပ်မတော်အတွက် အသစ်ရောက်လာတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေ၊ ဒုံးကျည်တွေ၊ အမြှောက်တွေကို ဘတ်ဂျက် ဘယ်လိုပြထား ပါ သလဲ။ ဗိုလ်ချုပ်ကြီးတွေဟာ လစာနည်းပြီး ဘာကြောင့် ဒီလောက် ချမ်းသာနေကြတာလဲ။
စီးပွားရေးကျဆင်းနေတာ စီးပွားရေးပေါ်လဆီအမှားနဲ့ ဂုပ်သွေးစုပ်နေသူ လူတစ်စုရှိနေလို့ပါ။ ဒါကို နေအိမ်အကျယ်ချုပ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ကို ဘာကြောင့် ပုံချချင်တာလဲ။ ဒါဟာမှန်ကန်သော အမြင်တစ်ခု၊ ရှင်းလင်းသော အမြင်တစ်ရပ် မဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိစ္စဟာ မြန်မာပြည်ရဲ့ သမိုင်းနဲ့ချီသော နိုင်ငံရေးအရေးအခင်းတစ်ရပ်ဖြစ်ပါတယ်။ စီးပွားရေးနဲ့မဆိုင်ပါ။ မြန်မာပြည်စီးပွားရေးကျတာမှာ တာဝန်အရှိဆုံးဟာ လက်ရှိတိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ အစိုးရမှာသာ တာဝန်ရှိပါတယ်။ ဒါဟာ ဘယ်နိုင်ငံအပေါ်ကို သုံးသပ်သုံးသပ် အမြဲတမ်းမှန်နေမယ့် အမှန်တရားပါ။ ဒါကိုမြင်နိုင်ဖို့က ရိုးသားဖို့တော့ လိုမယ်ထင်ပါတယ်။

written by ကိုလင်း, August 07, 2009
ဧရာဝတီရေ
ဒီလို တုံ့ပြန်မှုမျိုးကို မျော်လင့်ခဲ့ရတာ ကြာပါပြီဗျာ။ တိုင်းပြည်မှာ ရာစုနှစ် တ၀က်လောက် ချီပြီး ဖြစ်နေခဲ့တဲ့ ပြသနာကို လူ တယောက်ထဲမှာ တာဝန်ရှိတယ်ဆိုတာကတော့ ဓမ္မဓိဌာန် မကျဘူးလို့ပဲ ထပ် ထောက်ခံလိုက်ပါရစေ။
ကိုလင်း

written by Truth, August 06, 2009
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်တာကလဲ ပုံစံအမျိုးမျိုးသုံးပြီး တိုက်ခိုက်မှာပါဘဲ။ အာကြမ်းရှာကြမ်း နည်းနဲ့တဖုံ ဦးအောင်သောင်းတို့လို ဟောင်ကောင် စစ်သံမှုးတို့လို ပေါ်ပေါ်တင်တင် သိက္ခာဘေးချပြီး ပြောတာလဲ တနည်းပေါ့။ မြှောက်သလိုလိုနဲ့ ပင့်ပြီးရိုက်ချတဲ့ volley smash လိုနည်းလဲ သုံးကောင်းသုံးမှာဘဲ။ ပိုက်ဆံနဲ့ငှားပြီး စစ်အစိုးရနဲ့ မဆိုင်သလို နိုင်ငံခြားသား journalist လိုပုံစံမျိုးနဲ့လဲ သုံးမှာပါဘဲ။ လူထုကို လူထုနဲ့ပြန်တိုက်မယ် တို့ မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ်တို့ဆိုတဲ့ စကားတွေက စစ်အစိုးရက ပွင့်ပွင့်လင်းလင်း ကြေညာပြီးသားဘဲမို့ နည်းပေါင်းစုံနဲ့ ရှုံ့ချခြင်းကလဲ မဆန်းပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်ချင်းတွေကို ကြောက်လို့လဲ ယနေ့အချိန်ထိ ဖမ်းထားဆဲဆိုတာ သိသာနေတာပါဘဲ။
Write comment
| < Prev | Next > |
|---|