ကုလသမဂ္ဂနှင့် အာဆီယံတို့က နှုတ်ဆိတ်မနေသင့်

အပြစ်မဲ့ ပြည်သူများအပေါ် မြန်မာ စစ်ခေါင်းဆောင်များ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကြောင့် တနှစ်ကျော် ကာလအတွင်း နှစ်ကြိမ်တိုင်တိုင် ဂုဏ်သိက္ခာ ကျသည်အထိ ပြစ်တင်ဝေဖန် ခံခဲ့ရသည်။ လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ငြိမ်းချမ်းစွာဆန္ဒပြနေကြသည့် သံဃာများကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းချေမှုန်းစဉ်က အလွန်ထိတ်လန့် တုန်လှုပ်ခဲ့ရပြီးပြီ။်တဖန် နာဂစ်မုန်တိုင်း တိုက်ခတ်ဖျက်ဆီး ခံရစဉ်ကလည်း သိန်းနှင့်ချီသော ဒုက္ခသည်ပြည်သူများကို နိုင်ငံရပ်ခြားအကူအညီများ မရနိုင်အောင် ရက်သတ္တပတ်ပေါင်းများစွာ ငြင်းပယ်ပိတ်ဆို့ထားသဖြင့် လူ့အသက်များကို အကြင်နာတရားမဲ့စွာ အရေးမစိုက်ကြောင်း တနည်းတဖုံ ပြသခဲ့ပြန်သည်။

ဤသို့ ဒေါသဖြစ်ဖွယ်စော်ကားမှုများနှင့် ယှဉ်လျှင် အခြေခံလူ့အခွင့်အရေးများကို အလေးမထား ချိုးဖောက်နေသည့် စစ်ဗိုလ်ချုပ်များ၏ နောက်ဆုံးလုပ်ရပ်များက ထူးမခြားနား အသေးအဖွဲကိစ္စများဟု ဆိုရပေတော့မည်။ သို့သော်လည်း ထိန်း သိမ်းခံထားရသူ ကျောင်းသားခေါင်းဆောင်များနှင့် လှုပ်ရှားသူများအား အင်းစိန်ထောင်အတွင်းရှိ ရုပ်သေးတရားရုံးများက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းအပေါ် နိုင်ငံတကာအနေနှင့် ယခင်ကာလများထက် တုန့်ပြန်ချက် ပိုမို ပြင်းထန် တင်းမာ သင့်သည်ကတော့ အမှန်ပင် ဖြစ်သည်။

လွန်ခဲ့သည့် အပတ်ကစ၍ မြန်မာနိုင်ငံ၏ သတ္တိခဲများနှင့် အစွမ်းဆောင်နိုင်ဆုံးဟု ဆိုနိုင်သည့် အတိုက်အခံ ခေါင်းဆောင်များ အား တရားရုံးများက မတန်တဆပြစ်ဒဏ်များ ချမှတ်နေသည့်သတင်းများကို စိတ်ဓာတ် ကျဆင်းဖွယ် ဆက်တိုက် ကြားခဲ့ရသည်။ တချို့ကို ၆၅ နှစ်ထိ ထောင်ဒဏ်များ ချမှတ်ခဲ့၏။ ဆိုလိုသည်မှာ စစ်အစိုးရသည် ကမ္ဘာက ပြောသမျှကို နားမ၀င်၊ အရေးမစိုက်ဘဲ ဆက်လုပ်နေသေးသည်ဟု ပြနေခြင်းဖြစ်သည်။ ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ် မုန်တိုင်း ကာလများတွင် နိုင်ငံတကာ အသိုင်းအဝန်းက ပြောဆိုဝေဖန်ခဲ့သမျှ သဲထဲရေသွန် ဖြစ်ခဲ့ကြောင်း ပြသနေသည့်နှယ်။

ဤသို့ဖြစ်ရသည်မှာလည်း အံ့သြဖွယ် မရှိပေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်း ၎င်းတို့ကို အမာခံ ထောက်ခံပေး နေသည့် အိမ်နီးချင်းများနှင့် ကျောလုံနေသရွေ့ နိုင်ငံတကာမှ ပြစ်တင်ဝေဖန်လာမှုမှန်သမျှကို ကောင်းကောင်း ကျော်လွှား သွားနိုင်ကြောင်း စစ်အစိုးရက သိထားပြီး ဖြစ်သည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ရံဖန်ရံခါ ကြုံရတတ်သည့် မျက်နှာပျက်စရာ အသေးအဖွဲ ကိစ္စကလေးများအဖြစ်သာ သဘောထားနေကြသည်။

သို့သော်လည်း နောက်ဆုံးဖြစ်ပျက်ခဲ့သည့် ကိစ္စများသည် မြန်မာစစ်ဗိုလ်ချုပ်များ တာဝန်သိမှု ရှိလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတကာ၏ ဂုဏ်သိက္ခာကိုပါ ခြိမ်းခြောက်နေသည်။ ကုလသမဂ္ဂကရော အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ကပါ နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေး ကိစ္စများတွင် စစ်အစိုးရကို လေးနက်သည့် မိတ်ဖက် လုပ်ငန်းများ ပူးတွဲဆောင်ရွက်နေသူဟု ပုံဖော်ရန် ကြိုးပမ်းနေသည့် ယခုအချိန်တွင် ပို၍ အရေးကြီးလှပါသည်။

နာဂစ်မုန်တိုင်းက ဖျက်ဆီး၍ လူအများအပြား သေကြေကာ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးကြရချိန်တွင်မှ စစ်အစိုးရက ကာလ ကြာရှည် ကြိုးပမ်းလာခဲ့သည့် နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုမှုကို ကံကောင်းထောက်မစွာ အလွယ်ရလာခြင်းက လည်း အတော် မလျော်ကန်လှသော ကိစ္စဖြစ်သည်။ သဘာဝကပ်ဘေးအပြီး ယခင်က ပိတ်ဆို့ထားခဲ့သည်များကို ဖွင့်ပေးရုံ ဖွင့်ပေးလိုက်သည့် စစ်ဗိုလ်ချုပ်များအား ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ချက်ချင်း အရေးပါတာဝန်သိသော ဇာတ်ကောင်များအဖြစ် ပွဲထုတ်လာခြင်းကလည်း လွဲချော်နေပြန်သည်။

ထိုထက်ပို၍ ဆိုးသည်က စစ်အစိုးရခေါင်းဆောင်များကို နိုင်ငံတကာ အသိုင်းအဝန်းက မိတ်ဖက်များဟု အသိအမှတ်ပြု ဆက်ဆံကြမှုကြောင့် ပို၍ အတင့်ရဲလာစေပြီး သူတို့၏ အတိုက်အခံများအပေါ် သူတို့စိတ်ကြိုက် တရားစီရင်ရန်  ခွင့်ပြုပေးထားသလို ဖြစ်လာခဲ့ခြင်းပင်။

လူ့အခွင့်အရေး ဘက်တော်သားများဟု ပြောနေကြသည့် ကမ္ဘာ့ဦးဆောင်အဖွဲ့ကြီးများနှင့် အဓိကကျသည့် ဒေသတွင်း နိုင်ငံများကို ဆိုးရွားကြမ်းကြုတ်သည့် စစ်အစိုးရနှင့် လက်တွဲမည်လား ပြီးတော့ ၎င်း၏ အတိုက်အခံများအပေါ် လက်လွတ်စပယ် တရားစီရင်နေသည့် စစ်အစိုးရနှင့် ကမ္ဘာ့ အလေးစားခံ အဖွဲ့တို့ကို တန်းတူအမြင် ခံနိုင်မလားဟု မေးခွန်းများ ထုတ်ရမလို ဖြစ်နေသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ သက်တော်ရှည်ဝန်ကြီးများ၏ စိတ်ကို သိရဖို့ မဖြစ်နိုင် သည်ကတော့ သေချာလှသည်။ တချိန်တည်းတွင် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေထက် စစ်အစိုးရနှင့် ဆက်ဆံရေးမပျက်စေရန်ကိုသာ အာရုံထားနေကြသည်။

မြန်မာ့ဒီမိုကရေစီ အတိုက်အခံများကို စစ်အစိုးရက နောက်ဆုံး နှိပ်ကွပ်ခဲ့မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက “အထူးစိုးရိမ်ပူပန်ကြောင်း” ပုံမှန် ၀တ်ကျေတန်းကျေ ကြေညာချက်တစောင်  ထုတ်ပြန် ပေးခဲ့သော်လည်း အာဆီယံအဖွဲ့ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆူဝန်က ယခုထိ မည်သို့မျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သည့် ရုပ်ဆိုးပြင်းထန်လှသော ပြစ်မှုများကို ရေငုံ နှုတ်ပိတ် လုပ်နေသည်ဟု ဆိုရမည်ဖြစ်သည်။

ကုလသမဂ္ဂနှင့် တွဲချိတ်ထားသည့် လူ့အခွင့်အရေးကျွမ်းကျင်သူတို့ထံမှ တာဝန်ကျေ ထုတ်ပြန်ကြေညာချက်များတော့ ထွက်ပေါ်လာခဲ့ပါသည်။ မျှတစွာတရားစီရင်ရန် တောင်းဆိုထားခဲ့သော်လည်း ယခုတကြိမ် မြင်တွေ့ရသည်နှင့် ချိန်ထိုးလျှင် မြန်မာစစ်အာဏာပိုင်များအတွက် အနည်းငယ်မျှပင် ဖိအားသက်ရောက်ပုံ မရပေ။

ယခုတကြိမ်တွင်တော့ မစ္စတာဘန်ကီမွန်းနှင့် မစ္စတာ ပစ်ဆူဝန်အနေနှင့် ၎င်းတို့ အဖွဲ့များ၏ ဂုဏ်သိက္ခာကို ဆည်နိုင်ရန် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာစစ်အစိုးရကို ပိုမို ဖိအားပေးသင့်နေပေပြီ။ သို့မဟုတ်ပါက မြန်မာစစ်အစိုးရ အနေနှင့် ၎င်းတို့ကို နိုင်ငံတကာက ရာဇ၀တ်ပြစ်မှုများ စိတ်ရှိလက်ရှိ ကျူးလွန်နိုင်သည့် အခွင့်အရေးများ ပေးထားသည် ဟူ၍ ထင်မြင် ယူဆနေပေတော့မည်။

ဧရာဝတီ အင်တာနက်စာမျက်နှာ (အင်္ဂလိပ်ပိုင်း) ၏ အယ်ဒီတာ့အာဘော် UN, Asean Must Speak Up ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်