ဘန်ကောက် စတိတ်ရှိုးတွင် “ရဲတွေလာနေပြီ” သီချင်း လူကြိုက်များ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော်ရပ် ငါးသေတ္တာ စက်ရုံအနီးတွင် မြန်မာအဆိုတော်များ လာရောက် ဖျော်ဖြေသွားခဲ့ရာ အဆိုတော် ထွန်းထွန်း၏ “ရဲတွေ လာနေပြီ” ဆိုသော သီချင်းကို ကြည့်ရှုသူ ပရိသတ် အထူး နှစ်ခြိုက် အားပေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက်နေ့က လာရောက်ဖျော်ဖြေသွားခဲ့သော ယင်း စင်တင်ဖျော်ဖြေပွဲတွင် အများဆုံး ကြည့်ရှု အားပေးခဲ့သူများမှာ ထိုဒေသတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြပြီး “ရဲတွေလာနေပြီ” ဆိုသည့် သီချင်းက ၎င်းအလုပ်သမားတို့၏ ဘဝနှင့် တထပ်တည်း ကျသောကြောင့် နှစ်ခြိုက်အားပေးခြင်း ဖြစ်ကြောင်း အဆိုပါပွဲသို့ သွားခဲ့သည့် ကိုမင်းက ပြောသည်။

“စင်ပေါ်က အဆိုတော် ထွန်းထွန်းက ရဲတွေလာနေပြီ၊ ရဲတွေလာပြီလို့ ဆိုလိုက်တော့ ကျနော်တို့လည်း အောက်ကနေ ရဲတွေလာနေပြီ၊ ရဲတွေလာနေပြီ။ ဘတ် (အလုပ်သမားလက်မှတ်) မရှိရင်ပြေး၊ တောမော (ထိုင်းရဲ) လာနေပြီ၊  တောမောလာနေပြီ၊ ဘတ်မရှိရင်ပြေး လို့ ပြိုင်တူ တိုင်ပင်မထားဘဲ အော်လိုက်မိကြ တယ်” ဟု သူက ပြောပြသည်။

ထွန်းထွန်း၏ “ရဲတွေလာနေပြီ” သီချင်းထဲတွင် ပါဝင်သည့် အကြောင်းအရာများက လက်ရှိ မြန်မာပြည်သူ များ၏ နေ့စဉ်ဘ၀ကို ဖော်ပြထားသကဲ့သို့ ထိုင်း နိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ ဘ၀များ ထဲတွင်လည်း ထိုင်းရဲများ၊ ထိုင်း လ၀ကများကို အမြဲတမ်း ကြောက်ရွံ့ထိတ်လန့် နေရသည့် ခံစားမှု ရှိနေရာ ထိုသီချင်းကို အော်ဟစ်အားပေးမိကြောင်း ကိုမင်းက ဆက်ပြောသည်။

“ရဲတွေ လာနေပြီ၊ ရဲတွေလာနေပြီဆိုတာကို ဖျော်ဖြေပွဲအပြီး အပြန်မှာတောင် စိတ်ထဲက ဆိုနေမိတယ်” ဟု သူက ဆိုသည်။

လာရောက်ဖြေဖျော်သည့် အဆိုတော်များမှာ ရေဗက္ကာဝင်း၊ ဂျင်းနီ ၊ထွန်းထွန်း။ ဟန်ထွန်းနှင့် နောနော်တို့ ဖြစ်ကြသည်။

ပထမဦးဆုံး ထွန်းထွန်း ဖျော်ဖြေပြီးနောက် “ကြာပါတယ်ကွာ” ဆိုသည့် သီချင်းနှင့် နာမည်ကြီးလာသူ ဂျင်းနီဖျော်ဖြေသည်။

ပထမနေ့ ဖျော်ဖြေပွဲ စင်မြင့်ပေါ်တွင် ဂျင်းနီက “ကျမတို့ ဟာ နိုင်ငံရပ်ခြားမှာ မြန်မာတွေကို လာရောက် ဖျော်ဖြေတာပါ၊ ပရိသတ်က နည်းလွန်းတော့ အားမရဘူး၊ မြန်မာပရိသတ် ဒီလောက်ပဲလား၊ ရှိသေးရင် လာခဲ့ကြပါ။ မနက်ဖြန်ရော သဘက်ခါပါ ဂျင်းနီတို့ ဖြေဖျော်ဦးမှာပါ၊ လာခဲ့မယ်မဟုတ်လား” ဟု ပရိသတ်ကို ပြောခဲ့သည်။

ပွဲစတင်ချိန်တွင် ပရိသတ် ၂၀၀ ၀န်းကျင်သာရှိသောကြောင့် ဂျင်းနီနှင့် အဆိုတော် နောနော်တို့ ကိုယ်တိုင် လက်မှတ်ရောင်း ဌာနရှေ့တွင် ပရိသတ်များကို အားပေးရန် ခေါ်ယူခဲ့ကြောင်း တွေ့ရသည်။

ပရိသတ် အ၀င်နည်းမှုနှင့် ပတ်သက်၍ ငါးသေတ္တာစက်ရုံအနီးရှိ လဘက်ရည်ဆိုင် ပိုင်ရှင်တဦးက လွန်ခဲ့သည့် လေး၊ ငါး လခန့်က Iron Cross (IC) တေးဂီတအဖွဲ့ လာရောက်ဖျော်ဖြေခဲ့စဉ် အလုပ်သမား ရာနှင့်ချီ၍  အဖမ်းခံခဲ့ရကြောင်း၊ ထိုစဉ်က အဆိုတော် လေးဖြူအပါအဝင် IC အဖွဲ့သားများ အားလုံး အစစ်အမေး ခံခဲ့ ရကြောင်း၊ ထို့ပြင် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မဟာချိုင်တွင် အဆိုတော် Rဇာနည်နှင့် အဖွဲ့လာမည်ဟု ဆိုကာ ကြော်ငြာ၍ လက်မှတ်များရောင်းခဲ့ပြီးမှ ပွဲမဖြစ်ခဲ့ကြောင်း ပြောပြသည်။

“လူတွေက ကြောက်နေကြတယ်၊ ကန်ထရိုက်တွေ ကိုယ်တိုင်လည်း ခပ်လန့်လန့်ပဲလေ။ လက်မှတ်တောင် ကြိုမရောင်းရဲဘူး၊ ပြောရရင် ဒါ သူတို့ စမ်းကြည့်တာ။ ဒီပွဲအောင်မြင်ရင် သူတို့ ထပ်လုပ်ကြမှာ” ဟု သူက ဆိုသည်၊

ယခုကျင်းပသည့် ပွဲအတွက် ရုံဝင်လက်မှတ်များမှာ R ဇာနည်လာမည်ဟု ဆိုခဲ့စဉ်က စီစဉ် ထားသော လက်မှတ်များပင် ဖြစ်သည်။ အလားတူ အဆိုပါ ပွဲအတွက် ရည်ရွယ် ရိုက်နှိပ်ထားသော IRON CROSS  တံဆိပ်ပါ တီရှပ်များနှင့် စီဒီချပ်များကိုပါ ရုံဝတွင် ရောင်းချနေသည်ကို တွေ့ရသည်။

ပရိသတ်ထဲမှ ဟန်ဇော်ငြိမ်းအမည်ရှိ ထားဝယ်တိုင်းရင်းသား တဦးက “ဒီညမှာတော့ ကျနော်က ထွန်းထွန်း ကို အကြိုက်ဆုံးပဲ။ အစကတော့ ဒီမှာ နာမည်ကြီးတာ၊ လူကြိုက်များတာက နောနော်နဲ့ ရေဗက္က၀င်းပါ။ ဒါပေမယ့် ဒီညကတော့ ထွန်းထွန်းညပဲ” ဟု ပြောသည်။

ရေဗက္က၀င်းကလည်း သူ၏ လူကြိုက်များသော သီချင်းတပုဒ်ဖြစ်သည့် “ငါပြောမယ် စောရအိုင်” ကို ပရိသတ်နှင့် အတူ သီဆိုခဲ့သည်။  စောရအိုင် ဆိုသည်မှာ ကချင်ဘာသာဖြင့် “နင့်ကို ငါချစ်တယ်” ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။

ပထမနေ့ ဖျော်ဖြေပွဲတွင် အဆိုတော်များက အနည်းဆုံး တဦးလျှင် သီချင်း ၅ ပုဒ်စီခန့် သီဆိုခဲ့ကြသည်။ ပွဲစတင်ရန် သတ်မှတ်ထားသော အချိန်ထက် ၁ နာရီကျော်ကျော် နောက်ကျသည်မှ အပ အဖမ်းအဆီး စသော မည်သည့်ပြဿနာမှ မရှိဘဲ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည်။

ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်သော မချိုက “အစက လူတွေလည်း သိပ် မသိဘူး၊ သိတဲ့ လူတွေလည်း မလာရဲကြဘူး၊ တခုခုဖြစ်မှာကြောက်လို့။ အခု ဘာမှမဖြစ်ဘူးဆိုတော့ ဒီနေ့အရမ်းစည်မှာ သေချာတယ်” ဟု ဒုတိယနေ့ပွဲစဉ်အတွက် ခန့်မှန်းစကား ဆိုသည်၊

ိနိုဝင်ဘာ ၂၂ ရက်နေ့၊ ဒုတိယညတွင် ပရိသတ် ထောင်နှင့်ချီ၍ လာရောက်အားပေးသည်ကို တွေ့ရသည်။ အဖမ်းအဆီး မရှိဘဲ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ၃ ရက်ကျင်းပပြုလုပ်သွားမည်ဟု ကြေညာ ထားသော်လည်း တတိယ ညဖျော်ဖြေပွဲကို ပွဲသွင်းသူ ကန်ထရိုက်များ အရှုံးပေါ်သဖြင့် ဖျက်လိုက်သည်ဟု ကြားသိရသည်။

ပွဲဖျက်လိုက်ရခြင်းနှင့် ပတ်သက်၍ ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်သည့် ကိုမောင်မောင်က “မနေ့ ကပွဲက စည်ပေမယ့် ရုံဝင်လက်မှတ်မှာ ပြဿနာတက်သွားတယ်။ သူတို့ အခု ရောင်းတဲ့ ရုံဝင်လက်မှတ်က မဟာချိုင် မှာ အာဇာနည်တို့ ပွဲအတွက် ရောင်းတဲ့ လက်မှတ်နဲ့  အတူတူပဲဆိုတော့ ပြန်အမ်းငွေမရခဲ့တဲ့ သူတွေက အဲဒီလက်မှတ်အဟောင်းတွေနဲ့ လာကြည့်ကြတယ်” ဟု ရှင်းပြသည်။

ဆက်လက်၍ သူက ဒုတိယနေ့ ပွဲတွင် လက်မှတ်အသစ် သိပ်မရောင်းရဘဲ လူစည်ခဲ့သဖြင့် ကန်ထရိုက်များ အရှုံးပေါ်ခြင်းဖြစ်ကြောင်း ပြောပြသည်။

“နောက်ပြီး တနင်္ဂနွေ အလုပ်ပိတ်ရက်တောင် လူသိပ်မရတာ တနင်္လာဆို အချိန်ပိုအလုပ်ဆင်းရတာနဲ့ ပွဲလာမယ့်သူ ရှိမှာ မဟုတ်ဘူး၊ အဲဒါကြောင့် ပွဲဖျက်လိုက်တာ” ဟု သူက ဆိုသည်။
Comments (1)Add Comment
0
...
written by eaktun, November 23, 2009
ထွန်းထွန်းေ၇ သတိထားအုန်းနော် ၇န်ကုန်လေဆိပ်ေ၇ာက်မှာ မြန်မာပြည်က ၇ဲတွေလာပြီးတော. ကြိုဆိုနေ၇င်ဒုက္ခ-

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်