ကြောင်ကို ခြူဆွဲဖို့ ကြိုးစားတဲ့ကြွက်

စီမံခန့်ခွဲမှု ညံ့ဖျင်းလှသည့် တိုင်းပြည်၏ စိုက်ပျိုးရေး အခြေခံ စီးပွားရေးကို ပြန်လည် ကုစားရန် ကြိုးပမ်းသည့် အနေဖြင့် ဒီဇင်ဘာ လအတွင်းက ကုလသမဂ္ဂ၏ အာရှနှင့်ပစိဖိတ်ရေးရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UN-ESCAP) နှင့် ပူပေါင်း ကျင်းပခဲ့သော ရှားရှားပါးပါး စီးပွားရေး ဆွေးနွေးပွဲတခု၌ မြန်မာ စီးပွားရေး ပညာရှင်တဦးက စီးပွားရေး ပြုပြင် ပြောင်းလဲရေးအတွက် အဆိုပြုချက် တချို့ကို ပွင့်လင်းစွာ ဖွင့်ဟ ပြောဆိုလိုက်သည်။

ထိုဆွေးနွေးပွဲ၏ နောက်ဆက်တွဲအဖြစ် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခတဦးလည်းဖြစ် ESCAP ၏ စီးပွားရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဟောင်း တဦးလည်းဖြစ်သူ ဦးမြင့်က မြန်မာ အီးဂရက်စ်၏ စွမ်းရည်ဖွံ့ဖြိုးမှု ဌာနတွင် ဇန်န၀ါရီလ ၉ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သည်။

ထိုသတင်းစာ ရှင်းလင်းပွဲတွင် ဦးမြင့်က “မြန်မာနိုင်ငံမှာ ပြောရေးဆိုခွင့် ရှိသူတွေဟာ စစ်ဗိုလ်ချုပ်တွေပဲ ဖြစ်နေပြီး သူတို့ဟာ တခြားသူတွေပြောတာကို နားထောင်တတ်သူတွေ မဟုတ်သလို၊ ကြားနိုင်ဖို့ဆိုတာလည်း ခက်ခဲသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ကို ပြောနေတာ အချိန်ကုန်ရုံသာရှိပြီး အသုံးကျတဲ့ရလဒ် ဘာတခုမှ ထွက်လာမှာ မဟုတ်ပါဘူး” ဟု စီးပွားရေးဆွေးနွေးပွဲအပေါ် ဝေဖန်ပြောဆိုနေကြသော အမြင်အချို့ကို ပြောခဲ့သည်။

“မြန်မာစစ်တပ်ဟာ တခြားနိုင်ငံတွေက စစ်တပ်တွေလိုပဲ မယိုင်မလဲ ခိုင်မာတဲ့ ကျောက်တိုင်ကြီး မဟုတ်ပါဘူး။ စစ်တပ် အထဲမှာလည်း အယူအဆ တင်းမာသူတွေ ရှိသလို၊ ပျော့ပြောင်းသူတွေ ရှိပါတယ်။ ရှေးရိုးစွဲ ၀ါဒီတွေရှိသလို၊ လစ်ဘရယ် ၀ါဒီတွေလည်း ရှိပါတယ်။ နားမထောင်တတ် သူများရှိသလို နားထောင်တတ်သူများလည်း ရှိပါတယ်” ဟု ဦးမြင့်၏ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်ထဲ၌ အာဏာလွန်ဆွဲမှုများ ရှိနေပြီး ထိုအခြေအနေသည် စစ်တပ်ပြိုကွဲသည်အထိ ဦးတည်နိုင်ပါသည်ဟု အမြဲလိုလို ထင်ကြေးပေးနေကြသော မြန်မာစစ်တပ် စောင့်ကြည့်လေ့လာသူ တချို့ထဲတွင် ဦးမြင့် မပါဝင်ပါ။ သူသည် စစ်တပ်ကို လွှမ်းမိုးနိုင်ရန်၊ စစ်ဗိုလ်ချုပ်များနှင့် အတူတွဲအလုပ်လုပ်ရန် ကြိုးစားနေသူ၊ စီးပွားရေးပညာရှင်တဦးသာ ဖြစ်ပါသည်။

စီးပွားရေးနိုဗဲလ်ဆုရှင် ဂျိုးဇက် စတစ်ဂလစ် တက်ရောက်ခဲ့ပြီး မြန်မာစစ်ဗိုလ်ချုပ်များကို စီးပွားရေး အကြံဉာဏ်များ ပေးခဲ့သည့်အတွက် ဆိုခဲ့သည့် စီးပွားရေး ဆွေးနွေးပွဲမှာ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများ၏ အာရုံစူးစိုက်မှုနှင့် ဝေဖန်မှုများ ခံခဲ့ရသည်။

အဆိုပါဆွေးနွေးပွဲသည် မြန်မာစစ်ဗိုလ်ချုပ်များ၏ နောက်ထပ် နိုင်ငံရေး ကစားမှုတခုသာဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတကာ၏ ဖိအားပေးမှုများကို လျှော့ချရန် ရည်ရွယ်သည်ဟု လေ့လာသူ အများအပြားက ရှုမြင် ကြသည်။

သို့ရာတွင် ထိုဆွေးနွေးပွဲသည် ဦးမြင့်နှင့် တခြားသူများအတွက် ၎င်းတို့၏ အမြင်များကို ဖော်ပြနိုင်သည့် စင်မြင့်တခု ဖြစ်ခဲ့ပါသည်။ စစ်ဗိုလ်ချုပ်များ၏ မှားယွင်းသောစီးပွားရေး စီမံခန့်ခွဲမှုများကို ဝေဖန်ပြောကြားခဲ့ပြီး တပြိုင်နက်တည်း တွင် ၎င်းတို့နှင့် ညှိနှိုင်းဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေရသည်မှာ ဦးမြင့်ကဲ့သို့ မြန်မာနိုင်ငံက စီးပွားရေး ပညာရှင်များအတွက် တကယ့်အန္တရာယ်ကြားက လုပ်ရသော အလုပ်ဖြစ်ပါသည်။

“ကြောင်ခုတ်တာ မခံရသရွေ့တော့ ကြွက်က ဖြူဖြူ၊ မည်းမည်း အရေးမကြီးပါဘူး။ မြန်မာနိုင်ငံမှာ အပြောင်းအလဲ တခုဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ ကြွက်တွေကိုယ်တိုင် အန္တရာယ်ကို ရင်ဆိုင် နေရတယ်ဆိုတာ ခင်ဗျားတို့ ခေါင်းထဲမှာ မှတ်ထားဖို့ ကျနော် မေတ္တာရပ်ခံချင်ပါတယ်” ဟု တရုတ်နိုင်ငံ ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်ကြီး တိန်ရှောက်ဖိန်၏ နာမည်ကြီး အဆိုအမိန့်တခုကို ပြောင်းပြန်လုပ်၍ ဦးမြင့်က ပြောဆိုခဲ့သည်။

ကမ္ဘာကျော် စီးပွားရေးပညာရှင် စတစ်ဂလစ် တက်ရောက်ခဲ့သည့် အတွက်ကြောင့် စီးပွားရေးဆွေးနွေးပွဲသည် ထူးခြားမှုရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲများကို စစ်အစိုးရနှင့် ဦးမြင့်အပါအ၀င် မြန်မာစီးပွားရေးပညာရှင်များက ယခင်ကာလများကလည်း ကျင်းပခဲ့ကြဖူးသည်။

အမှန်တော့ ဦးမြင့်သည် ခေတ်နောက်ကျပြီး ထိရောက်မှုမရှိသော စီးပွားရေးမူဝါဒများကို ပြောင်းလဲပစ်ရန် သံန္နိဋ္ဌာန် ခိုင်ခိုင်မာမာဖြင့် ကြိုးစားနေသည့် စီးပွားရေးပြုပြင်ပြောင်းလဲရေး သမားတဦး ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် အာဏာတန်ခိုးထက်စဉ် ကတည်းက တိုင်းပြည်၏ စီးပွားရေး တိုးတက်ကောင်းမွန် လာစေရေးအတွက် ဦးမြင့်က စစ်ဗိုလ်ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားခဲ့သည်။

၁၉၉၈ ခုနှစ် ဇန်န၀ါရီလက “လက်ရှိမြန်မာ့စီးပွားရေး အခြေအနေကို ဆန်းစစ်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း” ခေါင်းစဉ်ဖြင့် ၅ ရက်ကြာ ကျင်းပခဲ့သော ဆွေးနွေးပွဲ၏ ပိတ်ပွဲကို ဗိုလ်ချုပ်ကြီး ခင်ညွန့် တက်ရောက်ခဲ့သည်ဟု  မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ဖူးသည်။

ထိုဆွေးနွေးပွဲကို ကာကွယ်ရေးဝန်ကြီးရုံး မဟာဗျူဟာလေ့လာရေးဌာနနှင့် ဦးမြင့် ဒါရိုက်တာအဖြစ်ဆောင်ရွက်နေ သော ထွန်းဖောင်ဒေးရှင်း ဘဏ်တို့က ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် စစ်အစိုးရ၏ မှားယွင်းသော စီးပွားရေး စီမံခန့်ခွဲမှုကို ဦးမြင့်က လူသိရှင်ကြား ဝေဖန်မှုများ ပြုလုပ် လာပါသည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ စီးပွားရေးနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမေရိကန် စင်တာတွင် ဦးမြင့် ဟောပြောပွဲ တခု ပြုလုပ်ခဲ့သည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော မင်းကိုနိုင်နှင့် ကိုကိုကြီး အပါအ၀င် နိုင်ငံရေးပြုပြင်ပြောင်းလဲလိုသည့် မြန်မာလူငယ်များလည်း ထိုဟောပြောပွဲသို့ တက်ရောက်ခဲ့ရာ ကျနော်လည်း တဦးအပါအဝင် ဖြစ်ခဲ့သည်။

ထိုနှစ်မှာပင် စင်္ကာပူနိုင်ငံက မြန်မာ့အရေး လေ့လာမှုညီလာခံ၌ “မြန်မာ့စီးပွားရေး နှိုင်းယှဉ်လေ့လာခြင်း အမြင်” ခေါင်းစဉ်ဖြင့် ဦးမြင့်က စာတမ်းတစောင် တင်သွင်းခဲ့သည်။

“၁၉၄၈ ခုနှစ် ဗြိတိသျှလက်အောက်က ကျနော်တို့ လွတ်လပ်ရေးရခဲ့စဉ်က မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်၊ သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံဖြစ်တယ် လို့ ကျနော်တို့ပြောခဲ့ကြတယ်။ နှစ်ပေါင်း ၅၀ ကြာပြီးနောက်မှာလည်း မြန်မာ နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်၊ သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံဖြစ်တယ်လို့ ကျနော်တို့ ဆက်ပြောနေကြတယ်”  ဟု ဦးမြင့်က သူ့စာတမ်းတွင် ရေးသားထားသည်။

၁၉၃၈ ခုနှစ် ဗြိတိသျှလက်အောက်ခံ ကိုလိုနီဖြစ်နေချိန်တွင် နိုင်ငံ၏ စုစုပေါင်းထွက်ကုန် (GDP) ၄၈ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ထိုရာခိုင်နှုန်းသည် ၅၂ ရှိသည်ဟု စာရင်းများအရ သိရသည်။

မြန်မာ့ စီးပွားရေးတွင် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ အပြောင်းအလဲ မရှိခဲ့ကြောင်း ထိုကိန်းဂဏန်းများက ညွှန်ပြနေသည်။ ကျနော်တို့ မည်သည့်နေရာကိုမှ မရောက်ခဲ့ပါ။

ဦးမြင့်၏ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်တွင် ဆန်စပါး နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ (RTAG) ကို တတ်ကျွမ်းနားလည်သော ပညာရှင်များဖြင့် ဖွဲ့စည်းရန်၊ ထိုအဖွဲ့က လယ်ယာစိုက်ပျိုးရေး တိုးတက်ကောင်းမွန် လာစေရေးအတွက် အကြံဉာဏ်များပေးရန် အဆိုပြုချက်တခု ပါဝင်ပါသည်။

ဤနေရာတွင် မေးစရာမေးခွန်း တခု ပေါ်လာပါသည်။ အနောက်တိုင်းတွင် ပညာသင်ကြားလာခဲ့သော မြန်မာမျိုးချစ် စီးပွားရေးပညာရှင်များက မျက်ကန်းမျိုးချစ်၊ စီးပွားရေးအမြင်မရှိသော စစ်ဗိုလ်ချုပ်များကို တိုင်းပြည်၏စီးပွားရေး အခြေခံ အဆောက်အအုံ ပြောင်းလဲရေးအတွက် နားလည်သဘောပေါက်လာစေရန် မည်ကဲ့သို့ ပြောဆိုကြမည်နည်း။

ပါမောက္ခဟောင်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ဌာနမှူးဖြစ်ခဲ့သူ ဒေါက်တာတင်စိုးသည် မြန်မာ့စီးပွားရေး၏ အဓိက သွင်ပြင်လက္ခဏာများနှင့် ပတ်သက်၍ “မူဝါဒလမ်းဆုံလမ်းခွများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု - အသွင် ကူးပြောင်း နေသော မြန်မာ့စီးပွားရေးကို လေ့လာခြင်း” ခေါင်းစဉ်ဖြင့် စာတမ်းတစောင်ရေးခဲ့သည်။ ထိုစာတမ်းကို ၂၀၀၈ ခုနှစ်တွင် Journal of International Cooperation Studies ၏ စာစဉ် ၁၅၊ နံပါတ်စဉ် ၃ တွင် ဖော်ပြခဲ့ပါသည်။

ဒေါက်တာတင်စိုးက သူ၏စာတမ်းတွင် “အထူးသဖြင့် ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက စစ်အစိုးရ လက်အောက်၌ မြန်မာနိုင်ငံ၏ မူဝါဒများနှင့် စီမံကိန်းများသည် တသမတ်တည်းမရှိခြင်း၊ မတည်ငြိမ်ခြင်း၊ [အာဏာဖြင့်] ၀င်ရောက်စွက်ဖက်ခြင်းနှင့် အဆက်အစပ်မရှိခြင်း၊ တင်းကျပ်ခြင်း၊ ကန့်သတ်ချက်နှင့် နယ်ပယ် သတ်မှတ်မှုများသာရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ခန့်မှန်းမရခြင်းနှင့် မရေရာမသေချာခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အရေအတွက်ကို ပစ်မှတ်ထား ဦးတည်ခြင်း၊ အကောင်အထည်ဖော်ရာတွင် စွမ်းဆောင်ရည် မရှိခြင်း၊ ထိရောက်မှုမရှိခြင်း၊ ပညာရှင်များ၏ အကြံဉာဏ်ကို တောင်းခံ၍ အလွဲသုံးစားလုပ်ခြင်း တို့ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။

အကြံဉာဏ်ကို တောင်းခံ၍ အလွဲသုံးစားလုပ်ခြင်း ကိစ္စနှင့် ပတ်သက်၍ “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အစိုးရကိုအကြံဉာဏ်များပေးရန် အငြိမ်းစားနှင့် လက်ရှိ ပါမောက္ခများ၊ တက္ကသိုလ် ကျောင်း အုပ်ကြီးများ၊ သုတေသီများ၊ ပညာရှင်များကို စုစည်း၍ မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင်များ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် မူဝါဒများ ရေးဆွဲရာ၌ ထိုအကြံပေး ပညာရှင်များထံမှ တရားဝင် အကြံဉာဏ် တောင်းခံခြင်း မျိုး အလွန် ရှားသည်။ ထိုသို့ တောင်းခံခဲ့လျှင်လည်း ၎င်းတို့ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို ပြည်သူလူထုက လက်ခံနားလည်လာပြီး တရားဝင်မှုရှိလာစေရန် လုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်” ဟု ရေးသားထားသည်။

“တခါတရံတွင် ပညာရှင်များနှင့် သုတေသီများ၏ အကြံပေးမှုများကို အလွဲသုံးစားလုပ်သည်များရှိခဲ့ သည်။ အကြံပေး လုပ်ငန်းများကို ထိန်းချုပ်ထားပြီး နောက်ဆုံး ထွက်လာသည့် အစီရင်ခံစာများသည် များသော အားဖြင့် မူလအတိုင်း မဟုတ်ဘဲ ပုံပျက်ယွင်းနေသော ပြည်စုံမှု မရှိသည့် အစီရင်ခံစာများ ဖြစ်နေသည်” ဟုလည်း ဒေါက်တာတင်စိုးက ဖော်ပြထားသည်။

ဒေါက်တာတင်စိုး၏ စာတမ်းကို ဖတ်နေစဉ် ၂၀၀၇ ခုနှစ်က ဓာတ်ဆီဈေးနှုန်းများ နှစ်ဆမြှင့်တင်ရန် အကြံပေး ခဲ့သည်ဟု အစွပ်စွဲခံခဲ့ရသော ဦးမြင့်က မဟုတ်မှန်ကြောင်း ပြန်လည် ရှင်းလင်းသည်ကို စက်တင်ဘာ ၆ ရက်နေ့စွဲဖြင့် ဧရာဝတီ မဂ္ဂဇင်းတွင် ကျနော် သတင်းရေးသားခဲ့ဖူးကြောင်း ပြန်သတိရမိသည်။

ထိုအချိန်က “ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူတွေကတော့ ကျနော်နဲ့ သူငယ်ချင်း ဒေါက်တာ တင်စိုးတို့ပါ” ဟု ဦးမြင့်က ပြောခဲ့သည်။

မြန်မာ့စီးပွားရေးအပေါ် အသေးစိတ် မီးမောင်းထိုးပြပေးခဲ့သော သူ၏ စာတမ်းတွင် ဒေါက်တာတင်စိုးက “သမိုင်း ကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များအရ ပညာရှင် ပညာတတ်များ၏ လူမှုရေး အဆင့်အတန်းသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် အစဉ်အလာအားဖြင့် မြင့်မားခဲ့သော်လည်း အုပ်စိုးသူ လူတန်းစားက မူဝါဒများ ရေးဆွဲ ရာတွင် လည်ကောင်း၊ ထိုမူဝါဒများကို အကောင်အထည် ဖော်ရာတွင်လည်းကောင်း ပညာရှင်များကို ထိရောက်သည့် အခန်းကဏ္ဍ ပေးခဲ့သည်မှာ ရှားပါးလှသည်” ဟု ရေးသားခဲ့သည်။

အစိုးရ၏ မူဝါဒများ ရေးဆွဲရာတွင် မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ၏ အခန်းကဏ္ဍအပေါ် ဒေါက်တာ တင်စိုး၏ အကဲဖြတ်ချက် မှန်ကန်လှသည်။

ဦးမြင့်နှင့် ဒေါက်တာတင်စိုးတို့ကဲ့သို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုတတ်သော ပညာရှင်အင်အား တောင့်တင်းမည် ဆိုလျှင် အကြားအာရုံအခက်အခဲရှိသော မြန်မာစစ်ဗိုလ်ချုပ်များကို ထိုးစစ်ဆင်နိုင်မည့် အခွင့်အလမ်း တခု ရရှိ လာပါလိမ့်မည်။     ။
Comments (4)Add Comment
0
Intention
written by venice, January 19, 2010
whatever people do, all depends on intention Myanmar junta's intention is to do whatever, it is only for themselves so there is no use of knowing strategy or solution for the problem without good intention, whatever doing is totally useless.
0
ကောင်းလွန်းတဲ့ ဆောင်းပါးပဲ
written by စိုးမြင့်, January 19, 2010
ပြည်တွင်းမှာ အပင်ပန်းခံ အမိုက်ခံ အလုပ် လုပ်နေတဲ့ ပညာရှင်တွေ ရှိတယ် ဆိုတာဖော်ပြတဲ့အတွက် လေးစားပါတယ်။ ဦးမြင့်ကတော့ IMFမှာ အလုပ် လုပ်ခဲ့ပြီး၊ corruption တိုက်ဖျက်ရေးကို ဇောင်းပေးတဲ့ စီးပွားရေး ပညာရှင်ပါ။ ဒေါက်တာ တင်စိုးကတော့ တက္ကသိုလ် လောကမှာတော့ ဖိုက်တာ တစ်ယောက်ပါ။ ဩစတျေးလျနဲ့ ဂျပန်တို့က double PhD ရထားတဲ့ စီးပွားရေး ပညာရှင်ပါ။ အမြဲတမ်း စာသင်ရင်း ပြောင်ပြောင် တင်းတင်း ဝေဖန်တတ်သူပါ။

0
နားထောင်ခဲ့ ကြသလား။
written by မောင်သန်., January 19, 2010
၁။အားနာလွန်းလို. နား ကော လည်ကြပါသလား မမေးတော့ပါ။
၂။ Economic Development of Burma : A Vision and A Strategy Khin Maung Kyi , Ronald Findlay,
R.M. Sundrum, Mya Maung , Myo Nyunt and Zaw Oo--- Singapore University Press, 2000===ဆိုတဲ. စာတန်းကြီး တစောင် ရှိပါတယ်။ အင်္ဂလိပ် နာမယ်တွေ တွေ.လို. အနောက် က ပုဂ္ဂိုလ် ပညာရှင်တွေ မထင်ပါနဲ.။ အားလုံး ရန်ကုန်တက္ကသိုလ် ထွက်တွေချည်းပါ။
၃။ ဒီစာတန်းကြီး ကို ဥိးအောင်သူငြိမ်း ဦးဆောင် ဘာသာပြန်ပီး ပါမောက္ခ ဦးခင်မောင်ကြည်၊ ဦးဇော်ဦး နဲ.ဒေါ်မေငြိမ်း တည်းဖြတ်တဲ. မြန်မာမူလဲ ရှိပါတယ်။( Egress က လက်သိပ်ထိုး ဖြန်.နေတယ် လို. သိရပါတယ်)
၎။ ဒါဟာ နိုင်ငံရပ်ခြား ရောက်နေပေမဲ. မိခင်နိုင်ငံ ကို ချစ်လွန်းစွာ တပင် တပန်း ပြုစု ခဲ့တာတွေ ဖြစ်ပါတယ်။
၅။ စစ်အုပ်စု(မဟာဗျူဟာ လေ့လာရေးတွေ အပါအ၀င်) မဖတ်ဘဲတော့ မနေလောက်ပါ။
၆။ နားလည်ပီး အကောင်အထည် ဖော်ဘို. ခွင့်မသာတာလား၊ နားကို မလည်တာလား၊ နားမလည်ချင် ယောင်ဆောင်တာလား၊ ဘယ်သူမှ မသိနိုင်ပါ။
၇။စတစ်ဂလစ် သာမက သိကြားမင်းကြီး ဆင်းလာ သင်လဲ ပေါက်ပါ့မလား။ စတစ်ဂလစ် က ဆင်ဖိုနီ သြော်ခက်စထရာကြီး လာတီးပြသွားတယ်။ ဆရာကြီးဒေါက်တာမြင့် ကလဲ ဆိုင်းဝိုင်းကြီး တီးပြနေတယ်။

မောတာ အဖတ်တင်ပါမယ် ဆရာကြီး တို.--- -အားနာလွန်း လို.ပြောတာပါ။
လေးစားစွာဖြင့်

0
They have nothing !
written by Shahrukh Kyaw, January 19, 2010
They never think for our public . They don't have eyes and they don't have ears .They don't want to see our public comfortable life .

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်