အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။ မြန်မာနိုင်ငံ၏ သမိုင်း၊ ဘာသာရေးအစဉ်အလာ၊နိုင်ငံရေးသာမက စစ်အုပ်ချုပ်မှုအောက်မှ လူထု၏ သည်းခံနိုင်စွမ်း စသည်တို့၏ အမှတ်အသားသရုပ် (Identity) သည် ရွှေတိဂုံတော်စေတီတော် ကြီး၏ ပုံရိပ်တွင် တသားတည်း ထင်ဟပ်နေသည်။  ဤသို့သော နိုင်ငံ၏ ပုံရိပ်ကို နေပြည်တော်သို့ ပြောင်းရွှေ့သွားသည့် စစ် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှေးမှိန်စေလိုပြီလော၊ ပုံရိပ်သစ်ဖြင့် အစားထိုးချင်ပြီလောဟု မေးခွန်းထုတ်စရာ ဖြစ် လာပေပြီ။

ဘာသာရေးသည် စစ်အုပ်ချုပ်မှုအောက်တွင် ခုတုံးတခုသဖွယ် ဖြစ်နေခဲ့သည်။ ဘာသာရေးအဓိကရုဏ်းများ၊ ဘွဲ့တံဆိပ် ဆက် ကပ်မှုများတွင် ဝေဖန်စရာများမှသည် နိုင်ငံရေး အယူအဆပေါ်တွင် အခြေတည်၍ သံဃာသင်းကွဲခြင်းများအထိ ရှိနေသည်။ 

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် စစ်အစိုးရသည် စစ်သည်ဦးရေနှင့် မတိမ်းမယိမ်းမျှ ရှိသော သံဃာ့အဖွဲ့အစည်းကို နိုင်ငံရေးအန္တရာယ်အဖြစ် ရှုမြင်လာသည်ကို တွေ့ရသည်။ ထင်ရှားသော ရဟန်းတော်များ အပါအဝင် ရဟန်းတော်များကို လူဝတ်လဲခြင်း၊ ဖမ်းဆီး အကျဉ်းချထားခြင်း၊ ပြည်ပသို့ ထွက်ပြေးစေခြင်း စသည့် ဖိနှိပ်မှုမျိုးစုံကိုလည်း ပြု လုပ်နေသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးဆက်စပ်သော ဘာသာရေး အသွင်အပြင်သည် ပြက်ပြက်ထင်ထင်ရှိသည်။ ယခု ဘာ သာရေးသာမက အမျိုးသားရေးပုံရိပ်အဖြစ်ပါ ထင်ဟပ်နေသည့် ရွှေတိဂုံစေတီတော်၏ အနေအထားကို ဝေဝါးအောင် ပြုနေပြီဟု သုံးသပ်ရသည်။

ထိုအချက်ကို ထင်ရှားစေရန် ၂၀၁၀ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ညွှန်းလိုသည်။ သတင်းစာ ၏ မျက်နှာဖုံးတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်သို့ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး သွားရောက်သည်ကို  မျက်နှာပြည့်ဖော်ပြထားသည်။ ဖော်ပြနေကျသတင်းမျိုး ဖြစ်၍ ထိုအထိ ဘာမှ ပြောစရာမရှိပေ။ ထိုနေ့သည် တပေါင်းလပြည့် နေ့လည်းဖြစ်ရာ သတင်းစာတွင် ဘာသာရေးသတင်းများ မြိုင်မြိုင်ဆိုင်ဆိုင်ပါသည်။ စာမျက်နှာ (၅) ရှိ တပေါင်းလပြည့်နေ့ ဘာသာရေးသတင်းများတွင် ဥပ္ပါတသန္တိစေတီတော်၏ သတင်းက အထက်၊ ရွှေတိဂုံစေတီတော်၏ သတင်းက အောက်ဘက်တွင် ထား၍ ပုံနှင့်တကွ ဖော်ပြထားသည်။ ဘာသာရေးဆိုင်ရာသတင်းအဖြစ် ထိုဘုရား ဤဘုရား အစွဲထားရန်မရှိသော်လည်း စဉ်းစားစရာများကား ပေါ်လာပေသည်။ အဓိက အားဖြင့် အစိုးရသတင်းစာများ၏ မူဝါဒနှင့် ရွှေတိဂုံစေတီတော်ကြီး၏ ကဏ္ဍတို့ကို အဓိကထား ဆန်းစစ်နိုင်သည်။

ပထမအနေဖြင့် ပြောရန်ရှိသည်မှာ အစိုးရပိုင်သတင်းစာများ၏ မူပိုင်းဆိုင်ရာ ဖြစ်သည်။ သတင်းစာများတွင် မည်သူမည်ဝါ၏ သတင်းက အရင်လာ၊ မည်သူက နောက်မှ၊ မည့်သည့် သတင်းမျိုးက အထက်၊ မည်သည့်သတင်းက အောက်က ထားရမည် စသည်ဖြင့် မူအသေအချာရှိသည်။ လွန်စွာ ဂရုထားသော ဗိုလ်ချုပ်ကြီးများသည် ယုတ်စွအဆုံး စကားလုံးအသုံးအနှုန်းကိုပင် သတ်မှတ်ပေးထားကြသေးသည်။ ဥပမာ ထိုင်ဝမ်နိုင်ငံဟု မသုံးရ၊ တရုတ်တိုင်ပေဟု သုံးရမည်၊ ကြည်နေလျှင် ထိုင်းဟုသုံး၊ မတည့်လျှင် ယိုးဒယားဟုသုံး စသည်ဖြင့်။ ထို့ကြောင့် အထက်ပါ သတင်းစာပါ ထိုစေတီတော်က အထက်၊ ဤစေတီတော်က အောက်ဟု စစ်စစ်ပေါက်ပေါက်  ထောက်ပြရခြင်းမှာ မျက်မှန်စိမ်းတပ်၍ ရမယ်ရှာလိုခြင်းမဟုတ်ပေ။ သတင်းစာမှ ဝန်ထမ်းများသည် ရည်ရွယ်ချက် ရှိရှိဖြင့် စီစဉ်နေရာချထားသည်ဟု ဆိုနိုင်သည်။ အကျယ်အကျယ် တွေးကြည့်သော် အများသိ မြန်မာနိုင်ငံ ပုံရိပ် တခုကို မှေးမှိန်စေ၍ ပုံရိပ်သစ်ကို ထွင်လာသည့်သဘောဟု ကောက်ချက်ချနိုင်ပါသည်။

ဒုတိယအချက် အနေဖြင့် မေးခွန်းထုတ်စရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အဘယ်ကြောင့် ရွှေတိဂုံပုံရိပ်တွင် ဥပ္ပါတသန္တိကို အစားထိုးချင်ပါသနည်း။ သိသာသော အချက်မှာ ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးထင်ဟပ်မှုတခုလည်း ဖြစ် နေသည်။

ရွှေတိဂုံ စေတီတော်တွင် ၁၉၂၀ ၌ တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် ကျောင်းသားတို့ စုဝေးခဲ့ဖူးပြီ။ ၁၉၃၆ တွင် နောက်တကြိမ် ကျောင်းသားတို့ သပိတ်စခန်းဖွင့်ခဲ့ဖူးပြီ။ ၁၉၃၈ တွင် ရေနံမြေသပိတ်အတွက် အခြေစိုက်စခန်းဖြစ်ခဲ့ဖူးပြီ။  ကိုလိုနီခေတ်တွင် စေတီတော်ရင်ပြင်ပေါ်၌ ဗြိတိသျှအရာရှိတို့ ဖိနပ်ချွတ်ရေးပြဿနာကိုတင်၍ အမျိုးသားရေးစိတ်ကို ပြခဲ့ကြဖူးပြီ။ ၁၉၄၆ ဇန်နဝါရီတွင် ဗိုလ်ချုပ်အောင်ဆန်းသည် စေတီတော် အလယ်ပစ္စယံ၌ပင် လွတ်လပ်ရေးအတွက် မိန့်ခွန်းခြွေဖူးပြီ။ ၁၉၈၈ သြဂုတ်တွင် ဗိုလ်ချုပ်၏သမီး ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဒုတိယ လွတ်လပ်ရေးကို စေတီအနောက်ဘက်မုခ်၌ပင် ဆော်သြခဲ့ဖူးပြီ။ ရွှေတိဂုံစေတီတော်ကြီးသည် ဘာသာရေး၊ နိုင်ငံရေးတို့တွင် ဗဟိုချက်မအဖြစ် ရှိနေဦးမည်။

၂၀၀၇ စက်တင်ဘာတွင် အနှစ် ၂၀ အတွင်း အကြီးမားဆုံး ဆန္ဒပြပွဲအဖြစ် ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းတော်များနှင့် လူထုတို့ လက်တွဲကာ ရွှေတိဂုံစေတီတော်သို့ပင် ဦးတည် ချီတက်ဆန္ဒပြခဲ့ကြဖူးပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ နော်အုံးလှတို့ကို စေတီတော်၌ ပုံမှန်လာရောက်ဆုတောင်းမှုနှင့်ပင် ရမယ်ရှာ၍ စစ်အာဏာပိုင်တို့က ထောင်ထဲသို့ ပို့ခဲ့ကြပြီ။  မကြာသေးမီက အကျယ်ချုပ်မှ လွတ်မြောက်လာသော NLD ဒု ဥက္ကဌ ဦးတင်ဦးသည် ရွှေတိဂုံစေတီတော်သို့ပင် ပထမဆုံး သွားရောက် ဦးတိုက်ခဲ့ပြီ။

ထို့ကြောင့် ရန်ကုန်သည်လည်းကောင်း၊ ရွှေတိဂုံသည်လည်းကောင်း ဗိုလ်ချုပ်မှူးကြီးကို အမြဲတစေ ခြောက်လှန့်နေဟန်ရှိ သည်။  ဗိုလ်ချုပ်မှူးကြီးသည် ထိုလွှမ်းမိုးမှုမှ ထွက်ပြေးကာ နေပြည်တော်ကို တည်သည်။ သို့သော် သူသည် ရှိပြီးပုံရိပ်မှ လွတ် မြောက်အောင် ထွက်မပြေးနိုင်။  ရွှေတိဂုံပုံရိပ်ကို ဥပ္ပါတသန္တိဖြင့် ကူးယူသည်။ ဥပ္ပါတသန္တိစေတီတော်သည် ဘာသာရေးအရ အလေးထားအပ်သော ဂုဏ်ကို အပြည့်ဆောင်ပါ၏။

သို့သော် ရန်ကုန်သည် ရန်ကုန်၊ ရွှေတိဂုံသည် ရွှေတိဂုံဖြစ်ဆဲပင်။ ပုံရိပ်သည် မရွေ့။  ဗိုလ်ချုပ်မှူးကြီး၏ မြို့သစ်၊ စေတီသစ် သည် ပုံရိပ်သစ် ဖြစ်မလာ။ ဖြစ်အောင်လုပ်အပ်သည်လည်း မဟုတ်။ ဆေးသုတ် ထီးတော်သစ် အတင်ခံရသော ပုဂံမြို့ဟောင်း  စေတီတော်များသည် လည်းကောင်း၊ မွမ်းမံ ထီးတော်တင်အပြီး ပြိုကျပျက်စီးခဲ့သော ရန်ကုန် ဒလ မြို့နယ်က ဓနုတ်စေတီ တော်ကြီးသည် လည်းကောင်း ရှိပြီး ပုံရိပ်ဟောင်းကို ဖယ်၍ သကာလောင်း ပုံရိပ်သစ်ဖြင့် လွှမ်းရန်ကြိုးပမ်းခံရသော ဥပမာများ ဖြစ်ခဲ့ပြီ။ လူအများ၏ စိတ်၌  စွဲပြီးသော အစဉ်အလာပုံရိပ်သည် ရွှေ့၍ မရစကောင်းဟု ဆိုချင်သည်။     ။
Comments (8)Add Comment
0
...
written by ဒီဇင်ဘာလွမ်း, March 13, 2010
ဗိုလ်သန်းရွှေရဲ့ ရွှေတိဂုံ ပုံတူတွေကတော့ ပေါပါပေ့
ဒါပေမယ့် ရွှေတိဂုံ စေတီတော်ကြီး သမိုင်း ၀င်ရုံတင် မကဘူး မြတ်စွာ ဘုရားရဲ့ ဆံတော် ၆ ဆူကို ဌာပနာ ထားတဲ့ အထွဋ်အမြတ် စေတီေ တ်ာမြတ်ကြီး ဖြစ်တယ် ဆိုတာ ဗုဒ္ဓ ဘာသာဝင်တိုင်း သိကြပါတယ် ....
စေတီတော်မြ တ်ကြီးကို ဖူးမျှော်ရတဲ့ အေးချမ်းမှုနဲ့ ပုံတူ စေတီတော်ကို ဖူးမျှော်ရတဲ့ အေးချမ်းမှုက ဘာမှကို မဆိုင်ဘူး
ကိုယ်တွေ့ မို့လို့ပါ ........
0
ထိတဲ့အတွေးပါ
written by မင်းထက်, March 07, 2010
ရည်ရွယ်ချက်တွေ အမျိုးမျိုး ရှိနိုင်ပေမည့် ဆောင်းပါး ဆရာရဲ့ တွေးပုံ လေးကို သဘော ကျတယ်ဗျာ။
0
It's our fault.
written by Myanmar PyiThar, March 07, 2010
We cannot blame it on Than Shwe alone. We have to blame it on ourselves.
We always scare to talk the truth and no guts to fight for the right (including me).

So, please don't blame Than Shwe alone. Blame me first and blame yourself for we don't have our guts to say and act like our heros.
0
ဘုရားချင်း မယှဉ်ချင်ပေမယ့်
written by thakhinnyein, March 07, 2010
ဘာသာရေး နိုင်ငံရေး ကိစ္စတွေဟာ ဒီစေတီတော်ကြီးကို အခြေတည်ပြီး ဖြစ်လာခဲ့တယ့် အတွက် ပြည်သူတွေဟာ ရွှေတိဂုံ စေတီကြီးကို ဘယ်လိုမှ မေ့ပျောက်လို့ ရမှာ မဟုတ်တော့ပါဘူး။ အသက် မသေသည်အထိ အမြဲ ရင်ထဲမှာ ရှိနေတော့မှာလေ။ အဲဒါကို သူတို့မသိဘူး။
0
Warning
written by ngapwar, March 07, 2010
In future the image of Shwe Dagon will also not be taken place in any printed media as ours General Aung San.
0
...
written by THEIN, March 07, 2010
what ever you do , look at the mirror, then can see your image as reflection. Every thing goes accordingly. Don't be so upset, behave our self with peace of mind. after dark the light will come.
0

written by မျိုးလွင်, March 06, 2010
ရန်ကုန်မြို့ကို နယ်မြို့လေး အဆင့်သာကျန်အောင် လုပ်နေတာေ လ၊နေပြ ည်တော် သာလျင် တုနှိုင်းမရ မဟာမြို့တော်ကြီး ဖြစ်စေရမည် လို့ကျုံးဝါ ထားတော့ ရွှေ တိဂုံဘုရား ကိုတောင်မှ တန်ခိုးနိမ့် ကျအောင် လုပ်ပြီး၊သူတို့တည်တဲ့ ဘုရားက တန်ခိုးပိုရှိတယ် ဆိုတဲ့သဘော။ ယခုလ က်ရှိဘုရင် တည်ထား တယ်ပေါ့ ဗိုလ်နေဝင်း တုန်းကလည်း ရွှေတိဂုံဘုရား နားမှာ စေတီငယ်လေး တဆူတည်၊ ‘‘မဟာဝိဇယ” လို့မှည့်ပြီး ရွှေတိဂုံ ဘုရားကို သွားယှဉ်လို့ ခိုက်ပြီးပြီ။ ဒီတခါတော့ ဗိုလ်သန်းရွှေ အလှည့် ဗိုလ်နေဝင်း လိုမျိုး မကြာခင် ဝဋ်လည်တော့မယ်။
0
ဘယ်တော့ မှ အစားထိုးလို့ မရ
written by ဗိုက်ကလေး, March 06, 2010
တပ်ချုပ်ကြီးက သူ ဒီတသက်မသေတော့ ဘူးပဲ ထင်နေတာလား မသိပါ.... လောကမှာ ပြောင်းလဲလို့ မရတာတွေ အများကြီး ရှိတယ် ဆိုတာ ..သိသိကြီးနဲ့ မိုက်တွင်း နက်နေတာလေ ။ မြန်မာနိုင်ငံသား တွေရဲ့ ရင်ထဲ မှာ ...ရွှေတိဂုံ ဆိုတဲ့  ပုံရိပ်က ဘယ်တော့ မှ ပြောင်းလဲလို့  မရပါ ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်