“မြန်မာ့ရုပ်သေးဟာ ကမ္ဘာကိုပေါက်သွားတယ်”

၁၉၉၀ ပြည့်နှစ်မှစ၍ ပျောက်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာအမွေအနှစ် အနုပညာရပ်တခုဖြစ်သော ရုပ်သေး ပညာ ကို ပြန်လည်ဖော်ထုတ်ကာ မန္တလေးရုပ်သေးအဖွဲ့ကိုစတင်တည်ထောင်ခဲ့သူ ဒေါ်မမနိုင်သည် မြန်မာစာ ဂုဏ်ထူး ဦးသိန်းနိုင်၏ သမီးလည်းဖြစ်သည်။

ယခုလက်ရှိတွင် ရုပ်သေးပညာဖြင့် ကမ္ဘာအရပ်ရပ်သို့သွားရောက် ဖျော်ဖြေကပြ လျက်ရှိပြီး ဆိုကရေးတီး ရုပ်သေးပြိုင်ပွဲတွင်လည်း ဗဟိုဒိုင် အကဲဖြတ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ၎င်း ဒေါ်မမနိုင်(ရုပ်သေး)အား ဧရာဝတီ သတင်းထောက် သဲသဲ က ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါ သည်။

မေး။   ။ အခုလက်ရှိ မြန်မာနိုင်ငံရုပ်သေးအနုပညာ ထွန်းကားမှုအနေအထားဘယ်လောက်အထိ ရှိပါသလဲ။

ဖြေ။   ။ ရုပ်သေးပညာက အမှန်တော့ တိမ်မြုပ်ပျောက်ကွယ်နေသလောက် ဖြစ်သွားပြီ။ အရင်က အရမ်းထွန်းကားနေ ရာကနေ ၁၉၇၅ မှာရွှေဘိုတင်မောင်ဆုံးသွားပြီးကတည်းက ပြတ်သွားလိုက်တာ ၁၉၉၅ လောက်မှ ယဉ်ကျေးမှုဝန်ကြီး ဌာနက ပြန်လုပ်လာရင်းက ကျမကနေ ရုပ်သေးအဖွဲ့ကို ၁၉၉၀ မှာထောင်ဖြစ်သွားတယ်။ဒါကလည်း ၁၉၇၅ မှာဆုံးသွား တဲ့ ရွှေဘိုတင်မောင်အဖွဲ့ပါပဲ။သူဆုံးသွားတော့ ၂ နှစ်လောက် သူ့သမီးက ကဖို့ကြိုးစားပေမယ့်လည်း မအောင်မြင်ခဲ့ဘူး၊ အဲဒီလိုမအောင်မြင်ဘဲ ပြိုကွဲသွားပြီး ရပ်သွားတဲ့အခါကျတော့ ကျမကနေ ညပိုင်းတွေကို နိုင်ငံခြားသား ဖျော်ဖြေပွဲလေး တွေက စပြီးလုပ်ကြည့်တယ်။ နောက် တဖွဲ့ကို လူ ၃၅ ယောက်နဲ့ ၄၀ ကြားမှာရှိတဲ့ ပြိုကွဲနေတဲ့ ရွှေဘိုတင်မောင် အဖွဲ့ ကို ပြန်စုစည်းပြီး ဇာတ်တော်ကြီးတွေနဲ့ မိုးလင်းပြတဲ့ပွဲတွေ ကပြရာကနေ ရုပ်သေးတခေတ် ပြန်ထလာပါတယ်။အဲဒီလို တဖြည်းဖြည်း အောင်မြင်လာပြီး ၁၉၉၈ လောက်မှာ နိုင်ငံခြားခရီးစဉ်တွေ စပြီးသွားရတယ်။နောက် ဘုရားပွဲတွေမှာ ရုပ်သေး ကပြတဲ့ပွဲတွေ နှစ်ပေါင်း ၃၀ လောက်ပျက်သွားရာကနေ ပြန်ကလာရတာပေါ့။အထူးသဖြင့် အထက် မြန်မာ ပြည်ပေါ။့

မြန်မာပြည် အောက်ပိုင်းမှာတော့ ပုဏ္ဏားပျံကျော်အေးတို့၊ဦးရဲဒွေး၊ဦးကျော်ယုတို့ နည်းနည်းပါးပါး ကနေ ကြတယ်။ အထက် မြန်မာပြည်မှာတော့ ကျမတို့အဖွဲ့ တဖွဲ့ရှိတယ်ဆိုတော့ မြန်မာတနိုင်ငံလုံးမျှသွားတဲ့ အနေအထား ရှိရာကနေ ၂၀၀၈ လောက်ကနေစပြီး ဖောက်တော့တာပဲ။ဘာလည်းဆိုတော့ ကျမတို့အဖွဲ့က ကောင်းမှုတော် ဘုရားပွဲကို တခြား ဘုရားပွဲမကရလည်း ဒီဘုရားပွဲကတော့ နှစ်တိုင်းကရတယ်။အဲဒီနှစ်မှာ အငြိမ့်ကိုပဲငှားလိုက် ကြတယ်။ အဲဒီတော့ မိုး လင်းပွဲတွေက ထင်သလောက်မပေါက်တော့ဘူးပေါ့။ မန္တလေးနှစ်တရာ့ငါးဆယ်ပြည့် တုန်းကလည်း ၃ ည က ဖို့လုပ်ထားပေမယ့် မိုးဖျက်တာနဲ့ ညလုံးပေါက်ဇာတ်တော်ကြီးကိုမကလိုက်ရတော့ပါဘူး။

မေး။   ။ မျိုးဆက်သစ်တွေအနေနဲ့ကော ရုပ်သေးပညာကို စိတ်ဝင်စားမှုရှိလား။

ဖြေ။   ။ စိတ်ဝင်စားကြတယ်။ဘာလို့လည်းဆိုတော့ ကျမတို့အဖွဲ့ကလည်း စံပြဖြစ်သွားတာကိုး။ကျမတို့ဆီမှာ ရုပ်သေး ကြိုးဆွဲနေတဲ့ မျိုးဆက်သစ်တွေကို နိုင်ငံခြားခရီးစဉ်တွေမှာ တလှည့်ဆီခေါ်သွားတယ်။ ကျမတို့အမာခံတွေအပြင်ပေါ့။ ဒါတွေက သူတို့အတွက်မက်လုံးလေးတွေပေါ့။နိုင်ငံခြားအတွေ့အကြုံ ဗဟုသုတတွေလည်းရတယ်၊ကမ္ဘာကလည်း မြန် မာ့ ရုပ်သေးအနုပညာကို နှစ်ခြိုက်မှန်းသိတဲ့အခါကျတော့ လူငယ်တွေကလည်းစိတ်ဝင်စားလာတာပေါ့။

မေး။   ။ ဒီမန္တလေး ရုပ်သေးအဖွဲ့က အခုဆိုရင်နိုင်ငံပေါင်း ဘယ်နှစ်နိုင်ငံသွားရောက်ဖျော်ဖြေပြီးပြီလဲ။

ဖြေ။   ။ အာရှထဲမှာဆိုရင် ထိုင်း ၊ စင်ကာပူ ၊ မလေးရှား ၊ ဂျပန် ၊ ထိုင်ဝမ် ပေါ့။ဥရောပပိုင်းဆိုရင် ပြင်သစ်ကတော့ တော်တော်များများသွားရတယ်။သူက ရုပ်သေးကို အရမ်းသဘောကျတယ် ဆိုတော့လေ။နောက် ဆွစ်ဇာလန်၊ သြစတြီးယား၊ ဂျာမနီ ၊ ဘယ်လ်ဂျီယမ် ၊ ဟော်လန် ၊ စပိန် ၊ ဖင်လန် ပေါ့ ။နောက် အာဖရိကတိုက် ရဲ့ညာဘက် ထိပ်မှာရှိတဲ့ မော်ရိုကို ရယ်၊ အနောက်နိုင်ငံ အနေနဲ့ကတော့ အမေရိကား တို့ပေါ့ ရောက်ပြီးသွားပါပြီ။ အောက် တိုဘာလထဲမှာလည်း ထိုင်ဝမ် နဲ့ အမေရိကားကို ဒုတိယအကြိမ်ထပ်သွားဖို့ရှိပါသေးတယ်။

မေး။   ။ နိုင်ငံခြားတိုင်းပြည်တွေကရော မြန်မာ့ရုပ်သေးကို အားပေးမှု ၊ ဝေဖန်မှု ဘယ်လိုရှိပါသလဲ။

ဖြေ။   ။ သူတို့တွေကတော့ တကယ့်ကို မက်မက်မောမောပဲ။ပွဲတော်ကြီးတွေမှာဆိုရင် မြန်မာ့ရုပ်သေးပွဲက ရုံပြည့်ပဲ၊ ကျမတို့ရုပ်သေးက သူများနိုင်ငံကရုပ်သေးနဲ့တူမှမတူတာကိုး။သူတို့ရုပ်သေးတွေက ကလေးတွေအတွက် ဖျော်ဖြေ မှုသက်သက်ပဲဆိုတော့လေ။မြန်မာ့ရုပ်သေးကမှ တကယ့်ကိုခက်ခဲ နက်နဲဆုံး ပညာသားအပါဆုံးကိုး။ ကိုယ့်ရုပ်သေး ပွဲက ဆိုင်းဝိုင်းတွေနဲ့ မြန်မာ့အကတွေရော၊စောင်းတွေရောဆိုတော့ သွားလေရာဘယ်နိုင်ငံဖြစ်ဖြစ် ရုံပြည့်ပါပဲ။

မေး။   ။ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ရုပ်သေးဆိုတာ ဘယ်လိုမျိုးပါလဲ။

ဖြေ။   ။ သူတို့ဆီမှာ ကြိုးဆွဲရုပ်သေးကော တုတ်ထိုးရုပ်သေးရောရှိတယ်။ကြိုးဆွဲရုပ်သေးက ဥရောပ နဲ့ တရုတ်မှာရှိ ပါတယ်။ ဒါပေမယ့် ကျမတို့နဲ့မတူပါဘူး။ သူတို့ကတော့ လက်ညှိုးထိုးတာတို့ ၊ လမ်းလျှောက်တာတို့ ၊ တခါတလေ အရုပ် ကလေးက တံမြက်စည်းလှည်းတာတို့ အဲလိုမျိုး ဟန်လောက်ပဲပေါ့။ထိုင်းဆိုရင် လူက ဝတ်ရုံအနက်တွေဝတ်ပြီး အရုပ်ကိုတုတ်နဲ့ထိုးပြီး ရာမယဏ ကတာတို့ရှိတယ်။ နောက်ဂျပန်ဆိုရင် အရင်က အရုပ်ကြီးတရုပ်ကို လူ ၃ ယောက် လောက် ကိုင်ပြီး ကရတယ်။ဒါပေမယ့်အခုတော့ မိန်းမတွေက ပြန်ထွင်လိုက်တယ်။လူရဲ့ရှေ့မှာအရုပ်ကိုထားပြီး လူ ခန္တာ ကိုယ်မှာ သံချိတ်တွေနဲ့တွယ်ပြီးလူကပါ လိုက်ကရတဲ့ ပုံစံမျိုးပါ။ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားက အရိပ်ရုပ်သေး၊ လာအို ကကျတော့ ဥရောပတီးလုံးကိုဖွင့်ပြီး အဲဒီတီးလုံးဖွင့်ထားတဲ့ အတောအတွင်းကိုမှ  ကြွပ်ကြွပ်အိတ် အကြီးကြီး တလုံးကို ပုံချလိုက်တယ်။အဲဒီထဲကမှ တောင်းတွေ ၊ ပလုံးတွေ ၊ တုတ်တွေ ၊ ခွက်တွေ ထွက်လာပြီး အဲဒီမှာတထိုင် တည်း အတွဲ တွေတွဲပြီးတော့မှ ချက်ချင်းအရုပ်လုပ်ကြတယ်။အရုပ်လည်းအပြီး တီးလုံးလည်းအပြီးပေါ့။ဒါကကျတော့ ဖန်တီးမှု အနုပညာဖြစ်သွားတာပေါ့။ဥရောပရုပ်သေးကတော့ ခုနကပြောခဲ့သလိုပဲ ကလေးတွေပျော်ရွှင်ဖို့သက်သက် ရုပ်သေး ပါပဲ။ ကျမတို့ မြန်မာ့ရုပ်သေးသာ ပရိသတ်ကို ငိုစေ ၊ ရယ်စေ ၊ ချစ်စေ ၊ မုန်းစေ စတဲ့ ရသ ၉ ပါးကိုပေးစေ နိုင်တဲ့ပညာရပ်ပါပဲ။

မေး။   ။ မြန်မာပြည်မှာရုပ်သေးထုလုပ်တဲ့ပညာရှင်တွေ ကြိုးဆွဲပညာရှင်တွေအနေနဲ့ ဒီပညာရပ်ကိုမှီခိုပြီး သူတို့ဘဝရပ် တည်နေထိုင်နိုင်ပါသလား။

ဖြေ။   ။ သူတို့ဒီပညာနဲ့ရပ်တည်နေကြတာပါပဲ။တိုက်တွေ ၊ ကားတွေ တော့မရှိဘူးပေါ့နော်။အခုဟာက ကရုပ်ထုတဲ့ လူ ကလည်း ရှားလာပြီလေ။အရုပ်လုပ်တဲ့သူကလည်းလုပ်တဲ့အလျောက် အရုပ်ထုရောင်းကြတယ်။ကြိုးဆွဲကလည်း ကြိုး ဆွဲအလျောက် ဘုရားပွဲတွေ ဆိုကရေးတီးပွဲတွေမှာ ကပြရင်းနဲ့ပဲ ဒီလိုပဲအသက်မွေးနေကြတာပါပဲ။

မေး။   ။ နိုင်ငံတော်ကရော ဒီရုပ်သေးပညာကို ဘယ်လိုပံ့ပိုးမှုတွေရှိလဲ။

ဖြေ။   ။ နိုင်ငံတော်ကတော့ ဆိုကရေးတီးတွေလုပ်ပေးပြီးတော့မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတယ်ပေါ့၊ ဒီလို ရွက်ပုန်းသီးတွေကို လက်ရည်မပြတ်အောင် ဇာတ်တော်ကြီှးတွေ လုပ်ပေးတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် တနှစ်လုံးမက ဖြစ်ပေမယ့် ဒီလိုမျိုးတွေရှိနေတော့ ထိုးတော့ မရပ်သွားဘူးပေါ့။အဖွဲ့တွေက အပြိုင်အဆိုင်လုပ်ကြတော့ အရုပ်တွေက အစ လှတယ်။ နောက်တင်ဆက်ပုံတွေကအစကောင်းကြတယ်။ဒါပေမယ့်အဲဒါတွေက ပွဲပြီးတာနဲ့ သေတ္တာထဲသော့ခတ် ပိတ်လိုက် ကြတော့တာပဲကိုး။ ကျမဖြစ်စေချင်တာကတော့ တနှစ်ပတ်လုံးကို မြန်မာပြည်အနှံ့ဘုရားပွဲတွေမှာဒီရုပ်သေး ပညာကို ကပြတင်ဆက်နေကြမယ် ၊ အမြဲတမ်းဒီပညာနဲ့ပတ်သက်ပြီး ဘယ်လိုပရိသတ်ကို ချပြနေရမလဲဆိုတာ အမြဲတမ်း စဉ်းစားနေမယ်ဆိုရင် အရုပ်ကလေးတွေလည်း သေတ္တာထဲအောင်းမနေတော့ပဲ ဒီပညာက ပြန်ပြီးရှင်သန် လာမှာပေါ့။ အဲဒီတော့ ဆိုကရေးတီး ရှိတာကို ပဲ ကြံဖန်ကျေးဇူးတင်နေရပါတယ်။

မေး။   ။ နှစ်တိုင်း ဆိုကရေးတီးပွဲတွေမှာလည်း ရုပ်သေးဘာသာရပ်ကို ဝင်ပြိုင်ကြတဲ့ အဖွဲ့ရယ်လို့ လက်ချိုး ရေတွက်လို့ ရလောက်အောင်နည်းပါးတယ်။ အဲဒါဘာကြောင့်ပါလဲ။

ဖြေ။   ။ အခုခေတ်က ကုန်ဈေးနှုန်းက ကြီးတယ်လေ။ရုပ်သေးတဖွဲ့ ဖြစ်ဖို့ဆိုတာကလည်း ဆိုင်းတွေဝိုင်းတွေနဲ့ ဆိုင်းက လည်း ၇ ယောက်လောက်တီးရတာကိုး၊ရုပ်သေးရုပ်တွေကလည်း ဈေးကြီးတယ်။ဒီလိုလူတွေကို စုစည်းဖို့ တီးလုံးတိုက် ဖို့ဆိုတာတွေကမလွယ်ပါဘူး။ဒီပညာရပ်ထဲမှာ နှစ်ပြီးတော့ လုပ်နိုင်မှပဲရမှာလေ။မဟုတ်ရင်မလွယ်ပါဘူး။ အဲဒါတွေ ကြောင့် နည်းလာတာလည်းပါတယ်။

မေး။   ။ မြန်မာ့ရုပ်သေးလောကအပေါ် အမြင်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ။   ။ လူတွေကလည်းတဖြည်းဖြည်းနဲ့ မြန်မာ့ရုပ်သေးရဲ့လေးနက်မှုတန်ဖိုးကို အာလုံး သိလာကြပါတယ်။ ဒါပေမယ့် မလွယ်ဘူးလေ၊ မိုးလင်းပွဲတွေအဆင့်ထိဖြစ်ဖို့ကမလွယ်ဘူး။အဖွဲ့တွေကလည်း များများမရှိတော့ ရှားရှားပါးပါးရှိတဲ့ ကျမတို့ အဖွဲ့တောင်တော်တော်လေးစိတ်ပျက်သွားပြီ။ကျမတို့ရုပ်သေးအဖွဲ့တွေကလည်း ဇာတ်အဖွဲ့တွေလိုပဲ လူ အယောက် ၄၀ လောက်ရှိတယ်ဆိုတော့ ဒီအဖွဲ့ကြီးကို စုစည်းဖို့ဆိုတာကတော်တော် လုပ်ရပါတယ်။အဲဒီတော့ တန်ဖိုး ရှိတယ်၊ရှိတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးလည်းပိတယ်။ ဒါပေမယ့် ကျမ ဖြေသာတာက မြန်မာ့ရုပ်သေးဟာ ကမ္ဘာ ကိုပေါက်သွားတယ်။ ကမ္ဘာကိုချပြနိုင်တယ်။ ကမ္ဘာမှာလည်း မြန်မာ့ရုပ်သေးက တကယ့်ကို ထိပ်ပါပဲ။

Comments (7)Add Comment
0
Congratulation Burmese Puppets
written by Mg Ko Yu, September 23, 2009
Very glad to know that Burmese Puppet Arts are now successful to concert in World's cities.
Congratulation Daw Ma Ma Naing. Congratulaton members of the Puppet artists.
0
...
written by win, September 15, 2009
we want to see just movie.we dont want to see how movie made.
all people want to see just Yoketay.They dont want to see peoples all the time on the stage those handel the purpets.
0
My Ideal person.
written by Waismith, September 15, 2009
Mom, Not only you are not my mom but also a teacher. Now I am trying my best to be a perfect teacher like you and I am also planning to show off our Myanmar traditional puppets all over the world.
God bless you mom. I love you and miss you so much.
0
...
written by Ag Lwin, September 13, 2009
It is said that old tradition disappear because of trend or/and economy (not only in Burma). In Japan 'Kabuki' or 'No' is still alive because of their good economy. Otherwise they are gone long before. I by myself never seen full version for traditional Burmese purpet in my life over 40 yrs. The more I grow older the more I pay more attention on such treasures. When I was young I was the same as current youngstars. No blame.
AL
0
Great Job
written by REALITY, September 12, 2009
You did the great job Daw Ma Ma Naing. May you success more in that field.
0
Thanks
written by Ta Pyay Thu, September 12, 2009
Thank you Daw Ma Ma Naing, her team and other puppet artists for keeping one of our precious art forms alive. Hope to see shows in Rangoon sometimes soon.
0
Thanks
written by Ta Pyay Thu, September 12, 2009
Thank you Daw Ma Ma Naing, her team and other puppet artists for keeping one of our precious art forms alive. Hope to see shows in Rangoon sometimes soon.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်