ဗုဒ္ဓ တက္ကသိုလ်စာမေးပွဲများ စစ်တပ်လုံခြုံရေးတင်းကျပ်မှုဖြင့် ဖြေဆိုရ

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်တွင် ယမန်နေ့က စတင်ကျင်းပသော နှစ်ဝက် ၄ လ တန်း (First Semster) ဗုဒ္ဓဘာသာ စာမေးပွဲကျင်းပရာသို့ အာဏာပိုင်များက စစ်သား (၅၀)ခန့်ဖြင့် လုံခြုံ ရေးတင်းကျပ်ထားသောကြောင့် သံဃာတော်များအပါအဝင် စာဖြေသူများ အနှောင့်အယှက် ဖြစ်ရကြောင်း သတင်း ရရှိသည်။

အဆိုပါ လုံခြုံရေး စစ်သားများက သံဃာတော်များ၊ သီလရှင်များ၊ အမျိုးသား၊ အမျိုးသမီး စာသင်သား (၂၀၀) ကျော် စာဖြေဆိုရာ ကျောင်းပရ၀ုဏ်အပြင်ဘက်ရှိ ပလက်ဖောင်းနှင့် အ၀င်မုခ်ဝအနီးတွင်လည်း ကောင်း၊ ကျောင်းဝန်း အပြင်ဘက် အနီးဝန်းကျင်တွင်လည်းကောင်း စောင့်ကြပ် ကြည့်ရှုမှုများပြုလုပ်သော ကြောင့် စာမေးပွဲလာဖြေကြသူများအတွက် များစွာစိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု စာမေးပွဲ ၀င်ရောက် ဖြေဆိုနေသူ ပထမနှစ် တက်ရောက်နေသည့် သံဃာတော်တပါးက မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့စာမေးပွဲဖြေဖို့လာတဲ့လမ်းရဲ့ ပလက်ဖောင်းပေါ်မှာ ရပ်စောင့်နေကြတယ်၊ ဘုန်းကြီးတွေ သီလရှင် တွေ အများကြီး စာမေးပွဲလာဖြေတယ် ဆိုတာကို မြင်လျက်သားနဲ့ လမ်းမဖယ်ပေးဘူး၊ ပေရပ်နေကြတယ်၊ ဦးပဉ္ဇင်းတို့ကပဲ လမ်းဖယ်သွားရတယ်၊ ပြီးရင် ဦးပဉ္ဇင်းတို့ သွားတာလာတာကို လိုက်ကြည့်နေကြတယ်၊ တချို့ သံဃာတွေကလည်း ကြောက်ကြတယ်လေ၊ သီလရှင်တွေနဲ့ သာသနာပြုဖို့ ဘာသာရေး စာပေတွေလေ့လာ ပြီး ဘာသာရေးဘွဲ့ ယူဖို့ ကြိုးစားနေကြတဲ့ စာသင်သား အမျိုးသား အမျိုးသမီးတွေလည်းစိတ်ညစ်ကြတာပေါ့။ အခုလို စစ်သားတွေ လာစောင့်နေတဲ့ စာမေးပွဲကို ဖြေနေရတာ”ဟု ၎င်း သံဃာတော်က မိန့်သည်။

ယခုစာမေးပွဲသည် စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ စက်တင်ဘာ ၃၀ ရက်အထိ တရက်ခြားဖြေဆိုရ ခြင်းဖြစ်ပြီး B.A ပထမနှစ် မှ M.A (final) တန်းထိ လာရောက်ဖြေဆိုနေကြသည်ဟု သိရသည်။

M.A တန်းတွင် ၀င်ရောက်ဖြေဆိုနေသော သံဃာတော်တပါးကလည်း ယင်း လုံခြုံရေး စစ်သားများအနေနှင့် သံဃာအများစု စာမေးပွဲလာရောက်ဖြေဆိုသောကြောင့် လှုပ်ရှားမှု တစုံတခုပြုလုပ်မည်ကို စိုးရိမ်သည့် အတွက် ယခုကဲ့သို့ စောင့်ကြပ် ကြည့်ရှုနေခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ဒါပေမယ့် ဒီနေ့တော့ တပါးကိုမှ အတင်းရှာဖွေတာမျိုးတော့ လုပ်တယ်မကြားမိဘူး၊ ပြီးတော့ ဒီတက္ကသိုလ် က သာသနာရေးဝန်ကြီးဌာန လက်အောက်ခံဆိုတော့ အရမ်းကာရော ၀င်မလုပ်တာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဒီလိုစောင့်နေတာဟာ သာသနာအတွက် အရမ်းကို အရုပ် ဆိုးတယ် ဒကာ”ဟု ၎င်းက မိန့်ဆို သည်၊

စစ်အစိုးရသည် ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် သံဃာတော်များ ခရီးသွားလာ သီတင်းသုံးနေထိုင်ရာတွင် အထူးတင်းကျပ်ခြင်း၊ ကျောင်းတိုက်များကို စောင့်ကြပ်ကြည့်ရှုခြင်း၊ စစ်ဆေး မေးမြန်း ဖမ်းဆီးမှုများကို ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကလည်း ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အချိန်တွင် ပြည်တွင်းပြည်ပရှိ သံဃာတော်များကို စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် နှိုးဆော်ထားသည်။

သံဃာအဖွဲ့များက အကျဉ်းကျသံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့လမ်းလျှောက် ဆန္ဒပြခဲ့သော သံဃာတော်များအပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။ တောင်းဆိုချက်များကို အာဏာ ပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှားမှုများ ပြုလုပ် ပြီး ဆန္ဒပြ တောင်းဆိုသွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇  စက်တင်ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာ တော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင်တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာ နှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၏ ဖော်ပြချက်အရ မြန်မာပြည် အနှံ့ အကျဉ်းများထောင်များရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ထဲတွင် သံဃာ ၂၃၇ ပါး ပါဝင်ကြောင်း သိရသည်။
Comments (1)Add Comment
0
အကုသိုလ်၊ ဒုစရိုက် တွေ လွှမ်းမိုးေ နတဲံ့ အကာလ
written by ကို, September 15, 2009
အကုသိုလ်၊ ဒုစရိုက် တွေ လွှမ်းမိုးနေတဲံ့ အကာလ
ကျက်သီး ဖြန်းဖြန်း ထ ရင်နာလိုက်တာ။
၂၀၀ရ စက်တင်ဘာ
ကြေကွဲရင်း ကြည်ညိုလိုက် တာ
သံဃာတော် တွေလေ
နေကြဲကြဲေ တာက် ပူနေသော်လည်း ဒေသစာရီကြွချီ မေတ္တာပို့ မပျက်
သဲကြီးမဲကြီး မိုးရွာထဲမှာလည်း ဒေသစာရီကြွချီ မေတ္တာပို့ မပျက်
ဒူးရောက် ပေါင်ရောက် ရေကြီးသော်လည်း ဒေသစာရီကြွချီ မေတ္တာပို့ မပျက်
နအဖ ရဲ့ လုံထိန်းရဲ တွေ
နအဖ ရဲ့ ကြံ့ဖွတ် တွေ
နအဖ ရဲ့ စွမ်းအားရှင် တွေ
အကုသိုလ်ဂြိုလ် မွှေပြီး ဒုတ်တွေနဲ့ ရိုက်လို့
သွေးစိမ်းဖြ န်းဖြန်းကျ သော်လည်း ဒေသစာ ရီကြွချီ မေတ္တာပို့ မပျက်
နောက်ဆုံး နအဖ ရဲံ့ သြဇာခံ စစ်တပ်တွေ
မျက်ရေယို ဗုံးတွေ မိုးမွှန်အောင် သုံးပြီး
စက်ေ သနတ်တွေ နဲ့ ပစ်နေသော်လည်း
အသက်ကို စွန့်လှူရင်း ဒေသ စာရီကြွချီ မေတ္တာပို့ မပျက်။
..... ....... .......... ....... .........
ဒီလို ဒေသစာရီကြွချီ မေတ္တာပို့ ရတာ
ဘုရားပညတ်တော်မူခဲ့တဲ့ သပိတ်မှောက်အဂါင်္(ဂ)ပါး
၁။ ရဟန်းတို့အား လာဘ်မရစေခြင်း
၂။ရဟန်းတို့အား အကျိုးစီးပွား မဲ့စေခြင်း
၃။ရဟန်းတို့အား ကျောင်းသင်္ခန်းမှ ထွက်ခွာစေခြင်း
၎။ရဟန်းတို့အား ဆဲရေး ဆိုမြည်ေ ရရွတ်ခြင်း
၅။ရဟန်းတို့ြ ခင်းမညီ ညွတ်အောင် ဖျက်စီးခြင်း
၆။ဘုရားကျေးဇူးမဲ့ကိုဆိုခြင်း
ရ။တရားကျေးဇူမဲ့ကိုဆိုခြင်း
ဂ။သံဃာကျေးဇူးမဲ့ကိုဆိုခြင်း
...ကို ကျုးလွန် နေတဲ့ နအဖ
အကုသိုလ်ေ တွကနေ ရပ်တန့်အောင်
တစ်ဖက်မှာလည်း
ပြည်သူတွေ နှလုံးစိတ်ဝမ်း အေးချမ်းအောင်...
အော် ...
သံဃာတော်တွေ
အရိယာ သံဃာတော်တွေ
ဦးနှိမ်မာန်ချ ကန်တော့ပါ၏ ဘုရား....


Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်