မဒမ်တေက ပွစိပွစိ ရေရွတ်နေသည်။ ဒီနေ့ ကမ္ဘာ့ အကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့ ဆိုတော့ သူ့ ပွစိပွစိကို လွှတ်ပေး ထားလိုက်သည်။ တော်ကြာ ပြန်ပြောမိတာကို စကားလုံးဖြင့် အကြမ်းဖက်သည်ဟု စွပ်စွဲနေမှဖြင့်။မဒမ်တေ။ ။ အဲဒီဆိုက်ကားခွေပြင်ရင် ဘယ်လောက်ကုန်မှာလဲ။
ဆြာတေ။ ။ ၅ ထောင်၊ ၁ သောင်းလောက်တော့ ကုန်မှာပေါ့ကွာ။
တကယ်တော့ ပိုပိုသာသာလေး ပြောလိုက်ခြင်းဖြစ်သည်။ ဒါမှ ဘတ်ငွေလေး နည်းနည်းပါးပါး ထွက်လာမည် မဟုတ်လား။
မဒမ်တေ။ ။ ဒုက္ခပါပဲ … ကိုတာတေရယ်။ ရှင်ကလည်း ဒီလောက်ကြီးတဲ့ ချိုင့်ကြီးတောင် မမြင်ဘူးလား။
ဆြာတေ။ ။ သြော် … လမ်းမီး ပျက်နေတာလေ။ လကလည်း မသာတော့ ဘယ်မြင်ပါ့မလဲ။
မဒမ်တေ။ ။ လမ်းမီးပျက်တာ သတင်းမှမဟုတ်ဘဲ၊ လကတော့ တိမ်ဖုံးရင် ဘယ်မြင်ရမလဲရှင့် ...။ တော့်ဘာသာ သွားနေ လာနေကျလမ်း … ဒီနားမှာ ချိုင့်ရှိတယ် … ဟိုနားမှာ ချိုင့်ရှိတယ် မှတ်ထားမှပေါ့။
ဆြာတေ။ ။ သွားနေလာနေကျလမ်း ဘယ်နားမှာ ဘာရှိတယ်ဆိုတာ မျက်စိမှိတ်ပြီးတောင် သိသေးတယ်။ အဲဒီချိုင့်က မနက်ပိုင်းမှာ မရှိသေးဘူးဟ။ ညကျမှ ဘယ်ကဘယ်လို ရောက်လာလဲ မသိဘူး။
မဒမ်တေ။ ။ ကဲပါ … ထားလိုက်ပါတော့။ ၅ ထောင်၊ ၁ သောင်းအကုန်ခံပြီးတော့ ရှင့်ခွေကို မပြင်နိုင် သေးဘူး။ ဒီနေ့တော့ ဆိုက်ကား နားလိုက်တော့ပေါ့။ ဒါပေမယ့် ရှင်က ဘာလုပ်မှာလဲ။
ဆြာတေ။ ။ ငါက … ဒေဝါလီမဂ္ဂဇင်းအတွက် စာမူ ကြွေးလေး ပေးစရာရှိတာ ရေးမလားလို့ ...။
တကယ်တော့ “စာရေးမလို့ စဉ်းစားနေတာ” ဆိုပြီး ငုတ်တုတ် ငိုက်မည့် အကြံနှင့် ဖြစ်သည်။ မဒမ်တေ ကလည်း ကျွန်ုပ်၏ ဇနီးပီပီ အကြံကို သိပုံရသည်။ “ရှင် စာရေးမလို့ စဉ်းစား နေတာဆိုပြီး ငိုက်မလို့ မဟုတ်လား … သိတယ်၊ မရဘူး … ဆိုက်ကား မထွက်ရင် အိမ်အလုပ်ကူလုပ်၊ လောလောဆယ် ထမင်း တအိုးတည်” ဟူ၍ အမိန့်တရပ် ချမှတ်လိုက်လေတော့သည်။
ထိုစဉ် ကျွန်ုပ်တို့ရှေ့၌ ကိုယ်ရောင်ကိုယ်ဝါ ပြိုးပြက်တောက်ပနေသူတဦး ရုတ်တရက် ကိုယ်ထင်ပြလေသည်။ တခြားသူမဟုတ် … ကျွန်ုပ်၏ ဇာတ်လိုက်ကျော်ကြီး ဦးရုက္ခစိုးပင် ဖြစ်သည်။
ရုက္ခစိုး။ ။ ဘယ်လိုလဲ ကိုတာတေ၊ ဆိုက်ကားထွက်မရလို့ အနားယူမယ်ထင်တယ် … ဟုတ်လား။
ဆြာတေ။ ။ ဆိုက်ကားမထွက်တာတော့ ဟုတ်တယ်။ အနားယူတာတော့ မဟုတ်ပါဘူး ဦးရုက္ခစိုးရယ်။ ခုပဲ ထမင်းအိုးတည်ဖို့ ဆန်ဆေးနေရပြီ မတွေ့ဘူးလား။
ရုက္ခစိုး။ ။ ထမင်းတည်တာများ … ပေါင်းအိုးလေးနဲ့ … ခလုပ်ကလေး ထောက်ဆို နှိပ် … ပြီးသွားတဲ့ဥစ္စာ။
ဦးရုက္ခစိုး၏ အပြောကို မဒမ်တေက မျက်စောင်းထိုးကြည့်ရင်း .. “ကြည့်သေးတာပေါ့” ဟု ဆိုသည်။ မီးက သဘောကောင်းစွာ လာနေသည်။ ကျွန်ုပ်က ဆန်ဆေးပြီးသားအိုးကို ပေါင်းအိုးထဲ ထည့်ကာ ခလုပ်နှိပ်လိုက် သည်။
ဆြာတေ။ ။ ထမင်းအိုး တည်တာကတော့ ခလုပ်ကလေး နှိပ်ရုံဆိုတော့ လွယ်ပါတယ် ဦးရုက္ခစိုးရယ်။ မလွယ်တာက စာရေးတာပါ။ ကုန်ကြမ်းက တဖြည်းဖြည်းရှားလာပြီ။ ဦးနှောက်ဘယ်လို သုံးရတယ်ဆိုတာ ဒီမိန်းမ နားလည်တာ မဟုတ်ဘူး။
ဦးရုက္ခစိုးကို ပြောသလိုလိုနှင့် မဒမ်တေကို လှမ်းတွယ်လိုက်စဉ် မီးက ပျက်သွားသည်။ “ကဲ … မီးက ပျက်သွားပြီ … ရှင် ဘယ်လိုဆက်လုပ်မလဲ” ဆိုသည့် အဓိပ္ပာယ်မျက်စောင်းကို မဒမ်တေက ထိုးသည်။
ဆြာတေ။ ။ မီးက ခဏလေး ပျက်တာ နေမှာပါကွာ … စောင့်ကြည့်လိုက်မယ်။
ရုက္ခစိုး။ ။ မဖြစ်ဘူးထင်တယ်နော် ဆြာတေ … အီးပီစီမှာ အမျိုးရှိရင်တောင် သိဖို့ မလွယ်လောက်တဲ့ ကိစ္စ။
ဆြာတေ။ ။ ဟာ … သိပြီ … ဦးရုက္ခစိုးက တန်ခိုးရှင်ပဲ။ မီး ဘယ်အချိန် ပြန်လာမလဲ မသိဘူးလား။
ရုက္ခစိုး။ ။ ကြံကြံဖန်ဖန် … ။ တခြားကိစ္စတွေမှာသာ တန်ခိုးရှင် … ဒီလျှပ်စစ်မီးကျတော့ မသိဘူးဗျ။
ထိုစဉ် မီးက ဖျပ်ခနဲ ပြန်လာသည်။
ဆြာတေ။ ။ ကဲ … မီးလာပြီ ဆိုတော့ … ကုန်ကြမ်းအကြောင်း ဆက်ဆွေးနွေးရင် ကောင်းမယ် … ။
ရုက္ခစိုး။ ။ တခုတော့ရှိတယ် … မိုးလေဝသ ဌာနအကြောင်း ရေးပါလား။ နိုင်ငံတကာမှာ မိုးလေဝသ သတင်း အချက်အလက်တွေကို အခမဲ့ ဖြန့်ဝေနေတဲ့အချိန်မှာ … မြန်မာနိုင်ငံမှာတော့ ပိုက်ဆံပေးမှ သတင်း ရမယ်တဲ့။
ဆြာတေ။ ။ ဒါကတော့ ဦးရုက္ခစိုးရယ် … ။ သူတို့လည်း ဖားကောင်ရေ တိုးချဲ့မွေးမြူဖို့ ငွေလိုလို့ နေမှာပေါ့။ အဲဒီအကြောင်းကတော့ မရေးတော့ပါဘူး။
ရုက္ခစိုး။ ။ ဖားက ဘာကိစ္စ မွေးရပြန်တာတဲ့တုန်း။
ဆြာတေ။ ။ ဦးရုက္ခစိုးကလည်း ဝေးရန်ကော … မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနမှာ ခေတ်မီစက် ကိရိယာတွေ ဝယ်မတပ်နိုင်လို့ ဖားတွေပဲမွေးပြီး မိုးလေဝသအခြေအနေ ခန့်မှန်းရမယ်လေ ...။
ဧည့်သည်လာတိုင်း မဒမ်တေ့ ဆူအောင့်ခြင်းမှ ခေတ္တလွတ်ငြိမ်းချမ်းသာခွင့် ရလေ့ရှိသည့် ကျွန်ုပ်၏ ဘဝပေး ကုသိုလ်ကြောင့် ဦးရုက္ခစိုးကြီး ပြန်မသွားစေရန် စကားကို အမျှင်မပြတ်အောင် ပြောနေရ လေသည်။ ထိုစဉ် လျှပ်စစ်မီးက ပျက်သွားပြန်သည်။ ဒီတချီမှာတော့ ထမင်းအိုးက ဆူပွက်သည့် အဆင့် စတင် နေပြီ ဖြစ်သည်။ မဒမ်တေက ကျွန်ုပ်ကို “ဘယ့်နှယ်ရှိစ” ဆိုသည့် မျက်နှာပေးဖြင့် ကြည့်သည်။
ဆြာတေ။ ။ ခုန တောင် ပြန်လာသေးတာပဲ … ခဏပဲပျက်တာနေမှာပါ … စောင့်ကြည့်တာပေါ့။
ကျွန်ုပ်တို့ အနားတွင်တော့ ထမင်းအကျက်ကို စောင့်ဆိုင်းနေသော ကျွန်ုပ်၏ ဘု စု ခရု ငါးကောင်က ဝန်းရန်နေသည်။ သူတို့၏ ကြွက်စီ၊ ကြွက်စီ အသံများကြောင့် လေပေးမဖြောင့်နိုင်သည့်အတွက် …
ဆြာတေ။ ။ ထမင်းလည်း မကျက်သေးဘူး ဆိုတော့ … မိန်းမ … ကလေးတွေကို ရေချိုးပေး လိုက်ပါလား။
မဒမ်တေ။ ။ မီးမလာလို့ ရေလည်း မလာဘူးလေ။ ရှင်ပဲ ရေတွင်းက သွားထမ်းရမှာ ...။
မဒမ်တေ့ လက်နက်ကြီးက ပြင်းလေစွ။ ကျွန်ုပ်ဘက်ကို ပြန်လှည့်လာသောကြောင့် အသာငြိမ်နေ လိုက်ရသည်။
ရုက္ခစိုး။ ။ ကျုပ်အကြံပေးရရင်တော့ လျှပ်စစ်မီးကို အားမကိုးဘဲ မီးသွေးမီးပဲ မွှေးလိုက်ရင် ကောင်းမယ် ထင်တယ်။
ကျွန်ုပ်ဆြာတေ မီးစမွှေးလေပြီ။ မီးသွေး မီးဖို တလုံးနှင့် အလုပ်ရှုပ်နေစဉ် … လူတဦး ငိုက်စိုက် ငိုက်စိုက်ဖြင့် ကျွန်ုပ်၏ ဂေဟာထဲ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာသည်ကို တွေ့လိုက်ရသည်။ ဦးရုက္ခစိုးက ဧည့်ထောက် ခံလိုက်သည်။
ရုက္ခစိုး။ ။ ဟာ … ချိုကုပ်ဒူးကြီး … ဘယ်က လှည့်လာတာလဲ။ ကျုပ်က လေးလပတ်စည်းဝေးထဲ ရောက်နေတယ် အောက်မေ့လို့။
ချိုကုပ်။ ။ ဟုတ်တယ်လေ … ပျင်းစရာကြီးပါဗျာ ...။ ပြောပြီးသားတွေပဲ ပြန်ပြောကြမှာ။ အဲဒါကြောင့် စိတ်ညစ်လို့ထွက်လာတာ။
ကျွန်ုပ်ဆြာတေကတော့ မီးကို အားကျိုးမာန်တက် မွှေးဆဲဖြစ်သည်။ တည်လက်စ ထမင်းအိုးက အေးနေပြီ။ ထိုစဉ် လျှပ်စစ်မီးက ပြန်လာပြန်သည်။ ထို့ကြောင့် ထမင်းအိုးကို လျှပ်စစ်နှင့်သာဆက်တည်ထားလိုက်သည်။
ရုက္ခစိုး။ ။ ကိုတာတေ … ဘယ်လိုလဲ။ လျှပ်စစ်နဲ့ပဲ ဆက်ချက်မလို့လား။
ချိုကုပ်။ ။ ဘာဖြစ်ကြတာလဲ … မီးပျက်တာလား။ မီးပျက်တာလောက်တော့ မဆန်းဘူး ထင်တယ်ဗျ ..။ ကျုပ်တိုင်းပြည်မှာ အကုန်ပျက်နေတာပဲဟာ။ မပျက်ဘူးဆိုရင်သာ ဆန်းတာ ...။
ရုက္ခစိုး။ ။ ဟုတ်ပါတယ်။ ဒီနေ့က ကိုတာတေ ထမင်းချက် တာဝန်ကျလို့ မီးမလာတဲ့ကိစ္စ အသံထွက် နေတာ။
ချိုကုပ်။ ။ လျှပ်စစ်မီး မလာရင် မီးမွှေးချက်ပေါ့ဗျာ။ ဆန်းတာမှတ်လို့။ ရေအားလျှပ်စစ်က ဈေးကောင်း တယ် .. ဘာလုပ်ဖို့ ပြည်သူလူထု သုံးမလဲ။ သူများနိုင်ငံ ရောင်းစားမှာပေါ့ မဟုတ်ဘူးလား။ လမ်းတွေ ပျက်တော့လည်း ကိုယ်ထူကိုယ်ထ ခင်းလိုက်။ ကျုပ်က ပြည်သူလူထုကို ထုသားပေသား ကျအောင် လေ့ကျင့်ပေးနေတာ။ ဒါမှ လာမယ့် အနာဂတ်နိုင်ငံတော် တည်ဆောက်တဲ့အခါ ခံနိုင်ရည်ရှိမှာ ...။
ရုက္ခစိုး။ ။ ဒါဆို … ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲတွေ အကျင့်ပျက်တာကျတော့ကော။
ချိုကုပ်။ ။ ဒါလည်း … အသစ်မဟုတ်ပါဘူး။ တယောက်တလေ ပျက်တာမှ မဟုတ်တာ။ အကုန်လုံး ပျက်တာပဲဟာ။ မပူနဲ့ … သူလည်းပျက်၊ ကိုယ်လည်းပျက် ဆိုတော့ ပျက်တယ်လို့ကို ထင်စရာ မရှိတော့ဘူး။
ဆြာတေ။ ။ ချိုကုပ်ဒူးကြီး လက်ထက်မှာ ကောင်းတာ တခုမှ မရှိတော့ဘူး ထင်တယ်နော်။
ချိုကုပ်။ ။ ဘာမှမရှိဘူး။ တမျိုးတော့မထင်ပါနဲ့ဗျာ၊ နောက်တက်မယ့် အစိုးရ … အလုပ်မလုပ်မှာစိုးလို့ … ပြဿနာလေးတွေ ချန်ခဲ့တာပါ။
ထိုစဉ် လျှပ်စစ်မီးက ပြန်ပျက်သွားပြန်သည်။ ဒီတခါ ထမင်းအိုးအဖုံး ဖွင့်ကြည့်လိုက်တော့ ဆန်စေ့တဝက် ထမင်းဖြစ်ခါစ တဝက် အနေအထား၊ ဖိုပေါ်ပြောင်းတင် ငှဲ့ချက်ဖို့လည်း အဆင်မပြေတော့၊ ခုတော့ ထမင်းအိုး တကယ် ပျက်ပြီ။ ချိုကုပ်ဒူးကြီး ကတော့ အာပေါင်အာရင်း သန်သန်ဖြင့် ဆက်ဆွေးနွေးနေဆဲ။
ချိုကုပ်။ ။ လူတွေကလည်းတော်တော် ဆိုးတယ်ဗျာ၊ ဟိုဟာပျက် … ပျက်ပြန်ပြီ၊ ဒီဟာပျက် … ပျက်ပြန်ပြီနဲ့ ...။ အဲဒါကြောင့် ဒီမိုကရေစီနဲ့ သူတို့ကို မထိုက်တန်သေးဘူးလို့ ပြောနေရတာ။
ထိုစဉ် ငြိမ်နေသော မဒမ်တေက ဝင်ပြောသည်။ ကျွန်ုပ်လှမ်းတားဖို့ အလျင်မမီတော့ ...။
မဒမ်တေ။ ။ ချိုကုပ်ဒူးကြီးတို့ ပျက်ချင်သလိုပျက်ပါ။ ပျက်ချင်တာတွေ ပျက်ပါ …။ ပျက်တယ်ဆိုတာ ကျမတို့အတွက် လုံး ….. ဝ မဆန်းတဲ့အတွက် ပြဿနာ … လုံး ….... ဝ မရှိပါဘူး။ မီးပဲ ပျက်ပျက်၊ ရေပဲ ပျက်ပျက်၊ လမ်းပဲ ပျက်ပျက်၊ အကျင့်တွေပဲ ပျက်ပျက် … ပျက်လို့ရပါတယ်။
ချိုကုပ်။ ။ အင်း … ကိုတာတေ … ခင်ဗျားမိန်းမကမှ သဘောထား ပြည့်ဝသေးတယ်၊ တွေ့လား။
မဒမ်တေ ဝင်ပြောသည်ကို ချိုကုပ်ဒူးကြီး သဘောခွေ့သွားသည်။
မဒမ်တေ။ ။ တခုတော့ရှိတယ် … ချိုကုပ်ဒူးကြီးတို့ ပျက်တာတွေက နည်းနည်း ပရမ်းပတာ နိုင်လွန်းတယ်။ ပျက်ချင်ရာ … ပျက်နေပေမယ့် … စနစ်တကျ ပျက်တယ်ဆိုရင် နည်းနည်း ခံနိုင်သေးတာပေါ့။ ခုဟာက ဘယ်အချိန်မှာ … ဘယ်ဟာက ဘယ်လို ပျက်မယ်ဆိုတာ မသိရတော့ ကျမတို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး ...။ ခုပဲကြည့် … လျှပ်စစ်မီးက ဘယ်လို ပျက်နေမှန်းမသိတော့ ကျမတို့ မိသားစု ဒီနေ့ ထမင်း ငတ်ပြီရှင့် သိရဲ့လား။
ဗိုက်ဆာသောကြောင့် အော်ငိုနေသော ကျွန်ုပ်၏ ဘုစုခရုတို့ အသံနှင့် မဒမ်တေ့ ဒေါသက ကျွန်ုပ်ဂေဟာကို လွှမ်းမိုးလျက်ရှိရာ ဆက်နေလျှင် ဒေါသစက်ကွင်း သင့်မည်ကို သိသော ချိုကုပ်ဒူးကြီး ထိုင်ရာက ထသည်။
ချိုကုပ်။ ။ ဟုတ်ပြီ ဟုတ်ပြီ ဒါ မှတ်သားရမယ့် အချက်ပဲ၊ ကျုပ် အခုလုပ်နေတဲ့ လေးလပတ် အစည်းအဝေးမှာ တင်ပြပေးပါ့မယ်။
ချိုကုပ်ဒူးကြီး ကမန်းကတန်း ထလစ်သွားသည်။ ဦးရုက္ခစိုးကတော့ ဘယ်အချိန်ကတည်းက ကိုယ်ရောင် ဖျောက်သွားလိုက်သည် မသိ။ ကျွန်ုပ်မှာတော့ မဒမ်တေ့ ဒေါသစက်ကွင်း ဗဟိုချက်တွင် တဦးတည်း အားငယ်စွာ ကျန်ခဲ့လေတော့သတည်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။
Set as favorite
Bookmark
Email this
Hits: 9144
Comments (10)

written by ??????????, December 11, 2009


ပျက်ခြင်းသည်သူ.အလိုလို မဖြစ်ပါ။ မပျက် ပျက်အောင် လုပ်လို.သာပျက်တာ။ နေပြည်တော်မှာ မီးလုံးဝမ ပျက်၊ ဖုံးမပျက်၊ လမ်းမပျက် သို.သော် ၀န်ထမ်းတွေတော့ စိတ်ပျက်နေကြပါသည်။ တိုင်းပြည် တစ်ပြည်လုံး ကို ဘာဖြစ်ဖြစ် လုံးဝ ဂရု မစိုက်ပါ။ ရေအား လျှပ်စစ်၊ လျှပ်စစ်ထုတ်ရနှ် ဓါတ်ငွေ.တွေကို ရောင်းစားနေပြီး၊ ဘာသတင်းမှ မကြည်.နိုင်အောင်၊ ဘာသတင်းမှ မကြားရအောင်၊ ဘာမှ မစဉ်းစားနိုင်အောင်၊ ဘယ်ကိုမှ အမြန် မသွားနိုင်အောင် လျှပ်စစ်၊ တယ်လီဖုံး၊ အင်တာနက်၊ လမ်း၊ ကုန်ဈေးနှုန်း အကုန် ပျက်အောင် စံနစ်တကျ ဖျက်ဆီးထားတာ ပြည်သူအားလုံး မစဉ်းစားမိကြ ပါ။ တိုင်းပြည်ပြိုပျက်မှာ ရင်လေးမိပါသည်။ သူတို.သာ ကောင်းစားနေပါသည်။
written by minkyi, December 09, 2009
အမှန်တွေ သိပ်မပြောနဲ့ ချိုကုတ်ဒူးကြီးက ကြိမ်စင်္ကြာရိုက် ခေါ်နေအုံးမယ် hahaha
written by Naing, December 09, 2009
ကောင်းလိုက်တဲ့ စာသားတွေ ပျက်ချင်ရာ ပျက် ဂရုမစိုက်ဘူးတဲ့
written by မက္ခရာဓား, November 27, 2009
ပျက် နေဒါတွေ ပြောပြီး စိတ်မကောင်းဖြစ် မနေကြပါနဲ့ ဗျာ။ အားလုံးပျက်နေကြဒါ အများ သိ။ " 'ပျက်' အစဉ် 'ပြင်' ခဏ" ဆိုတဲ့ ဗမာစကား ကလည်းရှိသေးတယ် မဟုတ်လား။ အဆိုးထဲက အကောင်းရှာကြဖို့ ပဲလိုပါတယ်။ ဥပမာ....ဗိုလ်ချုပ်မှူးကြီး ဘယ်တော့ "ပျက်" မလဲ ဆိုဒါမျိုးပေါ့ဗျာ။
written by ဇွဲကပင်သား, November 27, 2009
နောက်တက်မယ့် အစိုးရရေ.. ချိုကုပ်ကြီးကို ကြိုတင်ပြီး ကျေးဇူး တင်ထားကြပေတော့။ သူက ခင်ဗျားတို့ 
အစိုးရသစ် အတွက် အလုပ်တွေ ရှာပေးထားခဲ့တယ်လို့ ပြောတယ်။ ဟာ ... နေပါဦး၊ ဆောရီး ဆောရီး၊ ဒီတခါလည်း နောက်တက်မယ့် အစိုးရဆိုတာရော တကယ် ရှိလာပါ့ဦးမလား။ ငါပြီးရင် ငါ့အလှည့်ပဲ ဆိုတာမျိုးပဲ
ဖြစ်လာဦးမယ် ထင်တယ်။
အစိုးရသစ် အတွက် အလုပ်တွေ ရှာပေးထားခဲ့တယ်လို့ ပြောတယ်။ ဟာ ... နေပါဦး၊ ဆောရီး ဆောရီး၊ ဒီတခါလည်း နောက်တက်မယ့် အစိုးရဆိုတာရော တကယ် ရှိလာပါ့ဦးမလား။ ငါပြီးရင် ငါ့အလှည့်ပဲ ဆိုတာမျိုးပဲ
ဖြစ်လာဦးမယ် ထင်တယ်။
written by Anonymous, November 26, 2009
I am really happy to know how you write this.
THanks
Thanks
THanks
Thanks
written by Aung, November 26, 2009
တခုတော့ရှိတယ် … ချိုကုပ်ဒူးကြီးတို့ ပျက်တာတွေက နည်းနည်း ပရမ်းပတာ နိုင်လွန်းတယ်။ ပျက်ချင်ရာ … ပျက်နေပေမယ့် … စနစ်တကျ ပျက်တယ်ဆိုရင် နည်းနည်း ခံနိုင်သေးတာပေါ့။ ခုဟာက ဘယ်အချိန်မှာ … ဘယ်ဟာက ဘယ်လို ပျက်မယ်ဆိုတာ မသိရတော့ ကျမတို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး ...။ ခုပဲကြည့် … လျှပ်စစ်မီးက ဘယ်လို ပျက်နေမှန်းမသိတော့ ကျမတို့ မိသားစု ဒီနေ့ ထမင်း ငတ်ပြီရှင့် သိရဲ့လား။ သိပ်ကောင်းတဲ့စာသားလေးပါ။ ကိုတာတေရေ...........
written by Truth, November 25, 2009
ခေါင်းဆောင်က စပျက်နေမှတော့ တပြည်လုံးပျက်နေတာ မဆန်းပါဘူးဗျာ။ တပ်ထဲမှာက အစ သူ့အကြောနဲ့ သူပျက်နေတာ ကြာပါပြီ။ ဆရာတတ်ရင် တပည့်တွေပါ ကောင်းကောင်းဆိုးဆိုး အကုန်တတ်။ ဆရာကျရင် တပည့်တပန်းတွေပါ အကုန်ကျ။ အောက်မှာ အမှုတွေ ဘယ်လိုဖြစ်ဖြစ် ၀န်ထမ်းစည်းကမ်းတွေ ဘယ်လိုပျက်ပျက် ဘယ်ဒေသကို ရွှေ့ခံရ ခံရ တပ်ချုပ်ကြီးတို့ ဗိုလ်မောင်အေးတို့ လိုင်းနဲ့ လိုက်ရင် အားလုံးလွတ်စေ ပြီးစေဘဲ။ ဒီလိုနိုင်ငံ မျိုးမှ မပျက်ရင်လဲ ဒီကမ္ဘာမှာ ဘယ်နိုင်ငံမှ အပျက်ရှိမှာ မဟုတ်တော့ပါဘူး။
written by Burmese, November 25, 2009
ကြောက်ခမန်းလိလိကို ရီရတယ်ဗျာ။ ကိုတာတေရဲ့ အလုံးတွေကတော့ အလန်ပဲ...။ ဘာတဲ့...ကျုပ်တိုင်းပြည်မှာ အကုန်ပျက်နေတာပဲဟာ။ မပျက်ဘူးဆိုရင်သာ ဆန်းတာ ...။ နောက်တစ်ခု ..လျှပ်စစ်မီး မလာရင် မီးမွှေးချက်ပေါ့ဗျာ။ ဆန်းတာမှတ်လို့။ ရေအားလျှပ်စစ်က ဈေးကောင်း တယ် .. ဘာလုပ်ဖို့ ပြည်သူလူထု သုံးမလဲ။ သူများနိုင်ငံ ရောင်းစားမှာပေါ့ မဟုတ်ဘူးလား။ လမ်းတွေ ပျက်တော့လည်း ကိုယ်ထူကိုယ်ထ ခင်းလိုက်။ ကျုပ်က ပြည်သူလူထုကို ထုသားပေသား ကျအောင် လေ့ကျင့်ပေးနေတာ။ ဒါမှ လာမယ့် အနာဂတ်နိုင်ငံတော် တည်ဆောက်တဲ့အခါ ခံနိုင်ရည်ရှိမှာ ...။ ကျုပ် ၂ ခေါက်ပြန်ဖတ်တယ်၊ (၂)ခေါက်စလုံး သောက်ရမ်းကို ရယ်ရတာ...။ သန်းရွှေကို ပေးဖတ်စေချင်တယ်ဗျာ။ ကို့ ပါးကိုယ်ချပြီး သတ်သေချင်အောင်လို့ ပါ။
Write comment
| < Prev | Next > |
|---|







