ဆွစ်ဇာလန် ဒါရိုက်တာရဲ့လွန်ဆွဲနေတဲ့ ခံစားမှု ရသ ...

မြန်မာနိုင်ငံသား ဒုက္ခသည်များ အကြောင်း ရုပ်ရှင်ကား တကားဖြစ်ပေါ်လာရန် ဆွစ်ဇာလန် ဒါရိုက်တာ စတီဖင်ဟတ် (Stefan Haupt) ကစီစဉ် ရိုက်ကူးလျက် ရှိသည်။

ဒါရိုက်တာ စတီဖင်ဟတ်ကို ၁၉၆၁ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် မွေးဖွားခဲ့သည်။ ယခုလက်ရှိတွင် ဆွစ်ဇာလန်နိုင်ငံ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူများ အသင်း (Swiss Filmmakers Association) တွင် ဥက္ကဌအဖြစ် တာဝန်ယူထားသည်။ ၎င်းသည် ၂၀၀၁ ခုနှစ်တွင်ရိုက်ကူးခဲ့သည့် Utopia Blues ရုပ်ရှင်ဖြင့် ထင်ရှားလာသူဖြစ်သည်။

ဒါရိုက်တာ စတီဖင်ဟတ်၏ ဒုက္ခသည်များ အကြောင်း ဖော်ကျုးထားသည့် ရုပ်ရှင်ကို How About Love? ဟု လောလောဆယ် အမည်ပေးထားသည်။ ဧရာဝတီသတင်းထောက် ရန်ပိုင်က ထိုင်းနိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးခဲ့သည့် ယင်းဒါရိုက်တာအား တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။    ။ ဒီရုပ်ရှင်က ဘာအကြောင်းကို ရိုက်ထားတာလဲ။

ဖြေ။    ။ ကျနော်တို့ နေထိုင်ကြတဲ့ ကမ္ဘာကြီးဟာ သေးငယ်ကျဉ်းမြောင်းလာတဲ့အတွက် ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတဲ့ ဝေါဟာရ ကိုသုံးပြီး ပြောနေတာ ကြာပါပြီ၊ ဒီကျဉ်းမြောင်းလာတဲ့ ကမ္ဘာကြီးမှာ ရှင်သန်နေတဲ့ ဘ၀တွေဟာ ယုံရခက်လောက်အောင် ခြားနား ကြပါတယ်၊၊

ဒါကြောင့် ရုပ်ရှင်ထဲက ဇာတ်ကောင်ဖြစ်တဲ့(ဆွစ်ဇာလန်နိုင်ငံ က ဂုဏ်ထူးဆု ဆွတ်ခူးရရှိထား တဲ့ နှလုံးခွဲစိတ်ကုသမားတော်) Dr . Fritz Reinhart ကို အဲ့ဒီလို လုံးဝမတူဘဲ ကွဲပြားခြားနားတဲ့ ဘ၀နှစ်ခုကြားထဲမှာ ထည့်ပေးလိုက်တယ်၊ ဇာတ်လမ်းထဲမှာ ဒုက္ခသည် စခန်းတခုက ဆေးခန်းမှာ သွားရောက် တာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်း ဆရာဝန်ဆီကို သူနဲ့သူ့ဇနီးတို့ သွား လည်တဲ့ အခါမှာ ဇူးရစ်မြို့တော်မှာ နေတဲ့ဘ၀နဲ့ လုံးဝခြားနားတဲ့အခြေအနေကို ရင်ဆိုင်ကြုံတွေ့လိုက်ရတယ်၊ အဲ့ဒီလို ခြားနားတဲ့ ဘ၀နှစ်ခုကြားမှာ အဲ့ဒီဇာတ်ကောင်က ဘယ်လိုခံစားတုံ့ပြန်လိုက်သလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးထားတာပါ။

မေး။    ။ အခုရုပ်ရှင်က ပေးတဲ့သင်ခန်းစာကို သိချင်ပါတယ်။

ဖြေ။    ။ ရုပ်ရှင်ကား တကားကို ဖန်တီးတဲ့နေရာမှာ“ဘယ်လိုသင်ခန်းစာတွေ ပေးမလဲ” ဆိုတဲ့မေးခွန်းနဲ့ မစတင်ပါဘူး၊ ပေးမယ့် သင်ခန်းစာကို သတ်မှတ်ပြီး၊ အဲ့ဒီသတ်မှတ်ချက်အရ ရုပ်ရှင်ကို ဖန်တီးယူတဲ့ နည်းလမ်းကိုလည်း မသုံးချင်ဘူး၊ ကိုယ် စိတ်ဝင်စား တဲ့ဇာတ်လမ်းကိုသာ ဖန်တီးပြတာပါ ၊ ပရိသတ်က ရုပ်ရှင်ရဲ့ နောက်ကွယ်မှာ ပါလာမယ့် သင်ခန်းစာကို ကြည့်လိုက်ရင် နားလည် သဘောပေါက်ပြီးတော့ သင်ခန်းစာအမျိုးမျိုးကို ထုတ်ယူကြမှာပါ၊ အဲ့ဒါကို ကျနော်လိုချင်ပါတယ်၊ ကိုယ်တကယ် စိတ်ဝင်စားတဲ့ ဇာတ်လမ်းကို ရိုးသားစွာချဉ်းကပ် ဖန်တီးယူမှုက ကျနော့်အတွက် အရေးပါပြီး စိတ်ဝင်စားစရာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ထုတ်လုပ်ဖို့ သုံးနှစ်ကျော် အချိန်ယူပြီး သုတေသနအများကြီး လုပ်ခဲ့ပါတယ်၊ဒါရိုက်တာ တယောက်ဖြစ်တဲ့ ကျနော့် အနေနဲ့ ရိုက်ကူးလိုက်တဲ့ ရိုက်ချက်တွေရဲ့နောက်ကွယ်မှာ ပကတိအဖြစ်ရှိနေတာတွေရဲ့အရေးပါမှုကို ကျနော်နားလည်ပါတယ်။ အခုရိုက်တဲ့ကားက မှတ် တမ်းတင်ရုပ်ရှင်ကား တခုမဟုတ်ပါဘူး၊ စိတ်ကူးယဉ်ပါ၊ ဒါပေမယ့် ပကတိဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေပြုထားတဲ့ ရုပ်ရှင်ကားတကားဖြစ်ပါတယ်။

မေး။    ။ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ လူမျိုးစုတွေ အကြောင်းကို ဘယ်လိုလေ့လာခဲ့သလဲ။

ဖြေ။    ။ ဒီကနေ့ခေတ် အလွန်အမင်း အရေးပါလာတဲ့ အင်တာနက်နဲ့ စာအုပ်စာတမ်းတွေကနေ လေ့လာတယ်၊ မှတ်တမ်းတင် ရုပ်ရှင်ကား တချို့ကြည့်ခဲ့တယ်၊ တချို့ကားတွေက ဆွစ်ဇာလန်ဒါရိုက်တာတွေရဲ့ လက်ရာတွေပါ၊ဒါပေမယ့် နယ်စပ်မှာ နေခဲ့ဖူးတဲ့ ဦးသိန်းဝင်းတို့လို ပုဂ္ဂိုလ်တွေ၊ ဒုက္ခသည်တွေနဲ့ ချင်းမိုင်မြို့က ထိုင်းလူမျိုးတွေ၊ နယ်စပ်ကလူတွေကို တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့ တယ်၊ ဒါကအင်မတန် အထောက်အကူ ဖြစ်ပါတယ်။

ဒါ့အပြင် မယ်ဟောင်ဆောင်မှာရှိတဲ့ ဒုက္ခသည်စခန်းကိုသွားပြီးတော့ ကူညီနေတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတယ်၊ လေ့လာတယ်၊ မဲဆောက်မှာရှိတဲ့ မယ်တော်ဆေးခန်းကိုလည်း သွားပြီးလေ့လာခဲ့ပါတယ်။ 

မေး။    ။ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေပြုရိုက်ကူးထားတဲ့ Rambo နဲ့ မြန်မာနိုင်ငံ အကြောင်းရိုက်ကူးထားတဲ့ စွန့်စားခန်း ရုပ်ရှင် ဇာတ်ကားတွေ အများကြီး ရှိခဲ့ပါတယ်၊ အဲ့ဒီ ရုပ်ရှင်တွေနဲ့ အခုရိုက်တဲ့ ရုပ်ရှင်ဘာများ ခြားနားပါသလဲ။

ဖြေ။    ။ ကျနော်တို့ဟာ ဟောလိဝုဒ်က ရုပ်ရှင်ထုတ်လုပ်သူတွေမဟုတ်ပါဘူး၊ သူတို့လောက်လည်း အကုန်အကျခံပြီး မရိုက်နိုင် ပါဘူး၊ ဒီအချက်ဟာ ခြားနားတဲ့ အချက်တချက်ပါပဲ၊ ဇာတ်လမ်းကို ဖတ်ရှုခဲ့ကြတဲ့ ဇာတ်ညွှန်းဆရာတွေက စွန့်စားခန်း များများ ထည့်ပေးပါလားလို့ အကြံပေး ကြတယ်၊ ဥပမာ- Dr. Fritz က ဒုက္ခသည်မိန်းကလေးနဲ့အတူ နယ်စပ်ကို ဖြတ်၊ ပစ်ခတ် တိုက်ခိုက် ခံရ၊ ဒါမှမဟုတ် အဖမ်းခံရပြီး ထောင်ကျ စသည်ဖြင့် ဇာတ်လမ်းတွေထည့်ဖို့ပြောတယ်၊ရုပ်ရှင်ပရိသတ်တွေထဲမှာ စွန့်စားခန်းတွေ ကိုမှ နှစ်သက်သူတွေရှိတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် ဒီဇာတ်လမ်းအမျိုးအစားတွေကို ကျနော်စိတ်မ၀င်စားဘူး၊ ဇာတ်ကောင် တွေရဲ့ပကတိဖြစ်နေတဲ့ အတွင်းသရုပ် အဇ္ဈတ္တသဏ္ဍာန်မှာ လွန်ဆွဲနေတဲ့ ခံစားမှု ရသမျိုး ကို သရုပ်ဖော်ရတာကို ပိုပြီးစိတ်ဝင်စားပါ တယ်။

နောက်ထပ်မတူညီတဲ့ အချက်ကတော့ ဒီရုပ်ရှင်ကို ပကတိဖြစ်နေတဲ့ အခြေအနေတွေအတိုင်း အနီးစပ်ဆုံး သဘာဝကျကျထင် ဟပ်ပေါ်လွင်စေဖို့ အတတ်နိုင်ဆုံး ကြိုးပမ်း အားထုတ်ခဲ့ရတဲ့ အချက်ပဲ ဖြစ်ပါတယ်၊ ဥပမာပြောရရင်- ဇာတ်လမ်းက ကရင်ဒုက္ခ သည် စခန်း အကြောင်းဆိုတော့ သရုပ်ဆောင်တဲ့ ထိုင်းလူမျိုးတချို့က ကရင်စကားမပြောတတ်ကြဘူးလေ၊ ဒါကြောင့် ကရင်ဘာ သာစကားကို ဆရာနဲ့ လေ့ကျင့်ပြီးမှ သရုပ်ဆောင်ခဲ့ရတဲ့ အပေါ်မှာ ကျနော့်အနေနဲ့ အားရကျေနပ်မိပါတယ်။

မေး။    ။ ရုပ်ရှင်ပရိသတ်ရဲ့ အားပေးမှုအပေါ်မှာ ဘယ်လိုများ မျှော်လင့်ထားပါသလဲ။

ဖြေ။    ။ ဒါကတော့ စောင့်ကြည့်ရမှာပေါ့၊ ကမ္ဘာအနှံ့ရှည်လျားတဲ့ ခရီးကိုဆန့်နိုင်လိမ်မယ်လို့ မျှော်လင့်ထားပါတယ်၊

မေး။    ။ ဒီဇာတ်ကားကို ကျနော်တို့ ဘယ်တော့လောက် ကြည့်နိုင်မလဲ။

ဖြေ။    ။ လာမယ့် ၂၀၁၀ ဇွန်လမှာ အပြီးသတ်နိုင်မယ်ထင်တယ်၊ ဒါမှ သြဂုတ်လ နဲ့ စက်တင်ဘာလမှာ ကျင်းပမယ့် ရုပ်ရှင်ပွဲ တော်တွေမှာ တင်ဆက်နိုင်မှာပါ၊ ဆွစ်ဇာလန်ရုပ်ရှင်ရုံတွေမှာတော့ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလ အတွင်း ရုံတင်ပြသနိုင်မယ်ထင်တယ်။ ဘန်ကောက်ရုပ်ရှင်ပွဲတော်တခုခုနဲ့ ဒီရုပ်ရှင်ရိုက်ခဲ့တဲ့ ချင်းမိုင်မြို့မှာတော့ ပြချင်ပါတယ်။

မေး။    ။ ဒီရုပ်ရှင်က ဒုက္ခသည်ကိစ္စရပ်တွေအပေါ်မှာ အလေးထား ရိုက်ကူးထားခဲ့တော့ ထိုင်းအာဏာပိုင်တွေရဲ့ တားဆီးနှောင့် ယှက်မှုတွေများ ရှိခဲ့ပါသလား။

ဖြေ။    ။ ဘာပြဿနာမှ မရှိခဲ့ပ့ါဘူး၊ ဇာတ်လမ်းကို ထိုင်းရုပ်ရှင်ဘုတ်အဖွဲ့က ဖတ်ခဲ့ပြီးပြီဆိုတော့ တစုံတရာပြင်ဆင်ပြောင်းလဲဖို့ လည်းမလိုအပ်ခဲ့ပါဘူး။

မေး။    ။ တခြား ဘာများ ပြောချင်ပါသေးလဲ။

ဖြေ။    ။ ဒုက္ခသည်တွေရဲ့ဘ၀တွေဟာ တခြားလူတွေ ဘ၀တွေနဲ့မတူဘဲ၊ အရမ်းကို ကွဲပြားခြားနား နေတယ်ဆိုတာ ယုံရခက် ခက်ဖြစ်နေတယ်၊ အနောက်ကမ္ဘာက လူတွေဟာ ကိုယ့်ပြဿနာတွေနဲ့ ကိုယ်ရှုပ်ပြီး ခေါင်းမဖော်နိုင်အားတာကြောင့် အဲ့ဒီဘ၀တွေ ရှိတဲ့အကြောင်း တကယ်ကို မသိခဲ့တာဖြစ်တယ်လို့ နားလည်ပါတယ်၊ရုပ်ရှင်ကြည့်ပရိသတ်တွေ အနေနဲ့ အခြေအနေအရပ်ရပ်ကို အသေးစိတ်လေ့လာကြည့်ပြီးတော့ ကျယ်ပြန်တဲ့ အမြင်တွေ ပေါ်ထွန်းလာဖို့အတွက် ဒီရုပ်ရှင်လေးကို ကျနော်ဖန်တီးခဲ့တာပါ။     ။
Comments (2)Add Comment
0
J M S
written by johnmon sain, December 30, 2009
I like this player
i want see .
Thanks you alot!
My name is john mon sain
0
...
written by Htin Kyaw, December 28, 2009
နယ်စပ်ကြ မန်မာ တိုင်း၇င်း သားတွေ ရဲ့ခံစားနေ၇ တဲ့ဒုက္ခအ ၀၀တွေကို အနီးစပ်ဆုံးဖြစ် အောင်ရိုက်ပြနို င်မယ်ဆို၇င်တော့
အတိုင်းထ က်အလွ န်ကောင်း ပါတယ်၊ ဘာကြောင့်ဒီလူတွေဒီလောက်ဆင်းရဲ ဒုက္ခတွေေ ၇ာက်နေကြ ၇သလဲ ဆိုတာကို
ပါပေါ်လွင်အောင်ဖေါ်ကျူးနိုင်၇င်တော့အပြောင်မြောက် ဆုံးရုပ်ရှင်ကးတကာြး ဖစ်မှာမလွဲပါဘူး၊ ကားအစမှာထဲက
ဖြစ်၇ပ် မှန်တွေကိုရိုက်ကူးကြောင်း စာတန်းထိုးသင့် ပါတယ်၊ ဒါမှကမ္ဘာ့ လူသားတွေက မြန်မာတွေရဲ့ခံစားနေ၇တဲ့ခံ စားမှုတွေကိုပိုမိုခံစားနားလ ည်လာနိုင်ပါလိမ့်မယ် ၊မြန်မာနိုင်ငံသား တွေထဲက လူ့အခွင့် အေ၇းတွေ ဆုံးရှုံးပြီေ တာ့
ဒီလောက်မွဲတေတဲ့လူတွေအကြောင်းတင်ပြပေးတဲ့ရိုက်ကူးထုတ်လုပ်သူတွေ ကိုကျေး ဇူးပါဘဲ၊

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်