“ကိုယ့်ဒေသအတွက် ပြန်လာလုပ်နိုင်ဖို့ နိုင်ငံရေးအခြေအနေ ကောင်းရမယ်”

“၁ နှစ်တာအတွက် ချင်းတိုင်းရင်းသားများက အသိအမှတ်ပြုသူ” (Chin Person of the Year) ဆုကို စက်တင်ဘာ လဆန်းတွင် ကျရောက်သည့် ချင်းနှစ်သစ်ကူးပွဲတော်၌ ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၅ နှစ်ရှိပြီဖြစ်သည်။ အဆိုပါဆုကို ယခင်နှစ်များက ချင်းပြည်နယ်အတွင်း တိုးတက်ဖွံ့ဖြိုးမှုများ၊ ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဆွစ်ဇာလန် အခြေစိုက် ၈၈ မျိုးဆက် ချင်းကျောင်းသားများအဖွဲ့ ဖြစ်သော Lai Lun ဖောင်ဒေးရှင်းနှင့် အမေရိကန်နိုင်ငံ အခြေစိုက် ခရစ်ယာန် ဘာသာရေးအဖွဲ့အစည်းတို့ ပူးပေါင်းပေးလေ့ ရှိသည်။ ယခုနှစ်တွင် Chin World Media ဆိုသည့် ချင်းသတင်း ဝက်ဘ်ဆိုက်ကို လုပ်ဆောင်နေသည့် အဖွဲ့တဖွဲ့ပါ ပါဝင်လာသည်။

2ယခင်နှစ်များတွင် ဆုရွေးချယ်ရေးအဖွဲ့က ဆန်ခါတင် ရွေးချယ်ထားသူများကို ချင်းလူထုအား ချပြကာ မဲပေးစေသော စနစ်ဖြင့် ရွေးချယ်ခဲ့သော်လည်း ယခုနှစ်အတွက်မူ ဆန်ခါတင် စာရင်းအား ချင်းလူထုထံမှ တောင်းခံခဲ့သည်။ ထို့နောက် ရရှိလာသည့် ဆန်ခါတင် ၅ ဦးထဲမှ တဦးကို ချင်းလူထုအား ဆန္ဒမဲပေးစေခြင်းဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် တနှစ်တာအတွက် ချင်းတိုင်းရင်းသားများ အသိအမှတ်ပြုသူ ဆုကို အသက် ၃၀ အရွယ်ရှိ မိုင်ချယ်ရီဇာဟောင်းက ရရှိခဲ့သည်။ ယင်းဆုကို ချင်းနှစ်သစ်ကူးနေ့ဖြစ်သော စက်တင်ဘာ ၄ ရက်နေ့က တရားဝင် ကြေညာခဲ့သည်။

မိုင်ချယ်ရီဇာဟောင်းသည် ၂၀၀၃ ခုနှစ်မှ စတင်၍ ယခု အချိန်အထိ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှု ကိစ္စရပ် များကို လုပ်ဆောင်ခဲ့သူ ချင်းအမျိုးသမီး တဦးဖြစ်သည်။ ချင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချင်းတိုင်းရင်းသား များအတွက်သာ မက မြန်မာတနိုင်ငံလုံးအတွက် လူ့အခွင့်အရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ မိုင်ချယ်ရီဇာဟောင်းအား ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။     ။ ကိုယ့်လူမျိုးတရပ်လုံးက အသိအမှတ်ပြုတဲ့ဆုကို ရခဲ့တဲ့အတွက် စိတ်ထဲမှာ ဘယ်လိုနေလဲ။

ဖြေ။     ။ အစကတော့ ဆန်ခါတင် စာရင်းထဲ ကျမ ပါမှန်း မသိသေးဘူး။ နောက်မှ အဖွဲ့တွေက မချယ်ရီပါတယ် သဘောတူမလားလို့ မေးတယ်။ ဆန်ခါတင်ထဲမှာ ၅ ယောက်ပါတယ်။ ဒါပေမယ့် ကျမက အသက်အငယ်ဆုံးပဲ။ အမျိုးသမီး အနေနဲ့လည်း တယောက်တည်းပါတယ်။ ကျန်တဲ့သူတွေကတော့ စာပေနဲ့ ယဉ်ကျေးမှုကိစ္စ ဘာသာရေးကိစ္စ ဆောင်ရွက် နေတဲ့ သူတွေ ဖြစ်နေတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေကလည်း လူထုအတွက် ကျိုးစားအလုပ်လုပ်သူတွေ၊ လူထုက လေးစားတဲ့သူတွေ ချည်းပါပဲ။

ကျမ နာမည်ပါတယ် လက်ခံမလားလို့ မေးလာတော့ ကျမက ထည့်လိုက်ပါလို့ ပြောလိုက်တဲ့ အချိန်မှာ ပြည်တွင်းက လူတွေက အရမ်းကို စိတ်ဝင်စားလာတာ တွေ့ရတယ်။ ဒီဆုရွေးချယ်တဲ့ ဝက်ဘ်ဆိုက်ရဲ့ ကျမ နာမည်အောက်မှာ ရေးထားတဲ့ ထင်မြင်ချက်တွေ အများကြီးပဲ။ ကျမ အံ့သြမိတယ်။ ကျမ အရင်တုန်းက လုပ်ခဲ့တဲ့ လုပ်ငန်းတွေဆိုရင် ကျမအနေနဲ့ လူသိပ်မသိဘူးလို့ပဲ ထင်မိတယ်။ ဒါပေမယ့် လူတွေ တော်တော်လေး သိနေတာ တွေ့ရတယ်။

ဥပမာ - ချင်းပြည်နယ်ထဲမှာ ကျောင်းဆောက်တာ၊ ကလေးတွေ ပညာသင်ဆုအတွက် ကျမ ရှာပေးထားတာလေးတွေ။ နောက်တခါ ချင်းပြည်နယ်မှာ အစိုးရက နိုင်ငံတကာ အကူအညီတွေ ပေးမဝင်ဘူးလေ။ အဲဒါကို ကျမတို့က နယ်စပ်ဖြတ်ကျော်ပြီး ခြင်ထောင်ကအစ ဝေတာမျိုးတွေ၊ ရွှေ့ပြောင်း ဆေးခန်းတွေ ဖွင့်ပေးတာမျိုးတွေ၊ ကလေးတွေအတွက်၊ ရွာတွေအတွက် ကျောင်းဆရာ၊ ဆရာမ ငှားပေးတာမျိုးတွေ၊ တချို့ရွာတွေဆို ရေပိုက်တွေ မရှိဘူး။ အဲဒီလို နေရာတွေမှာ ကျမတို့သွားပြီး ကူညီတာမျိုးတွေပေါ့။ အဲဒါတွေကို သူတို့ တော်တော် များများသိနေတယ်။ သိနေတဲ့သူတွေကနေပြီး တယောက်စကား တယောက် တဆင့်တဆင့် သိသွားကြတယ်။ အဲဒီကနေမှ ကလေးမြို့နဲ့ ရန်ကုန်မှာရှိနေတဲ့ သူတွေပါ သိကုန်ကြတယ်။ သူတို့က အင်တာနက် သုံးတတ် နေတော့ တဆင့်တဆင့် ပြန်ပြောကြတယ်။

ကျမ စိတ်ထဲမှာ လူတွေက တော်တော်သိနေပါလား ဆိုပြီး ကျေနပ်မိတယ်။

အရင်က ကျမ အခြေစိုက်တာက အန္ဒိယ - မြန်မာနယ်စပ် မီဇိုရမ်မှာပါ။ အဲဒီမှာဆိုရင် လူတွေ တော်တော်လေး ဒုက္ခ ရောက်တယ်။ တချို့ လူငယ်တွေ ထွက်လာတယ်၊ ပညာရေးကို လိုချင်တယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်ဘူး။ အဲဒီမှာ ကျမတို့က ငွေတွေစု၊ ကျမ်းစာကျောင်းတွေကို ပို့ပေး လုပ်ခဲ့တာရှိတယ်။ အဲဒီလူငယ်တွေက ဝက်ဘ်ဆိုက်တွေမှာ စာတွေ ရေးလာကြတယ်။ သူက ဒီလို၊ ဒီလို ကူညီပေးထားတယ် ဆိုတာမျိုးပေါ့။ ကျမတောင် မမှတ်မိတော့ဘူး။ တမျိုး စဉ်းစားရင်တော့ ကိုယ်က အသေးအဖွဲလို့ ထင်ပြီး လုပ်ခဲ့တာက လူတွေရဲ့စိတ်ထဲမှာ တော်တော်လေး ထင်ကျန် သွားတယ်ဆိုတာ သိခဲ့ရတယ်။ အဲဒီအချက်တော့ ပညာရတယ်။

နောက် ကျမရဲ့ ဆက်ဆံရေးပေါ့။ ကျမ မီဇိုရမ်မှာတုန်းက ဆိုရင် ကျမက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတယောက် ဖြစ်နေတယ် ဆိုပြီး ဘယ်သူ့ကိုမှ စကားမပြောဘဲ နေတာမျိုး မဟုတ်ဘဲနဲ့ အမြဲတမ်း လူတွေနဲ့ ရောနှောနေခဲ့တယ်။ ကျမကို အကြောင်း တခုခုကြောင့် စကားပြောချင်ရင် အချိန်မရွေး ပြောလို့ရတယ် ဆိုတာမျိုး ရှိတယ်။ အဲဒါတွေကလည်း ကျမကို လူတွေပို သတိထားမိစေခဲ့တယ်လို့ ထင်ပါတယ်။

နောက်တခါ ရှေ့ ၄ နှစ်ကရခဲ့တဲ့ သူတွေက အသက်တော်တော်ကြီးတဲ့ လူကြီးတွေချည်းပဲ။ ဒေါက်တာဘွဲ့ ရသွားတဲ့ သူမျိုး ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စနဲ့ ဆုရသွားတဲ့သူ များတယ်။ လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ခဲ့တဲ့ အမျိုးသမီး တယောက်တော့ ပါခဲ့တယ်။ ကျန်တာတော့ အမျိုးသားတွေပဲ။ ဒါပေမယ့် အခု ရခဲ့တဲ့ ၅ နှစ်စလုံးမှာ ကျမက အသက် အငယ်ဆုံးပဲဆိုတော့ လူငယ်တယောက်က ဒါမျိုးလုပ်ပါလားဆိုတာမျိုး လာပြောထားတာလည်း တွေ့ရတယ်။ အဲဒါက ဘာကို ပြသလဲ ဆိုတော့ လူငယ်တွေက သူတို့လည်း ဒါမျိုး လုပ်လို့ရပါလား၊ လုပ်နိုင်ပါလား ဆိုတဲ့ အသိတရားတွေ ဝင်လာတာပေါ့။

မေး။     ။ ချင်းပြည်နယ်က တခြားဒေသတွေထက် နိုင်ငံခြားထွက်တာ ပိုများနေတယ်၊ ထွက်သွားပြီးရင်လည်း ပြန်မလာ ကြတာ ပိုများမယ် ထင်တယ်။ ဒီတော့ ချင်းပြည်နယ်ရဲ့ ဒေသ ဖွံ့ဖြိုးရေးကို ဘယ်လို ဆက်ပြီး အကောင်အထည် ဖော်မလဲ။

ဖြေ။     ။ ကျမတို့ ချင်းပြည်နယ်ကို ကြည့်မယ် ဆိုရင် လူတွေက ဘာကြောင့် ပြည်ပထွက်ကြသလဲ ဆိုတာက စပြောရမယ် ထင်တယ်။ ဦးနေဝင်း လက်ထက်ကတည်းက လူတွေမှာ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး အကုန် ပိတ်ပင်ထားတယ်။ နောက်ပြီး ကျမတို့ဆီမှာက KNU လိုမျိုး KIA လိုမျိုး အားကောင်းတဲ့ အတိုက်အခံ အင်အားစု ဆိုတာလည်း မရှိဘူး။ အစိုးရဘက်ကလည်း ပိတ်ပင်ထားတယ်၊ ကိုယ့်ဘက်ကလည်း အားနည်းနေတော့ ဘယ်သူခံရလဲ ဆိုရင် ပြည်သူလူထု ဖြစ်နေတယ်။ အခုဆိုရင် စစ်တပ် တပ်ရင်းတချို့ ချင်းပြည်မှာ လာ အခြေစိုက်တယ်။ အဲဒီစစ်တပ်က သူတို့ဘာသာ လာဆောက်တာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ အချိန်တွေ၊ လုပ်အားတွေနဲ့ အဓ္ဓမ စေခိုင်းတဲ့ ပုံစံမျိုးတွေနဲ့ လာလုပ်ကြတယ်။ ဒါ့ အပြင်ကို ရိက္ခာကိုလည်း ဆတ်ကြေး သဘောမျိုး လတိုင်း၊ အပတ်တိုင်းပေးနေရတယ်။ လူတွေက သူတို့စားဝတ်နေရေး အတွက် အချိန်မပေးနိုင်တော့ဘူး။

ကျမ ခရီးသွားတဲ့အချိန်မှာ ချင်းပြည်နယ်က အိမ်တွေ စုတ်ပြတ်နေတယ်။ သူတို့ အိမ်တွေကို ပြန်ပြင်ဖို့အတွက်တောင် အချိန် မရှိတော့ဘူး။ အဲဒီလိုလူတွေ အများကြီး တွေ့ရတယ်။ နောက်ဆုံးကျတော့ လူငယ်ဖြစ်လာတယ်၊ အရွယ်ရောက်လာတယ် ဆိုရင် အသက်မွေးဝမ်းကျောင်းဖို့ အတွက် ရွာတွေမှာ နေလို့မရတော့ဘူး။ အဲဒီတော့ အိန္ဒိယထွက်သွားလိုက်၊ မလေးကို ထွက်သွားလိုက်၊ ဒါမှမဟုတ် ရန်ကုန်တို့၊ မန္တလေးတို့ တခြားနယ်တွေကို ထွက်သွားလိုက် လုပ်ကုန်ကြရတယ်။ စစ်တပ်ရဲ့ ဖိနှိပ်မှုရယ်၊ ဖွံ့ဖြိုးတိုးတက်မှု ပိတ်ပင်ခံရတာရယ်၊ အတိုက်အခံဘက်က အားနည်းတာရယ်ကြောင့် အမျိုးမျိုး လူထုက ခံနေရတယ်။ အဲဒီအကြောင်းရင်းကြောင့် ထွက်ခွာနေရတယ်။

ဒါပေမယ့် အဲဒီလို ထွက်ခွာခြင်းအားဖြင့် သူတို့တွေ နိုင်ငံခြား ရောက်သွားတဲ့အချိန်မှာ ပညာလေးတွေ နည်းနည်းဖြစ်ဖြစ် ရလာတယ်။ အဲဒါကိုတော့ ကျမတော့ အမြဲအားပေးတယ်။ ပညာရှာပါဆိုတဲ့ စကားအမြဲပြောတယ်။ တနေ့နေ့ တချိန်ချိန်ကျရင် ကိုယ့်နေရာကိုယ့်ဒေသကို ပြန်လာရမယ်။ အလုပ်ပြန်လုပ်ရမယ်လေ။ ကိုယ့်ချင်းဒေသ တိုးတက်ဖို့ သူတို့ ပြန်လာ အလုပ် လုပ်ကြမှာပါ။ အခုလောလောဆယ်ကတော့ ဒေသမှာ လူငယ်တွေ မရှိတော့ဘူး။

မေး။     ။ လူငယ်တွေ မရှိတော့ဘူး၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ရှိတော့တယ် ဆိုရင် ဒီဒေသက ပျက်စီးဖို့ ပိုမလွယ်ဘူးလား။ လူငယ်တွေ ပြန်လာပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဖို့ တိုက်တွန်းတာမျိုး မလုပ်ဘူးလား။

ဖြေ။     ။ ပျက်စီးတယ်လို့တော့ ကျမ မပြောချင်ဘူး။ ဒီဒေသက တော်တော်လေးကို ဒုက္ခရောက်နေပြီးပြီ။ ဒီထက် ဒုက္ခရောက်ဖို့ ဆိုတာကတော့ မရှိတော့ဘူး။

ကျမ နိုင်ငံခြားဒေသတွေက ချင်းအဖွဲ့အစည်းတွေဆီ ရောက်တိုင်း ပြောပါတယ်။ ကိုယ့်ဒေသကို ကိုယ်ပြန်လာရမယ်၊ ဖွံ့ဖြိုး တိုးတက်ဖို့ လုပ်ရမယ်ဆိုတာ။ လူမျိုးအတွက် တိုင်းပြည်အတွက် အလုပ်ပြန်လာ လုပ်ရမယ်ဆိုတာ အမြဲ တိုက်တွန်းခဲ့ပြီးသား။ ဒါပေမယ့် သူတို့ ပြန်လာဖို့ဆိုရင် တိုင်းပြည်က အပြောင်းအလဲ တခုခုတော့ရှိမှ ဖြစ်မှာပေါ့။ သူတို့က ပညာတွေ တတ်လာတယ်၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ပြန်လာ လုပ်ချင်တယ်ဆိုရင် နိုင်ငံရေးအခြေအနေ ကောင်းမှ ဖြစ်မှာလေ။ အခု အနေအထားက သိတဲ့အတိုင်းပဲ။ ချင်းပြည်နယ်မှာ အုပ်စိုးနေတာက ကြံ့ဖွံ့ ပါတီဝင်တွေပဲ။ သူတို့က ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်မယ် ဆိုရင်တောင် ဘာမှ ဆွေးနွေးလို့ မရတဲ့ အခြေအနေ။ အခု အနေအထားနဲ့ သူတို့ကို ပြန်လာဖို့ ပြောဖို့ကတော့ တော်တော် ခက်သေးတယ်။

မေး။     ။ ချယ်ရီ့ရဲ့ ငယ်ဘဝ ကြီးပြင်းလာတဲ့ ပုံစံနဲ့ အခုလို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ဖြစ်ခဲ့တဲ့ အကြောင်း ပြောပါဦး။

ဖြေ။     ။ ကျမက ချင်းပြည်နယ်မှာ မွေးတယ်။ ချင်းတိုင်းရင်းသူ ဖြစ်တယ်။ ညီမနဲ့ မောင်လေးရှိတယ်။ ရွာမှာ မွေးပြီးတော့ အသက် ၉ နှစ်၊ ၁၀ နှစ်ရောက်တဲ့ အချိန်မှာ ခရစ်ယာန်မိန်းကလေး ဆောင်မှာ နေရတယ်။ ငယ်ငယ်ကတည်းက ပညာရေးကို ဦးစားပေးရမယ်လို့ သွန်သင်တဲ့ အသိုင်းအဝန်းမှာ ကြီးပြင်းခဲ့တယ်လို့ ပြောလို့ရတယ်။ စည်းကမ်းကြီးကြီးနဲ့ ကြီးပြင်းခဲ့တယ်။ ကျမ ငယ်ငယ်ကတည်းက မေးခွန်းထုတ်ခဲ့တာ တခုရှိတယ်။ အဲဒါဘာလဲဆိုတော့ ကျမတို့ ပညာရေး စနစ်မှာ ရှမ်းပြည်နယ် အကြောင်းကို သင်မယ်၊ ကချင်ပြည်နယ် အကြောင်းကို သင်မယ်ဆိုရင် ပုံနှိပ်စာအုပ် ထဲမှာတွေ့ရတာက တိုင်းရင်းသားတွေ ဆိုရင် ခွဲထွက်ချင်တဲ့ သူတွေ၊ သူပုန်တွေ၊ တိုင်းပြည်တည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်တဲ့သူတွေဆိုပြီး တိုက်ရိုက် မပြောပေမယ့် သွယ်ဝိုက်ပြီး ပြောနေတာ တွေ့ရတယ်။ အဲဒါကို ကျမ နားမလည်တော့ ဆရာမတွေကို အမြဲမေးတယ်။ ဘာကြောင့် တိုင်းရင်းသားတွေကို ဒီလို ပြောရတာလဲဆိုပြီး မေးတာ။ ဆယ်တန်းလည်း အောင်လာရော ဆရာ၊ ဆရာမတွေက နင် တက္ကသိုလ်ရောက်ရင် ဒုက္ခရောက်မယ်၊ ဒါမျိုးတွေ မမေးနဲ့ ဆိုပြီး အမြဲ သတိပေးခံရတယ်။

နောက်တခုက ကျမတို့ မြန်မာစာမှာဆိုရင် ဗုဒ္ဓဘာသာအကြောင်း များများသင်ရတယ်။ အဲဒီဘာသာရပ်ကို ကျမ ကြိုက်ပါတယ်။ ဒါပေမယ့် ကျမရဲ့ မေးခွန်းက ဘာကြောင့် ခရစ်ယာန်အကြောင်း၊ အစ္စလာမ် ဘာသာ အကြောင်း မသင်တာလဲ။ သူတို့ သင်တာက နည်းနည်း တဘက်စောင်းနင်း ဆန်နေသလိုပဲ။ အဲဒီမှာ ဆယ်တန်းလည်း အောင်ရော ကျမ အင်ဂျင်နီယာဘာသာရပ်ကို သင်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်ဘူး။ အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို ထွက်လာခဲ့တယ်။ ၁၉၉၉ ခုနှစ်ကပေါ့။ အိန္ဒိယ မြန်မာ နယ်စပ်မှာ ကျောင်းဆက် တက်ရင်း ပထမတော့ ကျမ ချင်းအမျိုးသမီး အဖွဲ့မှာ လုပ်အားပေး ဝင်လုပ်တယ်။ ဘာသာပြန်အလုပ် လုပ်ပေးတယ်၊ ကလေးတွေကို စာလိုက်သင်တယ်။

၂၀၀၃ ခုနှစ်မှာတော့ ကျမ အဲဒီမှာ အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်စလုပ်တယ်။ အဲဒီနှစ်ကပဲ မီဇိုရမ်မှာ အဓမ္မမှု တခု ဖြစ်တယ်။ မီဇိုရမ် အမျိုးသမီးတယောက်ကို ချင်းတိုင်းရင်းသား တယောက်က အဓမ္မကျင့်တယ်ဆိုပြီး စွပ်စွဲတာ။ အဲဒီ တညမှာပဲ မီဇိုရမ်မှာ ရှိတဲ့ ချင်းတွေ၊ မြန်မာတွေ အားလုံးကို နှင်ထုတ်မယ်ဆိုပြီး ဖြစ်လာတယ်။ အဲဒီအမိန့်ကို ထုတ်တာက မီဇိုရမ် လူငယ်အဖွဲ့တဲ့။ မြန်မာပြည်မှာဆိုရင် ကြံ့ဖွံ့တွေလို အင်မတန်မှ အားကောင်းတဲ့ အဖွဲ့အစည်းပါ။ အဲဒီလို အမိန့်ထုတ်တော့ သူတို့တွေမှာ သွားစရာ လာစရာ မရှိတော့ဘူး။

တညနေမှာတော့ ကျမ မှတ်မိပါသေးတယ်။ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့၊ မိုးတအား ရွာနေတဲ့နေ့ပေါ့။ အဲဒီမှာ အမျိုးသမီးတွေကော၊ ကလေးတွေကော မျက်ရည်စက်လက်နဲ့ ချင်းပြည်နယ်မှာလည်း အိမ်မရှိတော့ဘူး၊ အစိုးရနဲ့လည်း ရန်ဖြစ်လာပြီးပြီ၊ ပြန်လို့လည်း မရဘူး။ ဒီမှာလည်း နေတဲ့အိမ်က နှင်ထုတ်နေပြီ ဘယ်နေရာသွားမလဲပေါ့။ ကျမတို့ကလည်း ဒါဆို ရုံးမှာပဲ ခဏနေဆိုပြီး ခေါ်ထားလိုက်တယ်။ ပြီးတော့ ကျမရယ်၊ ကျမတို့ရဲ့ အမျိုးသမီးဥက္ကဋ္ဌ တယောက်ရယ်၊ နောက် အစ်မကြီး တယောက်ရယ်က မီဇိုရမ်က လူအများအလေးစားခံနေရတဲ့ နိုင်ငံရေးသမားတယောက် ဆီကို သွားချဉ်းကပ် ကြတယ်။ အဲဒီမှာ သူက သနားပြီးတော့ မြို့ပြင်မှာရှိတဲ့ အိမ်ဟောင်းကြီး တလုံးမှာ နင်တို့လူမျိုးတွေကို သွားနေခိုင်းလိုက်ပါ ဆိုပြီး ပြောတယ်။ ကျမတို့က လူတွေကို ယာယီသွားနေပါ၊ အခြေအနေကောင်းရင် ပြန်လာတာပေါ့ဆိုပြီး သူတို့ကို သွားပို့ လိုက်တယ်။ အဲဒီမှာ တပတ်လောက် သွားနေတယ်။ နောက်တော့ သူတို့နေရာကို မီဇိုရမ် လူငယ်အဖွဲ့က သိသွားပြီး တုတ်တွေနဲ့ လိုက်လာတယ်။ မင်းတို့ထွက်မလား မထွက်ရင် အကုန်လုံးကို ရိုက်မယ်ဆိုပြီး ပြောတော့ တချို့ အမျိုးသမီး တွေကငို၊ တချို့ဆို သတိတောင် လစ်တယ်၊ ဆေးရုံပို့ရတယ်။ အဲဒီကိစ္စတွေ ဖြေရှင်းခဲ့ရတယ်။

အဲဒီကာလက နိုင်ငံတကာ NGO တွေလည်း အဲဒီဒေသမှာ မရှိသေးဘူး။ ဒုက္ခသည်တွေ ရှိနေတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ အဲဒီမှာ ကျမ ဘာသွားစဉ်းစားမိလဲ ဆိုတော့ ဒီလောက် ကိုယ့်လူမျိုးတွေ ဒုက္ခရောက်နေတာကို ဘယ်သူမှ မသိပါလား၊ ဘယ်သူမှလည်း ကမ္ဘာကသိအောင် လှုံ့ဆော်ပေးမယ့်သူ မရှိပါလား၊ ဒီလူတွေမှာ အားကိုးရာ မဲ့နေပြီ ဆိုပြီး တွေးမိတယ်။ အဲဒီကနေ စပြီး ဒီနေ့အထိ ကျမ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နေ့ရော ညပါ မနားမနေ လုပ်ခဲ့ဖြစ်တာပါ။

မေး။     ။ လူ့ အခွင့်အရေးအတွက် လုပ်တယ်ဆိုတဲ့နေရာမှာ ချင်းပြည်နယ်အတွက်အပြင် ဘာတွေ လုပ်နိုင်ခဲ့လဲ။

ဖြေ။     ။ အစပိုင်းကတော့ ချင်းပြည်နယ်အတွက်၊ ချင်းပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးကိစ္စ တွေကို လုပ်ဖြစ်တာပေါ့။ အဲဒီလိုမျိုး လုပ်ရင်းကနေ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့တွေနဲ့ ပူးတွဲလုပ်တဲ့ လုပ်ငန်းတွေ ရှိလာတယ်။ ချင်းပြည်နယ်အတွက် လုပ်နေပေမယ့်လည်း မြန်မာနိုင်ငံ အမျိုးသမီး တရပ်လုံးအတွက် ခြုံပြီး လုပ်တာတွေ ရှိတယ်။ နောက်ပြီးတော့ ၂၀၀၉ နောက်ပိုင်းမှာ လူ့အခွင့်အရေး ပညာပေးရေး ဌာန - မြန်မာနိုင်ငံ (HREIB) မှာ စလုပ် ကတည်းက အခုထက်ထိ မြန်မာပြည် တရပ်လုံးအတွက် လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ အလုပ်တွေ လုပ်လာခဲ့တယ်။ ဥပမာ - လွန်ခဲ့တဲ့ ဇန်နဝါရီကလုပ်ခဲ့တာ တခုရှိတယ်။ အဲဒါကတော့ လူ့အခွင့်အရေး ကောင်စီမှာ လုပ်ထုံးလုပ်နည်း အသစ် တခုရှိလာတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အစိုးရတိုင်းကို စစ်ဆေးတဲ့ အဖွဲ့ပေါ့။ အဲဒီကို ကျမတို့ HREIB ကနေ အချက်အလက်တွေ စုစည်းပြီး တင်ပြခဲ့ရတယ်။ လှုံ့ဆော်မှုတွေ လုပ်ခဲ့တာ ရှိတယ်။

မေး။     ။ ဒီနှစ်ဆန်းပိုင်းမှာ တက်ခဲ့ရတဲ့ အာဆီယံ လူထုအခြေပြု အဖွဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး မြန်မာပြည်က လာတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့ ကြုံခဲ့တဲ့ အကြောင်းတွေ ပြောပြပါဦး။

ဖြေ။     ။ အဲဒီအစည်းအဝေးက အာဆီယံရဲ့ တကယ့်လူထုကို ကိုယ်စားပြုတဲ့သူတွေပဲ တက်ရတဲ့ အစည်းအဝေးပေါ့။ ဒါပေမယ့် ရဲမှူးကြီးဟောင်း ဦးစစ်အေးက သူ့ရဲ့ နာမည်ကတ်မှာ အစိုးရမဟုတ်သော အဖွဲ့ဆိုပြီး ရေးပြီး အစည်းအဝေးကို လာတက်တယ်။ လာတက်တဲ့အခါမှာလည်း မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အခြေအနေ ဘယ်လို ကောင်းသွားပြီ၊ စီးပွားရေး ပိတ်ဆို့တာမျိုး မလုပ်သင့်တော့ဘူး ဆိုတာမျိုး လာလာပြောတယ်။ ဒီနှစ်မှာတော့ ကျမတို့က ဒီ လူထု အခြေပြု အစည်းအဝေးဆိုတာ တကယ့် လူထုကို ကိုယ်စားပြုတဲ့သူတွေ တက်ရမယ့် အစည်းအဝေး ဖြစ်တယ်၊ ဒီနေရာမှာ အစိုးရကို ကိုယ်စားပြုတဲ့သူတွေ မလာသင့်ဘူး၊ အဲဒီလို လာတာ သိက္ခာကျတယ် ဆိုတာမျိုး ပြောလိုက်တယ်။ ဒီနေရာမှာ လူ့အခွင့်အရေး ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ၊ တကယ့် လူထုနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဆွေးနွေးကြတယ်၊ ဖလှယ်ကြတယ် ဆိုပေမယ့် အစိုးရကိုပဲ ကိုယ်စားပြုတဲ့သူတွေက လာရှုပ်သလို၊ ဝင်စွက်သလို ဖြစ်နေတာက ရှက်သင့်တယ်။ အဲဒီလိုမျိုးလည်း သူတို့ကို တိုက်ရိုက်ပြောခဲ့တာတွေ ရှိတယ်။

ဒီနှစ်မှာဆို ကျမက အစီအစဉ်ကော်မတီဝင်ထဲမှာ ပါတယ်။ ၁၀ နိုင်ငံကနေ့ တယောက်စီ ကိုယ်စားလှယ် ရွေးတဲ့နေရာမှာ ကျမက အစီအစဉ်ကော်မတီဝင်အဖြစ် အရွေးခံရတယ် ဆိုပါတော့။ အဲဒီလိုဖြစ်တော့ ကျမက ကိုယ့်နိုင်ငံရဲ့ ကိစ္စကို အလုပ်ရုံ ဆွေးနွေးပွဲတိုင်းမှာ ပါရအောင် ကြိုးစားခဲ့တယ်၊ ပါလည်း ပါခဲ့တယ်။ ဆွေးနွေးပွဲတိုင်းမှာ အကြောင်းအရာ ၃၃ ခု ဆွေးနွေး ခဲ့တယ်ဆိုရင် ၆ ခုကျော်က မြန်မာအကြောင်း ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်း ကိုလည်း ကျမတို့ ပြသနိုင်ခဲ့တယ်။ အဲဒီလို လုပ်နေတဲ့ ကြားက အစိုးရကလွှတ်လိုက်တဲ့ ဦးစစ်အေးတို့ လူမျိုးက လာလာ စွက်တာပေါ့။ သူတို့ ပြောတာကတော့ ကျန်တဲ့နိုင်ငံတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်၊ မြန်မာနိုင်ငံကို ချည်းပဲ အပစ်မတင်နဲ့ ဆိုတာမျိုး လုပ်လာတယ်။ အဲဒီမှာ ကျမတို့ဘက်ကလည်း ဒါ သူလုပ်တယ်၊ ငါလုပ်တယ် ဆိုပြီး ပြိုင်ရမယ့် နေရာမဟုတ်ဘူး။ ဘယ်နိုင်ငံက အားပေးလဲ၊ ဘယ်သူက အရေးတယူလုပ်သလဲ ဆိုတာကို ဖလှယ်ရမှာ ဆွေးနွေးရမှာ၊ ဘယ်သူက လူ့အခွင့်အရေးကိစ္စ ပိုလုပ်သလဲ ဆိုတာကို ယှဉ်ပြိုင်ရမှာ။ ကိုယ့်နိုင်ငံက ချိုးဖောက်ထားတဲ့ လူ့အခွင့်အရေး ကိစ္စတွေကို လာမဖုံးနဲ့ ဆိုတာမျိုး သူတို့နဲ့ ယှဉ်ပြီး ပြောရတယ်။

မေး။     ။ လူ့အခွင့်အရေး ပညာပေးဌာနမှာ လုပ်နေတာဆိုတော့ အောက်ခြေက ကိုယ့်လူထုနဲ့ ဘယ်လောက် ထိတွေ့မှုရှိလဲ။

ဖြေ။     ။ ကျမ ထင်တာကတော့ နိုင်ငံအတွက်၊ လူမျိုးအတွက် အလုပ်လုပ်တယ်ဆိုတာက ကိုယ့်လူမျိုးတွေနဲ့ အဆက်အသွယ် လုပ်ဖို့လိုတယ်၊ ထိတွေ့မှု ရှိဖို့လိုတယ်။ ကျမ ဆိုရင် အနည်းဆုံးတော့ တနှစ်ကိုတခါ နယ်တွေကို သွားနိုင်အောင် ကြိုးစားတယ်။ တနှစ်ကို ရွာ ၄ ရွာ၊ ၅ ရွာ လောက်ပေါ့။ ချင်းပြည်နယ်ကလည်း အကြီးကြီး မဟုတ်ဘူးလေ။ တရွာသွားရင် နောက် ၁၀ ရွာလောက်က ကျမရောက်နေပြီဆိုတာ သိသွားကြတယ်။ အဲဒီလိုမျိုး နယ်တွေသွားမယ်၊ လူထုကြားထဲ သွားမယ်၊ စကားပြောမယ်။ သူတို့ ပြဿနာတွေ၊ သူတို့ပြောချင်တာတွေ နားထောင်ပေးတယ်။ နောက်တော့ ကျမဆီ အီးမေးလ် ပို့ နေတာတွေရှိလာတယ်။ တောမှာရှိနေတဲ့ အဖေအမေတွေကတော့ အီးမေးလ်တော့ မပို့နိုင်ဘူးပေါ့။ ဒါပေမယ့် မြို့ပေါ် ရောက်နေတဲ့ သူတို့ရဲ့ သားသမီးတွေ၊ ဆွေမျိုးတွေကနေ အီးမေးလ် ပုံမှန်ပို့ကြတယ်။ တခါတလေ စာရတာတောင် ရှိတယ်။ အဲဒီလို ဆက်သွယ်မှု ရှိနေတော့ လူထုနဲ့ အမြဲ ဆက်ဆံနေရတဲ့ သဘောမျိုးတော့ ရှိတာပေါ့။

မေး။     ။ ဒီလို ကိုယ့်လူထုကြားထဲသွားပြီး တိုက်ရိုက်ထိတွေ့ရတာ၊ လူ့အခွင့်အရေး လုပ်ငန်းတွေ လုပ်ရတာကို ဘယ်လိုခံယူလဲ။ ပျော်လား။

ဖြေ။     ။ တခါတလေကျတော့ ပျော်တယ်။ ကိုယ့်လူမျိုးတွေ၊ ကိုယ့်ရပ်ရွာက လူတွေ ဒုက္ခရောက်နေတာ နည်းနည်း ဖြေရှင်း ပေးလိုက်ရရင် ကျမ နည်းနည်းပျော်တယ်။ ဒါပေမယ့် စိတ်မကောင်းဖြစ်မိတာ၊ မကျေမနပ် ဖြစ်မိတာက ကျတော့ အစိုးရရဲ့ ညံ့ဖျင်းမှု၊ အစိုးရရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေကို တွေ့ရကြားရလို့ပဲ။ ဥပမာ - မလိုအပ်ဘဲ လယ်မြေတွေ လိုက်သိမ်းတဲ့ ကိစ္စတွေ၊ မလိုအပ်ဘဲနဲ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာတွေ၊ မလိုအပ်ဘဲနဲ့ ဘာသာရေး ကိစ္စတွေမှာ ဖိနှိပ်ချုပ်ချယ် တာတွေ၊ ဒီလို အသေးအဖွဲ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ နာမည် တပ်တဲ့ ဟာမျိုးတွေ ကြားရ၊ သိရရင်ကို စိတ်ထဲမှာ မကျေနပ်ဘူး၊ စိတ်မကောင်းဖြစ်တယ်၊ ဒေါသထွက်ရတယ်။

တကယ်တော့ ချင်းပြည်နယ် တခုလုံး၊ မြန်မာနိုင်ငံ တခုလုံးကို ကြည့်မယ်ဆိုရင်တော့ လုပ်စရာတွေက အများကြီးပဲ။ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ဒီတော့ ဘယ်တော့မှ စိတ်ကျေနပ်မှုက ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျမ စိတ်ထဲမှာ ထားတာ ကတော့ မလုပ်ဘဲနဲ့ နေတာထက် နည်းနည်း လုပ်နိုင်သလောက် လုပ်လိုက်တာက လူတွေရဲ့ ဘဝ နည်းနည်း ဖြစ်ဖြစ် တိုးတက်လာနိုင်တယ်၊ ဒီထက် ပိုပြီး ကောင်းနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့လုပ်နေတော့ အများကြီး မလုပ်နိုင်ပေမယ့် နည်းနည်းလေး လုပ်နိုင်တဲ့ အပေါ်မှာတော့ ကျေနပ်တယ်။

မေး။     ။ မချယ်ရီအနေနဲ့ ရှေ့ဆက် ဘာတွေလုပ်ဖို့ အစီအစဉ်တွေရှိလဲ။

ဖြေ။     ။ ကျမကတော့ လုပ်နေကျ ကလေးတွေရဲ့ ပညာရေး ပိုကောင်းဖို့၊ လူငယ်တွေရဲ့ ပညာရေး ဒီထက်ပိုကောင်းဖို့ ဆက်လုပ်မယ်။ ချင်းပြည်နယ်တင်မကဘူး မြန်မာတပြည်လုံးကို ကြည့်မယ်ဆိုရင် လူငယ်တွေ ပညာရေးမှာ ဒီထက်ပိုပြီး ကောင်းဖို့ လိုနေသေးတယ်။ အဲဒီအတွက် ကျမ တတ်နိုင်တဲ့ဘက်က ဆက်လုပ်မယ်။ ကျမတို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေ ကိုပဲကြည့်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဒီနိုင်ငံတွေက ကျမတို့ထက် နှစ် ၅၀ လောက်စောပြီး ရှေ့ရောက်နေပြီ။ နည်းပညာ၊ စီးပွားရေး၊ ပညာရေးပေါ့။ ဒါတွေကို အမီလိုက်ဖို့ ကျမတို့လူငယ်တွေ အများကြီး ကြိုးစားရမှာ။ ကျမ အနေနဲ့တော့ လူငယ်တွေ ပညာကို ဒီထက်ပိုလိုချင်အောင်၊ ကြိုးစားချင်အောင် လုပ်မယ်။ ကျမလုပ်နိုင်တဲ့ ပညာသင်ဆု ရှာပေးတာမျိုး၊ ကိုယ်နဲ့ နီးစပ်တဲ့ သူတွေကို အားပေးတာမျိုး၊ တချို့ရွာတွေမှာ ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေ မရှိတာမျိုး ရှိတယ်။ အဲဒီအတွက် ဆရာ၊ ဆရာမတွေ ရှာပေးတာမျိုး၊ ကျောင်းမရှိတဲ့ ရွာတွေအတွက် တတ်နိုင်သလောက် ကျောင်းဆောက်နိုင်ဖို့ ကူညီပေးတာမျိုး လုပ်ဖို့ အစီအစဉ်တွေ ရှိတယ်။

နောက်တခုက အမျိုးသမီးကိစ္စပေါ့။ ချင်းပြည်နယ်မှာရှိနေတဲ့ အမျိုးသမီးတင်မကဘူး၊ မြန်မာတပြည်လုံးက အမျိုးသမီးတွေ အတွက်ပေါ့။ ကိုယ်က အမျိုးသမီးဖြစ်နေတယ် ဆိုပြီး မီးဖိုချောင်မှာ ပုန်းနေတာမျိုး မဟုတ်ဘဲ ဒီထက်ပိုပြီး နိုင်ငံရေးမှာ၊ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ ကြိုးစားမယ်။ ဥပမာ - ကျမတို့ ပြောနေကျ စကားရှိတယ်။ နေ့စဉ် မရှိမဖြစ် မီးဖိုချောင်သုံး ကုန်ပစ္စည်း ဈေးနှုန်းတွေ တက်နေတာကို ရင်ဆိုင်နေရတာ အမျိုးသမီးတွေ၊ မိခင်တွေပေါ့။ သူတို့က ဘာကြောင့် ဒီကုန်ဈေးနှုန်းတွေ တက်နေရတာလဲ ဆိုတဲ့ မေးခွန်းကို မမေးကြဘူး။ ဖြစ်သလိုပေါ့၊ ဒါ အထက်က လူကြီးတွေ လုပ်နေတာပဲ ဆိုတာနဲ့တင် ပြီးသွားတယ်။ တကယ်က အမျိုးသမီးထုက မေးခွန်းထုတ်ရမယ်။ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ၊ ဘယ်သူ ကူညီနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေ မေးရမယ်၊ ဒီလိုမေးခွန်းတွေကို ဘယ်သူ့ကို မေးနိုင်မလဲ ဆိုတာကို လေ့လာမှုတွေ လုပ်ရမယ် လို့ ကျမထင်တယ်။

မေး။     ။ မချယ်ရီက လူ့အခွင့်အရေးကိစ္စ လုပ်နေတာဆိုတော့ တလောက သမ္မတ ဦးသိန်းစိန် ပြောသွားသလို ပြည်ပရောက် နေတဲ့ ပြန်လာချင်တဲ့ သူတွေ ပြန်လာနိုင်တယ် ဆိုပြီး ပြောတဲ့အပေါ် ဘယ်လိုမြင်လဲ။ တကယ်ပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ့် အလားအလာလို့ မြင်လား။

ဖြေ။     ။ ကျမ မြင်တာကတော့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး သမားတွေကော၊ ပြည်ပရောက်နေတဲ့ နိုင်ငံရေး သမားတွေကော အားလုံးဟာ လက်ရှိ အစိုးရနဲ့ နိုင်ငံရေး အမြင်ချင်း၊ အတွေးအခေါ်ချင်း မတူတာဘဲ ရှိတယ်၊ သူတို့မှာ ဘာပြစ်မှုမှ ကျူးလွန် ထားတာမရှိဘူး။ ခွင့်လွှတ်တယ်လို့တောင် ပြောစရာမလိုဘူး။ တကယ့်တကယ် ဒီမိုကရေစီ ကျတယ် ဆိုရင် လူတွေအားလုံး ခေါ်စရာမလိုဘူး ပြန်သွားကြမှာပဲ။ ဒီစကား ပြောတာကတော့ ပြည်ပရောက်နေတဲ့ ဒီမိုကရေစီ အင်အားစုတွေ တွေဝေသွားအောင် လုပ်လိုက်တာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို မျက်လှည့်ပြလိုက်တာပါပဲ။

တကယ်ပဲ ဒီမိုကရေစီနိုင်ငံဆိုရင် တစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်၊ နှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းနေတဲ့၊ နိုင်ငံရေးမှာ တန်းတူရည်တူ ပါဝင်ခွင့်ရဖို့ တောင်းဆိုနေတဲ့ တိုင်းရင်းသားတွေကို နယ်စပ်တွေမှာ ထိုးစစ် ဆင်နေတာတွေ ရပ်တန်းက ရပ်ရမယ်၊ သုံးက လွှတ်တော်ထဲမှာ ပါနေတဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကိုလည်း ဒီထက် နေရာပေးရမယ်၊ နောက်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့တကွ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေကိုလည်း ဆွေးနွေးတိုင်ပင်မှုတွေလုပ်၊ ဒေါ်အောင်ဆန်းစုကြည်ကော၊ ကျန်တဲ့သူတွေကောပေါ့။ တကယ်က အပြင်ကလူတွေကို မခေါ်ခင်မှာ သူ့ရဲ့ အိမ်တွင်းထဲမှာကို လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ အထဲက ပြဿနာတွေ ရှင်းဖို့တောင် မလုပ်သေးဘဲ အပြင်ကလူတွေကို ခေါ်တာကတော့ အဓိပ္ပာယ်မရှိဘူး။

အခုဟာက အစိုးရက ပညာတတ်သည်ဖြစ်စေ၊ ပညာမဲ့သူဖြစ်စေ၊ ရွှေ့ပြောင်းအလုပ်သမား ဖြစ်စေ၊ နိုင်ငံရေးသမား ဖြစ်စေ၊ လူ့အခွင့်အရေးလှုပ်ရှားတဲ့ သူတွေဖြစ်စေ သူတို့နဲ့ သဘောထားမတူရင် ထောင်ချတာတို့၊ ဥပဒေဆိုတာကြီးနဲ့ ချည်နှောင် တာတို့ လုပ်နေသရွေ့တော့ ဘယ်သူမှ ပြန်လာမှာလည်း မဟုတ်ဘူး။ သူတို့ပြောသလို မျိုးချစ်စိတ် မရှိတဲ့သူ ပြန်မလာတာ မဟုတ်ဘူး။ မျိုးချစ်စိတ် ရှိတဲ့သူတွေကို သူတို့က မလိုချင်တာ။ ပြည်ပရောက်နေတဲ့သူတွေ အားလုံးက ကိုယ့်ရပ် ကိုယ့်ရွာမှာ ကိုယ့်ဆွေမျိုးတွေ၊ ကိုယ့်မိတ်ဆွေတွေနဲ့ ပြန်လည် စုစည်းချင်တဲ့ သူတွေချည်းပဲ။

မေး။     ။ ချင်းတိုင်းရင်းသားလူငယ်တွေကိုကော၊ တခြား လူငယ်တွေကိုပါ မချယ်ရီ့အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။     ။ ချင်းလူငယ်တွေကော၊ တခြားလူငယ်တွေကိုကော ကျမ ပြောချင်တာက အချိန်မဖြုန်းဖို့။ တိုင်းပြည် တိုးတက်ဖို့၊ ကိုယ့်ဒေသ တိုးတက်ဖို့က အချိန်ကို အကျိုးရှိရှိ အသုံးချနေရမယ်။ အားကစား လုပ်တဲ့သူက အားကစားလုပ်မလား၊ အိမ်တွင်းမှု လုပ်မလား၊ အနုပညာ လုပ်မလား။ အချိန်တိုင်း အချိန်တိုင်းဟာ တန်ဖိုးရှိနေတယ်။ အချိန်ကို ကောင်းကောင်း စီမံခန့်ခွဲဖို့ ပြောချင်တယ်။

နောက်တခုက ပညာရေးပေါ့။ ပညာရေးဆိုတာ အတန်းပညာတခုတည်းကို ပြောတာ မဟုတ်ဘူး။ ကိုယ်ဝါသနာပါတဲ့ ပညာပေါ့။ အနုပညာလား၊ လက်မှုလား၊ အင်ဂျင်နီယာလား၊ ဆေးလိုင်းလား၊ အားကစားလား စသည်ဖြင့်ပေါ့။ ကိုယ်လိုချင်တဲ့ နေရာကို ရောက်အောင် သွားဖို့လိုအပ်တယ်။ ကျမတို့နိုင်ငံက ဟိုးအစကနေ လုပ်ရမှာ။ သူများတွေကို အမီလိုက်ရမှာဆိုတော့ အများကြီး ကြိုးစားရဦးမှာလေ။

မေး။     ။ မချယ်ရီ အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က ဘာလဲ။

ဖြေ။     ။ ကျမ ငယ်ငယ်ကတည်းက မာသာထရီဇာရဲ့ ကဗျာလေးတွေ ဖတ်လေ့ရှိတယ်။ အဲဒီအထဲက ကျမစိတ်ထဲမှာ အမြဲ ထင်ကျန်နေတာ တခုကတော့ ဒီနေ့ ကောင်းမှုလုပ်တယ်၊ မနက်ဖြန်ကျရင် လူတွေက မေ့သွားတယ်။ ဒါပေမယ့် ဆက်လုပ်ပါ၊ နေ့တိုင်း နေ့တိုင်း ကောင်းမှုလုပ်ပါ ဆိုတာလေးကို ကျမ အမြဲ လက်ကိုင်ထားတယ်။ ကျမ လူမှုရေး လုပ်ငန်းတွေလုပ်တယ်၊ လူ့အခွင့်အရေး ကိစ္စတွေ လုပ်တဲ့အချိန်မှာ အရမ်းပင်ပမ်းတယ်။ ဒါပေမယ့် ကိုယ့်ချင်းပြည်နယ်မှာ ရှိနေတဲ့ အဘွားကြီးတွေ၊ အဘိုးကြီးတွေရဲ့ မျက်နှာတွေ၊ ကလေးလေး တွေရဲ့ မျက်နှာတွေ၊ မြန်မာပြည် မြေပုံကြီးကို ကြည့်ပြီး ဒုက္ခရောက်နေတဲ့ ကိုယ့် မြန်မာလူမျိုး သန်း ၅၀ ကျော်ရဲ့ မျက်နှာတွေကို မြင်ယောင်မိတဲ့ အချိန်မှာ ကျမ ပင်ပမ်းတယ်လို့ မထင်တော့ဘူး။ ဒါ ငါလုပ်ရမယ့် အလုပ်ပဲ ဆိုတာ စိတ်ထဲမှာ ထည့်ပြီး လုပ်နိုင်ခဲ့တယ်။ ဘေးမှာရှိနေတဲ့သူတွေက ဘယ်လောက်ပဲပြောပြော၊ ဘယ်လောက်ပဲ ဝေဖန်ဝေဖန်၊ ဘယ်လိုပဲ ချီးမြှောက် ချီးမြှောက် ဒါ လုပ်ကိုလုပ်ရမယ့် ငါ့တာဝန်ဆိုပြီး စိတ်ထဲထားခဲ့တယ်။
Comments (25)Add Comment
0
လေးစားလျက်
written by Matthew, September 20, 2011
ကျွန်တော် တော့  မိုင်ချယ်၇ီ ကို လေးစား အားကျမိတယ်...
ချင်း၊က ချင်၊က ယား၊ဗမာ ၊က၇င်၊ ၇ခိုင်၊ မွန် နဲ့  ၇ှမ်း စတဲ့ တိုင်း၇င်းသားတွေမာ အကုန်လုံး မြန်မာ နိုင်ငံသားတွေပါ ..
တူညီတဲ့ အခွင့် အေ၇း နဲ့ အပြန် အ လှန်လေးစားမှု၇ှိ၇မာပါ .....ပြည်သူ့ ဝန်ထမ်းတွေ ကော ၊ စစ်သားတွေကော...
လုပ်ပိုင်ခွင့် ၇ှိတိုင်း... အာဏာကို အလွဲသုံးစားလုပ်ပြီး တဘက်သားကို အနိုင်ကျင့် စ၇ာ မလိုဘူး....
အားနည်းသူကို ကူညီ၇မယ် .... လူသားပီသ၇မယ်....
မိုင်ချယ်၇ီ ၇ဲ့ ကြိုးပမ်းမှုတွေ အတွက် တကယ်ဝမ်းသာ ပီတိဖြစ်မိတယ်...
0
လေးစားတယ်..ဂုဏ်ယူတယ်ဗျာ............ိ
written by အောင်အောင်, September 12, 2011
မိုင်ချယ်ရီ ရှေ့ဆက်မျိုးချစ်စိတ်ေ မတ္တာလှိုင်း ထန်ပါစေ...... အင်တာဗျူး လုပ်ပေးသော ဧရာဝတီ ကိုလည်း အထူး ကျေးဇူးတင် ရှိ့ပါတယ်..........
0
တောင်ဇလပ်ပန်းလေးတစ ပွင့်
written by ညိုမင်းလွင်(PDP), September 11, 2011
စိတ်နဲ့ရုပ်ဟာ ဒွန်တွဲနေသလို မျက်နှာပေါ်က စာမျက်နှာနဲ့နှလုံးသားက ကလောင်တံဟပ်စပ်မှု ရှိစတမ်းဆိုရင်၊ ချင်းဒေသ
သက တောင်ဇလပ်ပန်းလေး တစ်ပွင့်ဖြစ်တဲ့ မိုင်ချယ်ရီဇာဟောင်း ဟာ နမူနာတစ်ခုပါပဲလို့ ဆိုလိုက်ချင်ပါတယ်။
ဘုရားသခင်ကော င်းကြီးပေးပါစေ။ ဒေသခံအကျိုး၊ တစ်တိုင်းပြည်လုံး အကျိုးတို့သာမက ကမ္ဘာ့အကျိုးေ ကျးဇူးကောင်း ရှိအောင် ဆောင်ရွက်နိုင်တဲ့ အထိကြိုးစားပါ။ အားပေးနေပါတယ်။
0
ဂုဏ်ယူပါတယ်
written by cangmah, September 11, 2011
ချင်းလူမျိုးတွေအတွက် ကောင်းသောနို င်ငံရေးသမား၊ မြန်မာနိုင်ငံအတွက်ေ ကာင်းသောနိုင်ငံရေးသမားဖြစ် ထိုက်ပါတယ်။
0
လေးစာပါတယ်
written by aung naing htay, September 10, 2011
အင်တာဗျူးက တကယ်ပဲ့ ကောင်းပါတယ် ဖြေတာလေးတွေ သိမ်မွေ့ နူးညံ့သလို တနိုင်ငံလုံး အတွက် စဉ်းစား လုပ်ဆောင်ေ နသည့်အတွက် လေးစားစရာပါ ဒါပေမယ့် နိုင်ငံတကာေ ကျာင်းရဲ့သင်ရိုး ညွန်းတမ်းမှာ ဘာသာရေး အကြောင်း မပါဘူး ထင်ပါတယ်
smilies/cry.gif
0
...
written by saw john nathan, September 10, 2011
ဆုတွေပေးရင် ပြည်ပက လူတွေကိုပဲပေးတာ များတယ်။ သေချာလေ့လာ ဆန်းစစ်ကြ ည့်စေချင်တယ်။
ပြည်တွင်းမှာ အခက်အခဲေ တွကြားထဲက ရုန်းကန် လှုပ်ရှားနေတဲ့ လူငယ်လူရွယ်တွေကို ပိုဦးစားေ ပးစေချင်ပါတယ်
0
...
written by ဆလိုင်း ခုံ, September 09, 2011
လေးစားပါတယ်
0
လေးစား ဂုဏ်ယူပါတယ်
written by u PN wara, September 08, 2011
မိုင်ချယ်ရီ ဇာဟောင်း ရဲ့  ခံယူချက်နဲ့  စိတ်ဓါတ်ကို လေးစား ဂုဏ်ယူပါတယ်။
ကျမ္မာစွာဖြင့် မိုင်ချယ်ရီ ချစ်တဲ့ တောင်ဇလပ်မြေ ကို အလုပ်အကျွေြး ပုနိုင်ပါစေ လို့  ဆုတောင်းပါတယ်။
0
ဂုဏ်ယူပါတယ် မချယ်ရီ
written by Evan, September 08, 2011
ငယ်ငယ်ရွယ်ရွယ်လေး နဲ့ အခုလို စွမ်းဆောင်နိုင်တာလေးတွေ စွမ်းဆောင်နေနိုင်ပြီး၊ စကားပြော ညင်သာ သိမ်မွေ့တာလေးတွေ၊ ချောမောပြေပြစ် တာလေးတွေက အတုယူစရာလေးပါ။
ဧ၀ံ
0
အားရမိပါတယ်၊
written by ဘဇော်, September 07, 2011
မချယ်ရီ လိုလူမျိုး ချင်းတိုင်းရင်း သားတွေထဲက ထူးထူးချွန်ချွန်ေ ပ်ါထွက်လာတာ အားရမိပါတယ်ဗျာ၊ ကျန်တဲ့ ကချင်၊ကရင် နဲ့ အခြားသောတိုင်းရ င်းသားများထဲမှ မချယ်ရီလို လူငယ်များများ ပေါ်ထွက်လာရင် ကျနော်တို့ တိုင်းပြည်ဟာ အစိုးရက ဘယ်လောက်ပင် ယုတ်မာစေဦးတော့ ကောင်းသော အပြောင်း အလဲဖြစ်အောင် ဖန်တီးနိုင်မှာပါ၊ ချင်းပြည်သူတွေ ကိုယ်စား၊ မြန်မာပြည်သူတွေ ကိုယ်စား မချယ်ရီအား ကျေးဇူး အထူးတင်ကြောင်း ပြောကြားလိုပါတယ်၊
0
Admire you!
written by jackburma, September 07, 2011
Dear Ms Cherry, really appreciate your kind and noble job!
0
encouraging.
written by Ah thang, September 07, 2011
I RESPECT YOU CHERRY
0
encouraging.
written by Ah thang, September 07, 2011
Basically, every one need each basic education but every one is not well educated. There are some sages among chin people but they don't service for other. Some people are dejected for their weaken education despite, they know Today we have a lot of things to do for our nation. Actually for developing, well education is not neccessary. But it's need to be can put into use our education which we have. So ma cherry, i admire for your conviction and proudly encourage you to keep going on your social services. You are the only hero and guiding star for our future chin youngsters.
0
the brightness of a diamond cannot be ruined
written by sang, September 07, 2011
Even if you don't know her or her works, you can tell she is living on what she said in this interview. That is what we need, a genuine admirer like Cherry, a good person who never think about counting how much she has shed her sweat for doing good things for the people, but it just comes naturally. Unity cannot be made but it comes when the majority of the people do a genuine good work with heart, responsibility,honesty and vision. That is what I learn from the interview. May God be with you so you are strong, healthy to do your work naturally which admires a lot of people when you don't even know or think about it.
0
reply to Maung Maung
written by ma ma, September 07, 2011
He` Maung Maung... ......to compare Mother Teresa with one person who just born yesterday.
Generally, burmese (including ethnic) are easily think of big themselves. look where our country situation is right now.
0
The Brave lady
written by Zay Yar, September 06, 2011
ပြည်ပရောက်နေတဲ့ ဒီမိုကရေစီ အင်အားစုတွေ တွေဝေသွားအောင် လုပ်လိုက်တာ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို မျက်လှည့်ပြလိုက်တာပါပဲ။
I Like it this answer ,really good !!
0
လင်းသစ်
written by shine, September 06, 2011
အခုလို အသက်ရွယ်နှင့် မွန်မြတ်လှတဲ့ စွမ်းဆောင်ချက်တွေ အတွက် ဘယ်ဘာသာ ဘယ်လူမျိုးဖြ စ်နေပါစေ.. တကယ် လိုအပ်နေတဲ့ လူထုအတွက် အတွက် ဖြူစင်တဲ့
နှလုံးသားနဲ့ေ ပါင်းစပ်ထားတဲ့ လက်တဖက် ကမ်းလှမ်းပေးထားတာ တကယ် ဂုဏ်ယူပါတယ်။
0
Lungdampihna !
written by မိုးဇက် @ Kim, September 06, 2011
ဖြေ။ ။ ပျက်စီးတယ်လို့တော့ ကျမ မပြောချင်ဘူး။ ဒီဒေသက တော်တော်လေးကို ဒုက္ခရောက်နေပြီးပြီ။ ဒီထက် ဒုက္ခရောက်ဖို့ ဆိုတာကတော့ မရှိတော့ဘူး။

ဟုတ်ပါတယ်ဗျား. .တိုင်းပြည်ကြီးသာ ဒီလိုဆက်ြ ဖစ်နေရင် ဒီထက်ပိုပြီး ဆိုးရွားဖို့ များပါတယ်. .စိန်ခေါ်မှုတွေလည်း အများကြီး ရှိနေပါသေးတယ်။ တလောကပဲလွ တ်တော်ထဲမှာ ချင်းပြည်နယ်ဖွံ့ ဖြိုးေ ရးအတွက် လိုအပ်တဲ့အပြော င်းအလဲများကို ချင်းတိုးတက်ရေးပါတီက အဆို တင်သွင်းလိုက်တာ. .ပယ်ချခံလိုက်ရပါတယ်။ ချင်းလူမျိုးတွေ ရင်ဆိုင်ရတဲ့စိန်ခေါ် မှုတွေကိုကျော် လွှားနိုင်ဖို့ .မျိုးဆက် သစ်လူငယ်တွေ ကြားထဲမှာညီညွ တ်ရေးရဖို့ အရမ်းအရေးကြီးပါတယ်။ ညီညွတ်ရေး အတွက်လည်း တဖက် တလှမ်းကနေ ဦးဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ၂၀၀၃-၂၀၀၄ ကာလ က မီဇိုလူငယ်အဖွဲ့ ရဲ့အ ကြမ်းဖက် မှုတွေကိုရှုတ်ချပါ တယ်။ ချင်းလူထုက အသိအမှတ် ပြုလိုက်တဲ့ အစ်မရဲ့လှုပ်ရှားမှုတွေမှာ ဒီထက်မက အောင်မြင် မှုတွေရအောင် နှင့် ချယ်ရီအေ ပ်ါယုံကြည် အားကိုးတဲ့ လူထုရဲ့လွတ်ြေ မာက်ရေး အတွက်လည်းတ ဖက်တလှမ်းမှ စွမ်းဆောင်နိုင်ပါစေဟု ဆုတောင်းပေးပါတယ်။
0
သူတို့ပြောသလို မျိုးချစ်စိတ် မရှိတဲ့သူ ပြန်မလာတာ မဟုတ်ဘူး။ မျိုးချစ်စိတ် ရှိတဲ့သူတွေကို သူတို့က မလိုချင်တာ။
written by LWIN OO, September 06, 2011
သူတို့ပြောသလို မျိုးချစ်စိတ် မရှိတဲ့သူ ပြန်မလာတာ မဟုတ်ဘူး။ မျိုးချစ်စိတ် ရှိတဲ့သူတွေကို သူတို့က မလိုချင်တာ။ ပြည်ပရောက်ေ နတဲ့သူတွေ အားလုံးက ကိုယ့်ရပ် ကိုယ့်ရွာမှာ ကိုယ့်ဆွေမျိုးတွေ၊ ကိုယ့်မိတ်ဆွေတွေနဲ့ ပြန်လည် စုစည်းချင်တဲ့ သူတွေချည်းပဲ။
0
Congratulations on Chin person of the year!
written by Thawng, September 06, 2011
Miss Cherry enthusiastically and wholeheartedly working for a positive change not only in the Chin Community is worthy of respect. I fully appreciate her.
0
...
written by Kyawthumyint, September 06, 2011
လေးစားပါတယ်
0
...
written by maung maung, September 06, 2011
မာသာထရီဇာ စောစောက ကွယ်လွန်ခဲ့လို့ နို့မဟုတ်ရင် အဲဒီဆုကို မိုင်ချယ်ရီဇာဟောင်
0
လေးစားပါတယ်
written by ဒီဒီ, September 06, 2011
ရပ်တည်ချက် ခိုင်မာပြီး လူငယ်တွေ အတွက် ရှေ့ဆောင် လမ်းပြ တဦးဖြစ်တဲ့ မချယ်ရီကို လေးစား အားကျမိပါတယ်။ ဆက်လက်ပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ထမ်းဆောင်နိုင်ပါစေ ----
0
Comment
written by Boi Boi, September 06, 2011
She deserve to be Chin Person of the Year. Can we find better person for this title? I hope nope! She is like and Icon to Chin women... I know she has done incredible things for Chin people..
0
Congratulations Mai Chery
written by Ko Ye, September 05, 2011
Hello Mai Chery,

Congrations for being "Chin Person of the year 2011" among Falam people smilies/smiley.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်