မြန်မာ့အရေးနှင့် အမေရိကန် ပြည်ထောင်စု အခန်းကဏ္ဍ

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ထံ ဒီမိုကရက်နှင့် ရီပတ်ဘလီကင် အထက် လွှတ်တော် အမတ် ၃၂ ဦးက မကြာသေးမီက ပေးပို့ခဲ့သော စာထဲ၌ အမေရိကန် အစိုးရ၏ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒအား ယခုထက်ပို၍ ထိရောက်မှု ရှိစေရေးကို တိုးမြှင့် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ကြသည်။ အမေရိကန် အစိုးရအနေနှင့် မြန်မာနိုင်ငံတွင် “လူ့ဂုဏ်သိက္ခာကို ထိခိုက်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို ထောက်ခံပံ့ပိုးရန်” ကိုလည်း ၎င်းတို့က စာထဲ၌ တောင်းဆိုထား သေးသည်။

မြန်မာ့နိုင်ငံရေးတွင် အပေါင်းလက္ခဏာဆောင်သော ရလဒ်များ ဖြစ်ထွန်းလာရေးကို မျှော်လင့်၍ သမ္မတ အိုဘားမား အစိုးရက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဤမူဝါဒသည် စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးနှင့် စစ်အစိုးရအပေါ် ချမှတ်ထားသည့် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုများအား ဆက်လက်ထိန်းသိမ်းသွားရေးတို့ကို ပေါင်းစပ်ထားသည့် မူဝါဒဖြစ်သည်။ သို့ရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တရုတ်နှင့် ရုရှနိုင်ငံတို့က စစ်အစိုးရအပေါ် ထောက်ခံမှုရှိနေသဖြင့် အမေရိကန်အစိုးရ၏ မူဝါဒအသစ်သည် စစ်အစိုးရအပေါ် သြဇာသက်ရောက်မှု ရှိနိုင်မည်မဟုတ်။

နိုင်ငံတကာအသိုင်းအ၀န်းက ဖိအားလျော့နည်းနေချိန်တွင် စစ်အစိုးရက တိုင်းပြည်နှင့် အဖိနှိပ်ခံ လူထုကို ရွေးကောက်ပွဲနည်းဖြင့် ဆက်လက် ထိန်းချုပ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် လုံးပမ်းလျှက်ရှိသည်။ လာမည့် ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာနိုင်သည့် အနေအထားတွင် မရှိ။

အမေရိကန်ပြည်ထောင်စု၌ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် အီရန်စသည့် အာရှနိုင်ငံအတော်များများနှင့် ရေရှည် အမျိုးသားအကျိုးစီးပွား ရှိရုံမျှမက ယင်းနိုင်ငံများနှင့် ဆက်ဆံရန် မဟာဗျူဟာ ဦးတည်ချက်လည်း ရှိသည်။ သို့သော် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအား အကောင်အထည်ဖော်ရာ၌မူ သတိမမူမိသလောက်ပင် နှေးကွေးလွန်းလှသည်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နှင့် ၎င်း၏ လက်ထောက် စကော့ မာစီရယ်တို့သည် မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးသည်။ ၎င်းတို့သည် စစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရန် သွားရောက်ခဲ့သည့် သမ္မတ အိုဘားမား အစိုးရ၏ အဆင့်အမြင့်ဆုံး အရာရှိများဖြစ်ကြသည်။ သို့ရာတွင် ရွေးကောက်ပွဲ မတိုင်မီ ကျန်ရှိနေသော အချိန်ကာလသည် တိုတောင်းလွန်းသဖြင့် ၎င်းတို့၏ မြန်မာ့အရေး ကြိုးပမ်းဆောင်ရွက်မှုများသည် အရာမထင်ဘဲ ဦးတည်ချက်မဲ့သကဲ့သို့ ဖြစ်နေသည်။

အမေရိကန် ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ခန့်ထားမည်ဟု ဇွန်လ အစောပိုင်းတွင် လူထုရေးရာဌာန လက်ထောက် အတွင်းရေးမှူး ဖိလစ်ပ် ဂျေ ခရော်လေ က ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုအထိ ရွေးချယ်ခန့်အပ်ခြင်း မရှိသေးချေ။ အထူးကိုယ်စားလှယ် ခန့်အပ်ရေးသည် အထက်လွှတ်တော်အမတ် တွမ် လန်းတော့စ် က ၂၀၀၈ ခုနှစ်တွင် တင်သွင်းခဲ့သော မြန်မာ့ကျောက်စိမ်း ပိတ်ပင်ရေး ဥပဒေကြမ်း (Tom Lantos Block Burmese JADE Act 2008) ၏ အစိတ်အပိုင်းတခု ဖြစ်သည်။ ယင်းဥပဒေကြမ်းကို သမ္မတ ဘုရှ်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ဒီမိုကရက်နှင့် ရီပတ်ဘလီကင် ပါတီနှစ်ရပ်စလုံး၏ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေကို ထောက်ခံခဲ့သူများတွင် ထိုအချိန်က အထက်လွှတ်တော်အမတ်ဖြစ်သော သမ္မတ အိုဘားမားလည်း အပါအ၀င်ပင်။

ဤအတောအတွင်း မြန်မာ့ဒီမိုကရေစီရေး၌ အမေရိကန်အစိုးရ၏ အားနည်းချက်များကို မချင့်မရဲဖြစ်ရကြောင်း အတော်များများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ထိုသို့ ပြောဆိုကြသူများတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ ပေါ်လို ဆာဂျီယို ပီညဲရိုးလည်း အပါအ၀င်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို အဆင့်မြင့် ဦးစားပေးအဖြစ် ချမှတ်ဆောင်ရွက်ရမည်ဟု ပီညဲရိုးက ဇူလိုင်လ ၂၃ ရက်နေ့ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာတွင် ရေးသားခဲ့သည်။ “အမေရိကန်အစိုးရက ဘက်ပေါင်းစုံ ဖိအားမပေးဘဲ စစ်အစိုးရအနေဖြင့် စကားဝိုင်းသို့ လာစရာ အကြောင်းမရှိ” ဟု ပီညဲရိုးက ရေးသားခဲ့သည်။

အမေရိကန်အစိုးရသည် ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များနှင့် လက်တွဲဆောင်ရွက်မည့် အထူးကိုယ်စားလှယ်တဦးကို အမြန်ဆုံး ခန့်အပ်ခြင်းဖြင့် ယင်း၏ မြန်မာပြည် ဒီမိုကရေစီရေးအတွက် စိတ်အားထက်သန်မှုကို ပြရပေလိမ့်မည်။ ထိုကိုယ်စားလှယ်အနေနှင့်လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံ ပံ့ပိုးခြင်းဖြင့် လုပ်ငန်းများကို စတင်အကောင်အထည် ဖော်ရပေလိမ့်မည်။ စစ်အစိုးရက မြန်မာနိုင်ငံအတွင်း လူ့ဂုဏ်သိက္ခာကို ထိခိုက်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခြင်း ရှိမရှိ စစ်ဆေးနိုင်ရေးအတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက တင်ပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အထက်လွှတ်တော်အမတ် ၃၂ ဦးက မြန်မာ့အရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန် အမေရိကန်အစိုးရအား တိုက်တွန်းခဲ့သည့်အပြင် အောက်လွှတ်တော်အမတ် ၆၀ နီးပါးကလည်း ၂၀၀၉ ခုနှစ် ဇွန်လတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ သမ္မတ အိုဘားမားထံ စာရေးသား ပေးပို့ခဲ့ကြသေးသည်။ ၎င်းတို့စာထဲတွင် သမ္မတအနေဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော လူ့ဂုဏ်သိက္ခာကို ထိခိုက်သည့် ရာဇ၀တ်မှုကိစ္စများနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တင်ပြဆွေးနွေးရန် တိုက်တွန်းထားသည်။

အမေရိကန် အစိုးရအနေနှင့် ဝေါစထရိ ပြုပြင်ပြောင်းလဲရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ (Dodd-Frank Wall Street Reform and Consumer Protection Act) ကို အသုံးပြု၍ မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသော US Securities and Exchange Commission (SEC) ထံ မှတ်ပုံတင်ထားသည့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္ထုတွင်းကုမ္ပဏီများကို မြန်မာစစ်အစိုးရသို့ ယင်းတို့ ပေးဆောင်ရသည့် ငွေကြေးပမာဏများအား တရားဝင် ထုတ်ပြန်ရန် ဖိအားပေးနိုင်သည်။ အခွန်ဘဏ္ဍာများသည် အစိုးရပိုင် ဘဏ်စာရင်းများသို့ ၀င်ရောက်မှု နည်းပါးလွန်းလှသဖြင့် ထိုဘဏ္ဍာငွေများသည် မြောက်ကိုရီးယားနိုင်ငံက ထောက်ပံ့နေသော နျူကလီးယား စီမံကိန်းအပါအ၀င် တခြားလုပ်ငန်းများသို့ စီးဆင်းသွားဖွယ်ရှိသည်။ ထို့ကြောင့် အမေရိကန်အစိုးရသည် စစ်အစိုးရနှင့် ဆက်စပ် ဆောင်ရွက်နေသော စင်ကာပူနှင့် ဒူဘိုင်း ဘဏ်များကို ပစ်မှတ်ထား၍ ဒဏ်ခတ်အရေးယူမှုများ ပြည့်ပြည့်၀၀ ဆောင်ရွက်သင့်သည်။

ထို့ပြင် စစ်အစိုးရအား နိုင်ငံတကာမှ လက်နက်ခဲယမ်း တင်ပို့ရောင်းချနေမှု ရပ်တန့်ရေးအတွက်လည်း အမေရိကန် အစိုးရက ဆောင်ရွက်သင့်သည်။

အမေရိကန်အစိုးရသည် မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နေခြင်းကို ထုတ်ဖော်ပြသရမည် ဖြစ်သည်။ သို့မှသာ အမေရိကန် အစိုးရအနေနှင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့တွင် တစိုက်မတ်မတ် အလေးအနက်ရှိသည်ဟု  မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ဒေသတွင်းမှ မိတ်ဆွေများနှင့် မြန်မာပြည်သူလူထုက ယုံကြည်ပေလိမ့်မည်။

US Must Show Strong Leadership in Burma Policy ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။
Comments (2)Add Comment
..., Low-rated comment [Show]
0
Action speaks louder
written by Wei Myo, August 10, 2010
Obama and his administration has no deisive resolution as Bush. After economic downturn, the attnetion of Obama has been declining on Burma issue as he has been tackling on domestic affair and other Asain countries (North Korea, Iran, Iraq, Afganistan, and Pakistan, China and so on). Probably US may not have Capacity to compete with China to interven the Burma issue. The newly adopted policy, from my angle, is not enough to deal with the military regime because US newly elected president does not realize that only action can cause the changes in Burma. He and his administration should have realized by scrutinizing on going political events over two decades in Burma. They have political will to change Burma towards democracy though, the interest is relatively less, the action is weak, the response is slow, and probably the most critical point is lack of understanding on how to tackle with the regime to be more effective and efficient. One last word , only rigious action upon military regime can work. Send the regime to International criminal court by enquiry commision at UNSC. I would suggest to successfully implement this action which will encourage the Burmese as well to participate in the politics as they will feel a strong driving force is backing them.

Write comment

busy
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်