အခု နှစ်ပေါင်း ၂၂ နှစ် ကြာလာပေမယ့် စိတ်ပိတ်ကားထဲက ရုပ်ပုံကားချပ်တွေက တုန်ခြင်းမှုန်ခြင်းကင်းစွာ ခလုတ် နှိပ် လည်းပေါ်၊ ခလုတ်မနှိပ်လည်း ပေါ်နေဆဲပါ။ အဲဒီတုန်းက အခုလို ပီပီပြင်ပြင် အတိုက်အခံဆိုတာ ရှိခဲ့တာမှ မဟုတ်ဘဲ။ လူတိုင်းကိုယ်စီမှာ ရှိနေတဲ့ မကျေနပ်စိတ်ကပဲ တိုက်ပွဲကြီး တခုလုံးကို ဦးဆောင်သွားကြတာ။ဒီအဖြစ်အပျက်တွေကို တယောက်စီက တတ်နိုင်သမျှ ရေးကြ၊ မှတ်တမ်းပြု ကြမယ်ဆိုရင် နှောင်းလူတွေကို မရှုပ် ထွေး စေမှာ အမှန်ပါပဲ။ ခုတောင် တင်သန်းဦးတို့လို လူတွေက သမိုင်းကို ရုပ်ပျက်ဆင်းပျက် လုပ်နေပြီ။ သူလိုရာ သူရေးနေတာကို ဖြတ်သန်းခဲ့ဖူးသူတွေက ဘာမှပြန်မပြောဘဲ နေမယ်ဆိုရင် မသိလိုက်ကြတဲ့ သူတွေက အဟုတ်ထင်နေကြမယ်။ သူတို့ မမှန်မကန် လုပ်နေတာကို သိသူတွေက ငြိမ်ပြီး ခွင့်ပြုပေးရာ ရောက်နေပါတယ်။
ဦးပဉ္ဇင်းတို့ကတော့ သိပ်ကြီးကြီးကျယ်ကျယ် ခေါင်းဆောင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ် ဖြတ်သန်းခဲ့တာကို တော့ နိုင်သမျှ ပြောပြပါမယ်။
မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ကို မကျေမနပ် ဖြစ်နေတာကတော့ တောရော မြို့ပါမကျန်လို့ ဆိုရမယ်။ မြို့ကနေ စာဝါပိတ်ချိန် ဦးပဉ္ဇင်းတို့ ပြန်ပြီဆို မိဘဆွေမျိုးတွေရဲ့ ညည်းညူသံတွေက ပထမတော့ နားမခံနိုင်စရာပါ။ နောက်တော့ ရင်ပါ မခံနိုင် ဖြစ်လာရတယ်။ လယ်သမား မိသားစုတွေရဲ့ဘဝဟာ တော်တော် ရင်နာစရာပါလား ဆိုတာ တွေ့လိုက်ရတယ်။ ကိုယ့်လယ် ကိုယ်စိုက်ပြီး ကိုယ့်စပါး ကိုယ်ပြန်ခိုးစားနေရတယ်လေ။ တာဝန်မကျေလို့ သွပ် ခွာပြီး ရောင်းပေးရတယ်။ ဒါတွေကို မြင်တော့ ဇာတ်ပွဲထဲက ချစ်တီးတွေကို ပြေးမြင်မိခဲ့တယ်။ အင်္ဂလိပ်တပည့် ချစ်တီးတွေသာ ဒီလိုလုပ်တယ် ထင်ခဲ့တာ။ အခုတော့ ...။
ရန်သူမျိုး ငါးပါးထဲမှာ မင်းကို ဘာလို့ထည့်ထားတာလဲ ဆိုတာကိုပါ သဘောပေါက်လာတယ်။ ၁၉၈၇ ခုနှစ်မှာ ငွေ စက္ကူ တွေ ကို တရားမဝင်ကြောင်း ကြေညာလိုက်တဲ့ ကိစ္စဟာ မဆလ က ကိုယ့်သေတွင်း ကိုယ်တူးလိုက်ပြီဆိုတာ အဲဒီအချိန်က သူတို့ သဘောမပေါက်ခဲ့ကြပါဘူး။ ငါတို့လုပ်သမျှ လူအတွေ လူကြောက်တွေက ဘာပြန်ပြောရဲတာ မှတ်လို့ ဆိုတဲ့အသိက သူတို့ခေါင်းထဲ စွဲနေကြတာလေ။ ပြည်သူဆိုတာ နလပိန်းတုံးတွေ ဆိုတဲ့ အထင်ကလည်း သူတို့ကို ထင်ရာစိုင်းခွင့် ပေးလိုက်သလိုပါပဲ။
ဒါကတော့ ရှစ်လေးလုံး မတိုင်ခင် တောရွာတွေမှာ ဖြစ်နေတဲ့ နောက်ခံမြင်ကွင်း ပုံကြမ်းလေးပါပဲ။ တကယ်ကို တော သား တွေမှာ ကျားလည်းကြောက်ရ၊ ကျားချေးလည်း ကြောက်ရဆိုတဲ့ ကိန်းလေ။ “ကြက်ကြောက်အိတ်” လို့ခေါ်တဲ့ အိတ်ဆွဲလာသူတိုင်းဟာ လယ်သမားတွေရဲ့ ကြောက်ရမယ့်သူတွေပါ။ (မဆလ တံဆိပ်ပါတဲ့ လက်ဆွဲ အိတ်ကို ကိုင်လေ့ရှိတဲ့ မဆလ ပါတီကောင်စီဝင် လူကြီးများဟာ ကျေးရွာဒေသများကို ဆင်းပြီး စီမံကိန်းများကို စစ်ဆေးလေ့ရှိပါတယ်။ အဲဒီ လူကြီးများလာရင် ကျေးရွာက မရှိမဲ့ ရှိမဲ့နဲ့ အသားဟင်း တခွက်ပါအောင်တော့ ပြုစု ကျွေးမွေးရပါ တယ်။ နောင်မှာ ရွာထဲ အဲဒီလူကြီးတွေ ဝင်လာရင် ကြက်ကတောင် ကြောက်ပြီး ပြေးရလို့ “ကြက်ကြောက်အိတ်” လို့ စကားတွင်ခဲ့တာပါ)
ကျန်တဲ့ အကြောင်းအရာတွေကတော့ လူတိုင်းပြောနေကျမို့ မပြောတော့ပါဘူး။
အဲဒီတုန်းက ဦးအောင်ကြီးရဲ့ ၄၂ မျက်နှာ အိတ်ဖွင့်ပေးစာက လူတိုင်း တီးတိုးပြောစရာတခု ဖြစ်နေတာပါ။ ဘာပဲ ပြောပြော ဦးအောင်ကြီး ဘာဆိုတာ သေချာမသိပေမယ့် (ဘယ်သူတွေ ဘာဆိုတာ မသိအောင် သမိုင်း မျက်ခြည် ဖြတ်ထားမှုရဲ့ အကျိုးဆက်ပေါ့) အစိုးရ ဘာလုပ်လုပ် ပြန်မပြောရဲတဲ့ ခေတ်ကြီးမှာ သူ့ကို လူတွေ တော်တော် များများ က သတိထားရမယ့်သူ ဖြစ်လာပါတယ်။
စာရွက်စာတမ်းတွေ တိတ်တဆိတ် ဝေတာကလည်း ဟိုနားသည်နားမှာ ပေါ်လာနေပါပြီ။ အဲဒီတုန်းက ရသမျှ စာရွက် စာတမ်းတွေ စုဆောင်းပြီး ပြန်လည် လက်ဆင့်ကမ်းတဲ့ အလုပ်က ကိုယ့်ဘာသာကိုယ် တာဝန်ပေးပြီး နေ့စဉ် လုပ်နေတဲ့ အလုပ်ပါ။ နေ့တိုင်း ထူးခြားမှုတွေကို သိရဖို့ ည ၈ နာရီ ၁၅ မိနစ်ကို စောင့်ဆိုင်းနေသူတွေကတော့ မြန်မာပြည်အနှံ့လို့တောင် ပြောလို့ရမယ်။ ဒါကတော့ သတင်းတွေကို အမှောင်ချထားမှုရဲ့ အကျိုးဆက်လို့ ထင်ပါ တယ်။ ဘီဘီစီဟာ တနိုင်ငံလုံး သတင်းငတ်နေသူတွေအတွက် အားကိုးရာ သတင်းဌာနကြီးပါပဲ။ ကောလာဟလ မျိုးစုံကိုလည်း လူတွေက ပြောနေကြပြီ။ လူတွေက အစိုးရသတင်းဌာနကို လုံးဝကို မယုံကြည်တော့ပါဘူး။ ပိုစတာတိုက်ပွဲမှာ ခေတ်စားနေတာကတော့ “ဘီဘီစီ ဟီးရိုး၊ ဘီဘီအက်စ် ဇီးရိုး”တဲ့။
မြန်မာ့အသံက သတင်းကြေညာတာကို ရိတဲ့ ကာတွန်းတခုမှာ “မြန်မာစံတော်ချိန် ည ၈ နာရီ ရှိပါပြီ။ သတင်းများကို ကြေညာပါတော့မယ်ရှင်” “တူနှယ် တူနှယ် ဗြောင်လိမ် ဗြောင်လိမ်” ဆိုပြီး ဖော်ပြထားပါတယ်။
အခုပြောတဲ့ဟာက အဲဒီအချိန်က ခေတ်စားတဲ့ ဟာသတွေထဲက တခုလောက်ပါ။ မှတ်မိတာ တခုက မဆလ ပါတီ ကလည်း သူမဟန်တော့တာကို သဘောမပေါက်နိုင်တာပါ။ ဒါပေမယ့် သဘောပေါက်သူ တဦးကတော့ ရှိတယ်။ ဒါကတော့ လူလည်ကြီး ဦးနေဝင်းပါပဲ။
အရေးပေါ် ပါတီညီလာခံခေါ်။ သူနုတ်ထွက်။ ဒါကတော့ တိုင်းပြည်ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို တာဝန်မဲ့စွာ မျက်နှာလွှဲ ခဲပစ်လုပ်လိုက်တာပါပဲ။ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်ဖြစ်အောင် သူကြိုးစားအားထုတ်ခဲ့တဲ့ အကျိုးဆက်ကို လူထုကြီး ခံစားပေရော့လို့ ပြောလိုက်သလိုပါပဲ။
ဒီရက်တွေအတွင်းမှာ ဘီဘီစီကလည်း စစ်ကြောရေး စခန်းတွေမှာ အမျိုးသမီးငယ်တွေကို လုံထိန်းတွေက အဓမ္မပြု ကျင့် တဲ့ အကြောင်းကို ထုတ်လွှင့်ပေးလိုက်တယ်။ နောက် ၈ ရက် ၈ လ ၈၈ နေ့မှာ လူထုကြီးတရပ်လုံး မဆလ အစိုးရကို ဆန့်ကျင်ကြဖို့ လမ်းပေါ်ထွက်ကြဖို့ နေ့သတ်မှတ်ပေးလိုက်တယ်။
လူအများ မျှော်လင့်နေတဲ့ ၈ ရက်နေ့က မြင်ကွင်းကို ဘယ်တော့မှ မမေ့ပျောက်နိုင်တော့ဘူး။ မနက်ခင်းထဲက ဘာဖြစ်မလဲလို့ တယောက်ကို တယောက်တွေ့တာနဲ့ မေးခွန်းထုတ်တဲ့ အကြည့်တွေနဲ့။
ဦးပဉ္ဇင်းတို့နေတဲ့ ရန်ကင်းမြို့နယ် ကန်ဘဲ့ ဘူတာရုံလမ်းက ပဉ္စနိကာယ သာသနာ့ ဗိမာန်မှာ သံဃာတွေအချင်းချင်း တခုခုတော့ ဖြစ်ကြတော့မယ်ဆိုတာ ပြောဆိုနေကြတယ်။ တနေရာရာကပဲ တို့ အရေးလို့ အော်နေသလို အသံမျိုး ၀င်လာတယ်လို့ စိတ်ကိုတပ်လှန့်နေတယ်။ ဒါပေမယ့် မနက်ခင်းမှာတော့ ဘာမှ မဖြစ်ပါဘူး။ ရန်ကုန်မြို့ထဲတွေမှာ စာတွေကပ်တယ်၊ စာတွေဝေတယ်ဆိုတဲ့ သတင်းကတော့ မြို့ထဲကပြန်လာသူတွေဆီက ကြားနေရတယ်။
ဦးပဉ္ဇင်းတို့ လိုချင်တာ ဖြစ်စေချင်တာက စာရွက်ဝေတာ၊ စာရွက် ကပ်တာလောက် မဟုတ်ဘူးလေ။ လမ်းပေါ်ကို လူတွေ ထွက်စေချင်တာ။ နေ့လယ် ၁၂ နာရီထိုးလောက်မှာ တောင်ဥက္ကလာဘက်က လူတွေထွက်လာပြီဆိုပြီး ကျောင်းအောက်က အော်သံတခု ကြားလိုက်ရတယ်။ ချက်ချင်းပဲ မိုးကောင်း လမ်းဆုံရောက်အောင် အလျင်အမြန် ပြေးထွက်လိုက်တယ်။ ကိုယ့်လိုပဲ အိမ်တိုင်းအိမ်တိုင်းက လူတွေ လမ်းမကြီးဆီ ပြေးထွက်လာတာကို တွေ့လိုက်ရ တယ်။ မိုးကောင်း ဘုရားနားရောက်တော့ တောင်ဥက္ကလာဘက်ကို ကြည့်နေတဲ့ လူအုပ်ကြီးက လမ်းဘေး အပြည့်လို့တောင် ဆိုနိုင်တယ်။ ဦးပဉ္ဇင်း လှမ်းကြည့်တော့ ဘာမှ မတွေ့ရသေးဘူး။ ဘယ်မှာလဲလို့ မေးလိုက်တော့ လာနေပြီလို့ တစ်ယောက်က ပြောတယ်။ ဦးပဉ္ဇင်းလည်း လှမ်းကြည့်နေတယ်။
သံလမ်းဘက်ကနေ အလံတခု ကိုင်ပြီး ထွက်လာတဲ့ လူတစုကို တွေ့ရတယ်။ စိတ်ထဲမှာ အလံကိုင်ထားတဲ့ လူတွေနဲ့ ပူးပေါင်းချင်စိတ်က တအားကို ဖြစ်ပေါ်လာတယ်။ ဘယ်စိတ်က နှိုးဆော်လိုက်တယ် မသိဘူး။ ဦးပဉ္ဇင်း လမ်းမ အလယ်ခေါင် ရောက်နေတယ်။ ဟိုဘက်ဒီဘက် ညွှတ်နေအောင်ရှိတဲ့ လူအုပ်ကြီးကို အသံကုန်ဟစ်ပြီးတော့ အော်လိုက်တယ်။
“ဘာရပ်ကြည့်နေကြတာလဲ။ ငါတို့ လွတ်မြောက်ဖို့အတွက် ငါတို့ကိုယ်တိုင် လုပ်ရမယ်။ အခု ဟိုကလာနေတဲ့ လူတွေကို ရပ်ကြည့်နေရုံနဲ့ မရဘူး၊ အတူ ပူးပေါင်းပြီးတော့ ကိုယ့်အရေးကိုယ် လုပ်ရမယ်။ အားလုံး ပါဝင်ကြပါ”
လမ်းလယ်ခေါင်က ရပ်ပြီး ဦးပဉ္ဇင်းအော်လိုက်တော့ လူရောဘုန်းကြီးပါ အယောက်၂၀ လောက်က ဟုတ်တယ်၊ ဟိုလူတွေကို သွားကြိုကြမယ်ဆိုပြီး ထွက်ချလာတယ်။ အလံကိုင်တဲ့ လူတွေနားရောက်တော့ သူ့နောက်မှာ လူအယောက် ၃၀ လောက်ပဲ ရှိတယ်။ ဦးပဉ္ဇင်းတို့ သွားကြိုတဲ့ လူအုပ်နဲ့ ပေါင်းပြီး မြို့ထဲဘက်ကို ထွက်လာ ခဲ့ကြ တယ်။ ဦးပဉ္ဇင်းလည်း အလံကိုင်တဲ့ ဘေးကနေ လမ်းဘေးကလူတွေကို အော်တယ်။
“ခင်ဗျားတို့ ဘာရပ်နေကြတာလဲ။ ကိုယ့်အခွင့်အရေးအတွက် ကိုယ့်အရေး ကိုယ်ကိုယ်တိုင် လုပ်ရမယ်။ ထွက်ခဲ့ကြ”
ပထမတော့ ကိုယ်ကကြိုသူ။ အခုတော့ အလံကိုင်ဘေးမှာ ဆော်သြသူဖြစ်နေတာကို သတိတောင် မထားမိဘူး။ ဦးပဉ္ဇင်းတို့ လူအုပ်ကြီး ဆရာအတတ်သင် ကျောင်းရှေ့ရောက်တော့ ရပ်လိုက်ကြတယ်။ နောက်ကို ပြန်ကြည့်တော့ ဘေးက ရပ်ကြည့်နေသူတွေဟာ ဦးပဉ္ဇင်းတို့နဲ့ အတူပါလာတာကို သိလိုက်ရတယ်။ လူလည်း အယောက် ၅၀၀
ကျော်လောက် ရှိနေတယ်။
“ဘုန်းဘုန်း ဘယ်လမ်းက သွားမလဲ စီစဉ်ပါဘုရား”လို့ ၀ိုင်းပြီး ဦးပဉ္ဇင်းကို စီစဉ်ခိုင်းတယ်။ ဦးပဉ္ဇင်းလည်း ချက်ချင်း စဉ်းစားရတယ်။ လမ်းနီလေးဘက် ထွက်ရင် အစိုးရရုံးတွေချည်းပဲ။ နောက်ကနေ လိုက်ထွက်လာမယ့် လူမရှိဘူး။ ငါတို့ ဆယ့်နှစ်လုံးတန်းဘက်က သွားမယ်လို့ အော်ပြောလိုက်တယ်။ လူအုပ်ကြီးလည်း ဘာကြွေးကြော်သံ တိုင်လို့ တိုင်ရမှန်း မသိဘူး။ ပါးစပ်ထဲပေါ်တာတွေ ကောက်အော်နေကြတယ်။ ကြွေးကြော်သံတွေကလည်း အခု ပြန်ကြည့် ရင် ရယ်စရာ … ။
“ဆန်တပြည် နှစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကို ခွဲ”
“ဆန်တပြည် ဆယ်ပြား အောင်ကြီးလာမှ စား”
“အရေးတော်ပုံ အောင်ရမယ်”
“ဒီမိုကရေစီ ရရှိရေး တို့အရေး”
နောက်ကနေ လိုက်အော်တဲ့ အသံတွေက ခေါင်းခွဲတာတွေရော စုံနေတာပဲ။
ဘာပဲပြောပြော လူအုပ်ကြီးကတော့ များသည်ထက်များလာတယ်။ ဒါနဲ့ ဆက်ထွက်လာတာ ရွှေဂုံတိုင်အရောက်မှာ လူပင်လယ်ကြီးထဲ ဦးပဉ္ဇင်းတို့ ရန်ကင်း တောင်ဥက္ကလာ အုပ်စုက ရောပါသွားကြတယ်။ တာမွေကနေ သိမ်ဖြူလမ်း အတိုင်း မြို့ထဲကို လူအုပ်ကြီးက စီးမျောနေတယ်။ ကြွေးကြော်သံ ပေါင်းစုံကလည်း ဆူညံနေတယ်။ လမ်းပေါ်မှာ ကားတွေကလည်း တစီးမှ မရှိတော့ဘူး။ ဒါနဲ့ ဦးပဉ္ဇင်းတို့ ဆူးလေဘုရားရောက်တော့ ညနေစောင်းနေပြီ။ လူလည်း ပင်ပန်းနေပြီ။ ကျောင်းကို ပြန်ချင်နေတယ်။ မြောက်ဥက္ကလာဘက် သွားမယ့် ကျပ်ညပ်နေတဲ့ ကားတစီးပေါ် အတင်း တိုးတက်ပြီး ရန်ကင်းကို ပြန်ခဲ့တယ်။ လမ်းနီလေးကနေ ကုန်းကြောင်းလျှောက်ပြန်ရတာ လမ်းမှာ တွေ့တဲ့ စစ်သား တွေက “ဦးပဉ္ဇင်းမြို့ထဲက ပြန်လာတာလား” လို့ မေးတယ်။
ဦးပဉ္ဇင်းက ခေါင်းညိတ်ပြတော့ သူတို့လည်း ဦးပဉ္ဇင်းတို့နဲ့ တသဘောတည်းရှိကြောင်း အမူအရာနဲ့ပြတယ်။ ကျောင်း ကိုပြန်ရောက်တော့ ကျောင်းမှာ ကျန်နေခဲ့တဲ့ သံဃာတွေက ဝိုင်းပြီး မေးကြတယ်။ သူတို့လည်း အားတွေတက်လာ ကြတယ်။ ညနေခင်းကြီးကို မြို့ထဲဆက်ထွက်နေသူတွေ ရှိတုန်းပဲ ထိုသူတွေနဲ့အတူ ကျောင်းတိုက်က ဘုန်းကြီးတွေ
တော်တော်များများ ထွက်သွားကြတယ်။
ဒါကတော့ ၈ ရက်နေ့မြင်ကွင်း တစိတ်တပိုင်းလေးပါ။ ဒီနောက် အဖြစ်အပျက်တွေဟာ တနေ့အကြောင်းအရာကို စာတပုဒ် ရေးရင်တောင် လောက်ငမှာ မဟုတ်ဘူး။ သိတဲ့သူတွေက ကိုယ်ဖြတ်သန်းခဲ့တာတွေကို ဖော်ထုတ်ကြမယ် ဆိုရင် ၈ လေးလုံး အရေးတော်ပုံကြီးဟာ ကိုယ်လိုရာဆွဲ ရေးသူတွေရဲ့ လက်ခုပ်ထဲက ရေအဖြစ်ကနေ သက်သာရာ ရလိမ့်မယ်။ အကြောက်တရားတွေ ဘယ်လောက်ရှိရှိ ထိုအကြောက်တရားတွေကို တွန်းလှန်ရခြင်းဟာ ကိုယ့် လွတ်မြောက်ရေး ကိုယ်လုပ်တယ်ဆိုတာ သက်သေပြခဲ့ပါပြီ။ အကြောက်တရားနွံထဲက ရဲရင့်ခြင်း ကြာပန်းများ ဖူးပွင့်နိုင်ကြပါစေ။
အရှင်ဇဝနသည် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး၏ တာဝန်ခံ ဆရာတော် ဖြစ်ပါသည်။
Set as favorite
Bookmark
Email this
Hits: 4894
Comments (4)

written by Myat Minn, August 15, 2010
a shin phayar .. i shed tears reading this as I can still feel that moments even though I was just a mere 5th grade student that time .. when ever I think about those times, I feel sad but at the same time remember the powerful voice of Burmese people at that time .. it still inspires me .. some people may lie, some people may sabotage but the true story of "88" will always be in our heart forever and ever ..
written by DNOW88, August 10, 2010
ဆရာတော် မိန့် တာ မှန်ပါတယ်ဗျာ .. သမိုင်းကြောင်း မှန်ဖို့ ပါဝင်ခဲ့သူတွေ အနေနဲ့ သိသလောက် တစိတ်တဒေသ ပါဝင် ရေးသားကြဖို့ ဖိတ်ေ ခ်ါပါတယ် ..။
Write comment
| < Prev | Next > |
|---|







