ယခုအချိန်တွင် မြန်မာစစ်အစိုးရ ရုံးစိုက်ရန် ရည်ရွယ်တည်ထားခဲ့သော မြို့တော်၏ သက်တမ်းမှာ ၃ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သာမန်လုပ်ကိုင် စားသောက် နေထိုင်နေရသော ပြည်သူများ အတွက်မူ နေပြည်တော်သည် အသည်းနှလုံးမဲ့သော မြို့တမြို့ဟု ဆိုရပေလိမ့်မည်။
တချိန်တခါက ၀ါးတောများနှင့် ကြံစိုက်ခင်းများ ရှိခဲ့သည့် တအိအိလှိုင်းထနေသော မြေပြင်ပေါ်တွင် နေပြည်တော်၏ လမ်းမကျယ်ကြီးက လွန်းထိုးနေသော အစိုးရ အဆောက်အဦ များအကြား တည်ရှိနေသည်။ ဤမြင်ကွင်းမှာ စစ်အစိုးရ ရန်ကုန်မှ မြို့တော်ပြောင်းရွှေ့လာအပြီး ၃ နှစ်အကြာတွင် မြင်တွေ့ရသော နေပြည်တော် ဖြစ်သည်။
ယခင်အချိန်နှင့် ယခုအချိန် အကြား ကွာခြားချက်မှာ အစိုးရရုံးများတွင် ထိန်ထိန်ညီးအောင် ထွန်းထားသော မီးရောင်များပင် ဖြစ်သည်။ လျှပ်စစ်စွမ်းအင်ငတ်နေသော တိုင်းပြည်တခု၏ အနက်ရောင် ညကမ္ဗလာ နှင့် ဆန့်ကျင်စွာပင် ထိုအလင်းရောင်တို့က ညချမ်းအချိန်အခါတွင် ထွန်းတောက်ပနေကြသည်။ သို့သော်လည်း ၎င်း လမ်းမများသည် ချောက်ချားဖွယ် တိတ်ဆိတ်နေကြပြီး ည ၁၁ နာရီထိုးပါက ညမထွက်ရအမိန့်နှင့်အတူ အားလုံး လူသူသက်ရှိ အရိပ်အယောင် ရှင်းလင်းနေတော့သည်။
နေ့လယ်ခင်းအချိန်တွင်မူ ဒါဇင်ဝက်နီးပါးမျှသော ဈေးကြီးများတွင် ဈေးဝယ်သူများနှင့် ပျာပန်းခတ် စည်ကားနေ ကြပြီး အလုပ်အားလပ်နေသူ စစ်တပ်အရာရှိများက မြို့တော်သစ်တ၀ိုက်တွင် ပေါ်ထွက်လာနေသော ဂေါက်ကွင်း များအနက်မှ ကွင်းတကွင်းတွင် ဂေါက်သီးရိုက်နေကြမည် ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင် ရန်အတွက် မြို့တော်သစ်တွင် တိရစ္ဆာန်ဥယျာဉ်တခုလည်း တည်ထားသေးသည်။
ဘိန်းဖြူနှင့်အတူ နိုင်ငံတော်၏ သယံဇာတများဖြစ်သည့် ကျောက်မြက်ရတနာ၊ ကျွန်းသစ်၊ သဘာဝဓာတ်ငွေ့တို့ကို ပြည်ပတင်ပို့ ၍ ရရှိလာသော ငွေကြေးများဖြင့် မြန်မာပြည်အလယ်ပိုင်းမှ ခေတ်နောက်ကျသည့် ဒေသတခုကို နိုင်ငံတော်၏ မြို့တော်သစ်အဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ခြင်းအပေါ် မြို့ခံပြည်သူများက သိပ်လိုလိုလားလား မရှိကြပေ။
“ဒီနေရာက သူတို့ (အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများ) အတွက်တော့ နေပြည်တော် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေ မယ့် ကျနော်တို့အတွက်တော့ သော့ပိတ်ထားတဲ့ ကုန်းမြေတခုပဲ” ဟု မြို့ခံတဦးက သူပြောနေသည်ကို ဘေးပတ်ဝန်း ကျင်က နားထောင်နေမနေ အကဲခတ်ရင်း ပြောပြသည်။ ပြည်သူများသည် မင်းတို့၏ နန်းစိုက်ရာဟု အဓိပ္ပာယ်ရသည့် နေပြည်တော်ဟု ခေါ်ဆိုသော မြို့တော်သစ်နှင့် ဗိုလ်ချုပ်ကြီးများကို ပြောင်နောက်မှုကြောင့် အဖမ်းဆီးခံ၊ ထောင်ချခံ ကြရသည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
မြို့ခံပြည်သူများသည် စောင့်ကြည့်ခံနေရမည့်အရေးကို တွေးကြောက်၍ အင်တာနက်ကိုပင် မသုံးရဲ ဖြစ်နေကြသည်။ ထိုမျှမက နေပြည်တော်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် လက်ကိုင်ဖုန်း အသုံးပြု၍မရနိုင်အောင်လည်း စီမံထား သေးသည်။
ရန်ကုန်မှ လာရောက်လည်ပတ်သော မိတ်ဆွေတဦးကမူ သူအင်တာနက်အသုံးပြုနေစဉ် အစိုးရထောက်လှမ်းရေး တဦး က သူ၏ အချက်အလက်သိုမှီးကိရိယာ (memory stick) ကို ယူကြည့်ကာ အစိုးရဆန့်ကျင်ရေး အချက်အလက်များ ပါမပါ စစ်ဆေးခဲ့သည်ဟု ပြောပြသည်။
ပြည်တွင်းစာစောင်များအတွက် နေပြည်တော်တွင် အခြေစိုက် အလုပ်လုပ်ကိုင်နေကြသော သတင်းထောက်များကမူ အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှု မရှိတတ်ခြင်းအပေါ် စောဒကတက်ကြသည်။ သူတို့ကို မကြာခဏ ဆိုသလို အစိုးရအဆောက်အဦများ ဓာတ်ပုံရိုက်ခွင့် မပြုကြောင်းလည်း ပိတ်ပင်တတ်သေးသည်။
လာရောက်လည်ပတ်သူ ဧည့်သည်များနှင့် သတင်းထောက်များကို အမြဲတစေစောင့် ကြည့်ရန် လုံခြုံရေး အရာရှိများ ကို ညွှန်ကြားချက်များလည်း ထုတ်ထားသည်။
အစိုးရရုံးစိုက်ရာ ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့လာသည့် လွန်ခဲ့သော ၃ နှစ်မှစ၍ ၎င်းတို့ဘ၀ တိုးတက်ခဲ့ခြင်း မရှိဟု မြို့ခံများက ပြောပြကြသည်။
တိုင်းပြည်၏နေရာ အနှံ့အပြားမှ ခေါ်ဆောင်လာပြီး ယခုတိုင် မြို့တော်သစ် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်နေကြရသူ အလုပ်သမားများသည် တနေ့လျှင် လုပ်အားခ ကျပ် ၂၀၀၀၊ ၂၅၀၀ ခန့်အတွက် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်နေကြရပြီး လက်ဖြစ်တဲများတွင် နေထိုင်နေကြရသည်။ ညံ့ဖျင်းသော အစားအစာနှင့် မသန့်ရှင်းသော တွင်းရေကို အားထား၍ အသက်ဆက်နေကြရသည်။
နေပြည်တော်ရှိ အများပြည်သူဆိုင်ရာ အဆောက်အဦများအတွက် တာဝန်ယူထားသော ဆောက်လုပ်ရေး ကုမ္ပဏီအများစုသည် လုပ်ငန်းများကို ရပ်ဆိုင်း၍ ဆိုင်ကလုန်းတိုက်ခံခဲ့ရသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းသို့ အရေးပေါ် ပြောင်းရွှေ့သွားခဲ့ကြသည်။ ဆောက်လုပ်ရေးလုပ်သားများသည် လုပ်ရန်ကျန်ရှိသော နေ့များအတွက် လျော်ကြေးတစုံတရာမရရှိသလို အသက်ရှင်နေထိုင်ရန်အတွက် အတိုးနှုန်း ၂၀ ရာခိုင်နှုန်းပေး၍ ငွေချေးကာ ရပ်တည် နေထိုင်နေကြရသည်။
နေပြည်တော်တွင် ငွေတွင်းနက်သည်ဟု ဆိုနိုင်သော်လည်း ငွေပေါသူများ ရှိကြပါသည်။ စီးပွားရေး လုပ်ငန်းပိုင်ရှင် များက လခကောင်းကောင်းရကာ စိတ်ကြိုက်သုံးစွဲနိုင်သော ထိပ်တန်းအစိုးရအရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ အပေါ်တွင် မှီခို အလုပ်ဖြစ်နေကြပြန်သည်။
နေပြည်တော်တွင် လူဦးရေ ၁ သန်းနီးပါးမျှ ကြီးထွားလာနိုင်သောကြောင့် ထိုကဲ့သို့ချဲ့ထွင်လာခြင်းအပေါ် ဒေသခံ ပြည်သူများက အလားအလာကောင်းများ ရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင် ဖြစ် မလာခဲ့ပါ။ ၀င်ငွေခပ်မြတ်မြတ် ရနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် နေပြည်တော်သို့ ပြောင်းလာခဲ့ကြသူ အတော်များ များသည် ယခုအချိန်တွင် ပြန်ထွက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ဆက်နေရန် ရွေးချယ်ဆုံးဖြတ်ထားသူ အများစုမှာ ဆက်လက် အသက်ရှင်နိုင်ရေးအတွက် အားထုတ်ရုန်းကန်နေကြရသည်။
“ဆိုင်ခန်းငှားခ ဆက်ပြီး ပေးစရာမရှိတော့ဘူးဆိုတော့ ကျမဆိုင်ကို ပိတ်ပစ်ဖို့ စဉ်းစားနေတယ်” ဟု နေပြည်တော် ဈေးအတွင်း လက်ဝတ်ရတနာ ရောင်းသူတဦးက ပြောသည်။
နေပြည်တော်မှ စွန့်ခွာလိုခြင်း၏ နောက်ထပ် အကြောင်းတခုမှာ သူသည် တရုတ်လူမျိုးတဦး ဖြစ်နေပြီး စစ်အစိုးရ လျှို့ဝှက် ဖုန်းကွယ်ထားသည့် လူမျိုးရေးခွဲခြား ဆက်ဆံမှု မူဝါဒ၏ သားကောင် တဦးဖြစ်နေခြင်းကြောင့် ဖြစ်သည်။
“နေပြည်တော်ကို တရုတ်မရှိတဲ့ မြို့ဖြစ်ရမယ်လို့ အာဏာပိုင်တွေက ပြောထားတယ်” ဟု ရှမ်းတရုတ်စပ် အသားကင် ဆိုင် ပိုင်ရှင်တဦးက ပြောပြသည်။
“ကျနော့်ဆိုင်ဆို အပိတ်ခံရတာ ၂ ခါရှိပြီ။ ဆိုင်ပြန်ဖွင့်ခွင့်ရဖို့ အာဏာပိုင်တွေကို လာဘ်ထိုးရတယ်” ဟု သူကဆိုသည်။ သူနှင့် စကားပြောနေစဉ်တွင် အနီးနား စားပွဲတခု၌ စစ်အရာရှိအုပ်စုတစု စကားပြော၊ ရယ်မောပွဲကျကာ မြိန်ရေယှက်ရေ စားသောက်နေကြသည်။
နေပြည်တော်သည် လူငယ်များအတွက် နေရာတခုလည်း မဟုတ်ပြန်ပေ။ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများအား ဒုတိယနှစ်ပြီးလျှင် ကျောင်းမှထွက်၍ ကျန်ရှိသော နှစ်များအတွက် ကျေးလက်ဒေသများတွင် လက်တွေ့ကွင်းဆင်းရမည်ဟု ညွှန်ကြားထားကြောင်း ကြားသိခဲ့ရသည်။
“ကျနော်စာသင်တာကို မရပ်ချင်ဘူးဗျာ၊ တက္ကသိုလ်မှာပဲ ၄ နှစ်ပြည့်တဲ့အထိ ပြီးပြည့်သွားအောင် ဆက်တက်ချင် တယ်” ဟု စိုက်ပျိုးရေး ကျောင်းသားတဦးက ပြောသည်။
ယင်းညွှန်ကြားချက် ထုတ်ပြန်ခြင်းမှာ အစိုးရက နေပြည်တော်အနီးတ၀ိုက်တွင် နိုင်ငံရေး ထက်သန်သော လူငယ် အရေအတွက်ကို ကန့်သတ်လျှော့ချရန် တမင်လုပ်ခြင်း ဖြစ်သည်ဟု ကျောင်းသားများက မြင်နေကြသည်။
“တက္ကသိုလ်ပရ၀ုဏ်ထဲမှာ ကျောင်းသားအများကြီးရှိနေရင် တနေ့နေ့ အုံကြွမှုဖြစ်မှာ အာဏာပိုင်တွေက စိုးရိမ်ကြ တယ်။ ကျနော်တို့က သူတို့ကို ကြည့်မရဘူးဆိုတာ သူတို့သိတယ်” ဟု ကျောင်းသားတဦးက ပြောခဲ့သည်။
စစ်တပ်က အမိန့်နှင့် မောင်းထုတ်နေသည့်အတွက် ၎င်းတို့ကျေးရွာများမှ ထွက်ခွာပေးခဲ့ရသော ရာနှင့်ချီသည့် မိသားစု များသည်လည်း အမိုးအကာမဲ့ဘ၀ဖြင့် နေထိုင်နေကြရသောကြောင့် နေပြည်တော်တွင် အိုးအိမ်မဲ့လူတန်းစားများ ပေါ်ပေါက်လာပြန်သည်။ မလောက်မငှသော လျော်ကြေးငွေ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ခန့်သာပေးပြီး နှင်ထုတ် ခံခဲ့ကြရသည်။ ဤပမာဏမှာ အိမ်သစ်တလုံး ဆောက်လုပ်ရန်အတွက် လောက်ငှခြင်း မရှိပါ။ လယ်သမား အများစု သည်လည်း စစ်တပ်က ၎င်းတို့မြေပေါ်မှ မောင်းထုတ်လိုက်သည့် အချိန်မှစ၍ အသက်မွေး ၀မ်းကြောင်းမှုများ ဆုံးရှုံးခဲ့ရလေသည်။
“နေပြည်တော်ဆိုတဲ့ နာမည်က ကျမပါးစပ်ထဲမှာတော့ ခါးပြီးကျန်ခဲ့တယ်” ဟု အမျိုးသမီးတဦးက သူ၏ တ၀က်တပျက် ဆောက်လက်စ အိမ်ကို ကြည့်ရင်း ပြောပြခဲ့သည်။
အောက်ခြေတန်း ပြည်သူ့ဝန်ထမ်းများသည် မြို့ခံပြည်သူအများစုကဲ့သို့ပင် နေပြည်တော်တွင် နေထိုင်ရသည့်ဘ၀ အပေါ် စိတ်ပျက်ငြီးငွေ့ နေကြသည်။
“ကျမမိသားစုကို သတိရတယ်။ ဒါပေမယ့် သူတို့ကို ကျမ ဒီကို မခေါ်ချင်ဘူး။ တိုင်းပြည်အုပ်ချုပ်သူတွေရဲ့ မြို့ဖြစ်နေသမျှ ကာလပတ်လုံး ဒီနေရာက ကျမမိသားစုအတွက် နွေးထွေးမှု ပေးနိုင်မှာ မဟုတ်ဘူးလေ။ ကျမကလေးတွေကို ပြည်သူတွေရဲ့ မြို့တော်မှာပဲ ကြီးပြင်းစေချင်တယ်” ဟု ညနေခင်း မီးဆိုင်းများအောက်တွင် ဖြာထွက်နေသော ရေပန်းကို ဆွေးဆွေးမြေ့မြေ့ စိုက်ကြည့်နေရင်း အစိုးရ ၀န်ထမ်း အမျိုးသမီးတဦးက ပြောပြသည်။
မင်းခက်မောင်ရေးသားသည့် Capital Blues ကို ဆီလျော်အောင်ပြန်ဆိုဖော်ပြပါသည်။

written by aung zaw zaw, March 04, 2010
written by americanarakan, May 06, 2009
written by Z, April 09, 2009
written by Tatnay Phan, April 05, 2009
written by mgmg, March 24, 2009
အစိုးရ ၀န်ထမ်းများသည် ``နေပြည်တော်´´ ဟေ့လို့ ကြားလိုက်ရပြီ ဆိုရင် နားထဲကို သံရေပူနဲ့လောင်းထဲ့ သလိုဘဲတဲ့။ ကဲ..စဉ်းစားသာ ကြည့်ပေတော့ အရပ်ကတို့ရေ..၊ ဒီထက်မက ``စိတ်ပျက်ဖွယ် မြို့တော်´´ ဖြစ်လာအုံးမှာ သေချာတယ်ဗျာ..
| < Prev | Next > |
|---|



























