ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို ဦးပိုင် အပြီးလွှဲယူ

ဗိုလ်အောင်ကျော် ဆိပ်ကမ်းနှင့် ဆိပ်ကမ်း ၀န်ဆောင်မှုများကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က ဇူလိုင်လ ၁ ရက်မှ စတင်၍ အပြီးအပိုင် လွှဲပြောင်း ယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို “တည်ဆောက် လုပ်ကိုင် လွှဲပြောင်းစနစ်” (BOT) ဖြင့် လုပ်ကိုင်ရန် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က အခမ်းအနားကျင်းပပြီး လွှဲပြောင်းယူခဲ့သော်လည်း ဆိပ်ကမ်းလုပ်ငန်း ကျွမ်းကျင်လုပ်သားများ မရှိခြင်းကြောင့် ယခင်ရှိနှင့်ပြီး ၀န်ထမ်းများနှင့် တွဲဖက်လုပ်ကိုင်နေခဲ့သည်။

“ပုဂ္ဂလိက လွှဲလိုက်ပြီးမှ ၀န်ထမ်းတွေ ဖြုတ်ပစ်တာ၊ လျှော့ပစ်တာမျိုး ချက်ခြင်း လုပ်ရင် မကောင်းတော့ ၃ လလောက် အချိန်ယူ လိုက်ပြီးမှ အခုလို လုပ်တဲ့ သဘောပါပဲ။ အခုကတော့ အရင်ကလို တွဲလုပ်တာ မရှိတော့ဘူး” ဟု မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ အုပ်ချုပ်ရေး ဆိုင်ရာ မန်နေဂျာ တဦးက ပြောသည်။

ဦးပိုင် ၀န်ထမ်းများ အစားထိုး ၀င်ရောက်နိုင်ရန် လက်ရှိလုပ်ကိုင်နေသည့် ၀န်ထမ်းများအား လျှော်ကြေးပေး၍  နုတ်ထွက်စေခြင်း၊ ပင်စင်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကုမ္ပဏီတွေ ပေးတဲ့အတိုင်း လစာ ၃ လစာပေးပြီး ထုတ်တာရှိသလို တချို့ လုပ်သက်ရင့်ပြီး အသက်ကြီးတဲ့ လူတွေကျတော့ ပင်စင်ပေးလိုက်တယ်။ ပုဂ္ဂလိက လွှဲပြီးမှ ဆိုပေမယ့် အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ လုပ်သက်တွေအရ ပင်စင်ပေးတယ်။ နောက်လူတွေတော့ ဘယ်လို စီစဉ်ပေးမလဲမသိဘူး” ဟု ဆိပ်ကမ်း ၀န်ဆောင်မှုပိုင်း လုပ်ကိုင်နေသူတဦးက ပြောသည်။

“ရာထူးကြီးနေရာတွေက လွဲပြီး အောက်ခြေ ၀န်ထမ်းနေရာတွေ တော်တော်များများမှာ ဦးပိုင်ဝန်ထမ်းတွေ ၀င်လာတယ်။ ဆိပ်ကမ်းလုပ်ငန်းဆိုတာ အခု ကောက်သင်၊ အခု လုပ်တတ်တာမျိုး မဟုတ်ဘူး။ အဆင့်ဆင့်အလိုက် လုပ်ရမှာတွေက အရမ်းများတဲ့အပြင် သူ့နေရာအလိုက် တယောက်ချင်းစီ လုပ်ရတာတွေက ရှိတယ်။ အာဏာပိုင်တွေက သူတို့ လူတွေထည့်ချင်တာပဲ သိတယ်” ဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံးမှ အရာရှိတဦးက ပြောသည်။

အာဏာပိုင်များအနေနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုသွက်လက် မြန်ဆန်လာစေရန် ယခုကဲ့သို့ ပုဂ္ဂလိကအား လွှဲပြောင်း ပေးခြင်းဖြစ်သည်ဟု ဆိုသော်လည်း ဆိပ်ကမ်းလုပ်ငန်းသည် လုပ်သား ကျွမ်းကျင်မှုအပေါ် အခြေခံသောကြောင့် မြန်ဆန်စွာလုပ်ကိုင်နိုင်မည့် အခြေအနေမျိုးရောက်ရှိရန် ခက်ခဲနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးပိုင် လီမိတက်က လွှဲပြောင်း ရယူလိုက်သည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် တံတားအမှတ် ၁၊ ၂ နှင့် ၃ တို့ ပါဝင်ပြီး စုစုပေါင်း ၄၅၇ မီတာ ရှည်သည်။

စစ်အစိုးရသည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် လက်အောက်ရှိ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ ပန်းဆိုးတန်း နန်းသီတာ ဆိပ်ကမ်းနှင့် ကျန်းမာရေးဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်းများ၏ ဆိပ်ကမ်း ၀န်ဆောင်မှု လုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုထားသည်ဟု ဆိုသည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ ထီးတန်းဆိပ်ကမ်းကိုလည်း  မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ လွှဲပြောင်းယူထားကြောင်း သိရသည်။

မြန်မာ့သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကို ဝန်ဆောင်မှု ပေးနေသည့် အလုံဆိပ်ကမ်းနှင့် သီလ၀ါ ဆိပ်ကမ်းကို လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင် ပိုင်သည့် အေးရှားဝေါ ကုမ္ပဏီနှင့် ဟောင်ကောင် အခြေစိုက် Myanmar International Terminal Thilawa (MITT)ကုမ္ပဏီတို့က အသီးသီး လုပ်ကိုင် နေကြသည်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်းများ အပါအ၀င် ပြည်သူပိုင်လုပ်ငန်း အများအပြားဖြင့် စစ်တပ်ရန်ပုံငွေ ရှာပေးနေသော စီးပွားရေး အစုအဖွဲ့ဖြစ်သည်။
Comments (3)Add Comment
0
ကမ်းကုန်ပြီး ကုန်းကုန်၊ တောင်ကုန် ဖြစ်နေပြီ။
written by tsawraai, July 13, 2010
စစ်တပ် မှာဆိုရင် အာဏာ လောဘကြီးချုပ် ဗိုလ်သန်းရွှေ၊ စီးပွါးရေးမှာ ဆိုရင် လောဘ ကြီးချုပ် ဦးတေဇ ကောင်းရော

တိုင်းပြည်ကို ကြိုက်သလို လုပ်နေကြတယ်။ ဆိုးချက်ကတော့ ကမ်းကုန်ပြီး ကုန်းကုန်၊ တောင်ကုန် ဖြစ်နေပြီ။
0
လုပ်ကြ လုပ်ကြ
written by့ ရန်ကုန်သား, July 13, 2010
လုပ်ကြ လုပ်ကြ .....တိုင်းပြည်ပိုင် ပြည်သူပိုင်တဲ့ ပစ္စည်းတွေ အကုန် နင်တို့ပိုင်အောင် လုပ်ကြ...
ပုဂ္ဂလိက ကုမ္ပဏီ = စစ်တပ် + စစ်တပ်ဆွေမျိုး တစုပိုင် ကုမ္ပဏီ smilies/angry.gif
0
ရသလောက်ကို ယူနေတာပဲ့...
written by မျိုးလွင်, July 12, 2010
ဦးပိုင်ကေ တာ့ ပြည်သူ တရပ်လုံးက ပိုင်တဲ့ အဆောက်ဦ၊ စီးပွားရေး လုပ်ငန်း မှန်သမျှကို သေခါနီး အဘဆီက အမွေ လုသလို ရသလောက်ကို သိမ်းကြုံး ယူနေတာပဲ့နော်။

Write comment

busy
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်