“ထိုင်းနိုင်ငံမှ ပြန်ပို့ခံရသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအပေါ် မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား အရေးပေါ် စုံစမ်း စစ်ဆေးပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာ” အမည်ရှိ စာတစောင်ကို လူ့အခွင့် အရေးလှုပ်ရှားသည့် အဖွဲ့ ၃ ခုက ယနေ့ နံနက်တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ထံ ပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။ပေးပို့သည့် အဖွဲ့ ၃ ခုမှာ ထိုင်း အလုပ်သမားများ သမဂ္ဂ၊ Human Right Development Foundation (HRDF) နှင့် ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ရက်တို့ ဖြစ်ကြောင်း သိရသည်။
HDRF မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိန်ဌေးက “ဒီနေ့ သွားပို့ရတဲ့ အကြောင်းရင်းက လက်မှတ်မရှိတဲ့ အလုပ်သမားတွေကို ဖမ်းဆီးပြီး ပြန်ပို့တာပေါ့နော်။ ပြန်ပို့တဲ့အခါ နယ်စပ်မှာ ရှိတဲ့ ကိုးသုံးလုံးဂိတ်ကို ပို့တယ်။ ကိုးသုံးလုံး ဂိတ်ကို ရောက်တဲ့အခါကျတော့ ပိုက်ဆံနဲ့ ပြန်ရွေးရတယ်။ ပိုက်ဆံနဲ့ မရွေးလို့ရှိရင် ညှဉ်းပန်းခံရတယ်။ လူကုန်ကူးတဲ့ ပွဲစားတွေက ဒီထိုင်းထဲကို ပြန်ခေါ်။ ရောင်းစားမယ်ပေါ့။ အဲလို ဖြစ်နေတာတွေကို ကျနော်တို့က ထိုင်းဝန်ကြီးချုပ်ဆီ စာတင်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဇွန်လ ၂ ရက်နေ့တွင် ယာယီပတ်စ်ပို့ မပြုလုပ်သူ ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးရန် အမိန့်ထုတ်ထားကြောင်း၊ လူကုန်ကူးခံရမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေသဖြင့် ဝန်ကြီးချုပ်အနေနှင့် ပြန်လည်သုံးသပ်ပေးရန်နှင့် လက်မှတ်မရှိသူများကို လက်မှတ် ထပ်မံလုပ်ပေးရန် စာထဲတွင် တောင်းဆိုထားကြောင်း ဦးစိန်ဌေးက ဆိုသည်။
အဆိုပါ အိတ်ဖွင့်ပေးစာကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးက လက်ခံယူပြီး အလုပ်သမားအဖွဲ့များ၏ တောင်းဆိုချက်များကို အမြန်ဆုံး တင်ပြမည်ဟု ပြောကြောင်း သိရသည်။
“မြန်မာဘက်မှာ ကိုးသုံးလုံးဂိတ်၊ သုညဂိတ်နဲ့ ခုနှစ်ဂိတ်တွေမှာ ထိုင်းဘက်က ဖမ်းလာတဲ့ မြန်မာတွေကို လာသွန်တယ်။ ဂိတ်တိုင်းမှာက ဒီကေဘီအေ တွေချည်းပဲ။ ဂိတ်ရောက်ရင် ပြန်လွှတ်ပေးဖို့ ဘတ် ၁၅၀၀၊ ၂၀၀၀ တောင်းတယ်။ မပေးနိုင်ရင် အလုပ်ကြမ်း ခိုင်းတယ်။ မိန်းကလေးတွေဆိုရင် မတရားအပြုခံရတာတွေ ရှိတယ်။ လူပွဲစားတွေက ထိုင်းမှာ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး ထိုင်းဘက်မှာ ပြန်ရောင်းစားတာလည်း ရှိတယ်” ဘန်ကောက်မြို့မှ မြဝတီဘက်အခြမ်းသို့ ပြန်ပို့ခံရဖူးသူ ပဲခူးမြို့သားတဦးက ပြောသည်။
ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ရက် (မဲဆောက်) မှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုနိုင်နိုင်ကလည်း “ကျနော် သိတာက အဲဒီဘက်ရောက်သွားရင် ဘတ် ၁၅၀၀ နဲ့ ရွေးရတယ်။ မရွေးနိုင်ရင် စစ်တပ်ထဲ ပို့တယ်။ လမ်းဖောက်တဲ့ နေရာတွေမှာ ခိုင်းတာလည်း ရှိတယ်။ မဲဆောက်မှာ အမျိုးမရှိဘူးဆိုရင် ထမင်းမကျွေးဘူး။ ရှိတဲ့သူတွေကျတော့ တရက်ကို ဘတ် ၁၀၀ နှုန်းနဲ့ ထမင်းစားရတယ်။ ၁၅၀၀ က သတ်သတ်ပေးရတာပါ” ဟု ရှင်းပြသည်။
ထိုင်းဝန်ကြီးချုပ်ထံ တင်ပြထားသော စာတွင် The Nation သတင်းစာ၊ ဧရာဝတီ မဂ္ဂဇင်းနှင့် လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (HRW) တို့မှ သတင်းနှင့် အစီရင်ခံစာများကို အကျယ်တဝင့် ကိုးကား ဖော်ပြထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိမည်ဟု အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းထားကြပြီး ယင်းတို့အနက် အလုပ်သမား ၁ သန်း ၃ သိန်းခန့်သာ ယာယီပတ်စ်ပို့ ပြုလုပ်ရန် လျှောက်ထားသည်ဟု သိရသည်။
Set as favorite
Bookmark
Email this
Hits: 1952
Comments (0)

Write comment
| < Prev | Next > |
|---|


