ကိုးကန့်အဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်း

E-mail Print
ကိုးကန့် အထူးဒေသ (၁) အပစ်ရပ် အဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြီးခဲ့သည့် ရက်ပိုင်းက ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး မကြာမီ အခမ်းအနားဖြင့် တရားဝင် တာဝန်ပေးအပ်ပွဲ ပြုလုပ်မည် ဟု သိရသည်။

ယင်းကိုးကန့် နယ်ခြားစောင့်အဖွဲ့ကို တပ်ရင်း ၁၀၀၆ ဟု အမည်ပေးထားပြီး ကိုးကန့်အရာရှိ ၁၅ ဦးခန့် အပါအ၀င် တပ်ဖွဲ့ ၀င် အင်အား ၃၀၀ ခန့်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ပြောသည်။

“အရင်ရှိတာက အင်အား ၁၇၀၀ လောက်ရှိတယ်၊ ဒါပေမယ့် အခုတော့ ၃၀၀ ကျော်ပဲ တပ်ထဲဝင်ကြတယ်”ဟု ၎င်းကပြော သည်။

စစ်အစိုးရ၏ မူလရည်ရွယ်ချက်မှာ ကိုးကန့်ဒေသတွင် နယ်ခြားစောင့် တပ်ရင်း ၃ရင်းဖွဲ့စည်းရန်ဖြစ်ကြောင်း၊ သို့သော်မကြာ သေးမီကဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတိုက်ပွဲများတွင် တရုတ်နိုင်ငံဘက်သို့ အင်အား၁၀၀၀ ကျော်ခန့် လက်နက်ချသွား ခြင်းနှင့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုးကန့်တိုက်ပွဲတွင်ပါဝင်သူများကို ထည့်သွင်းခွင့် မပြုခြင်းတို့ကြောင့် အင်အားနည်းပါးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကျားရှင် ခေါင်းဆောင်သည့်အဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံသည့် အတွက် မူးယစ်ဆေးဝါးနှင့် တရားမ၀င် လက်နက်များ ရှိသည်ဟု အကြောင်းပြပြီး ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကိုးကန့်ဒေသကို စစ်အစိုးရတပ်များက ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် ဒု ဥက္ကဋ္ဌ တာဝန် ယူခဲ့သူ ပယ်စောက်ချိန် ဦးဆောင် ၍ အာဏာသိမ်းခဲ့ပြီး ယာယီဦးစီးကော်မတီကို အသစ် ဖွဲ့စည်းခဲ့သည်။  

ထို ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ ခေါင်းဆောင် ဦးပယ်စောက်ချိန်က စစ်အစိုး၏ နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေးကို သဘောတူခဲ့ရုံမက ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း စစ်အစိုးရ စီစဉ်မှုဖြင့် ၀င်ရောက်မည်ဖြစ် ကြောင်း စက်တင်ဘာလဆန်းက ပြုလုပ်သည့် လောက်ကိုင်မြို့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေ နေ့ကလည်း ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တပ်ဖွဲ့ဝင်များအား တရားဝင် နယ်ခြားစောင့် တပ်အသွင်ပြောင်းသည့် အခမ်းအနားကို ပန်ဝါမြို့တွင် ပြုလုပ်ခဲ့ကြောင်း၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးဝင်း နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်တို့ တက်ရောက် ခဲ့ကြောင်း ကချင်သတင်းစဉ် မှ အယ်ဒီတာ လဖိုင်နော်ဒင်းက ပြောသည်။

“မြန်မာစစ်တပ် တံဆိပ်တွေကို ပြောင်းလဲ တပ်ဆင်ဖို့ အခမ်းအနားနဲ့ တရားဝင်ပေးအပ်ပွဲလုပ်တာပါ”ဟု၎င်းက ဆိုသည်။

ယင်းနယ်ခြားစောင့် တပ်ရင်းများကို အမှတ်စဉ်အားဖြင့် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ ဟု အမည်ပေးထားသည်ဟု သိရသည်။

NDA-K ခေါင်းဆောင် ဦးစခုန်တိမ်ယိန်း အနေဖြင့် အဖွဲ့မှ အနားယူပြီး၊ ဒေါက်တာတူးဂျာခေါင်းဆောင်သည့် ကချင်ပြည် တိုးတက်ရေးပါတီ(KSPP) နှင့် ပူးပေါင်းပြီး လာမည့်ရွေးကောက်ပွဲဝင်ရန် ပြုလုပ်နေသည်ဟု လဖိုင်နော်ဒင်းက ပြောသည်။

ကချင်ပြည်နယ်အတွင်းတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသည့် အဖွဲ့ ၄ဖွဲရှိပြီး၊ကချင်ပြည်လွတ်လပ်ရေး တပ်မတော် ( KIA ) မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး လဆန်အောင်ဝါ အဖွဲ့နှင့် ဦးမထုနော်ခေါင်းဆောင်သည့် အထူးဒေသ ၅ အဖွဲ့တို့ သည် ပြည်သူ့စစ်ဖွဲ့စည်းရေးကိုလက်ခံခဲ့ပြီး KIA အဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံသေး ကြောင်း သိရသည်။

ဦးစိုင်းလင်း ခေါင်းဆောင်သည့် မိုင်းလားအထူးဒေသ အဖွဲ့အတွင်းတွင်လည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု အနည်းငယ်ရှိကြောင်း၊ ခေါင်းဆောင်ပိုင်းအနေဖြင့် စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်၍ ရနိုင်မည့် ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီသော်လည်း အောက်ခြေတပ်သားများနှင့် အလယ်အလတ် အဆင့်ရှိ အရာရှိများမှာ အဆိုပါကိစ္စကိုလက်မခံကြကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။

“ခေါင်းဆောင်ပိုင်းကတော့ အကျအဆုံးအထိအခိုက် များမှာစိုးတော့၊့ မတိုက်ချင်တော့တာလည်း ပါတယ်၊ စီးပွာေးရး လုပ်ချင်တာလည်း ပါတာပေါ့”ဟု၎င်းကပြောသည်။

ယခုအခါ ကိုးကန်ဒေသတွင် ဖြန့်ချထားသည့် စစ်အစိုးရတပ်ဖြစ်သည့် သိန္နီအခြေစိုက် အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှု  စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ရင်းအား ဒေသအတွင်းမှ ပြန်လည်ရုပ်သိမ်းသွားကြောင်း၊ သို့သော် ၀နယ်မြေ အနီး ဟိုပန်မြို့တွင် ထားရှိသည့် တပ်မ ၉၉ လက်အောက်ခံ တပ်များကို ရုပ်သိမ်းခြင်းမရှိကြောင်း ဦးအောင်ကျော်ဇော ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ခုနှစ် လွတ်လပ်ရေးရရှိစဉ်အချိန်ကတည်းက တိုင်းရင်းသားကိုယ်စားပြုတပ်များကို လူမျိုးစုအမည် များဖြင့် တပ်ရင်းဖွဲ့စည်းခဲ့ဖူးကြောင်း၊ သို့သော်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာရယူချိန်မှ စတင်ပြီး တဖြည်း ဖြည်း ဖျက်သိမ်းခဲ့ကြောင်း၊ ယခုလည်း စစ်အစိုးရက တိုင်းပြည်တပြည်တွင် တပ်မတော်တခုသာရှိရမည်ဟူသည့် ကြွေး ကြော်ထားသည့်အတိုင်း အဆိုပါ နယ်ခြားစောင့်တပ်များသည်လည်း စစ်အစိုးရ လက်အောက်တွင် နိဂုံးချုပ်သွားလိမ့်မည် ဟုထင်ကြောင်း လဖိုင်နော်ဒင်းက သုံးသပ်သည်။
Comments (1)Add Comment
0
ဆိတ်ဂွေးတွေ
written by ဗိုက်ကလေး, November 10, 2009
ဒီအဖွဲ့ တွေက သာတဲ့ ဘက် ဝင်ကပ်တဲ့ သူတွေပါ ဒီဆိတ် (...) တွေလဲ ရေရှည် ခံမယ်မထင်ပါဘူး....လူ (၃၀၀) နဲ့ တပ်ရင်း တရင်းတဲ့  ရီရတယ်နော် နအဖ လုပ်လဲ လုပ်တတ်တယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်