အိန္ဒိယ တရားစွဲခံ မြန်မာသူပုန်များ လွတ်မြောက်နိုင်ဖွယ်ရှိ

E-mail Print

၁၉၉၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံရေပိုင်နက်အတွင်း လက်နက်မှောင်ခိုမှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံနေရသော ရခိုင်နှင့် ကရင်တိုင်းရင်းသား ၃၄ ဦးတို့၏ အမှုအခြေအနေမှာ အားရကျေနပ်ဖွယ်ရှိပြီး လွတ်မြောက်နိုင်မည်

ဟု မျှော်လင့် ရကြောင်း အမှုလိုက် ရှေ့နေများက ဆိုသည်။

အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ရှိ Presidency တရားရုံးတွင် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့၌   ကြားနာမှုများ ပြုလုပ်ခဲ့ရာ တရားခံပြ သက်သေ ၄ ဦးတို့ ထွက်ဆိုခဲ့ကြပြီး အမှုအသွားအလာအရ တိုးတက်မှု ရှိလာသည်ဟု ရှေ့နေများက သုံးသပ်သည်။


“သက်သေထွက်ချက်တွေအရ သူတို့ အပြစ်ကင်းတယ်ဆိုတာ ပေါ်လွင်နေတယ်။ အမှုအနေအထားအရ ကျနော်တို့ဘက်က တော်တော်လေး အားသာနေတော့ သူတို့လွတ်မယ်လို့ မျှော်လင့်ရပါတယ်။ ကျနော်တော့ နောက်ဆုံး ရုံးချိန်းနေ့ကျရင် ၀မ်းသာစရာ သတင်းကိုပဲ ကြားချင်တာပါပဲ” ဟု ထို ၃၄ ဦး၏ ရှေ့နေတဦးဖြစ်သူ Akshay Sharma က ဆိုသည်။

၎င်းက အမှု၏ နောက်ဆုံးလျှောက်လဲချက်ကို ဒီဇင်ဘာ ၁၅ ရက်တွင် ပေးရမည် ဖြစ်ကြောင်းနှင့် စီရင်ချက်ကိုတော့ ၂၀၁၀ ဇန်န၀ါရီတွင် ချမှတ်မည်ဖြစ်ကြောင်း ပြောသည်။

“ကံကြမ္မာက သူတို့ကို မျက်နှာသာမပေးပါဘူး၊ အိန္ဒိယ နိုင်ငံမှာ သူတို့ အရမ်းခံစားခဲ့ရပါတယ်” ဟုသူက ဆိုသည်။

တရားခံပြ သက်သေအဖြစ် ထွက်ဆိုခဲ့သူ လူ့အခွင့်အရေး ရှေ့နေ Nandita Haksar ကလည်း “ကျမတို့က သူတို့ဟာ တကယ်တော့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူတွေ ဖြစ်တယ်ဆိုတာကို သေချာ ထွက်ဆိုတယ်။ သူတို့တရားရင်ဆိုင်နေရတဲ့ အချိန်က ကြာလွန်းနေပြီ၊ အမှန်တရားအတွက် အမြန်ဆုံး ဖြစ်စေချင်ပြီဆိုတာတွေ ပြောတယ်။ အခြေအနေအရတော့ လွတ်မယ်လို့ မျှော်လင့်ပါတယ်၊ လွတ်စေချင်ပါတယ်” ဟု ပြောသည်။

ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ (NDGUB) ၏ ၀န်ကြီး ဒေါက်တာတင့်ဆွေ၊ Euro Burma ရုံးမှ ဒါရိုက်တာ ဦးဟန်ယောင်ရွှေနှင့် အိန္ဒိယနိုင်ငံ West Bangal ပြည်နယ်ရှိ အားကစားရေးရာဝန်ကြီးဌာနမှ အရာရှိတဦးတို့ကလည်း တရားရုံးတွင် အဆိုပါ ၃၄ ဦးဘက်မှ တရားခံပြသက်သေအဖြစ် ထွက်ဆို ခဲ့ကြသေးသည်။

အဆိုပါ သက်သေများက ဤသူများသည် အိန္ဒိယအစိုးရမှ စွဲချက်တင်ထားသကဲ့သို့ လက်နက်ကိုင် သူပုန်များမဟုတ်ဘဲ မြန်မာပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် တော်လှန်ရေး သမားများသာ ဖြစ်သည်ဆိုသည့် အထောက်အထားများကို တင်ပြ ထွက်ဆိုခဲ့ကြသည်ဟု သိရသည်။

“တရားရုံးမှာရင်ဆိုင်နေရတဲ့ ပုဂ္ဂိုလ်တွေဟာ အိန္ဒိယကို မျှော်ကိုးတကြီးနဲ့ လာကြတဲ့လူတွေဖြစ်ပြီးတော့ အိန္ဒိယရဲ့ အကျိုးစီးပွား ပျက်ရာ ပျက်စီးကြောင်းကို မလုပ်ဘူးဆိုတာ သက်သေပြဖို့ ရောက်လာတာပါ” ဟု ဒေါက်တာ တင့်ဆွေက ဆိုသည်။

ဆက်လက်၍ အိန္ဒိယအစိုးရက မြန်မာသူပုန်များဟု စွဲချက်တင်ခံနေရသော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ဝင်တို့သည် အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့၏ ဖိတ်ခေါ်မှုကြောင့် လာရောက်ခြင်း ဖြစ်ကြောင်းနှင့် စွဲချက်တင်ထားသကဲ့သို့ အိန္ဒိယခွဲထွက်သူပုန်များကို လက်နက်များ ထောက်ပံ့ပေးမည့် လက်နက်ကိုင်သူပုန်များမဟုတ်ကြောင်း အထောက်အထားများ တင်ပြထွက်ဆိုခဲ့ကြောင်း သူက ဆက်ပြောသည်။

“အိန္ဒိယကလည်း ဒီမိုကရေစီနိုင်ငံ၊ West Bangal ကလည်း ဒီမိုကရေစီ အစိုးရဖြစ်နေတော့ သူတို့ရဲ့ လူထုအပေါ် စာနာတဲ့ အမြင်ဟာ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ အများကြီးဖုံးလွှမ်းနိုင်တယ်။ ဒါ အိန္ဒိယနိုင်ငံရဲ့ ချစ်စရာ၊ လေးစားစရာကောင်းတဲ့ နိုင်ငံရေးနဲ့ တရားစီရင်ရေး စနစ်ဖြစ်ပါတယ်။ ဒီ အကြောင်းကြောင်း တွေကြောင့် လွတ်လာနိုင်စရာ အကြောင်းအများကြီး ရှိတယ်လို့ မြင်ပါတယ်” ဟု ဒေါက်တာတင့်ဆွေက ဆိုသည်။

သူတို့ ပြန်လည်လွတ်မြောက်လာပါက မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ခြင်း မပြုပါရန် လွတ်မြောက်ရေးအတွက် နှစ်ရှည်လများ ကြိုးပမ်းလာခဲ့သည့် သွေးစည်းညီညွတ်ရေးကော်မတီက နယူးဒေလီရှိ UNCHCR သို့ ပန်ကြား ခဲ့သည်။

ထိုကြိုးပမ်းမှု ရလဒ်အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရန် လက်ခံစဉ်းစားနေသည် ဟု ဒေါက်တာတင့်ဆွေက ဆိုသည်။

“Solidarity Committee က တရားရုံးဆုံးဖြတ်ချက် မကျခင်ကတည်းက ကြိုးစားပြီးပြောထားတာပါ” ဟု သူက ဆက်လက် ပြောပြသည်။

အိန္ဒိယရေပိုင်နက်အတွင်းရှိ လန်းဖောလ်ကျွန်းသို့ ရောက်လာသော ရခိုင်နှင့် ကရင်တိုင်းရင်းသားများ ပါဝင်သည့် အဆိုပါ ၃၄ ဦးကို ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယရေတပ်က ဖမ်းဆီးခဲ့သည်။

ထို့နောက် ထိုသူတို့ကို လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် အက်ဒမန်ကျွန်းစု ပေါ့ပ်ဘလဲမြို့တွင် ၈ နှစ်ကျော်ကြာ အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။

မြန်မာ သူပုန်များဟု အစွပ်စွဲ ခံခဲ့ရသူများသည် အိန္ဒိယထောက်လှမ်းရေးအဖွဲ့နှင့် သဘောတူညီချက်အရ လာရောက်ခဲ့ခြင်းဖြစ်သော်လည်း လက်တွေ့တွင်မူ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့နှင့် မြန်မာစစ်အစိုးရတို့ ပူးပေါင်းအကွက်ချ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ထွက်ဆိုခဲ့ကြသည်။

ထိုအတောအတွင်း သူတို့အဖွဲ့မှ ခေါင်းဆောင် ၆ ဦးတို့မှာ သေဒဏ်ပေးကွပ်မျက်ခံရပြီး ကျန်သူများမှာ ကလကတ္တားအကျဉ်းထောင်သို့ ပို့ဆောင်၍ လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်မှု၊ နိုင်ငံပိုင်နက်အတွင်း တရားမ၀င် ခိုးဝင်မှုတို့ဖြင့် အိန္ဒိယအစိုးရမှ တရားစွဲဆိုထားသည်။ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိမှုဖြင့် တရားစွဲဆိုခံထားရသော ရခိုင်နှင့် ကရင် လူမျိုး (၃၄) ဦး လွတ်မြောက်ရေး အတွက် တရားခံပြသက်သေ ၄ ဦးတို့က တရားရုံးတွင် ထွက်ဆိုခဲ့ ကြောင်းသိရှိရသည်။

အိန္ဒိယနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်၏ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးခဲ့သည်။

သို့သော် ၁၉၉၀ နောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံများကို တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုမှ ကာကွယ်ရန် အရှေ့မျှော် မူဝါဒကို စတင်ကျင့်သုံးခဲ့သည်။ ထိုမူဝါဒအရ အိန္ဒိယနိုင်ငံသည် မြန်မာ စစ်အစိုးရနှင့် ၁၉၉၃ ခုနှစ်မှ စတင်၍ ရင်းနှီးစွာ ဆက်ဆံခဲ့သည်။ စစ်အစိုးရကို နည်းပညာ အကူအညီများ ပေးခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများကို လည်း ဆောက်ရွက်ခဲ့သည်။

ဤသတင်းအား ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ပါဝင်ရေးသားသည်။

Comments (2)Add Comment
0
ချီးကျူးပါတယ်။
written by Chotuu Mar, November 16, 2009
ပြည်တွင်းက နိုင်ငံရေး အကျဉ်းသား တွေနဲ့ တန်းတူ နိုင်ငံနဲ့ လူမျိုးအတွက် ပေးဆပ်နေ ရသူတွေပါ။
ချီးကျူးပါတယ်။ မတရား လှဲ့ဖျားခေါ်ပြီး အသတ် ခံလိုက်ရတဲ့ ခေါင်းဆောင် ၆ဦးကို လေးစား ဂုဏ်ယူပါတယ်။ ကောင်းရာ သုဂတိ လားမဲ့သူတွေပါ။
0
name
written by kyaw kayw, November 13, 2009
သေသွားတဲ့ ခေါင်းဆောင် ၆ နဲ့ အခု လက်ရှိ အဖမ်း ခံထားရတယ်..လူတွေ စရင်း နာမည်ကို သိချင်ပါတယ်..
သူ တို့ ရဲ့ မိသားစုဝင်တွေ အတွက်ပါ...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်