ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ များပြားလာ

E-mail Print
အမျိုးသမီးတဦး နေအိမ် အိပ်ခန်း ထုတ်တန်းတွင် ကြိုးဆွဲချ သတ်သေသည်ကို ပထမဆုံး မြင်တွေ့ခဲ့သူမှာ အသက် ၉ နှစ်အရွယ် သူ၏ သားဖြစ်သည်။

သေဆုံးသူမှာ အသက် ၃၀ အရွယ်ဖြစ်ပြီး သားဖြစ်သူက နေ့လယ် ထမင်းစားရန် ကျောင်းမှ ပြန်လာချိန်၌ အဆိုပါမြင်ကွင်းကို မြင်လိုက်ရခြင်းဖြစ်သည်။

“နှစ်လုံးထီ ကြွေးပူနေလို့လို့ ပြောတာပဲ၊ ပေးစရာတွေက များတော့ နောက်ဆုံး မတတ်နိုင်တော့ဘူး ဆိုပြီး လုပ်သွားတာထင်ပါရဲ့၊ ကလေး ၂ယောက်ကျန်ရစ်ခဲ့တယ်” ဟု သေဆုံးသူနှင့် ဆွေမျိုးနီးစပ် တော်သူတဦးက ပြောသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၃၃ ရပ်ကွက်အတွင်း ဒီဇင်ဘာလဆန်းက အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ထိုလ အတွင်းမှာပင် ဒဂုံမြို့သစ် တောင်ပိုင်း ၁၀၆ ရပ်ကွက်တွင်လည်း အလားတူ အသက် ၃၆ နှစ်အရွယ်အမျိုးသမီးတဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေကြောင်း ကြံစည်ခဲ့သေးကြောင်း ကြားသိရသည်။

၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းတွင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ ၂၀ ထက်မနည်း ရှိကြောင်း ရန်ကုန်တိုင်း၊ သေမှုသေခင်းနှင့် မှုခင်းဖြစ်စဉ်တချို့၏ စာရင်းဇယားများအရ သိရသည်။

ပြီးခဲ့သော နိုဝင်ဘာလ အတွင်းက သာကေတမြို့နယ် လေးတောင်ရပ်ကွက်ရှိ မြကန်သာ သောက်ရေကန်အတွင်းသို့ အသက် ၁၄ နှစ်အရွယ်၊ အလယ်တန်း ကျောင်းသူတဦး ခုန်ချကာ သေကြောင်း ကြံစည်ခဲ့ကြောင်း ကြားသိရသည်။

၂၀၀၉ အောက်တိုဘာကလည်း ဗဟန်းမြို့နယ်၊ မြလမ်းတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့ပြီး ဆိပ်ကမ်းမြို့နယ်အတွင်း အသက် ၄၅ နှစ်အရွယ် အမျိုးသား ရေထဲ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေ ခဲ့ကြောင်း မှုခင်းဖြစ်စဉ်အရ သိရသည်။

“စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဆိုတာ လူတိုင်း ဘ၀တသက်တာမှာ တခါလောက်တော့ ကြုံတယ်၊ ကိုယ့်ကိုယ်ကိုယ် မသိကြ လို့သာ။ အဲဒီလို တသက်မှာ တခါလောက်ကြုံတတ်တဲ့ စိတ်ဓာတ် အပြောင်းအလဲကို မကျော်လွှားနိုင်ရင် ထွက်ပေါက် ရှာကြတာပေါ့။ စိတ်ဓာတ် မခိုင်မာတဲ့သူတွေ လုပ်လေ့ရှိကြတာပါ” ဟု ရန်ကုန်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ မျိုးအောင်က ရှင်းပြသည်။

ပဋိပက္ခကိုဖြစ်စေသောစိတ်၊ အပြောင်းအလဲ လက်မခံလိုသည့်စိတ်၊ ဖိအားပေးခံနေရသောစိတ်၊ လိုအင်ဆန္ဒ မပြည့်သောစိတ်နှင့် ငြီးငွေ့သော စိတ်တို့က သေကြောင်းကြံစည်ရန် တွန်းအားပေးသော အကြောင်းရင်းများ ဖြစ်ကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။

သေကြောင်း ကြံစည်ကြသူများ၏ အဖြစ်အပျက်များကို မေးမြန်းစုံစမ်းကြည့်ရာတွင် ကြွေးပူများသောကြောင့် လည်းကောင်း၊ သမီးရည်းစားဘ၀ လွန်ကျူးမိ၍ ကိုယ်ဝန်ရှိသည့်အခါ အမျိုးသားဘက်က တာဝန်မယူနိုင်ဟု ငြင်းပယ် ခံရသောကြောင့် လည်းကောင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုကြောင့် လည်းကောင်း အများဆုံး ဖြစ်ပွားသည်ကို တွေ့ရသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် အသက် ၂၇ နှစ်အရွယ် ဆိုက်ကားသမားတဦးသည် အရက်အလွန်အကျွံသောက်ပြီး သူ့ လည်ပင်းကို သူကိုယ်တိုင် ဓားဖြင့်လှီးခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်ရပ်အား ရန်ကင်းရဲစခန်းမှ (ပ) ၁၆၅/၀၉ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း ကြားသိရသည်။

ထို့ပြင် စက်တင်ဘာလ အတွင်းမှာပင် ရွှေပေါက္ကံ၊ ဗိုလ်တေဇလမ်းအနီးတွင် ချစ်သူနှင့် စကားများရာမှ အမျိုးသမီးတဦး ကားပေါ်မှ ခုန်ချခဲ့သောကြောင့် ရွှေပေါက္ကံရဲစခန်းမှ (ပ)၁၈၂/ ၀၉၊ ပြစ်မှုဆိုင်ရာ ၃၀၉ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၀၉ ဇူလိုင်လတွင်လည်း ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေး ကျေးရွာနေ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦး နေအိမ်၌ တဦးတည်းရှိနေစဉ် ပိုလို တံဆိပ် ဂျပိုးသတ်ဆေး သောက်၍ သတ်သေခဲ့သော ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး မြောက်ဥက္ကလာပ မြို့နယ်တွင် ဇွန်လပိုင်းက အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦး ကြွေချေးချွတ်ဆေး သောက်၍ သေကြောင်းကြံစည်ခဲ့သည်။

၂၀၀၉ မေလအတွင်းက မြောက်ဥက္ကလာပမြို့နယ် ငမိုးရိပ်ချောင်းအတွင်းသို့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦး ခုန်ချသတ်သေခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း တွင်လည်း ကွမ်းခြံကုန်းမြို့နယ်၊ တောကျောင်းကျေးရွာနေ အသက်
၂၀ ၀န်းကျင်အရွယ် အမျိုးသမီးသည် ပါရာစီတမော အကိုက်အခဲပျောက်ဆေး အပြား ၄၀ ခန့် သောက်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။

“ဆရာ့အမြင်ပြောရရင်တော့ ရုပ်မြင်သံကြားကလာတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုကလည်း တစိတ်တပိုင်းပါတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ ဗုဒ္ဓဘာသာမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ် ဆိုတာ အင်မတန် ခက်ခဲရှားပါးတဲ့ ကိစ္စပဲ။ အရင်ကလည်း ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ” ဟု ဒေါက်တာမျိုးအောင်က သုံးသပ်သည်။

ပြည်တွင်းတွင် ထုတ်လွှင့်ပြသလျက် ရှိသော မြ၀တီနှင့် မြန်မာ့ရုပ်မြင်သံကြား၊ MOVIE 5 တို့တွင် ကိုရီးယား ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများကို အများဆုံး ထုတ်လွှင့်ပြသလျက်ရှိပြီး ထိုဇာတ်ကားများတွင် နည်းမျိုးစုံဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ကြပုံများ ပြသသည်ကို တွေ့ရသည်။

အဆိုပါ ဇာတ်လမ်းတွဲများတွင် ပါဝင်ကြသော တချို့ အနုပညာရှင်များသည် ပြင်ပတွင်ပါ သေကြောင်းကြံစည်ကြသည်ကို အနုပညာ သတင်းများထဲ၌ မြင်တွေ့ကြရသောအခါ စိတ်ဓာတ်မခိုင်မာသူ၊ စိတ်ပျော့ညံ့သူများက ထိုသူတို့ကဲ့သို့ သေကြောင်း ကြံစည်လာကြခြင်း ဖြစ်နိုင်ကြာင်း ဆရာဝန်က ပြောသည်။

“စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိတယ်။ ကိုယ့်အသက်ကို ရန်ရှာတဲ့ အခြေအနေမျိုးအထိ စိတ်ဖိစီးမှုမဖြစ်အောင် သတိထားပြီး နေထိုင်ရတယ်။ နောက်တခုက ဖြစ်လာပြီဆိုရင်လည်း အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပြီး စိတ်သက်သာမှု ရအောင် ဖန်တီး နေရမယ်။ တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေကတော့ အကောင်းဆုံးပဲ။ ပတ်ဝန်းကျင်မှာလည်း စိတ်ကျတဲ့ သူတွေကို တွေ့ရင်၊ မိသားစုဝင်တွေကို ဆရာဝန်နဲ့ တွေ့ဖို့အတွက် အကြံပေးသင့်တယ်” ဟု ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သူများကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ အရ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိကြောင်း၊ ပြစ်မှုထင်ရှားပါက ၁ နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်မျိုးစလုံး ဖြစ်စေ ပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်း၊ အမှုကျေအေးခွင့် မရှိကြောင်း သိရသည်။
Comments (5)Add Comment
0
ကိုယ့်ကိုယ်ကို သေကြောင်းကြံမဲ့ အစား အသေခံ ဗုန်းခွဲပါလား...
written by hugebear, January 22, 2010
ကိုယ့်ကိုကိုယ် သေကြောင်းကြံမယ့်အစား
မြန်မာ တစ်မျိုးသားလုံးအတွက် အသေခံဗုန်းခွဲပါလား.......
0
အကောင်းဆုံး နည်းလမ်းတွေ စဉ်းစား သင့်ပါတယ်...
written by ပြည်ချစ်သူ, January 22, 2010
ကိုယ့်ကိုကိုယ် သေကြောင်းကြံတာ စိတ်ဓါတ် မခိုင်တဲ့သူတွေ လုပ်ရပ်ဆိုတာကိုတော့ အပြည့်အ၀ ထောက်ခံပါတယ်.. သို့ သော် နိုင်ငံခြား ဇာတ်လမ်းတွေ ကြည့်တိုင်း လိုက်တုပြီး လုပ်တယ် ဆိုတာကတော့ အဓိပ္ပါယ် မရှိပါဘူး...လူဆိုတာ မွေးလာ ကတည်းကိုက ဦးနှောက် ပါလာပြီး သားပါ... ထွက်ပေါက် ရှာကြတဲ့ လူ အချင်းချင်း ကိုယ့်ကိုကိုယ် သေကြောင်း ကြံတဲ့ သူတွေကတော့ သူ့ မှာ ဒီလို ဖြစ်ဖို့ ကံပါလာလို့ သို့ မဟုတ် စိတ်ဓါတ် မခိုင်လို့ လို့ ဆိုချင်ပါတယ်.. .အဲ့တော့ အကောင်းဆုံးကတော့ တရားထိုင် မိမိစိတ်ကို ပြန်စမ်းစစ်ပြီး အခက်ခဲတွေကို ဘယ်လို ဖြေရှင်းတာဟာ အကောင်းဆုံးလဲ ဆိုတာ စဉ်းစားသင့်ပါတယ်...ကိုယ် တစ်ယောက် လွတ်မြောက်ပြီး ကျန်ရစ်သူ တွေမှာ အတိ ဒုက္ခရောက်နေရရင် ပြန်တွေးသင့်ပါတယ်... ကျန်ရစ်ခဲ့သော လူမမယ် ကလေးများ အတွက် အနာဂတ်ဟာ လှပ နိုင်ပါဦးမလား... မိခင်တွေ ဆိုရင် သေသေ ချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ကြပါလို့ တိုက်တွန်း ချင်ပါတယ်...
0
...
written by ဇင်သန့်, January 21, 2010
ကိုကျော် ပြောတာ သဘော တူတယ်ဗျ။ အဲ.. ဒါပေမယ့် ဒေ၀ါလီခံဘို့ အတွက် လာဘ် ပေးရဦးမှာ။
0
Military Regime's one of the Road Map for Burma!
written by a former 88 student, January 21, 2010
That's way military regime want it anyway
0
ဥပဒေကို ပြင်ရင် ကောင်းမယ်
written by kokyaw, January 21, 2010
ထောင်ချမယ့်အ စား စိတ်ကျန်းမာမှု ကုသရေး တစ်ခုခု လုပ်ပေးတာက ပိုပြီး သင့်လျော်မယ် ထင်တယ်
အကြွေး မပေးနိုင်ရင်လည်း မပေးနိုင်လို့ ပုဂ္ဂိုလ် တစ်ယောက်ခြင်းနဲ့ဆိုင်တဲ့ ဒေ၀ါလီခံတဲ့ (Bankrupt) ဥပဒေ တစ်ရပ်ရပ် ရှိသင့်တယ်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်