ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း

E-mail Print
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် စစ်တပ်က ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်း ဆောင်ရွက်နေရာ တခြားသော တောဆင် ရိုင်းများကိုပါ ဖမ်းဆီးပြီး ဆင်စွယ်များဖြတ်၍ ပြည်ပသို့ တရားမ၀င် ရောင်းချမှုပြုလုပ် နေကြောင်း ရခိုင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့ အခွင့်အရေးအဖွဲ့များက ပြောသည်။

ဆင်ဖြူတော်ရှာဖွေရေးကို ခမရ (၃၅၄)မှ ဗိုလ်ကြီး အောင်သူဟိန်းနှင့် ခလရ (၂၆၃)မှ ဗိုလ်ကြီး ဟိန်းခန့်နှင့် ဘူးသီးတောင် ၅ မိုင် ဆင်ထိန်းစခန်းမှ ဦးဖေသန်းတို့က ဦးဆောင်ကာ ယခုနှစ် ဇန်န၀ါရီလမှ စတင်ပြုလုပ် နေခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် ရခိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ မှ ကိုခိုင်ထွန်းလင်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ လေ့လာတွေ့ ရှိသလောက် ဒီနှစ်ဆန်းကစတင်ဖမ်းဆီးရာမှာ တောဆင်ရိုင်းကောင်ရေ ၁၀ကောင် ကျော် လောက်ရှိပြီလို့သိရတယ်၊ ဒီဆယ်စုနှစ် တခုလုံး အနည်းဆုံး ဆင်အကောင် ၅၀၀ ၀န်းကျင်လောက် ရှိတယ်လို့ ခန့်မှန်းပြောဆိုနိုင်ပါတယ်၊ ဖမ်းမိတဲ့ ဆင်တွေထဲက အချို့ဆင်တွေကို အစွယ်ဖြတ်ပြီး စီးပွားရေး သမားတွေနဲ့ ပေါင်းပြီး တရုတ်ပြည်ကို ပို့နေကြတယ်”ဟု ကိုခိုင်ထွန်းလင်းက ပြောပြသည်။ 

ယင်း ဆင်စွယ် တကီလို (၆၀ ကျပ်သားခန့်)ကို ကျပ် ၁၅ သိန်း ၀န်းကျင် ပေါက်ဈေးရှိကြောင်း ရခိုင်ပြည်နယ် နယ်စပ်မှ ကုန်သည် တဦးဖြစ်သူ ဦးဆန်နီက ဆိုသည်။

“ဆင်စွယ်ဈေးကတော့ အရမ်းကောင်းတယ်၊ ဆင်အသက်ပိုကြီးရင် ဈေးပိုကြီးတယ်”ဟု သူကပြောသည်။

ယခု ဆင်ဖြူတော်ရှာဖွေရေး စီမံကိန်း ပြုလုပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး၂၀၀၁ ခုနှစ်က စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်းမှ ယခုအချိန်ထိ ဆင်ဖြူတော် ဖမ်းမိသည်ဟု မကြားရသေးပါ။

ထိုင်းနိုင်ငံ အခြေစိုက် ရခိုင် မြစ်ချောင်း အင်းအိုင်များ ကွန်ရက် (Arakan River Network _ARN) မှ ဒါရိုက်တာ ကိုအောင်မင်းဦးကလည်း“နအဖက ကျနော်တို့ ပြည်နယ်မှာ ဆင်ဖမ်းတဲ့အလုပ်ကို လုပ်နေတာ တော့ ကြာနေပါပြီ၊ အခုမှ မဟုတ်ပါဘူး၊ အထူးသဖြင့် ဘူးသီးတောင် မောင်တော ရသေ့တောင်နယ်တွေပေါ့၊ အခု ပိုဆိုးတာက နအဖက ဆင်ဖြူတော် ရှာဖွေရေးဆိုပြီး စစ်တပ်ကို ဆင်ဖမ်းခိုင်းတယ်၊ ဆင်ဖြူတော် တွေ့ မတွေ့ တော့ ကျနော်တို့ မသိရဘူး၊ တွေ့ တဲ့ ဆင်တွေကို ဖမ်းတယ်၊ သတ်ဖြတ်တယ်၊ အစွယ်ကို ရောင်းစား တဲ့ အလုပ်ကို လုပ်နေတာတော့ သေချာတယ်”ဟု ပြောသည်။

၂၀၀၄ခုနှစ်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ မယူတောင်တန်းမှ ဆင်ဖြူတော်ဟု ဆိုသော ဆင် တကောင် ကို စစ်အစိုးရက ဖမ်းဆီးရရှိခဲ့ဖူးသည်။

ထိုစဉ်က နအဖ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မင်းဓမ္မ ကုန်းမြေ တွင် ဥယျာဉ်တခု ပြုလုပ်ကာ အဆိုပါ ဆင်ဖြူကို ထားရှိခဲ့သည်။

ရှေးမြန်မာမင်းများက ဆင်ဖြူတော်ပိုင်ဆိုင်ခွင့်ရရှိလျှင် ဘုန်းတန်ခိုး အလွန်ကြီးမားသည်ဟု အယူရှိကြသည်။ အလားတူ နအဖ စစ်ခေါင်းဆောင်များကလည်း လက်ခံယုံကြည်သူများ ဖြစ်ကြသည့်အတွက် ဆင်ဖြူ တော် ရှာဖွေရေး စီမံကိန်းပြုလုပ်နေခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။ ထိုသို့ ဆင်ရှာဖွေရင်း နအဖ စစ်တပ်မှ တပ်ကြပ်ကြီးတဦးနှင့် တပ်သားတဦး ဆင်နင်းသေဆုံးပြီး လမ်းပြ ဒိုင်းနက် လူမျိုး အမျိုးသားတဦးလည်း မိုင်းနင်းကာ ယခုသတင်းပတ်အတွင်း သေဆုံးမှုဖြစ်ခဲ့ကြောင်း မောင်တော မြို့နယ်မှ NGO တခုတွင် အလုပ်လုပ်နေသူ ကိုခင်မောင်ကြည်က ပြောသည်။

“ပြီးခဲ့တဲ့ အပတ်အတွင်းက တပ်ကြပ်ကြီးတယောက်နဲ့ တပ်သားတယောက် ဆင်နင်းသေတဲ့သတင်း ကျနော် တို့ ဆီမှာ ဟိုးဟိုးကျော်သွားတယ်၊ စစ်တပ်က အရပ်သားကိုနိုင်တယ်၊ ဆင်က သူတို့ကို နင်းသတ်တော့ လူ တွေ တိုးတိုး၊ တိုးတိုးနဲ့ ပြောကြတာပေါ့၊ သူတို့ ကိုလမ်းပြလုပ်တဲ့ ဒိုင်းနက် တယောက်လည်း မိုင်းနင်းသေ တယ်”ဟု ၎င်းက ပြောပြသည်။

ယခုကဲ့သို့ ဆင်များကို လိုက်လံဖမ်းဆီး သတ်ဖြတ်နေသောကြောင့် ရခိုင်ရိုးမ အတွင်းရှိ ဆင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ အုပ်စုလိုက်ထွက်ပြေးနေရာ ရခိုင်ပြည်နယ်တွင်းရှိ ဆင်များ မကြာမီ ပျောက် ကွယ်သွားနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက စိုးရိမ်ပူပန်လျှက် ရှိကြသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကွန်ရက်(Network for Environment ,Economic and Deployment –NEED)မှ ဒါရိုက်တာ ခိုင်ဓူဝံက တောရိုင်းတိရစ္ဆာန်များ ကို ဖမ်းဆီးသတ်ဖြတ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးရာရောက်ကြောင်း၊ တော တောင် ရေ မြေ သဘာဝအနေအထား ပျက်စီးလာပါက ရာသီဥတုဖောက်ပြန်ကာ ကပ်ဘေးအန္တရာယ် များကျရောက်နိုင် ကြောင်း ပြောသည်။

“အထူးသဖြင့် ကျနော်တို့ ရသေ့တောင် မယူကမ်းဘက်မှာ ဆင်တွေ ကျက်စားတတ်တယ်၊ ဆင်တွေဟာ အပူဒဏ်ကိုကြောက်တော့ တောအုပ်ထူထပ်ပြီး ပင်လယ်လေရှူရှိုက်လို့ရတဲ့ နေရာကို လာကြတယ်၊ အခုလို ဆင်တွေကိုဖမ်းဆီးသတ်ဖြတ်ပြီး ကိုယ်ကျိုးအတွက် အစွယ်ကိုရောင်းစားကာ စီးပွားဖြစ်လုပ်လာတော့ မကြာ ခင် ရခိုင်မှာ ဆင်တွေမျိုတုံးသွားမယ့် အန္တရာယ်ရှိနေတယ်၊ တောတောင်တွေကိုလည်း စစ်တပ်အတွက် ခုတ် ရ ဖြတ်ရ လွန်းလို့အားလုံး တောင်ကတုံးဖြစ်နေပြီ၊ နှစ်စဉ် ကမ္ဘာတ၀န်းမှာ သဘာဝ ကပ်ဘေးတွေ သင့်နေ တာတွေ ဟာ သဘာဝပတ်ဝန်းကျင်ကို ဂရုတစိုက် မထိန်းသိမ်းလို့၊ အလားတူ မြန်မာပြည်မှာလည်း သဘာဝ ပတ်ဝန်းကျင်ကို ဂရုမစိုက်လို့ နာဂစ် ဆိုင်းကလုန်းအပါအ၀င် ကပ်ဘေးတွေ နှစ်စဉ် ခံစားနေရတာ အားလုံး အသိပါ”ဟု ခိုင်ဓူဝံက ဆိုသည်။
Comments (6)Add Comment
0
Prof. Than Tun ကို သတိရမိပါတယ်
written by TSM, March 07, 2010
ပါမောက္ခ သန်းထွန်း ပြောခဲ့တဲ့ စကား ရှိတယ်။ "ဆင်ဖြူ ဆင်မဲ ဘာကွာလဲ။ မယုံရင် အနင်းသာ ခံကြည့်လိုက်"။ စစ်ဗိုလ်တွေများ ဆင်ဖြူပိုင်ရင် တန်ခိုးကြီးတယ် လို့ ယုံတုန်းပဲလား။ ကျွတ်ကျွတ်...

TSM
0
မြန်မာပြည် ဗေဒင်ရူး
written by mg myo, March 07, 2010
မြန်မာပြည် မတိုးတက်တာ ဗိုလ်သန်းရွေ အခါတော်ပေး ဗေဒင် ဘိုးတော် လုပ်စား သူတွေမှာ လဲတာ ၀န်ရှိတယ် ဗေဒင်ပြော ရင် စဉ်းစား ဆင်ခြင်ဥာဏ် တုံးပြီး လိုက်လုပ်တာပဲ
0
ဆင်ဖြူပိုင်တဲ့ ဘုရင်တွေလည်း သေခဲ့တာပဲ
written by soe tint, March 07, 2010
ဆင်ဖြူပိုင်ရင် ဘုန်းတန်ခိုး ကြီးတယ်လို့  ယူဆနေတာ လို့ ဖတ်လိုက်ရတော့ ဒေါက်တာ သန်းထွန်း ပြောတာ မှတ်မိ လိုက်တယ် "ဆင်ဆိုတာ ဖြူဖြူ မဲမဲ တိရစ္ဆာန်ပဲ တိရစ္ဆာန် ကို ကိုးကွယ်ရင် တိရစ္ဆာန်ထက် နိမ့် လို့ ပဲ" တဲ့ ကိုယ့် အကြောင်းကိုယ် မသိတဲ့ လူတွေ ခိုင်းတာ လိုက်လုပ်နေရတဲ့ လည်း ကိုယ့် အကြောင်းကိုယ် မသိကြ လို့ ပေါ့
0
ဒို့ နိုင်ငံ
written by ကိုကိုခိုင်, March 06, 2010
နောက်ဆို လူဒုက္ဖသည်သာ မကဘဲ ဆင်ဒုက္ဖသည် ပါ တိုးလာမယ် ထင်တယ်
0
!!!!
written by ဘိုပြောင်, March 06, 2010
ဟူး... ဒီလိုလူမျိုးတွေ တိုင်းပြည်ကို အုပ်ချုပ်နေတယ် ဆိုတာ....
သူများ နိုင်ငံတွေ လကို သွားဖို့ လုပ်နေတဲ့ အချိန်မှာ သူတို့က ဆင်ဖြူ ရှာနေတယ်တဲ့...
ကိုဇာကနာ ပြောတဲ့ ခေါင်းမရှိတဲ့သူ တိုင်းပြည်ကို အုပ်ချုပ် နေပါလား.....
0
ဆင်လည်း မနေရ
written by မျိုးလွင်, March 06, 2010
ဆင်ဖြူရှင် ဖြစ်ချင်တာနဲ့ ၊ရခိုင်ပြည်မှာ လူပါ မက ဆင်လည်း ဒုက္ဓသည် အဖြစ် နိုင်ငံခြားကို ထွက်ပြေးရတာပဲ့နော်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်