စစ်အစိုးရက မကြာမီ ရက်များတွင် ဆက်လက်ထုတ်ပြန်မည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဧရာဝတီက လက်ခံရရှိထားပြီး အသေးစိတ်ကို ဤနေရာတွင် ကလစ်လုပ်၍ ဖတ်ရှု လေ့လာနိုင်သည်။
ယင်းဥပဒေအရ တရားဝင်မှတ်ပုံတင်၍ ရပ်တည်လျက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအ၀င် အခြားသော နိုင်ငံရေး ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ လျှောက်ထားရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟု သုံးသပ်သူများကဆိုသည်။
NLD သည် ယခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိသေး သကဲ့သို့ ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ မူများအတိုင်း ရပ်တည်လျက် ရှိသည်။
ထို ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရက လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုနိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ နိုင်ငံရေးပါတီဟူသော ဖွင့်ဆိုချက်တွင် စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေး ၀ါဒသဘောတရား တရပ်အပေါ်တွင် အခြေခံပြီး မိမိတို့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်က ဤဥပဒေအရ တည်ထောင်ခွင့်ပြုထားသော အဖွဲ့အစည်း အဖြစ် ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ထားသည်။
ပါတီတည်ထောင်သူများနှင့် ပါတီဝင်များသည် ထောင်ဒဏ် ကျခံနေသူမဟုတ်ခြင်း ဟူသော အချက်ကိုလည်း ယင်းဥပဒေတွင် ထည့်သွင်းထားသည်။
ထောင်ဒဏ်ကျခံနေရသူနှင့်ပတ်သက်၍ တရားရုံးတခုမှ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေသူကို ဆိုလိုပြီး ထောင်ဒဏ် စီရင် ချက်ကို မကျေနပ်၍ အယူခံမှု (သို့) ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲဖြစ်သူလည်း ပါဝင်ကြောင်း ဆိုသည်။
စစ်အစိုးရက ယမန်နေ့ ညနေ ၄ နာရီ မြန်မာ့ ရုပ်မြင်သံကြား သတင်းတွင်စတင်၍ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထုတ်ပြန်ကြောင်း ထုတ်လွှင့်ခဲ့သည်။
ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ဥက္ကဋ္ဌ အပါအ၀င် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးပါရှိမည့် ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းနိုင်မည့် ဥပဒေကို စတင်ထည့်သွင်း ဖော်ပြလိုက်သည်။
ရွေးကောက်ပွဲ ကော်မရှင်တွင် စစ်အစိုးရ သဘောကျသည့်ပုဂ္ဂိုလ်များကို ရွေးချယ်သွားမည်ဖြစ်သည့် အတွက် စိတ်ချယုံကြည်၍ မဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးအေးသာအောင်က ဆိုသည်။
“၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်တုန်းကလည်း စစ်အစိုးရ ခိုင်းတာလုပ်တယ်၊ အခုလည်း ဒီလိုပဲလုပ်မှာပဲ"ဟု ဦးအေးသာအောင်က ဆိုသည်။
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ထုတ်ပြန်သည့် ဥပဒေတွင် အခန်း (၄) ခန်းပါရှိပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၃နှင့် အညီ ပြဌာန်းလိုက်ကြောင်း ပါရှိသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ပုဒ်မ ၄၄၃က ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ရေး၊ မ၀င်ရေးမှာ ယခုထုတ်ပြန်သည့် ဥပဒေများနှင့် ဆက်စပ်ခြင်းမရှိကြောင်း၊ ဥပဒေကြောင့် မူလတောင်းဆိုချက်များ ပြောင်းလဲမည် မဟုတ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။
“ကျနော်တို့တောင်းဆိုချက်က နိုင်ငံရေးတောင်းဆိုချက်တွေ တောင်းဆိုထားတာ၊ ရွှေဂုံတိုင်မှာရှိတဲ့ တောင်းဆိုချက်တွေပေါ်မှာ မူတည်ပြီးတော့ ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်တယ်”ဟု ဦးဝင်းတင်က ဆိုသည်။
တချိန်တည်းတွင်ပင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ လွန်ခဲ့သည့် ၁၀ရက်က စာတစောင်ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ စာတွင် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲသည် အားလုံး ပါဝင်နိုင်ပြီး ထင်သာမြင်သာရှိမည့် ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲဖြစ်ရန် လိုကြောင်း၊ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နှောင့်နှေးနေသည့်အတွက် စိုးရိမ်ပူပန်ကြောင်း၊ ဖမ်း ဆီးထားသည့် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် လိုကြောင်း၊ စစ်အစိုးရ ပြဌာန်းလိုက်သည့် ရွေးကောက်ပွဲနှင့် ပတ် သက်သော ဥပဒေကိုလည်း သတိထားမိကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
“မြန်မာအစိုးရ တာဝန်ရှိသူတွေကို တတ်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်ဖို့ ကျနော်တိုက်တွန်းနေတာကြာပြီ၊ ဒီကိစ္စကို ကျနော်လည်း စောင့်ကြည့်နေမှာပါ”ဟုလည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုသည်။
ရွေးကောက်ပွဲများကို အောက်တိုဘာလတွင် ကျင်းပပေးမည်ဟု မျှော်မှန်းထားသဖြင့် နိုင်ငံရေးပါတီများက စည်းရုံးခွင့် ၅ လခန့်သာ အချိန်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများကျင်းပချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြည်တွင်း ပြည်ပအဖျက်သမားများ အန္တရာယ်ကို ကာကွယ်နိုင်ရန် မြို့ခံများ ပါဝင်သည့် ရွေးကောက်ပွဲ လုံခြုံမှုအဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များကို မိုင်းရှင်း သင်တန်း၊ အဓိကရုဏ်း နှိမ်နှင်းရေး သင်တန်းများ ပေးသွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက နေပြည်တော် လယ်ဝေးမြို့တွင် မြို့မိမြို့ဖများကို ပြောဆိုကြောင်း အတည် မပြုနိုင်သေးသော သတင်းများအရ သိရသည်။
Set as favorite
Bookmark
Email this
Hits: 4495
Comments (5)

written by richard htun, March 10, 2010
NLD ဘာလုပ်မလဲ? ရက်ပေါင်း၆၀ အတွင်း ကော်မရှင်သို့ မှတ်ပုံတင် လျှောက်ထားရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်... မှတ်ပုံတင် ရင် လဲ ၂၀၀၈ အခြေခံ ဥပဒေ ကို လက်ခံ ပါ သည် ဆို ပြီး လက် မှတ် ထိုး ရ ဦး မယ်...... သွား............. .ပြီ.....
written by Tayza Aung, March 10, 2010
လာတော့မယ်ဟေ့... နောက်ထပ် ကြံဖွတ် တစ်ဖွဲ့ ၊ နာမည် ပေးတာကတော့ ယဉ်တယ်ကွယ်... .ဘာတဲ့ .. .ရွေးကောက်ပွဲ လုံခြုံမှုအဖွဲ့ ဆိုဘဲ။ အဲဒါဘာမှမဟုတ်ဘူးဟေ့... ရွေးကောက်ပွဲအချိန်မှာ.. သူတို့ ကိုယ်စားလှယ်ကို မဲအတင်းထဲ့ခိုင်းမယ်။
အတိုက်အခံ အဖွဲ့အစည်းတွေကို ရန်စချိန်ခြောက်မယ်၊ အနိုင်ရသွားမဲ့ အတိုက်အခံ အဖွဲ့အစည်းက ကိုယ်စားလှယ်နဲ့ ထောက်ခံသူတွေကို ရိုက်သတ်မယ်၊ မတရားမှုတွေ အကုန်လုံးလုပ်မယ့် စွမ်းအားရှင်လို ကြံဖွတ်လို အဖွဲ့မျိုးဆိုတာက
တော့ လုံးဝကြိမ်းသေပါရဲ့ဗျာ။
အတိုက်အခံ အဖွဲ့အစည်းတွေကို ရန်စချိန်ခြောက်မယ်၊ အနိုင်ရသွားမဲ့ အတိုက်အခံ အဖွဲ့အစည်းက ကိုယ်စားလှယ်နဲ့ ထောက်ခံသူတွေကို ရိုက်သတ်မယ်၊ မတရားမှုတွေ အကုန်လုံးလုပ်မယ့် စွမ်းအားရှင်လို ကြံဖွတ်လို အဖွဲ့မျိုးဆိုတာက
တော့ လုံးဝကြိမ်းသေပါရဲ့ဗျာ။
written by အမည်မဖော်လိုသူ, March 10, 2010
သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမ၀င်စေချင်တာ ထင်ရှားနေတာဘဲ။ နောက်တစ်ခုက လွန်ခဲ့တဲ့10 နှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလာဘ်ကို အတည်ပြုစေချင်တာဟာ မဖြစ်နိုင်မှန်းသိရက်နဲ့ ဆုတ်ကိုင်ထားဖို့ မသင့်ဘူးလို့ မြင်ပါတရ်။ update လုပ်သင့်ပါတရ်။ အရင်ကတည်းက အသိအမှတ်ပြုခြင်းမခံရတဲ့ ရလာဘ်ကို ဆွဲကိုင်ထားမဲ့အစား အသစ်အသစ်အတွက် ပြင်ဆင်တာ ပိုပြီးသင့်တော်တရ်လို့ ထင်ပါတရ်။
written by soe tint, March 09, 2010
နအဖ ကတော့ ဥပဒေ စထုပ်ပြီ စကတည်းက မတရားတာက အရင် ( နိုင်ငံရေးပါတီတွေ မှာ ထောင်ကျဘူးသူမပါရ တဲ့) ရွှေဂုံတိုင်ကြေငြာစာတမ်းကို ကျော်လွှားဘို့ နည်းလမ်းအဖြစ် လုပ်နိုင်တာက ဒီဇင်္ဘာ လမှာ လုပ်မယ်လေ ဘာလို့  ဆိုတော့ အဲဒိအချိန်က တကမ္ဘာ လုံး နှစ်သစ်ကူးရာသီ အားလပ်ရက်တွေယူ ရုံးတွေ ပိတ် အလုပ် မလုပ်ကြတော့ အဲဒိအချိန်မှာလုပ်ရင် လာကြည့်မယ် သူတွေ နည်းသွားတဲ့ နည်းနဲ့ လုပ်မှာပေါ့ လွယ်ပါတယ် ရွှေဂုံတိုင်
written by မျိုးလွင်, March 09, 2010
နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပေးရန် လျောက်ထားခွင့် မရှိသော အဖွဲ့စည်းထဲမှာ‘‘နိုင်ငံတော်ပိုင် အိမ်အဆောက်အအုံ၊ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသော အဖွဲ့စည်း လို့ဆိုထားပြီးတော့ ဒုတိယအပိုဒ်မှာ ချွင်းချက်အနေနဲ့ နိုင်ငံတော်က ဥပဒေအရဖြစ်စေ၊ ငွေကြေးဖြင့် ငှားရန်း၍ဖြစ်စေ(ငွေပေးလားမပေးလား ဆိုတာဘယ်သူက စစ်ဆေးနိုင်မှာလဲ) နိုင်ငံတော်ပိုင် အိမ်၊ အဆောက်အအုံ၊ ယာဉ်နဲ့ ပစ္စည်းတွေကို ပါတီထဲက ပုဂ္ဂိုလ်က တရားဝင်သုံးခွင့် ချပေးထားတယ်။ အဲ..ချွင်းချက်လေး လုပ်ပေးလိုက်တော့ ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီး ဝင်ပြိုင်ရင် အဆင်ပြေသွားတာပေါ့။ ပေါ်တင်ကြီးနော် နောက်တခုက တရားခွင်မှာ အယူခံဝင်ထားတဲ့သူ ဝင်ပြိုင်ခွင့်မရှိ အဲဒါက ဒေါ်အောင်ဆန်း စုကြည်အတွက်။ နောက်လည်းရှိလာအုံးမယ် အများကြီး.... တရားကျဖို့ကောင်းတယ်။
Write comment
| < Prev | Next > |
|---|







