ရွေးကောက်ပွဲဥပဒေ အမေရိကန်ဝေဖန်

E-mail Print
ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများဖြင့် စေ့စပ် ဆွေးနွေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက ထုတ်ပြန် ခြင်းကြောင့် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် စစ်မှန်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် သံသယ ရှိကြောင်း အမေရိကန် အစိုးရက ယနေ့ ပြောဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန ပြောရေး ဆိုခွင့်ရှိသူ P. J Crowley က သတင်း ထောက်များကို ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ် အတွင်းမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ကျနော်တို့ သံသယ ရှိပါတယ်၊ မြန်မာ အစိုးရကို ပထမ အဆင့် အနေနဲ့ နိုင်ငံရေး လောကက သက်ဆိုင်တဲ့သူ အားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေး ပွဲတွေ လုပ်ဖို့ ကျနော်တို့ တိုက်တွန်း လိုပါတယ်”ဟု Crowleyက ဆိုသည်။

၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရေးကို စစ်အစိုးရက ယနေ့ထုတ်ပြန် လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဖြင့် တားမြစ်လိုက်သည်။

အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြထားသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီ တည်ထောင် သူများနှင့် ပါတီဝင်များသည် ထောင်ဒဏ် ကျခံနေသူမဟုတ်ခြင်း ဟူသော အချက်ကို ဥပဒေတွင် ထည့်သွင်း ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလ၊ နေအိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားတဦးကြောင့် တရားစွဲ ခံရပြီး အာဏာပိုင်တို့က နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

ထို ထောင်ဒဏ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့ပြီး အဆိုပါ ပြစ်ဒဏ်သည် နိုဝင်ဘာလတွင် ပြည့်မည်ဖြစ်သည်။

ထောင်ဒဏ်ကျခံနေရသူနှင့်ပတ်သက်၍ တရားရုံးတခုမှ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေသူကို ဆိုလိုပြီး ထောင်ဒဏ် စီရင် ချက်ကို မကျေနပ်၍ အယူခံမှု (သို့) ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲဖြစ်သူလည်း ပါဝင်ကြောင်း အဆိုပါ ဥပဒတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက လက်ခံခဲ့သော်လည်း ၂၀၀၉ ခုနှစ် အောက်တိုဘာ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင်  ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ကို ဆက်လက် တင်သွင်းခဲ့သည်။

သို့သော်လည်း ဗဟိုတရားရုံးချုပ်က ထပ်မံ ငြင်းပယ်လိုက်သဖြင့် အထူးအယူခံတင်ရန် သူမ၏ ရှေ့နေများက ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထောင်ဒဏ်ကျခံနေသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ ထိမ်ချန်ထားပါက ပါတီအနေဖြင့် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်းဟူသော အချက်ကလည်း  ဒေါ်အောင်ဆန်းစုကြည်ကို သွယ်ဝိုက် ရည်ညွှန်းခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ် သည်။

ယခု ထုတ်ပြန်သည့် ဥပဒေတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် လျှောက်ထားရန် ပျက်ကွက်ပါက နိုင်ငံရေး ပါတီအဖြစ်မှ အလို အလျောက်ပြက်ပျယ်မည်ဟူသော အချက်ကလည်း ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိသေးသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အတွက် အကျဉ်းအကျပ်ဖြစ်စေကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများကို နိုင်ငံပိုင်သတင်းစာများမှ ယမန်နေ့က စတင်၍ နေ့စဉ် ထုတ်ပြန်ကြေညာလျက်ရှိရာ ယခုအခါ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းနိုင်မည့် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။
Comments (6)Add Comment
0
ဘာတွေလာပြောနေတာလဲ
written by မျိုးချစ်, March 11, 2010
နာဂစ်မုန်တိုင်း ကတည်းက“ဘဘမွန်း” ကိုတောင်မမှုလို့ “ဘိုးအေ”လေလုံးလောက် ကိုတော့ မျက်လုံးမှိတ်၊ လျှာထုတ်၊ ကရော်ကရော်လုပ်ပြပြီး “ဘရွှေ” က ပျင်းတောင်ပျင်းသေးတယ်. ...ဟေ့ လို့ အခါခါ ဆိုပြနေတာ မသိ၊ နားမလည်သေးဘူးလား။ မြန်မာနိုင်ငံအရေးကို တကယ် အလေးထားတယ်ဆိုရင် “ဘရုတ်” နဲ့သင့်အောင် အရင်ပေါင်း၊ “ဘရှား” ကိုအနိုင်ပိုင်း၊ “စိန်မျောက်မျောက်” ကို ကြိုးတုတ်လိုက်အုံးလို့ ပဲပြောချင်တယ်။ ဒါမှမဟုတ်ရင် “ဘရွှေ”ကို ပရဒိသုဘုံ အရင်ပို့လိုက်၊ အဲ...အဲဒါက ပိုလွယ်မယ်။ ဘယ်လိုလဲ။ ဖြီး....smilies/grin.gif
0
တကယ်ပြောမယ်ဗျာ
written by Burmese, March 10, 2010
ဥပ္ပါတသန္တိစေတီတော်.. .ဘာလဲ၊ဘယ်လဲ။ ယတြာက အားလုံးကို လွှမ်းမိုးနိုင်လား။ ကျုပ်က မိရိုးဖလာ မဟုတ်ဘူးနော်၊ တကယ်ကြိုက်လို့ ဗုဒ္ဒဘာသာဝင် အဖြစ်နေလာတာ။ အမှန်ကန်ဆုံးနဲ့  အရိုးသားဆုံးပြောရရင် ဗိုလ်ချုပ်တွေတည်ထားတဲ့ ဘုရားတွေကို ကျုပ်ဘယ်တော့မှမဖူးဘူး၊ သေတဲ့အထိလည်း ဖူးမှာမဟုတ်ဘူး။ ဒါကြောင့် ငရဲပြည်ရောက်ရင်တောင်မှ ပြုံးပြုံးကြီးပ၊ဲ ငရဲမင်းကို Complaint တက်မှာ။ အရှင်းဆုံးပြောရရင် စက်တင်ဘာ အရေးအခင်းအပြီးမှာ ဗုဒ္ဒဘာသာဝင် တော်တော်များများက ဗုဒ္ဒဘာသာကို အတော်ကို သံသယရှိလာကြတယ်။ ဒါဟာ Fact ပဲ၊ ကောလဟာမဟုတ်ဘူး။ အဲဒီတော့ သူ့ ဟာ ဘယ်ဘုရားကြီးပဲ တည်တည်... ကျုပ်တို့ လို လူတွေကတော့ *&^% ပဲဗျာ။ ဒေ၀ါလီရေ ဆင်ဆာဖြတ်လိုက ဖြတ်နိုင်ပါသည်ဗျာ။
0
ရိုးလွန်းအားကြီးတယ
written by Burmese, March 10, 2010
ယုတ်မာမယ်ဆိုလည်း ပညာသားပါပါ ယုတ်မာစမ်းပါ သန်းရွှေရယ်။ ခင်ဗျားကြီးရဲ့ ဦးနှောက်က မြေပဲဆန်လောက်ပဲရှိရလားဗျာ။ သူငယ်တန်း ကလေးသွားမေးတောင် သိတယ်၊ ခင်ဗျားကြီး ဒေါ်စုကိုရွေးကောက်ပွဲမှာ မပါစေချင်တာ။ အောက်တန်းကျတဲ့ စစ်တပ်ခေါင်းဆောင်ပဲ။
0
မှတပါး-----မရှိ
written by Thazin Pyu, March 10, 2010
မစ္စတာ P J Crowley ခင်ဗျား မြန်မာ စစ်အစိုးကို ဝေဖန်နေလို့ ဘာမှထူးလာမှာ မဟုတ်ပါဘူး------ မြန်မာပြည်သူ ပြည်သား တွေကတော့ ဂျော့ဒဗလျူဘုရ် ကိုဘဲ မျှော်နေကြပါတယ် ------မယုံရင် သဘောထားစစ်တမ်း ကောက်ကြည့်ပါ။
0
အားလုံး.. မကြောက်စတမ်းရင်ဆိုကြ.....
written by Ko J J, March 10, 2010
တကယ့်ကို မတရားတဲ့ စစ်အစိုးရပါဘဲ.. .အဓမ္မဝါဒီ စစ်စစ်သမားတွေပေါ့.. .ဒီစစ်အစိုးရရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကြောင့် တိုင်းပြည်ငြိမ်းချမ်းဘို့ ဝေးနေလိမ့်မယ်... သူတို့ လုပ်ချင်သလို လုပ်လို့ ပြည်သူတွေ
ငြိမ်ခံနေမယ် မှတ်နေသလားဘဲ...ပြည်သူတွေ အုံကြွလာမှာကို မစဉ်းစားမိလေရော့လား.. .ကျုပ်တို့ပြည်သူ
ပြည်သားတွေ ခါးတောင်းကျိုက်ပြီး အသင့်ပြင် ကြရမှာဘဲလေ... ရရင်ရ မရရင်ချဘို့ အားလုံး အဆင်သင့်ဗျို့....
0
...
written by Rocket , March 10, 2010
အမေရိကန်က ချုံ့ချတယ်။ ဝေဖန်တယ် ဆိုတာ ဒီလိုမျိုး ပြောလာတာ နှစ်ပေါင်း ဘယ်လောက်ရှိပြီလဲ။ လူတိုင်းသိတယ်။ ပြောနေစရာတောင် မလိုတော့ဘူး။ ဒီလိုမျိုးစကား လူတိုင်း။ နိုင်ငံတိုင်း ပြောလို့ရတာပဲ။ ဒီလိုမျိုးစကားပြောဖို့ထက် အမေရိကန် ဘာလုပ်ပေးနိုင်လို့လဲ။ ဗမာပြည်သူတွေကို သနားရင်။ လုပ်ရဲရင် အာနာရူး ဗိုလ်ချုပ်တွေနေတဲ့ နေပြည်တော်ကို ဗုံးကဲကျပြီး ၀င်တိုက်ပါလား။ ဒီလိုမျိုးလဲ နှစ်ပေါင်းမြောက်များစွာ မကြာဘူး။ အမေရိကန် ၀င်တိုက်ရင် 1 ပတ်မကြာဘူး။ စစ်ပွဲမှာမတရားတာ မရှိဘူး။ စစ်ပွဲတိုင်း တရားတယ်။ အာနာရှင်နိုင်ငံကိုတိုက်ရင် တရားတာပဲ။ ဒီမိုကရေစီနိုင်ငံသွားတိုက်ရင်တော့ မတရားဘူးပေါ့။ မတိုက်နိုင်ရင် မအော်နေနှင့် လေကုန်တယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်