အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်း ဂျာနယ်များ အနေနှင့် ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိသည်နှင့် တပြိုင် နက်တည်း မှတ်ပုံတင်ရန် အစီအစဉ် ရှိသော ပါတီတချို့ကို ဆက်သွယ် မေးမြန်းကာ လက်ရှိ အနေအထား အတိုင်း သတင်း ဖော်ပြခွင့် ရရန် ကြိုးစားကြ သော်လည်း စာပေ စိစစ်ရေးက ဖြတ်တောက်သဖြင့် ဖော်ပြခွင့် မရရှိကြောင်း အယ်ဒီတာချုပ် တဦးက ပြောသည်။အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များအပေါ် အကောင်း မြင်သည့် ရေးသားချက် များကိုသာ ပုဂ္ဂလိက ဂျာနယ်များတွင် ဖော်ပြခွင့်ပြုပြီး ဥပဒေ ရှုထောင့်မှ ဝေဖန် သုံးသပ် ချက်များကို လုံးဝဖော်ပြခွင့် မပေးကြောင်း သိရသည်။
“ရွေးကောက်ပွဲ ဥပဒေကို သတင်းစာကအတိုင်း ကောက်နုတ်ဖော်ပြတာမျိုး၊ ရွေးကောက်ပွဲ ကျင်းပတာကို ကြိုဆိုပါတယ် ဆိုတာမျိုးကလွဲရင် ကျန်တာ အကုန်ဖြုတ်တယ်” ဟု အယ်ဒီတာချုပ်က ဆိုသည်။
ရွေးကောက်ပွဲ ဥပဒေအရ အကျပ်အတည်းတွေ့နေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အခြေအနေ သတင်းများကိုလည်း လုံးဝ ဖော်ပြခွင့် မပြုပေ။
ရွေးကောက်ပွဲ ဥပဒေများအရ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဆက်လက် ရပ်တည်ရေး အကျပ်အတည်း တွေ့နေပြီ ဖြစ်သောကြောင့် သတင်းဂျာနယ်များက NLD တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း ရေးသားလိုကြသော်လည်း စာပေ စိစစ်ရေးက အထူး တားမြစ်ပိတ်ပင်ထားကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအဝန်းမှ သိရသည်။
“စစ်အစိုးရက ထောက်ပံ့ပေးထားတဲ့ ပါတီရှိမယ်၊ သူတို့ရဲ့ အတိုက်အခံ ပါတီ ရှိမယ် ဆိုပါတော့၊ မဲဆွယ်ပွဲမှာ သူတို့ ထောက်ခံတဲ့ ပါတီရဲ့အသံပဲခွင့်ပြုမယ်ဆိုရင် ဒါ တရားမျှတတယ် မဆိုနိုင်တော့ဘူး” ဟု သတင်းထောက်တဦးက ပြောသည်။
စာပေစိစစ်ရေးက သတင်းများကို စိစစ်ရာတွင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ရန်ကုန်တိုင်း အရာရှိကြီးများ၊ နေပြည်တော် ပြန်ကြားရေး ၀န်ကြီးနှင့် ၀န်ကြီးဌာနဆိုင်ရာ အရာရှိများ ပါဝင်သော အထူးလုံခြုံရေးအဖွဲ့ထံ စာမူကြမ်းတင်ပြပြီး ထိုအဖွဲ့၏ အမိန့် ညွှန်ကြားချက် ဖြင့် တည်းဖြတ် စိစစ်မှု ပြုလုပ်နေရကြောင်း သိရသည်။
ယခုတပတ်အတွင်း ထုတ်ဝေခဲ့ကြသည့် Myanmar Times၊ Bi Weekly Eleven၊ မော်ဒန်၊ 7 Day News အပါအ၀င် အပတ်စဉ် ထုတ် သတင်းဂျာနယ် အများစုတွင် ရွေးကောက်ပွဲ ဥပဒေနှင့် ဝေဖန်မှုတချို့ကို စာပေစိစစ်ရေးသို့ တင်ပြခဲ့သော်လည်း ဖော်ပြခွင့် မရခဲ့ကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ဆိုသည်။
“ဥပဒေရဲ့ အားနည်းချက်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဝေဖန် ထောက်ပြ တာမျိုးတွေ အဖြုတ်ခံရတယ်” ဟု သတင်းထောက် တဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်တွင်းသတင်းမီဒီယာများကို သတင်း လွတ်လပ်ခွင့် မပေးသည့်အတွက် တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် မလွယ်ကူကြောင်း ရန်ကုန်အခြေစိုက် သတင်းသမားများက သုံးသပ်ကြသည်။
“လွတ်လပ်တဲ့ သတင်းမီဒီယာမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမလဲ။ ခု ရွေးကောက်ပွဲ ဥပဒေတွေ ထွက်ပြီ။ သတင်းလွတ်လပ်ခွင့်က ဘာဆိုဘာမှ မရသေးဘူး” ဟု ရန်ကုန်အခြေစိုက်မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသစ်တွင် စစ်ဗိုလ်အမိန့်သံများ ပါနေသည့်အတွက် ဒီမိုကရေစီ နည်းလမ်း မကျကြောင်း၊ အဆိုပါ ဥပေဒကို ဝေဖန်သုံးသပ်မှုပြုရန် လွတ်လပ်သော သတင်းမီဒီယာများ အထူးလိုအပ်ကြောင်း ပြည်တွင်း နိုင်ငံရေးသမား တဦးက ထောက်ပြသည်။
ယခုပြဋ္ဌာန်းလိုက်သော ရွေးကောက်ပွဲ ဥပဒေတွင် ပါတီများအပေါ် ရွေးကောက်ပွဲကော်မရှင်က တင်းကျပ်သော ထိန်းချုပ်မှုများ ရှိသည်ဟု ဥပဒေပညာရှင် တချို့က သုံးသပ်သည်။
ထိုကဲ့သို့ ထိန်းချုပ်မှုများ ရှိနေသောကြောင့် သတင်း မီဒီယာများက စောင့်ကြည့်ရေးသားရန် လိုအပ်သော်လည်း စာပေ စိစစ်ရေးကြောင့် ပြည်တွင်းမီဒီယာများတွင် ဖော်ပြနိုင်ခြင်း မရှိပေ။
သို့ရာတွင် ရွေးကောက်ပွဲ ဥပဒေ စတင် ထုတ်ပြန်ကြေညာသည့် မတ်လ ၈ ရက်နေ့မှ စတင်ကာ ပြည်ပအခြေစိုက် သတင်း မီဒီယာများက အဆိုပါ ဥပဒေနှင့်ပတ်သက်သည့် သုံးသပ်ချက်များ၊ တရားမမျှတသည်ကို ဝေဖန်သည့် သတင်းများ ရေးသား ဖော်ပြနေကြသည်ကို တွေ့ရသည်။
“ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေကတော့ အရင်ကလည်း လုပ်နေတယ်၊ ခုလည်းလုပ်နေတယ်၊ နောင်လည်း ဆက် လှုပ်ရှားနေကြမှာပဲလေ။ ကျနော်တို့ရုံးမှာတော့ ရွေးကောက်ပွဲ ဥပဒေထွက်ပြီဟေ့ ဆိုတာနဲ့ ဘယ်သူ့ကိုဗျူးမယ်၊ ဘယ်ကို သတင်းလိုက်မယ်ဆိုပြီး ယောက်ယက် ခတ်သွားကြတယ်။ လုပ်ခွင့်မရတာ ရတာက တပိုင်းပေါ့” ဟု သတင်းဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။
ဂျာနယ် တစောင်မှ တာဝန်ရှိသူ တဦးကလည်း လာမည့် ရွေးကောက်ပွဲကာလ အခြေအနေကို ဖော်ပြနိုင်ရန် နိုင်ငံရေးစာမျက်နှာ တခု သီးသန့်ဖွင့်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ကိစ္စရပ်များကိုပါ ထည့်သွင်းဖော်ပြမည် ဖြစ်ကြောင်း ပြောသည်။
“စိစစ်ရေးက လွတ်သလောက်ပေါ့။ လွတ်တာမလွတ်တာ အသာထား၊ ရေးကြည့်မယ်လို့ စိတ်ကူးထားတယ်၊ တရားမျှတတယ် ပဲဖြစ်ဖြစ် တရားမမျှတဘူးပဲ ဖြစ်ဖြစ် လူတော်တော်များများက ရွေးကောက်ပွဲကို စိတ်ဝင်စားကြတယ်။ ကျနော့်အမြင် ပြောရရင် အခုရက်ပိုင်းလောက်က စပြီး ဂျာနယ်တွေ စောင်ရေတက်မယ်” ဟု သူက ဆက်ပြောသည်။
သတင်းဂျာနယ် အယ်ဒီတာချုပ် တဦးက လာမည့်တပတ် ထွက်မည့် ၎င်းတို့ ဂျာနယ်အတွက် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအများစုကို စိစစ်ရေးက ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ပြောပြသည်။
“နောက်ပိုင်းမှာတော့ ဖော်ပြခွင့်ပေး၊ မပေး မပြောတတ်ဘူး။ ဒီတပတ်တော့ ဘာမှကို ထည့်လို့မရဘူး။ အကုန်ဖြုတ်တယ်။ ဗိုလ်မှူး တင့်ဆွေ မရှိလို့များလားတော့ မသိဘူး။ သူ နေပြည်တော်သွားတယ်။ သူ ပြန်လာရင်တော့ တမျိုး ဖြစ်ကောင်းဖြစ်မယ် ထင်တာပဲ” ဟု သူက ဆိုသည်။
ရန်ကုန်ရှိ သတင်းထောက်အများစုမှာ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများကို ပွင့်လင်းစွာ ထုတ်ဖော် ရေးသားခွင့် ရလိုကြကြောင်း ပြောဆိုနေကြသည်။
အလွတ်သတင်းထောက် တဦးကမူ ရွေးကောက်ပွဲ ဥပဒေ သုံးသပ်ချက်ထက် လူအများ၏ အမြင်ကို စိတ်ဝင်စားကြောင်း သို့ရာတွင် စိစစ်ရေးက ဖြတ်တောက်မည်မှာ သေချာသောကြောင့် ရေးဖြစ်လိမ့်မည် မထင်ကြောင်း ပြောသည်။
ယခု လက်ရှိ စာပေစိစစ်ရေးသည် ယခင် ထောက်လှမ်းရေး လွှမ်းမိုးသည့်ကာလ စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးအေးထွန်း လက်ထက်ထက်စာလျှင် အနည်းငယ် လွတ်လပ်သည်ဟု ဆိုနိုင်သော်လည်း စာနယ်ဇင်း လောက၏ အနေအထားမှာမူ အစဉ် ထိတ်လန့်နေရသောကြောင့် ယခင်အတိုင်းပင်ဖြစ်ကြောင်း ရန်ကုန်သတင်းဂျာနယ် ရပ်ကွက်မှ သိရသည်။
“ရေးကြည့်ဖို့ ကြိုးစားမလားဆိုတာရယ်၊ သူတို့က စိစစ်မှုကို ကြိုးလျှော့ပေးမလား ဆိုတာရယ် ကတော့ စောင့်ကြည့်ရမယ်။ ရေးမယ့်လူတွေလည်း ရှိကြမှာပါ။ သူတို့အနေအထားကို တချက်ကြည့်မယ်၊ ပြီးမှပဲ တခုခုလုပ်ကြည့်ရမှာပေါ့” ဟု အလွတ် သတင်းထောက် တဦးက ဆိုသည်။
ရန်ကုန်အခြေစိုက် အမျိုးသမီးသတင်းထောက် တဦးကလည်း ရွေးကောက်ပွဲ ဥပဒေကို ပြန်လည် သုံးသပ်ရန် မလွယ်ကူကြောင်း၊ စာပေစိစစ်ရေးက ခွင့်ပြုမည်မထင်ကြောင်း၊ ယခင်ထက်စာလျှင် စာပေစိစစ်ရေးက ပိုသတိထားလာမည်ဟု ထင်ကြောင်း ပြောသည်။
“ရွေးကောက်ပွဲကာလမှာ သတင်းရေးတာပဲ ဖြစ်ဖြစ်၊ သုံးသပ်တာပဲ ဖြစ်ဖြစ် အားလုံး ဆင်ဆာ အောက်မှာပဲ ရှိမှာပဲ။ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေကို မေးချင်တာက အတိုက်အခံဘက်က အသံကို ခွင့်ပြုမလား ဆိုတာပါပဲ” ဟု ဆောင်းပါးရှင် တဦးက မေးခွန်း ထုတ်သည်။
စစ်အစိုးရသည် မတ်လ ၈ ရက်နေ့မှ စတင်၍ ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ကြေညာခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပမည့်
ရက်ကို ယခုအချိန်အထိ အတိအကျ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
ဧရာဝတီသတင်းထောက် ခက်ထန် ပူးပေါင်း ရေးသားသည်။
Set as favorite
Bookmark
Email this
Hits: 5306
Comments (7)

written by angekoung, March 15, 2010
လွတ်လပ်တဲ့ သတင်း မီဒီယာ မရှိဘဲနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်မလဲ.... .ခက်ပါ့.....
written by phyokywe, March 15, 2010
လူထု ကျွေးတဲ့ ထမင်း စားပြီး မတရား လိမ်နေတာတွေ ရပ်သင့်ပါပြီ။ မရပ်ရင်တော့ တိုင်းပြည်က အကုန် ငတ်ကိန်း ဆိုက်တော့မယ်။
written by ရန်ကင်း, March 15, 2010
သူတို့လုပ်ခဲ့တဲ့ ၉၀ ရွှေးကောက်ပွဲ ရလဒ် ကို ဖျက်ပြီး ၂၀၁၀ ရွှေးကောက်ပွဲ ကို စိတ်ကြိုက် လုပ် လေ သမိုင်းမှာ ရုပ်ဆိုးလေပေါ့။
သူတို့ အရင် ဘိုနေ၀င်း တောင် သူတို့လောက် မျက်နှာ မပြောင်ဘူး။ အရှက် မနဲဘူး။ အောက်တန်း မကျဘူး။ ဘိုကျပြီး တိုင်းပြည် ကိုချယ်လှယ်တာချင်း တူတောင် နအဖ ခောတ် လောက် မြန်မာ တွေ မျက်နှာ မငယ်ဘူး ။
ဒင်းတို့ ဆက် ယုတ်မာလေ တိုင်းပြည် ဆင်းရဲတွင်း နက်လေပဲ။
သူတို့ အရင် ဘိုနေ၀င်း တောင် သူတို့လောက် မျက်နှာ မပြောင်ဘူး။ အရှက် မနဲဘူး။ အောက်တန်း မကျဘူး။ ဘိုကျပြီး တိုင်းပြည် ကိုချယ်လှယ်တာချင်း တူတောင် နအဖ ခောတ် လောက် မြန်မာ တွေ မျက်နှာ မငယ်ဘူး ။
ဒင်းတို့ ဆက် ယုတ်မာလေ တိုင်းပြည် ဆင်းရဲတွင်း နက်လေပဲ။
written by သိလိုသူ, March 14, 2010
အော် ဒါကို ဒီမိုကရေစီ သွားမယ့် လမ်းလို. ခေါ်သကိုး .... သွပ်သွပ်
written by အောင်မျိုးနိုင်, March 14, 2010
ကြောက်တတ် လိုက်တာ ဗိုလ်သန်းရွှေ ရယ် .... ဘ၀ ..နေ ၀င်ချိန် နီးလာလေ ... ကြောက်စိတ်ပိုလေ .. ဖြစ်နေရှာပြီပေါ့ ......
..လွတ်လပ်တဲ့ သတင်းမီဒီယာ မရှိဘဲနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်
(..အမျိုးသား ရေး တာ ၀န်ကျေသော စာနယ်ဇင်း သမားများကို လေးစားမိပါတယ် .....
..လွတ်လပ်တဲ့ သတင်းမီဒီယာ မရှိဘဲနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင် (..အမျိုးသား ရေး တာ ၀န်ကျေသော စာနယ်ဇင်း သမားများကို လေးစားမိပါတယ် .....
Write comment
| < Prev | Next > |
|---|







