ဒေါင်ဒေါင်မြည် မီဒီယာသမားများ အလိုရှိသည်

E-mail Print
မကြာသေးမီက ပြုလုပ်ခဲ့သည့် မြန်မာသတင်းသမဂ္ဂ (BMA) ညီလာခံသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိ လာသည့် နာမည်ကျော် မီဒီယာသမား ဦးကျော်ဇံသာနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်တို့ လက်ရှိ မြန်မာမီဒီယာ များနှင့် ပတ်သက်ပြီး တာဝန်ဝတ္တရားများကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


Kyaw-Zan-Thaဦးကျော်ဇံသာသည် BBC အသံလွှင့်ဌာနတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူတဦးဖြစ်ပြီး ယခုအခါ ၀ါရှင်တန်ရှိ VOA အသံလွှင့် ဌာနတွင် လုပ်ကိုင်လျက်ရှိသည်။

မြန်မာသတင်းပရိသတ်၊ မြန်မာ မီဒီယာသမားတို့ လေးစားသည့် ဦးကျော်ဇံသာက ပြည်တွင်းပြည်ပ မြန်မာ မီဒီယာလောက၊ မြန်မာပြည်နိုင်ငံရေး၊ ၂၀၁၀ ရွေးကောက်ပွဲကာလ မြန်မာသတင်းသမားတို့၏ ကြုံတွေ့ရဖွယ် အခြေအနေ စသည့် အကြောင်းအရာများကို ပြောပြထားပါသည်။

မေး။     ။ ပြီးခဲ့တဲ့လက လုပ်ခဲ့တဲ့  BMA ညီလာခံမှာ မြန်မာပြည်မှာ ရှိတဲ့ သတင်း စာနယ်ဇင်း လောကရဲ့ လှိုင်းသုံးလှိုင်း (Three Waves) အကြောင်းကို ပြောသွားတယ်လို့ သိရတယ်။ မြန်မာ မီဒီယာတွေက ကိုလိုနီခေတ် ကတည်းက အခုချိန်ထိ ဘယ်အခန်းကဏ္ဍ ကနေ ဦးဆောင်နေတယ်လို့ ဦးကျော်ဇံသာ သုံးသပ်သလဲ။

ဖြေ။     ။ မီဒီယာတွေဟာ ဦးဆောင်တဲ့ အခန်းကပါတာ သိပ် မတွေ့ရပါဘူး။ မီဒီယာတွေဟာ နောက်က လိုက်တဲ့ အခန်းပဲ တွေ့ရတယ်။ မီဒီယာတွေဟာ မြန်မာနိုင်ငံမှာ  Politicization Waves လို့ ခေါ်တဲ့ နိုင်ငံရေး နိုးကြားမှု အပိုင်းသုံးပိုင်း ရှိတယ်လို့ ကျနော် သုံးသပ်ခဲ့ပါတယ်။ နိုင်ငံရေး နိုးကြားမှု ဆိုတာက နိုင်ငံရေး ရင့်ကျက်ခြင်းနဲ့ တခြားစီပါ။ အဲဒီနိုးကြားမှု လှိုင်းသုံးလှိုင်းမှာ ပထမ ဦးဆုံး နိုးကြားမှု ကတော့ ၂၀ ရာစု အစပိုင်း ၁၉၀၆ ခုနှစ် YMBA ပေါ်ပေါက်လာတယ်၊ အဲဒီအခါမှာ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့ ဟာနဲ့  နိုင်ငံရေး နိုးကြားလာကြတယ်။ မီဒီယာဟာ ဒီကိစ္စကို ဝေဖန်ရေးသားခြင်း မတွေ့ရဘူး။ ဝေဖန်ရေးသား သင့်တာ ဘာရှိသလဲလို့ မေးရင် အဲဒီ အမျိုး၊ ဘာသာ၊ သာသနာမှာ အမျိုးဆိုတာက Race ပေါ့၊  ဘာသာ သာသနာက Buddhism ပေါ့။ ဗုဒ္ဓဘာသာဆိုတဲ့ ဘောင်ထက် ချဲ့ဖို့ မကြိုးစားဘူး။ အဲဒီတုန်းက ချဲ့သင့်တယ်၊ တိုင်းရင်းသားတွေ အများကြီး နေတယ်၊ လူမျိုးစုံ နေတယ်၊ ဘာသာစုံ ရှိနေတယ် ဆိုတာ မီဒီယာတွေက ဘယ်သူမှ မပြောခဲ့ကြဘူး။

ဒုတိယလှိုင်း ဖြစ်တဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှာလည်း အဲဒီနောက်ကပဲ လိုက်လာတယ်။ လွတ်လပ်ရေး ယူကြမယ်၊ ချကြမယ် လို့ပဲ ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က လွတ်လပ်ရေးကို တန်းမယူဘဲနဲ့ ဒိုမီနီယံ အဆင့်အတန်းနဲ့ ဗြိတိသျှ အင်ပါယာထဲမှာ ခဏနေမယ်လို့ ပြောတယ်၊ အဲဒါကို ဖဆပလ ထဲမှာလည်း အကြိတ်အနယ် ဆွေးနွေးတယ်လို့ အတွေ့ အကြုံ ရှိသူတွေက ပြောတယ်၊ စာထဲမှာတော့ မတွေ့ရဘူး။ အဲဒီလို ဆွေးနွေးတဲ့ အခါမှာ ဒါ ကောင်းတယ်၊ သို့သော်လည်းပဲ ပြည်သူတွေ လက်ခံမှာ မဟုတ်ဘူး ဆိုပြီးတော့ လွတ်လပ်ရေး ယူဖို့သာ ဆုံးဖြတ်လိုက်တယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက Arthur Bottomley ဆီ ရေးတဲ့စာမှာ အထောက်အထား တွေ့ရတယ်၊ ငါတို့ကတော့ မင်းတို့နဲ့ တွဲနေလို့ မဖြစ်ဘူး၊ ဓနသဟာယ ထဲမှာလည်း နေလို့ မဖြစ်တော့ဘူး၊ ထွက်ရတော့မယ်၊ သို့သော်လည်းပဲ အင်္ဂလိပ်နဲ့ မြန်မာဟာ ဆက်လက် မိတ်ဆွေဖြစ်နေမယ်။ ဗိုလ်ချုပ်အောင်ဆန်းက စိတ်မကောင်းဟန်နဲ့ ဆုံးဖြတ်ခဲ့ရတဲ့ သဘော ရှိတယ်။

မေး။     ။ ဒါတွေကို မီဒီယာတွေက အလေးထားပြီးတော့ အဲဒီလိုပြောခဲ့ရင် သမိုင်းမှာ အလှည့်အပြောင်း ရှိလာနိုင်တယ်လို့  ယုံကြည်တယ်ပေါ့။

ဖြေ။     ။ မီဒီယာက လုပ်ခဲ့ဖို့ တာဝန်ရှိတယ်လို့ ယုံကြည်တယ်။ အလှည့်အပြောင်း ရှိလာလိမ့်မယ် ဆိုတာက ယူဆမှုပဲ ဖြစ်မယ်။ ဒါပေမယ့်လည်း မီဒီယာကတော့ အဲဒီလို ထောက်ပြခဲ့သင့်တယ်။ ထောက်ပြခဲ့တယ်ဆိုတဲ့ အထောက် အထား မတွေ့ခဲ့ရပါဘူး။ ဒုတိယ  Wave က အဲဒါပေါ့၊ လွတ်လပ်ရေး ကြိုးပမ်းမှု။ 

မေး။     ။ ၁၉၆၂ အာဏာ မသိမ်းခင် ကာလနဲ့ ၆၂ နောက်ပိုင်း အာဏာသိမ်းပြီး ကာလမှာ မီဒီယာ ဆိတ်သုဉ်းသွားတဲ့ ကိစ္စကျတော့ရော။

ဖြေ။     ။ဟုတ်တယ်၊ အဲဒါ Wave ညံ့သွားတာ။ အဲဒါက Wave ထဲမှာ မပါတော့ဘူး။ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ လွတ်လပ်ရေး အပြီး အရှိန်ရှိလာတဲ့ Wave က ၁၉၆၂ နောက်ပိုင်းမှာ ငြိမ်သက်သွားတော့ မီဒီယာရဲ့ အခန်းကဏ္ဍက မရှိသလောက်ကို ဖြစ်တယ်။  အစိုးရရဲ့ အသုံးချခံ ဘ၀နဲ့ မီဒီယာ နှုတ်ဆိတ်နေရတဲ့ ကာလပါ။

အဲဒီမှာလည်း မေးစရာ တခုရှိသေးတယ်။ ကျနော် BBC မှာ လုပ်ခဲ့တုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဘာကြောင့် ဆိတ်သုဉ်း ရသလဲ ဆိုပြီး အသံလွှင့်အစီအစဉ် တခုမှာ ကျနော်တို့ ဆွေးနွေးတယ်။ စစ်တပ် အသုံးမကျလို့ ၊ ဗိုလ်ချုပ်နေ၀င်း အာဏာမက်လို့၊ နိုင်ငံရေး သမားတွေ မညီညွတ်လို့ပေါ့။ မီဒီယာ အခန်းကဏ္ဍရော ဆိုတာကိုတော့ ကျနော် အိုင်ဒီယာ မရခဲ့ဘူး။ အခုမှ ကျနော် ပြန်စဉ်းစားတော့ မီဒီယာကရော  ဒီမိုကရေစီ ရှင်သန်ရေး အတွက် ဘယ်လောက် တာဝန်ကျေခဲ့သလဲ၊ ဒါလည်း မေးစရာ တခုပဲ။ ကျနော် အဲဒီမှာ အင်တာဗျူး ရှားရှားပါးပါး ရခဲ့တာ ဗိုလ်မှူးချုပ်မောင်မောင်၊ ဘယ်သူ့ကိုမှ သူ အင်တာဗျူး မပေးဖူးဘူး၊ ကျနော် တကြိမ် ရခဲ့ဖူးတယ်။ အဲဒီမှာ သူက ထောက်ပြတယ်၊ သတင်းစာ ဆရာတွေ စာမတတ်ဘူး၊ ပညာမတတ်ဘူး အဲဒီလို သူက ဝေဖန်တယ်။ ကျနော်က သတင်းထောက် ဖြစ်နေတော့ အန်ကယ်တို့ စစ်သားတွေကရော စာတတ်သလား၊ အဲဒီလိုသာ ကျနော် Challenge လုပ်သင့်တယ် (စိန်ခေါ်သင့်တယ်) ဆိုပြီး ကျနော် အဲဒီမေးခွန်းကိုပဲ ပြန်မေးတယ်။ တကယ် စဉ်းစားကြည့်ရင် ဒါ ဟုတ်တယ်၊ ကျနော်တို့ မီဒီယာ သမားတွေ ညံ့ဖျင်းမှု ဘယ်လောက်ရှိခဲ့သလဲ ဆိုတာ သုံးသပ်ပြီးတော့ ဘယ်သူ စာတမ်းရေးသလဲ၊ Failure of democracy (ဒီမိုကရေစီ ကွယ်ပျောက်မှု) မှာ ဘယ်လောက်ထိ မီဒီယာက တာဝန်မကျေလို့ ဆိုတာ သုံးသပ်သင့်တဲ့ ကိစ္စတခုပဲ။

မေး။     ။ ဆရာက ရခိုင် အမျိုးသား တယောက်ပဲ။ တိုင်းရင်းသား ပြည်တွင်းစစ် ကိစ္စမှာ မီဒီယာရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ နောက်ကပဲ နေခဲ့သလဲ။

ဖြေ။     ။ အဲဒါလည်း နောက်က နေတာပဲ။ ကျနော်က မီဒီယာသမား အနေနဲ့ သုံးသပ်တာပါ။ အခု Ethnic nationalismလို့ ခေါ်ကြပါစို့။ ဒီ ဆိုဗီယက် အင်ပါယာတို့ ဘာတို့ ပြိုကွဲပြီးတဲ့နောက် ကမ္ဘာမှာ ပေါ်ပေါက်လာတာနဲ့ အတူတူ ကျနော်တို့ နိုင်ငံမှာလည်းပဲ Ethnic nationalismလို့ ခေါ်တဲ့ လူမျိုးစုတွေရဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကို ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် ကြားလာရတယ်။  ဒီကိစ္စမှာလည်းပဲ ကျနော်တို့က မီဒီယာ တော်တော်များများက အဲဒီနောက်က လိုက်နေကြတာပဲ ကျနော်တွေ့တယ်။ ဒီကိစ္စက ဘယ်လို ဖြစ်သင့်တယ် Ethnic nationalismကို မှန်ကန်သော ဦးတည်ချက်ဆီ ရောက်အောင် ရေးသားနေကြတာ ကျနော် မတွေ့ရပါဘူး။

မေး။     ။ အဲလိုဆိုရင်  ခုနက ကျနော်တို့ ပြောနေတဲ့ တတိယ Wave ကိစ္စကို ပြန်သွားကြရအောင်။

ဖြေ။     ။ ၈၈ နောက်ပိုင်း မှာ ပိုပြီး ဆိုးတာက တတိယ Wave မှာ ပေါ်ပေါက်လာတဲ့ သတင်းစာသမား၊ မီဒီယာသမား တော်တော်များများက ပြည်ပ အခြေစိုက်တဲ့ လူတွေကိုယ်နှိုက်က နိုင်ငံရေးထဲက ပေါက်ဖွားလာရတာ။ ပထမWave ၊ ဒုတိယWave မှာ တုန်းကတော့ professional တခြားနည်းနဲ့ ထွက်လာတဲ့သူတွေ ရှိသေးတယ်။ မျိုးရိုးစဉ်ဆက် အရ လုပ်လာတဲ့သူ၊ သတင်းစာတိုက်မှာ လုပ်တဲ့သူတွေ၊ နောက်ပြီးတော့ သတင်းထောက် ဖြစ်ချင်လို့ နယ်ကနေပြီးတော့ မြို့ပေါ်တက်လာသူတွေ စသည်ဖြင့် ရှိလာခဲ့တယ်။ သို့ပေမယ့် ဒီ ၈၈ နောက်ပိုင်းမှာ ပြည်ပ အခြေစိုက် မီဒီယာ တော်တော်များများဟာ အများစုက လှုပ်ရှားမှုထဲက ပေါက်ဖွား လာတာပါ။ ဆိုတော့ အဲဒီဟာတွေကလည်းပဲ သူတို့ရဲ့ နိုင်ငံရေး အတိတ်ကို သူတို့က ပြည်ဖုံးကားချဖို့ အတွက်။

နိုင်ငံရေး သမား ဖြစ်တာ ကောင်းတယ်။ နိုင်ငံရေးကို သိရမယ်၊ သိပ် နိုးကြားရမယ်။ သို့သော်လည်း ကိုယ်ရေးနေတဲ့ မီဒီယာကို ကိုယ့်နိုင်ငံရေး အယူအဆအတွက် အသုံးမချသင့်ဘူး၊ ကိုယ့်နိုင်ငံရေး  အကျိုး အတွက် အသုံးမချသင့်ဘူးလို့ ကျနော် ယူဆတယ်။

ဗိုလ်ချုပ်နေ၀င်း တခါက ပြောတယ် ဟာ … ငါတို့ တပ်မတော်ဟာ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်လို့ ပြောတယ်။  ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားတွေနဲ့ ဖွဲ့တဲ့ တပ်မတော် ဖြစ်လို့ နိုင်ငံရေး အာဏာကို အမြဲတမ်း လိုချင်တယ်။ အာဏာ သိမ်းတယ်၊ တိုင်းပြည်ပျက်တာ ဒါပဲ။ မြန်မာပြည်က သတင်းသမားတွေက ငါတို့ သတင်းသမား၊ မီဒီယာသမားတွေဟာ  ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားတွေကွ ဆိုရင်တော့ ဒါဟာ ရှက်စရာကောင်းတဲ့ ကိစ္စပဲ၊ အဲဒီလိုတော့ မဖြစ်သင့်ဘူး။

မေး။     ။ အဲဒီလိုဆိုရင် ဒေါင်ဒေါင်မြည် သတင်းသမားတွေ ရှားနေတယ် ဆိုပါတော့။

ဖြေ။     ။ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားနဲ့ ဖွဲ့စည်းထားသော သတင်းသမား မဖြစ်စေချင်ဘူး။

မေး။     ။ ကျနော်မေးတာက  ဒေါင်ဒေါင်မြည် သတင်းသမားတွေ ရှားနေတယ် ဆိုပါတော့။

ဖြေ။     ။ ဖြစ်အောင် ကြိုးစားရမယ်။ ရှားနေတယ် ပြောနေလို့ မရဘူး။ BMA ညီလာခံ ၇ ကြိမ် ကျင်းပခဲ့တာ ကျနော် ဒီတခါပဲ တက်ဖူးတာ၊ သူတို့က တော်တော်လေး မီဒီယာသမား ဖြစ်အောင် ကြိုးစားကြတာ ကျနော် သိပ်အားရတယ်။ မနေ့ညက ဆွေးနွေး ကြတာ မီဒီယာ သမား တော်တော်များများဟာ ငါတို့က ဘယ်လိုမီဒီယာ ဖြစ်တယ်၊ ငါတို့က ဘယ်လို Independence (အမှီအခို ကင်း၊ လွတ်လပ်ခြင်း) ဆိုတာ ခုနက  အယူအဆက လွတ်မြောက်တာလည်း ပါတယ်၊ စစ်အာဏာရှင် အောက်မှာ ရေးခွင့် မရှိတာ ကိုပဲ မီဒီယာ Independence မရှိဘူး ပြောလို့ မရဘူး။ ကိုယ့်ယုံကြည်မှု အတိုင်း လွတ်လွတ် လပ်လပ် ရေးရဲခြင်း ဟာလည်းပဲ Independence ဖြစ်တယ် ဆိုပြီး အဲဒီလိုမျိုးကို ဖော်ထုတ်ပြီးတော့ ပြောတဲ့ သတင်းသမားတွေ အများကြီး တွေ့ရတယ်။

မေး။     ။ ကျနော်တို့ ဧရာဝတီ မဂ္ဂဇင်း ဆိုရင်လည်း  Independent မီဒီယာ၊ လွတ်လပ်တဲ့ မီဒီယာ ဆိုပြီးတော့ ကြေညာ ထားသော်လည်းပဲ တခါတလေ အတိုက်အခံ မီဒီယာ၊ Activistဆန်တဲ့ မီဒီယာ ဆိုပြီးတော့ အပြောခံရတာ၊ စွပ်စွဲ ခံရတာ ရှိပါတယ်။ တချိန်တည်းမှာပဲ  Independent မီဒီယာ ဆိုပြီးတော့ မီဒီယာတွေ အသုံး အနှုန်းကို နောက်ပိုင်းမှာ ပိုသုံးလာကြတာကို တွေ့ရတယ်။ သူတို့ တကယ်ရော  Independent ဖြစ်သလား။ ဘယ်လိုထင်လဲ။

ဖြေ။     ။ ပြည်ပမှာ အခြေစိုက်နေတဲ့ မြန်မာ မီဒီယာတွေ ဖြစ်အောင် ကြိုးစား နေကြတယ် ဆိုတာကတော့ အများကြီး တွေ့ရပါတယ်။ ဒါပေမယ့် တခါတခါ Independent ဆိုတာကတော့ သူတို့ ဘက်က အမြင်ကိုး။ ဆိုကြပါစို့ တနေရာမှာ ဒီဟာက ဘယ်သူ့ဘက်ကို ပါတယ်၊ Independently (လွတ်လွတ်လပ်လပ်) သူဆုံးဖြတ်ပြီး လုပ်တာပဲ၊ ဘာ Influence (လွှမ်းမိုးချုပ်ကိုင်မှု) ရှိတာမှ မဟုတ်ဘဲ ဆိုတာကတော့ မီဒီယာ ပိုင်း ၂ပိုင်းရှိတယ်၊ တချို့က အချက်အလက်ကို တင်ပြတာ ရှိတယ်။ နောက်ပြီး Opinion (အယူအဆ) ရေးတဲ့ဟာလည်း ရှိတာပဲ။ ခေါင်းကြီးပိုင်းမှာ ဘယ်လို ဖြစ်သင့်ပါတယ်၊ နိုင်ငံရေးသမားကိုလည်း ကျနော်တို့ ပြောချင်ရင် ပြောနိုင်တာပဲ၊ နိုင်ငံရေး အယူအဆကိုပဲ။ NLD လမ်းစဉ် ဘယ်လို ဖြစ်နေပါတယ်၊ ဘယ်ကဲ့သို့ ဖြစ်သင့်ပါတယ်၊ Independently ပြောတာပဲ။

တိုင်းပြည်အတွက် တကယ် အကျိုးရှိမယ် ဆိုတဲ့ ဟာကို ကျွမ်းကျင်တဲ့ လူတွေနဲ့ မေးမြန်း တွက်ချက်ပြီးတော့ တကယ် ဒီဟာက ပိုကောင်းမယ်လို့ ပြောတယ်။ အဲဒီလို ပြောတဲ့ အခါမှာ တဖက်ကို နည်းနည်း ပစား ပေးသလို ဖြစ်ကောင်း ဖြစ်နိုင်မယ်၊ ဒါကို  Independence မဖြစ်ဘူးလို့ ပြောလို့ မရဘူး။  Independently ယုံကြည်လို့ အမှန်တကယ် ပြောတာ ဖြစ်တယ်။

မေး။     ။ ဒီဘက်မှာရှိတဲ့ မီဒီယာတွေရော၊ အထဲမှာရှိတဲ့ မီဒီယာ တချို့ကရော NLD ပါတီ၊ ဒီမိုကရေစီ လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် အလေးပေးတဲ့၊ အလေးသာတဲ့၊ ကရုဏာ သက်တဲ့ အသံတွေနဲ့ ရောနှောပြီး ရေးကြတာ တွေ့ရတယ်။ အဲဒီတော့ မီဒီယာက ဘက်လိုက်သင့်သလား။

ဖြေ။     ။ ဘက်လိုက်တာထက် Balance ဖြစ်အောင် (မျှတအောင်) ရေးသင့်တယ်။ အဲဒီဘက်ကို ကျနော်တို့ အလေးပေး၍ ကရုဏာသက်ပြီး ရေးနိုင်ပါတယ်။ သို့ပေမယ့် ဟိုဘက်ကလူတွေ လူတိုင်း Percentage (ရာနှုန်း) အပြည့် ကရုဏာ သက်နေသလား၊ လူတိုင်းလား။ ဟိုဘက်က လူတွေကလည်း သူတို့ ပြောချင်တဲ့ အသံရှိနေတော့ သူတို့ဟာလည်း ထည့်ပေးသင့်တယ်။ စာဖတ်သူ ပရိသတ်က ဆုံးဖြတ်ပါစေ။ ကျနော်တို့ကတော့ သူတို့ကို ဦးဆောင်ပြီး ခေါ်ယူစရာ မလိုဘူးလို့ ထင်တယ်။

မေး။     ။  မီဒီယာ တချို့ ဆိုရင်လည်း နီးရာဓား ကြောက်ရတယ်။ တိုင်းရင်းသား မီဒီယာတွေ ဆိုရင်လည်း နယ်စပ်မှာ အခြေစိုက်ပြီးတော့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းနဲ့ပဲ နီးနီး သူတို့တွေသည် ခါးပိုက်ဆောင် မီဒီယာလေးတွေ ဖြစ်နေတာကို တွေ့ရတယ်။ သူတို့တွေက အမှန်တရားကို မပြောရဲဘူး။ ခြစားတဲ့ ကိစ္စတွေ၊ လာဘ်စားတဲ့ ကိစ္စတွေ၊ လူသတ်တဲ့ ကိစ္စတွေ၊ လူ့အခွင့် အရေး ချိုးဖောက်တဲ့ ကိစ္စတွေလည်း အတိုက်အခံတွေထဲမှာ အများကြီး ရှိတယ်။  ဧရာဝတီကိုလည်း အတိုက်ခံတွေက ခါးပိုက်ဆောင် မီဒီယာ အဖြစ်နဲ့ မွေးချင်တာကို တွေ့ရတယ်။ အဲဒီတော့ ဦးကျော်ဇံသာ အတွေ့အကြုံတွေရော ဘာတွေရှိခဲ့လဲ။ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဝေဖန်ချင်လဲ။

ဖြေ။     ။ ခါးပိုက်ဆောင် မီဒီယာ အဖြစ်နဲ့ အသုံးပြုဖို့  ကြိုးစားခြင်းကို ကျနော်ကတော့ လုံးဝ ကန့်ကွက်တယ်။  တချို့ ဟိုတုန်းက ရှိတယ်လေ .... ပါတီသံယောဇဉ် ကင်းတဲ့ သတင်းစာ ဘာညာ ဆိုပြီးတော့။ အဲဒီသတင်းစာတွေကို တန်ဖိုးထားပြီး ဖတ်ဖို့ လိုအပ်ပါတယ်။ အဲဒီ သတင်းစာက ပိုပြီး တန်ဖိုးရှိတဲ့ သတင်းစာပဲ။ ပါတီကတော့ သူတို့ သဘောထားကို သူတို့ ထုတ်ချင်နေတာ။ ပါတီစာစောင်၊ ပါတီသတင်းစာ ထုတ်တာ ဘာမှ မပြောလိုပါဘူး။ သို့ပေမယ့်လည်း အဲဒီလို "ခါးပိုက်ဆောင်" ဆိုတဲ့ နာမည် ကိုယ်နှိုက်က အင်မတန် ဆိုးရွားတဲ့ အယူအဆ ဖြစ်နေပါတယ်။ မီဒီယာ လွတ်လပ်မှု မရှိတာဘဲ။ ခါးပိုက်ဆောင် ဖြစ်နေရတာဟာ ပြည်တွင်း ဖြစ်ဖြစ်၊ ပြည်ပ ဖြစ်ဖြစ် ဘယ်လိုမှ မသင့်တော်တဲ့ ကိစ္စ ဖြစ်ပါတယ်။

သတင်းသမားဟာ လွတ်လပ်စွာ ကြိုက်တယ်၊ မကြိုက်တယ် ရေးရင်တောင်မှ အဲဒီအယူအဆ ကို ဖော်ပြတဲ့ အပိုင်းတွေမှာ၊ သုံးသပ်ချက်တွေ ဘာတွေ ရေးတဲ့ အခါမှာတောင် အဓိက ကတော့ ပြည်သူတွေ အတွက် ဘာအကျိုးရှိမလဲ ဆိုတာကို စဉ်းစားပြီးတော့ ရေးရမှာပဲ။  မီဒီယာဟာ နိုင်ငံရေး သမားကို လမ်းညွှန်နိုင်တဲ့၊ ဦးဆောင် ခေါ်ယူနိုင်တဲ့ မီဒီယာမျိုး ဖြစ်သင့်တယ်။ နိုင်ငံရေးသမားနောက်က ဇွတ်လိုက်နေတဲ့ မီဒီယာ မဖြစ်သင့်ဘူး။

 

မေး။     ။  ကျနော်နားလည်တာ တခုကတော့ မီဒီယာသည် Public servant (ပြည်သူကို အလုပ်အကျွေးပြုသူ) ဖြစ်တယ်။

ဖြေ။     ။ မှန်တယ်။  Public servant,  Public interest (ပြည်သူရဲ့ အကျိုးစီးပွား)၊ သူတို့ရဲ့ အကျိုးစီးပွား အဓိကပဲ။

မေး။     ။ တဦးတယောက်ရဲ့ Mouth piece (အာဘော်) ဖြစ်ရင် ပြဿနာ ဖြစ်နိုင်တယ်။

ဖြေ။     ။ ဖြစ်နိုင်တယ်။ လုံးဝ ဖြစ်နိုင်တယ်။ ပြဿနာ လုံးဝ ဖြစ်နိုင်တယ်။

မေး။     ။ ဒီလိုဆိုရင် ကျနော်တို့ ခါးပိုက်ဆောင် မီဒီယာကိစ္စ၊  Mouth piece မီဒီယာကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ မီဒီယာတွေက ဘယ်အခန်း ကဏ္ဍကနေ ဦးဆောင်မယ်၊ သို့မဟုတ် နောက်လိုက်မယ်လို့ ထင်သလဲ။

ဖြေ။     ။ ရွေးကောက်ပွဲရဲ့ စံကတော့ တရားမျှတပြီး လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်ရမယ်။ ဒါမှ ပြည်သူ့ အကျိုးအတွက် တကယ် ရလဒ်ကောင်း ထွက်ပေါ်လာနိုင်မယ့် ရွေးကောက်ပွဲ ဖြစ်မယ်။ ဆိုတော့ တရားမျှတ၍ လွတ်လပ်သော၊ နိုင်ငံတကာစံရည် စံညွှန်း မီသော ရွေးကောက်ပွဲ ဖြစ်ရေး အတွက် မီဒီယာဟာ အဲဒီဟာကို Balance ဖြစ်အောင် (မျှတအောင်) တင်ပြပေးရမယ်။ အမှန်တရား ဖော်ထုတ်ပေးရမယ်။ မတရားတာဖြစ်နေရင် လူသိအောင် ပြောပေးရမယ်။ ဒါတွေဟာ မီဒီယာရဲ့ အခန်း ကဏ္ဍတွေပါပဲ။ မှန်ကန်သော ရွေးကောက်ပွဲ၊ တိုင်းပြည်အတွက် ပြည်သူ့အတွက် အကျိုးရှိသော ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မီဒီယာတွေဟာ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။

မေး။     ။ ဒီလိုဆိုရင် ပြည်တွင်းမှာရှိတဲ့ မီဒီယာနဲ့ ပြည်ပမှာရှိတဲ့ မီဒီယာတွေနဲ့ ကြားထဲမှာ သူတို့တွေမှာ ရှိတဲ့ စွမ်းအင်၊  ကန့်သတ်ချက်တွေ၊ အားသာချက်တွေ၊ အားနည်းချက်တွေနဲ့ ဘယ်လိုမျိုး Shape လုပ်ပေးနိုင်မယ် (ပုံဖော်ပေးနိုင်မယ်) ထင်သလဲ။

ဖြေ။     ။ အဲဒါကတော့ အခြေအနေပေါ်မှာ မူတည်တယ်။ ပြည်တွင်းမှာ ရှိတဲ့ မီဒီယာတွေကိုတော့ အစိုးရက အသုံးချမှာ သေချာတယ်။ ဘယ်လိုမှ သူတို့က လွတ်လွတ်လပ်လပ် လုပ်နိုင်မှာ မဟုတ်ဘူး။ သူတို့ အနေနဲ့ သိပ် အခက်အခဲတွေ ရှိပါလိမ့်မယ်။

မေး။     ။ ပြည်ပကျတော့ရော။

ဖြေ။    ။ ပြည်ပမှာလည်းပဲ ခက်တာက ပြည်တွင်းနဲ့ ဆက်သွယ်ပြီးမှပဲ လုပ်လို့ ရတာကိုး။ Citizen journalist (လူထု သတင်းသမား) လို့ ခေါ်တဲ့ ဘလော်ဂါတွေ၊ ဘာတွေ၊ နည်းမျိုးစုံနဲ့ Twitter (သတင်း အင်တာနက် ကွန်ရက်) တွေနဲ့ အီရန် တို့မှာ ပို့ကြသလို  အဲဒီလိုမျိုးတွေတော့ ထွက်လာမှာပဲ။ ဒါတွေကို စိစစ်ပြီးတော့ ကျနော်တို့ မှန်မှန်ကန်ကန် လုပ်ဖို့ လိုတယ်။

နောက်တခု ကျနော်ပြောချင်တာက မီဒီယာ သတင်းလောကမှာ ဆိုရိုးက ဘယ်သတင်း တပုဒ်မှ အသက်ကို စွန့်ရလောက်အောင် တန်ဖိုး မရှိဘူး။ အသက်ကိုတော့ တန်ဖိုး ထားတယ်ပေါ့။ ဒါပေမယ့် ဒီ ၂၀၀၉ ခုနှစ်က ကမ္ဘာမှာ မီဒီယာသမားတွေ အသတ်အခံရဆုံးနှစ် ဖြစ်တယ်။ ဖိလစ်ပိုင်မှာ သေသွားကြတယ်။ ကျနော်က ဘာမြင်လဲ ဆိုတော့ မီဒီယာသမားတွေဟာ မီဒီယာအကျိုး အတွက်၊ နိုင်ငံရေးသမား အကျိုး အတွက် အသေခံရတာ ဖြစ်သလိုပဲ နိုင်ငံရေးသမားအတွက် သွားရတာ၊ သူတို့ ခမျာ လိုက်သွားရတယ်၊ အဲဒီမှာ အသတ်ခံရတယ်။ အဲဒါမျိုးတွေက အင်မတန် ရင်နင့်စရာ ကောင်းပါတယ်၊ အမှန်တရားလည်း ဖော်ထုတ်ဖို့ လိုတယ်။ ဖိလစ်ပိုင်က သတင်းသမားတွေ ဒီလို အန္တရာယ်ရှိတဲ့ နေရာတွေ သွားတဲ့အခါ ဖြစ်နိုင်ရင် သူတို့နဲ့ အတူ မလိုက်နဲ့ပေါ့၊ သီးခြားလိုက်။

တခါတုန်းက BBC က သတင်းထောက်တယောက် အင်ဒိုနီးရှား ရောက်နေတယ်။ အင်ဒိုနီးရှား ရွေးကောက်ပွဲ အတွက်။ အဲဒီတုန်းက ဗိုလ်ချုပ်ဟောင်း ၀ီလန်တိုးကို သူအင်တာဗျူးတောင်းတော့  အချိန်မရှိဘူး၊ မင်း ငါ့ ဟယ်လီကော်ပတာနဲ့ လိုက်ခဲ့၊ ငါ ဘယ်ကို Campaign (မဲဆွယ်ခရီး) ထွက်မယ်။ BBC ကလည်း မလိုက်နဲ့၊ မင်း လိုက်လို့ မရဘူး။  မင်းလိုက်လို့ တခုခု ဖြစ်ရင် ခုနက ပြောသလို နိုင်ငံရေးသမားအတွက် သေသလို ဖြစ်မယ်။ အဲဒါမျိုးတွေ ဆင်ခြင်သင့်တယ်။ 

မေး။     ။ ဒါ့အပြင် မီဒီယာသမားတွေမှာလည်း ဘုန်းကြီးတွေလိုပဲ တကယ့် ကိုယ်ကျင့်တရား၊ ကျင့်ဝတ်က အလွန် ကြီးပါတယ်။ အဲဒီ အထဲမှာ အနည်းဆုံး အဆင့်ကတော့ တံစိုး လက်ဆောင် မယူရဘူး၊ လေယာဉ်လက်မှတ်တွေ မယူရဘူး ဆိုတဲ့ ကိစ္စတွေ ရှိကြတယ် ဆိုတော့။

ဖြေ။     ။   ကျနော်တို့ BMA အစည်းအဝေးကို တက်ပါတယ်။ အကုန် ကျနော်တို့က VOA စရိတ်နဲ့ လာပါတယ်။ သူတို့ ဆီက လေယာဉ် လက်မှတ် ပေးဖို့ ဟိုတယ် ပေးဖို့  လုပ်တယ်၊ ကျနော်တို့  လက်မခံပါဘူး။ 

မေး။     ။ BBC နဲ့ VOA တို့မှာ  ဦးကျော်ဇံသာ ဆိုပြီး ဦးကျော်ဇံသာရဲ့ အခန်းကဏ္ဍကို ပရိသတ်က စောင့်နားထောင်နေကြတာ ဖြစ်ပါတယ်။ တခါတလေကျတော့ Controversial (အငြင်းပွားစရာ) ဖြစ်တာတွေ အများကြီး ရှိခဲ့ဖူးတယ်။ တတိယ အသံတွေကို ထုတ်တဲ့ နေရာမှာ ဦးကျော်ဇံသာက တော်တော်ကို တော်တယ်လို့ ပြောကြတယ် ဆိုတော့ ဘယ်လိုမျိုး ရွေးထုတ်တာလဲ။

ဖြေ။     ။ ကျေးဇူးတင်ပါတယ်။  တတိယ အသံတွေ၊ ပြောချင်တဲ့ လူတွေ အဆင်သင့် ရှိနေကြတာပါပဲ။ အဲဒီလူတွေကို မေးရတာပေါ့။ မကြိုက်တဲ့ လူတွေလည်း အများကြီးပါပဲ။ ကျနော့်ဆီ ဒီ အီးမေးလ်ထဲမှာ မိုက်မိုက်ရိုင်းရိုင်း ရေးတဲ့စာအထိ ရှိတယ်၊ ကျနော်က ကျနော့် စားပွဲပေါ်မှာ ကပ်ထားတယ်။ ချီးကျူးတဲ့ စာတွေကိုတော့ ထားလိုက်ပါတော့။

မေးခွန်းတခုကို မေးမိတယ် "အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဘာဆက်လုပ်မယ် ဆိုတာ အခုထိ ပြည်သူတွေကို မပြောနိုင်သေးဘူး။  ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ" ဟား … ဌာနချုပ်ကို စော်ကားရကောင်းလား ဆိုပြီးတော့ သူတို့ကို ထောက်ခံသူတွေလား၊ ပြင်ပကလား မသိဘူး ကျနော့်ကို ရက်ရက် စက်စက် မေးကြတဲ့ သူတွေလည်း ရှိပါတယ်။ 

မေး။     ။ ဒီလိုဆိုရင် ဦးကျော်ဇံသာ  … တကယ်လို့ မြန်မာပြည်မှာ NLD  အာဏာရလာရင် ဗီဇာတောင် ရပါ့မလား။

ဖြေ။     ။ ကျနော့်ကို ဦးလွင် (NLD ခေါင်းဆောင်တယောက်) က ပြောခဲ့ဖူးတယ်။ ဦးလွင်က သူတို့ တွေက အသက်ကြီးနေပြီ ဒီပုဂ္ဂိုလ်ကြီးတွေက ဘယ်လိုဖြစ်နေတယ် ဆိုတာ ပြောမိတယ်။ ဒေါ်တင်ထားဆွေက မေးတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှု အုံးအုံးကြွက်ကြွက် ဖြစ်လာအောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဦးဆောင်နိုင်တဲ့ အခြေအနေ ရှိပါသလား  ဆိုတဲ့ မေးခွန်း ထုတ်မေးတယ်။ အဲဒီတော့ ကျနော်က ဒီပုဂ္ဂိုလ်တွေက အသက်ကြီးနေပြီ ဘယ်လို ဘယ်လို ဖြစ်တယ် ပြောလို့   စိတ်ဆိုးဆိုး မာန်ဆိုးဆိုးနဲ ပြောပြီးတော့လေ … ဒီကောင့်ကို ခေါ်ပြီး ခေါင်းဆောင်ခိုင်းပါလားတို့ ဘာတို့ သူပြောလာတာ ကြားရတယ်။ ဒါပေမယ့် မဟုတ်ဘူး၊ ကျနော်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဲဒီ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့၊ အမျိုးသား ညီလာခံကို သပိတ်မှောက်တဲ့ စည်းဝေးပွဲ ၂၀၀၄ခုနှစ်က ရန်ကုန်ကို ရောက်တဲ့ နေ့မှာပဲ အဲဒီကို သွားတယ်။ ခင်ခင်မင်မင်ပါပဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူတွေ ကျနော့်ကို ဖော်ဖော်ရွေရွေ၊ လှိုက်လှိုက်လှဲလှဲ ဆက်ဆံကြတယ်၊ နှုတ်ဆက်ကြတယ် သိပ်ကျေနပ်ပါတယ်။

မေး။     ။ ဘာကိုသွားသတိရလဲဆိုတော့ ဟိုဘက်မှာရော ဒီဘက်မှာရော တော်လှန်ရေး လုပ်သူတွေ၊ နိုင်ငံရေး လုပ်သူတွေ၊ ဒီမိုကရေစီရေး ကြွေးကြော်သူတွေက မီဒီယာကို အသုံးမချတတ်ဘူး ဆိုတဲ့ အသံတွေ အမြဲတမ်း ကြားရတယ်။ သဘောတူလား။

ဖြေ။     ။ အသုံးချဖို့ ကြိုးစားတယ်။ အသုံးချပါတယ်၊ တော်တော်များများ အသုံးချတာပဲ။ တချို့က သူတို့ အတွက် ကောင်းတဲ့ ကိစ္စကို ပြောချင်တယ်။  သူတို့ ကိုယ်တိုင် မီဒီယာကို စပြီး ဆက်သွယ်တာ ရှိတယ်။ သူတို့ အထိနာမယ့် ကိစ္စကျတော့ သူတို့ မပြောကြဘူး၊ ဒါဟာ နိုင်ငံရေး သမားရဲ့ သဘာဝပဲ။ ဒီဘက်နိုင်ငံမှာတင် မကပါဘူး။ နိုင်ငံတိုင်းမှာပဲ နိုင်ငံရေး လှုပ်ရှားတဲ့ နိုင်ငံရေး သမားဆိုတာဟာ သူတို့ ကောင်းတဲ့ သတင်းကျတော့ ပုံကြီးချဲ့ပြီး တင်ပြချင်ပေမယ့် သူတို့ မကောင်းတဲ့ သတင်းကိုတော့ ဖုံးဖိထားချင်တာကတော့ သဘာဝပဲ။

မေး။     ။ အဲဒီလို ဖုံးဖိတဲ့ အခါကျတော့ရော၊ အထဲမှာရှိတဲ့ မီဒီယာတွေကရော အပြင်မှာ ပိုပြီးတော့ လွတ်လပ်တဲ့ မီဒီယာတွေကရော အဲဒီကိစ္စတွေကို ပိုပြီးတော့ သေသေချာချာ ထုတ်ဖော်နိုင်သလား။ ဒါမှ မဟုတ်ရင်လည်း ရွှေဖော့တုံးလေး နဲ့ပဲ ရိုက်တာကို တွေ့ရသလား။

ဖြေ။     ။ အများပြည်သူ အကျိုး ရှိမယ် ဆိုရင်တော့ ဖော်ထုတ်ရမှာပဲ။ ဘယ်လောက် သက်ညှာသင့်သလဲ၊ ဘယ်လောက် ပြင်းပြင်း ထန်ထန် ရေးသား ထိုးနှက်သင့်သလဲ၊ ဘယ်လောက် ဖော့ပြီး ပြောသင့်သလဲ ဆိုတာကတော့ လူထု အကျိုးနဲ့ တိုင်းတာသင့်တယ်။ များများ ပြောလိုက်မှ ဖြစ်မယ် … ဒီကိစ္စမျိုးက ပြည်သူတွေ အတွက် ဘယ်လို အကျိုးရှိမယ်လို့ ထင်ရင်တော့ ပြောသာပြောပါ၊ အားမနာပါနဲ့။ ဒီဟာပြောနေလို့ လူထု အတွက် ဘာမှ အကျိုး မထူးဘူး ဆိုရင်လည်းပဲ မပြောဘဲထားရင်လည်း ဘာမှတော့ မဖြစ်ပါဘူး။ ဒါပေမယ့် ဘယ်လောက် ပြောဖို့ လိုတယ် ဆိုတာကိုတော့ မီဒီယာ သမားတိုင်း ချင့်ချိန်ဖို့ လိုတယ်။

မေး။     ။  ကဲ …  အဲဒီလိုဆို ကျနော်တို့ တကယ့်ကို အရေးကြီးတဲ့ လမ်းမတော်ဖိုးတုတ်ကြီးကို ကျနော်တို့ မေ့နေကြတယ်။ နအဖ စစ်အစိုးရနဲ့ ပတ်သက်ပြီး ပြောတဲ့ အခါ ကျနော်တို့ မီဒီယာတွေက ဘာလိုအပ်ချက်တွေ ရှိနေသလဲ။

ဖြေ။     ။ အခုက မြန်မာ နအဖ အစိုးရအကြောင်းကတော့ သိသင့်သလောက် အကုန်လုံး ပြောနေကြတာပဲ။ ပြည်သူတွေက ပိုတောင် သိနေတယ် ထင်ပါတယ်။ သူတို့က လက်တွေ့ခံနေရတဲ့လူတွေ ဖြစ်တဲ့ အတွက်ကြောင့် မြန်မာ ပြည်သူတွေက နအဖ အစိုးရအကြောင်းကို အများကြီး သိပါတယ်။ နအဖ အစိုးရက လူမသိအောင် ထိန်းချုပ်ထားတဲ့ ကိစ္စ၊ စီးပွားရေး  ဘာညာ အဲဒါမျိုးတွေပေါ့လေ။

မေး။     ။ နျူကလီးယားကိစ္စ၊ တိုင်းရင်းသားနယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကိစ္စတွေ၊ စီပွားရေး ကိစ္စ၊ သူတို့ အားလုံးကို ဦးပိုင်လုပ်နေတဲ့ ကိစ္စတွေ။

ဖြေ။     ။ ဒါတွေကတော့ မီဒီယာတွေ တာဝန်ကျေတယ် ထင်တာပဲ။ အခုထိတော့ ဒီဟာတွေကို အများဆုံး တွေ့နေရတာပဲ။

မေး။     ။ ဒါတွေကို တာဝန်ကျေတယ် ထင်တယ်ပေါ့။

ဖြေ။     ။ တာဝန်ကျေတယ် ဆိုတာကတော့ ပြည်ပမီဒီယာတွေမှာ ဒီသတင်းတွေကို အများဆုံး တွေ့နေရတယ်။ မဆိုးပါဘူး။ အများကြီး ရေးနိုင်ကြတာပဲ။

မေး။     ။ ဘယ်နေရာမှာ တာဝန်မကျေဘူးလဲ။

ဖြေ။     ။ သူတို့ကတော့ ဒီလောက်ပဲ တတ်နိုင်တာကိုး။ ဒီထက်ပိုပြီးတော့ ဘာများတတ်နိုင်မှာလဲ။ ဒါပေမယ့် အခုလို အခါမျိုးမှာ မီဒီယာတွေက နိုင်ငံရေး အကျပ်အတည်းမှာ ဘယ်လိုမျိုး ဦးဆောင်သင့်တယ်၊ ဘယ်လိုဖောက်ထွက်သင့်တယ် ဆိုတဲ့ ကိစ္စတွေကိုများ ဖော်ထုတ်ပြီးတော့ ပြောသင့်တဲ့လူတွေရဲ့ ပါးစပ်က ထွက်အောင် မေးမြန်း ဖော်ထုတ်နိုင်ရင် ကောင်းမလား။ အဲဒါမျိုးတွေလည်း ကျနော်တို့ စဉ်းစားမိပါတယ်။


မေး
။     ။ တတိယ အသံကို ဦးကျော်ဇံသာ ဘာကြောင့်  ဖော်ထုတ်ရတာလဲ။ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်လို့လား။


ဖြေ။     ။ စိတ်မပျက်ပါဘူး။ ကျနော့်စိတ်ထဲမှာ စိတ်ပျက်ခြင်း၊ စိတ်မပျက်ခြင်း ဆိုတာ မရှိပါဘူး။  လူထုကြားဖို့ လိုတယ်၊ သိဖို့ လိုတယ်၊ တတိယ အသံကလည်း မသေးဘူးလေ။ ဆိုတော့ အဲဒီလို ဖော်ထုတ်ပေးဖို့ လိုတယ်လို့ ကျနော်ထင်တာပဲ။ ဒါမှသာ ထောင့်စုံက မြင်ရမှာပေါ့။

ကျနော်တို့ မြန်မာနိုင်ငံဟာ စောစောက ပြောသလို အရာရာကို နိုင်ငံရေးနဲ့ တိုင်းတာတဲ့နိုင်ငံ ဆိုတော့ နာဂစ် လေမုန်တိုင်း တိုက်ခါစက နိုင်ငံရေး လေမုန်တိုင်း ဖြစ်သွားတာပေါ့။  ပြီးတော့ ထောင်တွေ နှစ်ပေါင်းများစွာ ကျတာတို့၊ အရာရာကို အဲဒီလို တိုင်းတာနေကြတာ ဆိုတော့ သတင်းစာ ဂျာနယ် ဖတ်ရင်လည်းပဲ ကိုယ်ကြိုက်တဲ့သတင်း၊ ကိုယ့်အာဘော်နဲ့ အနီးစပ်ဆုံး သတင်းစာကိုပဲ ဗမာလူမျိုးတွေက များသောအားဖြင့် ဖတ်ချင်ကြတာ။

မေး။     ။ ဗိုလ်ချုပ်ကြီးတွေကိုရော ဦးကျော်ဇံသာ ဘယ်နှစ်ယောက်နဲ့ အင်တာဗျူး လုပ်ဖူးလဲ။ ဘယ်နှစ်ခါ ကြိုးစားဖူးလဲ၊ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတွေ ဆိုရင် မီဒီယာကို ရှောင်နေကြတာ တွေ့ရတယ်။ အဲဒီ ကိစ္စတွေကို ဘယ်လို ထင်လဲ။ ပြောပါဦး။

ဖြေ။     ။ သူတို့ကတော့ ရှောင်မှာပဲ။ မီဒီယာဆိုတာ သူတို့ကို ဖော်ထုတ်မှာ။ သူတို့တွေက မီဒီယာ အတွေ့အကြုံ အစဉ် အလာလည်း မရှိခဲ့တာ၊ သူတို့ရဲ့ စစ်အာဏာရှင် စနစ်ကို မွေးဖွားပေးခဲ့တဲ့ ဗိုလ်ချုပ် နေ၀င်းက အစ မီဒီယာကို ဘယ်လောက် မုန်းတယ် ဆိုတော့ ဒီဟာတွေက သူတို့ဆီမှာ ဆက်ပြီးတော့ ပါလာတာပဲ။ ကျနော် တက်တဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနဲ့ တွေ့ဖူးတယ်၊ ကျနော်သူ့ကို မေးတယ်၊ တော်တော်လေး တင်းတင်း ကျပ်ကျပ် မေးတာ မဟုတ်ဘူး၊ သူ ပြန်ကြားရေး ၀န်ကြီး ဖြစ်နေပေမယ့် မြန်မာပြည် သတင်းစာမှာ ဖော်တောင် မဖော်ပြဘူး။ နောက် … ဟိုတုန်းက နိုင်ငံခြားရေး ၀န်ကြီး ဦးဝင်းအောင် ကျနော်က အာဆီယံအစည်းအဝေး တွေမှာ မကြာခဏ တွေ့ဖူးတယ်၊ ပြီးတော့ ဗိုလ်ချုပ် အေဘယ်လ်။

ဦးဝင်းအောင်တို့၊ ဗိုလ်ချုပ်အေဘယ်လ်တို့ကတော့ မူဝါဒအရ ထိမှာကို ကြောက်တယ်။ သူတို့လည်းပဲ ၀န်ထမ်းတွေပဲ။ နိုင်ငံရေးသမားဘ၀က လာတဲ့ သူမှ မဟုတ်တာ။ သူတို့ ရာထူးအတွက်တော့ သူတို့ စိုးရိမ်မှာပဲ။ အထူး သတိထားပြီး ပြောတယ်။ ဒါပေမယ့် မီဒီယာနဲ့ စကားပြောရမှာကို သူတို့က သိပ်ကြောက်တဲ့လူလို့ ကျနော် ထင်တယ်၊ တချို့ ဗိုလ်ချုပ်တွေပေါ့လေ။ ဒါပေမယ့် အထက်က ဗိုလ်ချုပ်တွေကတော့ မီဒီယာတွေကို ပြောလေ့ဆိုလေ့ မရှိတော့၊ တကယ်တော့ သူတို့ အတွက်လည်း ဆုံးရှုံးတာပဲ။ သူတို့တွေလည်း ပြောပါ၊ ကျနော်တို့က မေးသင့်တဲ့ မေးခွန်းကို မေးမှာပဲ။ အဲဒါပဲ ဖြစ်စေချင်တယ်။

မေး။ ။ အခု ရွေးကောက်ပွဲကလည်း နီးလာပြီ။ ဘယ်တော့လဲတော့ မသိဘူးပေါ့လေ။ အားလုံးကတော့ ၁၀ ရက်၊ ၁၀ လ အဲလိုတော့ ပြောကြတာပဲ။ ယတြာ ချေတာလားတော့ မသိဘူး။ အဲဒီကာလ နီးတဲ့ အချိန်မှာ ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍက ပိုပြီးရှိလာမယ် ထင်သလား၊ ပိုကျပ်လာမယ် ထင်လား။

ဖြေ။ ။ ပိုကျပ်လာမယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု သူတို့ လုပ်နေတာတွေက အဲဒီအတွက် ကြိုတင် လမ်းခင်းတဲ့ အနေနဲ့ တကယ်လို့ ဖွင့်ပေးချင်တယ် ဆိုရင် နိုင်ငံတကာက ဟာ … ဒီလူတွေ တကယ် ရိုးရိုးသားသား လုပ်မှာပါလားဆိုတဲ့ အထင် ရောက်အောင် နမူနာလောက် ဖွင့်ပေးတာတောင်မှ မတွေ့ရဘူး။ မီဒီယာ သမားတွေကို ပိုပြီးတော့ တင်းတင်း ကျပ်ကျပ် ချုပ်ကိုင်ဖို့ ကြိုးစားလာ တွေ့ရတယ်။ ဒါပေမယ့် ရုန်းထွက်ကြမှာပဲ။ ဘလော့ဂါတွေ ဘာတွေက အများကြီး လက်သွက်နေကြပြီ။ အစိုးရ ထိန်းချုပ်နိုင်တဲ့ ဘောင်ကို ကျော်ပြီးလို့ သူတို့ နည်းပညာတွေက ကျယ်ပြန့်နေပြီ ဆိုတော့ ကြိုးစားမှုတွေ အများကြီး ရှိလာပါလိမ့်မယ်။

မေး
။ ။ VOA မှာ အခု လုပ်နေတဲ့ ဦးကျော်ဇံသာတို့ကရော ဘယ်လောက်ထိ သတင်းတွေ ရနိုင်မယ် ထင်လဲ၊ ဘာတွေ ပြင်ထားလဲ။

ဖြေ
။ ။ ကျနော်တို့ကတော့ မျှော်လင့်ထားတာပဲ။ ကျနော်တို့ဘက်ကတော့ အဆင်သင့်ပါပဲ။ အဲဒီသတင်းတွေ ထွက်လာရင် ကျနော်တို့ ဒါကို မှန်ကန်မှုကို စိစစ်ပြီးတော့ အတတ်နိုင်ဆုံး ကြိုးစားပြီး ပြည်သူတွေကို တင်ပြသွားဖို့ စီစဉ်ထားပါတယ်။

မေး။ ။ ဦးကျော်ဇံသာ က BBCမှာလည်း လုပ်ခဲ့တယ်၊ ပြီးတော့ VOA ကို ရွှေ့သွားတယ်။ ဘယ်မှာ ပိုပြီးတော့ လုပ်ရတာ ပျော်လဲ။ ပိုပြီးတော့ စိတ်ကျေနပ်မှုရှိလဲ။

ဖြေ။ ။ ကျနော်က အိမ်ပြောင်းရသလိုပါပဲ။ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် ပြောင်းလိုက်တယ်။ ဒါပေမယ့် ကိုယ့်ပုံမှန် အတိုင်းပဲ ပျော်ပျော်ရွှင်ရွှင် နေပါတယ်။ အိမ်ကြီးတာ အိမ်ကျယ်တာထက် ကျနော့်ရဲ့ နေရာ ထိုင်ခင်းလေးကို သန့်သန့် ရှင်းရှင်းလေး လုပ်ပြီးတော့ ကျနော် ဖတ်ချင်တဲ့၊ မှတ်ချင်တဲ့ စာအုပ်စာတမ်းလေးတွေ ထားပြီးတော့ ကျနော် ကျယ်ကျယ် ပြန့်ပြန့် ဖတ်နေသလိုပါပဲ။

မေး။ ။ အယ်ဒီတာ့အာဘော် မူဝါဒရော။ ဘာဖြစ်လို့လဲ ဆိုတော့ BBCတို့ VOAတို့ ဆိုတာကလည်း အမေရိကန်အစိုးရတို့၊ ဗြိတိသျှအစိုးရတို့ အောက်က ဆိုတော့။

ဖြေ။ ။ လုပ်ပိုင်ကိုင်ပိုင်ခွင့်တွေ အများကြီး ရှိပါတယ်။ သူတို့က များများ ထိန်းချုပ်တဲ့ ဌာနနဲ့ နည်းနည်း ထိန်းချုပ်တဲ့ ဌာန ဆိုတာ ဘယ်လိုပဲ ရှိရှိ တခုကတော့ VOA ကတော့ အစိုးရရဲ့ အာဘော် ဖြစ်ပါတယ် ဘာညာ ဆိုတာတွေကို ဖော်ပြခိုင်းတာ ရှိတဲ့ အတွက်ကြောင့် သူ့ရဲ့ Image (ပုံရိပ်)ကတော့ အစိုးရရဲ့ လွှမ်းမိုးမှု အောက်မှာ ပိုရှိတယ်လို့ အထင်ခံရတာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာ ဌာနအနေနဲ့ လုပ်နေကိုင်နေတာကျတော့ ကိုအောင်ဇော်တို့ အပါအ၀င် ပရိသတ်တွေလည်း အားလုံး သိတဲ့ အတိုင်း သူတို့က ပိုပြီး ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ကျနော်တို့က VOA က မို့လို့ ဗမာသတင်းတွေကို လွတ်လွတ်လပ်လပ် မပြောပါလား ဆိုတာ တခါမှ မရှိဘူးလို့ မထင်နဲ့ ။ ဟိုက ပြောသလောက် ဒီကလည်း ပြောနေနိုင်တယ် ဆိုတာ တွေ့ပါတယ်။ ကျနော့် ရေဒီယို အသံလွှင့် အစီအစဉ်ကိုလည်း ကျနော် အဲဒီအတိုင်းပဲ BBC မှာ လုပ်ခဲ့တဲ့ ပုံစံ အတိုင်းပဲ ကျနော် ပြောတယ်၊ မေးတယ်၊ အဲဒီလို လူတွေပဲ ကျနော် ဆက်သွယ်ပြီးတော့ လုပ်နေတာပါပဲ။

မေး
။ ။ သတင်းစာဆရာတယောက်မှာ သူ့ရဲ့ တာဝန် ၀တ္တရားနဲ့ စေတနာ အရင်းခံဆိုတာ ရှိဖို့လိုတယ် ဆိုတော့ အဲဒီ ကိစ္စလေးကို အကျဉ်းချုပ် ပြောပြပေးပါလား။

ဖြေ။ ။ ဟုတ်ကဲ့ စေတနာရှိဖို့ လိုပါတယ်။ စေတနာ မရှိရင် ဘာလုပ်လုပ် အောင်မြင်မှု မရှိဘူး။ နောက်ပြီး ဦးတည်ချက် လွဲနေမယ်။ လူထုအတွက် အကျိုးရှိတဲ့ သတင်း ဖြစ်ရမယ် ဆိုတဲ့ စေတနာဟာ အဓိက ထားပြီးတော့ ပြောဖို့ လိုပါတယ်။ မျှတအောင် ကြိုးစားရမယ်။ သမာသမတ် ရှိရမယ်။ တယောက်တည်းကို တဖက်သတ် လိုင်းပေးတာ မဟုတ်ဘဲနဲ့ ဟိုဘက်က လူရဲ့ အသံနဲ့လည်း အမြဲတမ်း ညှိဖို့ လိုအပ်ပါတယ်။ အဲဒီ နေရာမှာ ဘာကြောင့် ဟိုကောင့်ကို တင်ပေးရလဲ ဆိုတော့ ဟိုကောင့်မှာရော ပြောခွင့် ဘာကြောင့် မရှိဘူးလို့ ခင်ဗျား ထင်သလဲ လို့ မေးရမှာ ဖြစ်တယ်။ သူလည်း လူပဲ၊ သူလည်း မြန်မာနိုင်ငံသား၊ သူ့မှာလည်း အခွင့်အရေး ရှိတယ်၊ သူ့မှာလည်း ပရိသတ် ရှိတယ်။

မေး။ ။ စေတနာ အရင်းခံသော်လည်းပဲ သတင်းထောက်တွေ၊ သတင်းစာဆရာတွေ၊ ရေဒီယို သတင်းထောက်တွေ၊ ဦးကျော်ဇံသာတို့ ကျနော်တို့က အစ လူမုန်းခံရတာ၊ လူချစ်ခံတာတွေရှိတယ်နော်။

ဖြေ။ ။ ဒါကတော့ လက်ခံထားပါ။ ကျနော် BBC မှာ လုပ်ခါစတုန်းက လယ်ရီဂျေဂင်က ဒေသဆိုင်ရာ အယ်ဒီတာ၊ သူ့ကို ကျနော်က သံတမန် တယောက် ပြောတဲ့ စကားလို ပြောတယ်။ အဲဒီ သူက ဘာပြောလဲဆိုတော့ သံတမန် ဆိုတာ Professional liar တဲ့။ အသက်မွေးဝမ်းကြောင်းမှု အရ ညာနေရတာ၊ ထားလိုက် တဲ့။ ငါတို့ သတင်းထောက်တွေရောကွာ ဆိုတော့ ငါတို့က အမှန်ကို အမြဲတမ်း ပြောနေတဲ့ အတွက် လူတွေ အမြဲတမ်း မုန်းမှာပဲ၊ ဒါသဘာဝပဲ တဲ့။

မေး။ ။ ကျနော်တို့လည်း ပစ်စာတွေ၊ ဆဲစာတွေ မကြာခဏ ရပါတယ်။ ဒါကိုပဲ ကျနော်တို့က အလွန် ဂုဏ်ယူပါတယ်။ မရတဲ့နေ့ဆိုရင် ကျနော်တို့ ပျင်းတောင် ပျင်းတယ် ဆိုတော့ ဦးကျော်ဇံသာတို့လည်း အဲဒီလိုပဲ ထင်ပါတယ်။ ကျနော်တို့ ဆက်ပြီး အလုပ်လုပ်ကြမှာပဲ။

ဖြေ။ ။ ဟုတ်ပါတယ်။ အမှန်ကို ပြောလို့ အဆဲခံရတာ ကိစ္စမရှိပါဘူး။

မေး။ ။ နောက်ဆုံးမေးခွန်းကတော့ ခပ်ပေါ့ပေါ့ ပါပဲ။ ဧရာဝတီကို ဝေဖန်စရာရှိတာတွေ ဝေဖန်ပေးပါ၊ ပြောစရာ ရှိတာ ပြောပေးပါ။

ဖြေ။ ။ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာချုပ်ရဲ့ ရှေ့မှာ ဝေဖန်ရမယ်ဆိုရင် သိပ်မကောင်းဘူး ထင်ပါတယ်။ (ရယ်လျက်)

ကောင်းပါတယ်။ ဧရာဝတီ မဂ္ဂဇင်းဟာ ကျနော် အွန်လိုင်းမှာ နေ့တိုင်း လိုလို ဖတ်တဲ့အပြင် တခြား ဆောင်းပါး တွေလည်းပဲ ကျနော် မကြာခဏ ဖတ်ပါတယ်။ ဧရာဝတီ ဆွေးနွေးခန်း (သောကြာစကားဝိုင်း) ကိုလည်းပဲ ကျနော် အားတဲ့အခါ နားထောင်ဖြစ်ပါတယ်။ ဧရာဝတီ မဂ္ဂဇင်းဟာ အကျိုးရှိတယ်။ ဖြစ်နိုင်ရင် ဗမာပြည်ထဲကိုလည်း ဒီလို စာစောင်မျိုး များများ ရောက်ပါစေလို့ ကျနော် ဆုတောင်းပါတယ်။

Comments (14)Add Comment
0
လူထုအကျိုးအတွက် ကြည့်စေချင်
written by ko gyi, March 22, 2010
မီဒီယာက လူထု အကျိုးအတွက် ကြည့်စေ ချင်ပါတယ်။ ကိုယ့်အကျိုး စီးပွါး အတွက် မီဒီယာ ဆိုတာ ဘက်မလိုက်ရဘူး ဆိုပြီးတော့ နအဖ လိုလားသူတွေကိုပဲ ညီလာခံမှာ သတ်သတ် ပွဲထုတ်ပြီး စီစဉ်တာတော့ တော်တော်လေး အရုပ် ဆိုးပါတယ်၊ လူအများ သတိ ထားမိကြပါတယ်၊၊
0
ဦးကျော်ဇံသာ အလွဲများ
written by ဦးသာဇံကျော်, March 21, 2010
မြန်မာပြည်က အာဏာရူးတွေ လက်အောက်မှာပဲ ရှိသေးတယ် ဆိုတာ သိထားအုံးဗျ။ မြန်မာပြည် ဒီမိုကရေစီ ရအောင် အရင်ဆုံး ခင်ဗျားတို့ ကျုပ်တို့ ကြိုးစားကြ ရအုံးမယ်။ ကျန်တာ နောက်မှ ပြောကြပါစို့ ရဲ့ ။
0
I agree with ko Nyo.
written by Kyaw, March 19, 2010
အထူးသဖြင့် အခုလိုမျိုး ရွေးကောက်ပွဲ အသစ်တခုနဲ့=ကုံရ တဲ့အခါမျိုးမှာ ၈၈-အခြေခံ- မီဒီယာ သမားတွေ။ ၉၀- အခြေခံ မီဒီယာသမားတွေရဲ့ ဒေါင်ဒေါင်မည်မ×ဟာ တကယ့်အစမ်းသပ် ခံကာလ လို့ ကျနော်ကတော့ မြင်ပါတယ်။
တက်=ကွသူတ ဖြစ်လဲ နောက်ပေါက်မီဒီယာ-သမားတွေ ဘယ်လောက်အထိ တွေးခေါ်စဥ်းစားပုံလွတ်လ ပ်သလဲ။ နိုင်ငံရေးလောင်းရိပ်အောက်က ကင်းလွတ်သ လဲဆိုတာကို ပရိတ်သတ်က အကဲဖြ တ်ပါလိမ့်မယ်။

အဲ- ကျနော်တို့က ဦးကျော်ဇံ သာ-ကို စံထားပြီးေ ဒါင်ေ ဒါင်မည်- မီဒီယာ-ဆိုပြီးပြောနေပေမဲ့ ရှေ့မီ-နောက်မှီ (နိုင်ငံရေး အမြင်များ လွန်းသူ တော့ ကျနော်တ ဦးတည်းကြ င်ပါတယ်) သတင်းစာ ဆရာ=ကီး လူထုစိန်ဝင်း ကတော့
နုိင္ငံေ ရးလြတ္လ ပ္ခြင့္မရွိဘဲ မီဒီယာ- လြတ္လပ္ခြင့္မရွိ။ ဒ ါေ=-ကာင့် နိုင်ငံရေးပြောင်း အောင်လုပ်ရေးဟာ မီဒီယာ- သမားေ တွမှာလဲ တာဝန်ရှိတယ်လို့ လွန်ခဲ့တဲ့ ၂-နှစ်ခန့်က ဘီအမ်အေ-ညီလာခံအတွက် ပေးပို့တဲ့ ဒါမှမဟုတ် အဲဒီ ကာလ အတွင်း အသံလွင့် ဌာနတွေက မေးမြန်းခ န်းအတွင်း ပြောခဲ့ဖူး တယ်ဗျ။
ဒါကလဲ ဒီနေ့ ဒေါင်ဒေါ င်မြည်ဖို့ ကျိုးစားနေတဲ့ နောက်ေ ပါက် မီဒီယာ-သမားတွေရော။ ပရိတ်သတ်ေ တွရော ထည့်သွင်း စဉ်းစား သင့်တယ်လို့ ထင်ပါ တယ်။

ချုပ်လိုက် ရင်တော့ဗျာ။ မီဒီယာသမားတ ဦးချင်းရဲ့ တကယ့်အရ ည်အသွေး ဟာ တိုင်းပြ ည်လွတ်လ ပ်ပြီး သင်ကိုယ်တိုင် (ဒိုနာနဲ့ အစိုးရ ထောက် ပံ့ေ=ကးမပါဘဲ) မီဒီယာတ ခုကို ဦးစီးလု ပ်နိုင်တဲ့အခါကျမှ ပရိတ်သ တ်က ဆုံးဖြ တ်နိုင်မယ်လို့ ကျနော်ကတော့ ထ င်ပါတယ်။

ဒေါင်ဒေါင်ြ မည်ဖို့ ကျိုးစားနေ ဆဲဖြစ်တဲ့ ပြ ည်ပရောက် နောက်ပေါက်-မီဒီယာ-သ မားတဦး။
0
...
written by Ko Nyo, March 16, 2010
ဒေါင်ဒေါင်မြည် မီဒီယာ သမားဖြစ်ဘို့ ဒေါင်ဒေါင်မြည် ကျောထောက် နောက်ခံလည်း ရှိဘို့ လိုတာပေါ့ဗျာ။ ပထမအချက်က အယ်ဒီတာလည်း ဒေါင်ဒေါင်မြည်ဘို့  လိုမယ် ထင်တယ်။
သတင်းထောက်က လွတ်လပ်ပြီး ဒေါင်ဒေါင် မြည်ချင်ပေမဲ့ အယ်ဒီတာက အသံ မမြည်ရဲသူ ဒါမှမဟုတ် ကိုယ်ကျိုး ကာကွယ်သူ နို့မဟုတ် သတင်းထောက်ကိုလည်း ပံ့ပိုးမှုနည်း သတင်းထောက်ကို နင်းပြီး မိမိ ထင်ပေါ် ကျော်ကြားမှုကိုဘဲ ရှေ့ တန်း တင်ချင်သူ ဒီထက် ပိုပြောရရင် သတင်းသမား စိတ်နဲ့ အယ်ဒီတာ့ အရည် အသွေး စံမမှီသူနဲ့ တိုးရင်လည်း အဲဒီ သတင်းထောက်ဟာ ဒေါင်ဒေါင် မမြည် အညွန့် တလူလူ မထွက်နိုင်ပါဘူး။
ဒုတိယ အချက်က အဲဒီသတင်းဌာနကို ဦးဆောင်နေသူတွေက တကယ်ဘဲ သတင်းလောက သာမက အများ ပြည်သူနဲ့ လူ့ အဖွဲ့ အစည်းရဲ့ အကျိုးစီးပွားကို အလေးအနက် မရှုမြင်ရင် ဒါမှမဟုတ် မိမိတို့ ဝါဒ အတွေးအခေါ်နဲ့ အကျိုး စီးပွားကိုသာ ဦးစားပေးတဲ့ အစိုးရ အဖွဲ့ အစည်း လူပုဂိုလ် တွေဆိုရင်လည်း ဘယ်လောက်ဘဲ လွတ်လပ်တဲ့ စိတ်နဲ့ ဒေါင်ဒေါင် မြည်လိုတဲ့ သတင်းထောက် တွေပဲ ရှိနေပါစေ လွတ်လပ်တဲ့ သတင်းဌာနတော့ ဖြစ်မလာနိုင်ဘူး လို့ ထင်တယ်။ ချုပ်ပြောရရင် ဒေါင်ဒေါင်မြည် သတင်းထောက်တွေ ပေါ်ထွန်းလာဘို့ စေတနာ မှန်တဲ့ ဒေါင်ဒေါင်မြည် အယ်ဒီတာတွေ ဒေါင်ဒေါင်မြည် သတင်းဌာနတွေ ဒေါင်ဒေါင်မြည် မီဒီယာ အုပ်ချုပ်သူတွေလည်း အမှန်တကယ် လိုအပ်ပါတယ်ဗျာ။

ဒေါင်ဒေါင်မြည် သတင်းထောက် ကိုညို။
0
Must know
written by Must to know, March 16, 2010
ဦးကျော်ဇံသာတို့က အပြောနဲ့ အလုပ် ညီတယ်။ ဖြောင့်မတ်တယ်။ ဒါပေမဲ့ ထောက်ခံသူများများ မရှိရင် ဒဏ္ဍာရီထဲက သူရဲကောင်း ပုံပြင်လို တချိန်ကျရင် ဒီလိုလူမျိုး တကယ် ရှိခဲ့သလားလို့ ဆိုစရာ ဖြစ်နေတော့မှာပဲ။ များများ ပြန့်နှံ့အောငှ် စည်းရုံး လှုပ်ရှားမှုမျိုးတောင် လုပ်သင့် သလားပဲ။
0
...
written by htay tint, March 16, 2010
ဦးကျော်ဇံသာတို့ ဆွေးနွေး သွားတာ ကြိုက်တယ်ဗျာ ။
ကချင် ကျောင်းသား အသတ်ခံရမှု ။ ကိုဌေးနိုင် အသတ်ခံရမှုတွေ ပြန်ပေါ်လာပြီ ။
တော်လှန်ရေး ဦးဆောင် နေသူတွေ ချစားတာတွေ မတရားတာတွေ လူသတ် တာတွေကို ထုတ်ဖေါ်ရမဲ့ အချိန် ရောက်ပြီ ။

ပြည်ပ မီဒီယာတွေကလည်း အသတ်ခံရတဲ့ ကျောင်းသားတွေ သတင်း ဝိုင်းဝန်း ဖျောက်ဖျက်ဖို့ မကြိုးစားပါနဲ့။
0
လေးစားလျှက်
written by boman, March 16, 2010
မီဒီယာအတွက် ရှားပါး မီဒီယာ သမား ဆိုတာ ဆရာ ဦးကျော်ဇံသာ ကို ပြောတာနှင့် တူတယ်။ တကယ့် နမူနာ စံပြ တဦးပါ။ ဂုဏ်ယူ လေးစားလျှက်ပါ။ ကျနော်တို့  ရပ်ကွက်မှာဆို BBC, VOA နားထောင်ချိန် နီးနေပြီလို့  မပြောပဲ ဦးကျော်ဇံသာ လာတော့မယ် လို့ တောင် ပြောနေကြလေရဲ့  ဆရာ။
0
...
written by son of peasants, March 16, 2010
I can agree with you in many parts( To: written by revoultion, March 16, 2010).

I have experienced with some media. They did interviewed me because - what I´m sure is - they can not get the subject except me. When they use my interview they cut/ delete only one related sentence - international peace ( NAING NGAN DA KAR NYEIN CHAN YAY).

When I read and listen them, oh...! I was shocked terribly. Really ugly. We, society can accept disqualified and bad behavior but not ugly one.

I dare to say is they are pushing themselves in the slavery minded, no one ( donor or other income sources) guide them to go in that way. May be their poor knowledge in media and fear mislead them.
0
media should be a balancer between the two extremes
written by Sai Myanmar, March 16, 2010
Sayar U Kyaw San Tha,
You did a very good job in balancing the two extremes. If we love to see a genuine democracy, debate is essential and needs to be growing. Normally, people who discussed on air do not want to hear the good things of SPDC and the bad things of NLD. We must understand this as it is human nature. However, like you said, if such kinds of information are not aired to public, it is difficult to choose the right way for our national interests. Not many people know how to do or decide the right things if there is no enough information. This also applies to politicians. Also, like a general told you once, we must read, listen and explore things that are advantaged for the country. In this sense, media has a major role in it. Carry on Sayar...
0
neutral in situations of injustice
written by Ko Ko, March 16, 2010
I dont like Kyaw zan Tha. and cant accept his idea..remember this..
If you are neutral in situations of injustice, you have chosen the side of the oppressor.
0

written by ဒေါင်ဒေါင်မြည် မီဒီယာသမား, March 16, 2010
ဒေါင်ဒေါင်မြည် မီဒီယာသမားများ ရှိနေသည်။ ဒါပေမယ့်
ပြုစုပျိုးထောင်ေ ပးမယ့် သူတွေက မရှိဘူး ဖြစ်နေတယ်။
0
invest more, learn more and train more
written by son of peasants, March 16, 2010
Yes! U Kyaw Zan Thar, Most of the journalists need to be trained in professional way. Here I say not inside but out side Burma.

One of my teachers said that some one hold a PhD in the other subject from the world famous university. But journalism is journalism, very purely. He or she can´t be a journalist in standard and acceptable way.

Investment, learning and training is more needed in media in exile.
0
what will happen if donors stop funds for Burmese media?
written by revoultion, March 15, 2010
Most of the Burmese media (exile) appeared after the people uprising and collapse of armed struggle especially with the help of donors around the world who want to promote democracy in Burma. Even BBC, VOA, RFA and DVB, all are relying the support of related governments and donors.

Never forget that point!!!!!!

They never scarified their lives as the revolutionaries, they are just like NGOs based on their own interests.

What will happen if the donors stop funds for all Burmese media in exile?
0
goodie good
written by dhoongjhaan, March 15, 2010
ဂျာနယ်လစ်တွေ အတွက် စံနမူနာ ယူရမယ့် ပုဂ္ဂိုလ်တွေပဲ။ ဦးကျော်ဇံသာရဲ့ စိတ်နေ သဘောထားကို ကြိုက်တယ်။ smilies/smiley.gifsmilies/smiley.gifsmilies/smiley.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်