မြန်မာဘာသာဖြင့် ပြည်ထောင်စု သတင်းစာ ထုတ်ဝေသည့် ကိုအောင်ထွန်းဦးက သူ ဖမ်းဆီးခံရသည့် စနေနေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီသို့ တယ်လီဖုန်းဆက်ပြီး အကြောင်းကြားခဲ့သည်။ ထိုစဉ်က သူ့အား ဖမ်းဆီး ခေါ်ဆောင်သွားသည့် လော်ရီကားပေါ်တွင် မြန်မာပြည်သား အလုပ်သမား ၆၀ ခန့်ကို တွေ့ရသည်ဟု သူက ပြောသည်။
ထိန်းသိမ်းခံနေရသည့် NLD-LA အဖွဲ့ဝင်များမှာ ကိုမောင်မောင်၊ ကိုမိုးမြင့် နှင့် အမည်မသိရသေးသူ ၂ ဦးတို့ ဖြစ်သည်။
“သူတို့ လွတ်မြောက်ဖို့ အတွက် ကျနော်တို့ အခု ရဲစခန်းကို သွားနေကြတယ်” ဟု NLD-LA မလေးရှားဌာနခွဲ အတွင်းရေးမှူး ကိုအောင်ကျော်ဆက်က ဧရာဝတီသို့  ပြောသည်။
ကိုအောင်ထွန်းဦး အပါအ၀င် ဖမ်းဆီးခံရသူတချို့သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပေးအပ်ထားသည့် ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားကြသည်ဟု သိရသည်။
“အခု UNHCR ရုံးကို ရောက်နေတယ်။ အောင်ထွန်းဦးဟာ UNHCR ကတ် ကိုင်ဆောင်ထားသူ ဆိုတော့ သူတို့ လိုက်ထုတ်ပေးရင် ရမယ် ထင်လို့  လာစောင့်နေတာ” ဟု နိုင်ငံရေး အဖွဲ့အစည်း တခု ဖြစ်သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၏ နာယက ဦးသန်းဖေက ပြောသည်။
ထိန်းသိမ်းခံထားရသူများ မည်သည့်အချိန်တွင် ပြန်လည် လွတ်မြောက်မည်ကို မသိရသေးပေ။
ပြီးခဲ့သည့် ၂ ရက်အတွင်း မြန်မာအများစု ရှိသော ကွာလာလမ်ပူ မြို့လယ်မှ ဇေယျာ စားသောက်ဆိုင် အနီးတ၀ိုက်၊ တရုတ်တန်း၊ ကိုတရာယဈေး စသည့် ဒေသများတွင် အဖမ်းအဆီးများ ထူထပ်ခဲ့သည်။
မလေးရှားနိုင်ငံတွင် မြန်မာနှင့် တောင်အာရှ နိုင်ငံများမှ အလုပ်သမား အများအပြား တရားမဝင် နေထိုင်ပြီး အလုပ် လုပ်ကိုင်လျက်ရှိသည်။
မလေးရှားအာဏာပိုင်များသည် တရားမ၀င် ၀င်ရောက်လာသူများအား နှိမ်နင်းရန် ယမန်နှစ်က စစ်ဆင်ရေး ၇၀၉၉ ကြိမ် ဆင်နွှဲခဲ့သည်။ ယင်းစစ်ဆင်ရေးများအတွင်း ၄၇၃၁၀ ဦး အဖမ်းခံခဲ့ရသည်။ ၂၆၅၄၅မှု မှာ တရားမ၀င် ၀င်ရောက်မှု ဖြစ်ပြီး ၈၆၅၅ မှုမှာ ဗီဇာသက်တမ်း ကုန်ဆုံးမှု ဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းရေးစခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းခြင်းကြောင့် ကူးစက်ရောဂါများ ဖြစ်ပွားပြီး သေဆုံးသည့် သတင်းများ မကြာခဏ ထွက်ပေါ်လျက်ရှိသည်။
Set as favorite
Bookmark
Email this
Hits: 3281
Comments (0)

Write comment
| < Prev | Next > |
|---|







