ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး NLD ဆုံးဖြတ်တော့မည်

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရပ်တည်ရေးနှင့် ပတ်သက်ပြီး မတ်လ၂၉ ရက်နေ့တွင် ကျင်းပမည့် ပါတီ ဗဟိုဦးစီးများ အစည်း အဝေးမှ ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း ယနေ့ ဆွေးနွေးခဲ့ ကြသည်ဟု NLD က ပြောသည်။

ရန်ကုန်မြို့ NLD ရုံးချုပ်၌ ယနေ့ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီခွဲ အထိ ကျင်းပသော အစည်း အဝေးတွင် ယင်းသို့ ပါတီ ရပ်တည် ရေးနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ တဦး ဖြစ်သည့် ဦးခင်မောင်ဆွေက ပြောဆိုသည်။

“ဒီနေ့ အစည်း အဝေးဟာ ပါတီ ဆက်လက် ရပ်တည်ရေး အတွက် ပါသလို၊ ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ တွေဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အညီ ပါတီတွေ ဖွဲ့နိုင်တဲ့ အနေ အထားကို ရောက်မလာတဲ့ အတွက်ကြောင့် ဒီဥပဒေ အပေါ်မှာ ရင်ဆိုင် သွားမယ် ဆိုတဲ့ သဘောာထား တရပ်ကို ဒီနေ့ချမှတ် ဖြစ်ကြပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

NLD သည် ပြီးခဲ့သည့် နှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက် မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုရန် စသည့်အချက်များကို စစ်အစိုးရက လိုက်လျောလျင် ၂၀၁၀ ရွေးကောက်ပွဲ ကိုလက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားသည်။

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မတ်လ ၉ ရက်နေ့မှစတင်၍ အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် အခန်း (၂) နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ခေါင်းစဉ်အောက်မှ နံပါတ် ၄ တွင် ပါတီ တည် ထောင်လိုသူများ ကိုက်ညီရမည့် အချက်များဖော်ပြရာ၌ (င) တွင် ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်းဟု ထည့်သွင်းထားသည်။

NLD အနေဖြင့် ယင်းဥပဒေအရ ပါတီမှတ်ပုံ တင်ခြင်း ပြုလုပ်ပါက နေအိမ်အကျယ်ချုပ်ကျနေသည့် ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်ပြီး ပါတီ၏ မူဝါဒ ဖြစ်သော ရွှေဂုံတိုင် ကြေညာစာတမ်းကိုလည်း ဖျက်သိမ်းရမည့် အတွက် အကျပ်အတည်းဖြင့် ရင်ဆိုင် နေရသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ တည်ဆဲ ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟုလည်း ပါရှိသည်။

စစ်အာဏာရှင် စနစ်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဆန့်ကျင် တော်လှန်နေသော်လည်း အောင်မြင်မှု မရသေးသော NLD သည် တရားဝင် ပါတီအဖြစ် ဆက်လက် ရပ်တည် မည်လော သို့မဟုတ် ပါတီ အဖျက်သိမ်း ခံမည်လော ဆိုသည်ကို လာမည့် မေလ ၇ ရက်နေ့ မတိုင်မီ ဆုံးဖြတ်ချက်ချရတော့မည် ဖြစ်သည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ စစ်အစိုးရမှ ထုတ်ပြန်လျက်သော ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများကြောင့် ပါတီရပ်တည်ရေးအတွက် အကျပ်အတည်းဖြစ်သော်လည်း NLD အနေဖြင့် ရွှေဂုံတိုင် ကြေညာ စာတမ်းအတိုင်းသာ ရပ်တည်လျက်ရှိနေကြောင်း ပြောဆိုသည်။

ဦးဝင်းတင်က ဆက်လက်၍ NLD အနေနှင့် ရွှေဂုံတိုင် ကြေညာစာတမ်းကို လက်ကိုင်စွဲထားပြီး အောင်မြင်သည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအနေနှင့်လည်း NLD ၏ မူတရပ်ဖြစ်သော ရွှေဂုံတိုင် ကြေညာစာတမ်းကို နားလည်လက်ခံပြီး NLD အဖွဲ့သာမက တိုင်းရင်းသား အဖွဲ့များအားလုံးနှင့် ပြည်သူလူထုအနေဖြင့်လည်း ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်စွဲကြရန်၊ စည်းလုံးညီညွှတ်ကြရန် တိုက်တွန်းပြောဆိုသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ၁၉၉၀ ရွေးကောက်ပွဲ အတွင်း ဒုတိယအများဆုံး မဲရရှိခဲ့သည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ခွန်ထွန်းဦးတို့ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လာမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရေးအတွက် စနစ်တကျ ပြင်ဆင် ရေးဆွဲထားခြင်း ဖြစ်ကြောင်း နိုင်ငံရေးသမား အများအပြားက ပြောဆိုနေကြသည်။

NLD နှင့် SNLD တို့သည် ဖျက်သိမ်းခံရမှုမှ ရှောင်ရှားနိုင်ရန် ခေါင်းဆောင်များကို ထုတ်ပယ်၍ ပါတီ မှတ်ပုံတင်ရန် ဆုံးဖြတ်မည် ဆိုပါကလည်း ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိလျှင် ပါတီဖျက်သိမ်းခံရမှု အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ယနေ့ကျင်းပသော NLD အစည်းအဝေးသို့ ကျန်းမာရေးကြောင့် နေအိမ်တွင် အနားယူနေရသော ဥက္ကဌ ဦးအောင်ရွှေ အပါအ၀င် CEC ၂၀ ခန့် တက်ရောက်ခဲ့ပြီး ဒုတိယဥက္ကဌ ဦးတင်ဦးနှင့်အတူ အခြား CEC အဖွဲ့ဝင်များက NLD ရပ်တည် ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
Comments (7)Add Comment
0
ှုရွှေဂုံတိုင် ကြေငြာစာတန်းကို စွန့် လွှတ်လိုက်ပြီလား။
written by U pyin nya wa ra, March 17, 2010
မတရားတဲ့ န အ ဖ ရဲ့ ရွေးကော က်ပွဲကို ၀င်ရေး မ၀င်ရေး မဲခွဲဆုံးဖြတ်ချင်းသည် ရွှေဂုံတိုင် ကြေငြာချက်ကို ဆုပ်ကိုင် ထားမည်ဆိုတဲ့  မူကို စွန့် လွှတ်လိုက် တာလို့ မြင်ပါတယ်။ ရွေးကောက်ပွဲဝင်ချင်တဲ့သူ ပါတီက ထွက် ပါတီ အသစ် ထောင်ပြီး ရွေးကောက်ပွဲ ၀င်ပေါ့။ အခုတော့ အဖွဲ့ ချုပ်က မတရားမှန်း သိပါလျှက် ရွေးကောက်ပွဲ ၀င်ဘို့ မဲခွဲ ဆုံးဖြတ်ရတဲ့ အဆင့်ထိ ရောက်လာခြင်းသည် ၉၀ ရွေးကောက်ပွဲ တုန်းက ဒီမိုကရေစီ ရအောင် ကြိုးစားပါမယ် မဲပေးကြပါလို့ ပြည်သူ လူထုကို ပြောခဲ့တဲ့ စကားတွေကို မေ့ပြစ်လိုက်ကြပြီလား။ မေ့ပြစ်လိုက်ပြီ ဆိုရင်လဲ မရတော့ပါဘူး လက်လျော့ပါပြီလို့  ပြည်သူ လူထု ကို တရားဝင် ပြောကြား လိုက်တာ ပိုကောင်းမယ် ထင်ပါတယ်။
0
လုပ်ပါဗျာ
written by MC, March 16, 2010
NLD ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ ထောက်ခံပြီးသားပါ။
ရွေးကောက်ပွဲ ၀င်ခဲ့ရင်တော့ တစ်နည်းအားဖြင့် သူတို့ဆွဲရာပါဖြစ်မယ်။ ဒါပေမယ့် ပြည်သူ တစ်ရပ်လုံး အတွက်တော့ အားတစ်တန်၊ လမ်းတစ်စ ဖြစ်နိုင်ပါသေးတယ်။ အဲဒီမှာ တိုက်ကွက် ပြောင်းသုံးလို့ ရနိုင်တာပေါ့။ လွတ်လပ်ရေး ဖခင်ကြီးတောင် ဖက်ဆစ် ဂျပန်ကို မနှစ်မြို့ပေမယ့် ပတ်သက်ခဲ့သေးတာပဲ။
ရွေးကောက်ပွဲ မ၀င်ခဲ့ရင်တော့ တိုက်ကွက်ဟောင်းနဲ့ပဲ ဆက်လက် နှစ်ပါးသွားကြတာပေါ့။ လူသာ သေမယ် ရပ်တည်ချက် မပြောင်းလဲဘူး ဆိုတာဟာ သမိုင်းမှာ ကောင်းတဲ့ မှတ်တမ်းပါ။ ဒါပေမယ့် မြန်မာ့ နိုင်ငံရေးမှာ ဒီလို တစ်ဖက်သတ် ပေးဆပ် နေလို့ကတော့ ပြောင်းလဲမှု ရှိလာမှာ မဟုတ်ဘူး။ နည်းနည်း ကစားပေးပါ။
0
ဦးတည် တိုက်ခိုက်ရာ
written by Someone, March 16, 2010
နအဖ ကတော့ အန်အယ်လ်ဒီ ကို အစိပ်စိပ် အမွှာမွာ ဖြစ်စေချင်တာထက် မကဘဲ
ပျောက်သွား စေချင်တာပါ။ ရွှေဂုံတိုင် ကြေငြာစာတမ်း အတိုင်းသာ ခိုင်ခိုင် မာမာ ရပ်တည်စေချင်တယ်။
အကယ်၍များ အန်အယ်လ်ဒီက ဒီ လူယုတ်မာတွေ လုပ်မယ့် ရွေးကောက်ပွဲကို ၀င်လိုက်ရင်
မြန်မာနိုင်ငံ ဒီမို ကရေစီ အရေး၊ တိုင်းရင်းသား အရေး အတွက် ပြည်တွင်း ပြည်ပ အတိုက် အခံတွေ
ဘာရှိနေစရာ လိုဦးမှာလဲ။ နိုင်ငံတကာ ကရော စစ်အစိုးရကို ဖိအား ပေးတာတွေ၊ ပြုပြင် ပြောင်းလဲ စေချင်တာတွေ ဘာဖြစ်လို့  ပြောနေ ရတော့မှာလဲလို့  ဒီလို ယူဆ ပါတယ်။ နအဖက ပျော့ပြောင်းမယ် အထင်နဲ့  ပူးလိုက်တဲ့ အချို့  အချို့ တွေက တကယ်ကို အကျပ်အတည်း ဆိုက်နေတဲ့ အချိန်ဖြစ်တယ်။ အန်အယ်လ်ဒီ က ပြည်သူဘက်က ရပ်တည်ပါ။ ရွေးကောက်ပွဲလို့ တောင် မခေါ်ထိုက်မယ့် ပွဲကို အရောင် မတင်ကြစို့ နဲ့ ။ တိုက်ဖျက်ရုံမှတပါး ... ...
0
တိုင်းပြည်ကိုစော်ကးခဲ့ပါနဲ့ 
written by htay tint, March 16, 2010
မြန်မာပြည်က လူတွေ ၁၉၉၀ ရွေးကောက်ပွဲက စပြီး
နှစ်ပေါင်း ၂၀ ကျော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို မဲပေးပြီး ယုံကြည်ခဲ့တယ် ။ အားကိုးခဲ့တယ် ။
စစ်အစီုးရရဲ့ တဖက်သတ် ဖိနှိပ်မှုတွေ ခံရတဲ့ ပြည်တွင်းက အဖွဲ့ တွေကို နားလည်မှု ပေးခဲ့တယ် ။ ကူညီကြတယ် ။ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရသစ်ကို မျှော်လင့်ခဲ့ ကြတယ် ။
အိမ်မက် တွေလည်း မက်နေဆဲဘဲ ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကပါ ဆိုပြီး နိုင်ငံတကာ မှာလည်း လူစုံ ရောက်နေကြပြီ ။
မြန်မာပြည် အတွက် ရောက်တာလား ။ မိသားစု ချမ်းသာဖိုလား ။
ပြည်ပမှာ အာဖို့ လား ။ အရက်ဝဝ သောက်ဖို့ လား ။
နိုင်ငံတကာ လှည့်ပြီး အချင်းချင်း စကားနိုင်လုဖို့ လား
တိုင်းပြည်ကို တခုခု လုပ်ပေးဘို့ လုပ်ပေးဘို့ 
တာဝန် ကြေပြီလား ။
0
NLD should be in..
written by Myo, March 16, 2010
NLD should be in the election process for the sake of Myanmar people. If not ကြံ့ဖွံ့ will rule the country. Never underestimate the enemy.
0
:'(
written by colorlezz, March 15, 2010
ဗိုလ်ချုပ်ပြောတဲ့ "အကောင်း ဆုံးကို မျှော်လင့်ပါ အဆိုးဆုံးကို ရင်ဆိုင်ဖို့ အသင့် ပြင်ထားပါ" ဆိုတဲ့ စကားလေးကို သတိရတယ်.. သံဝေဂ ရစရာပါပဲ.. NLD အတွက် အဆိုးဆုံး အခြေ အနေ ထင်ပါတယ်... ဒါပေမယ့် သူ့တို့ ဒီအခြေ အနေကို ရင်ဆိုင်ဖို့ အသင့် ပြင်ထားတဲ့ ပုံ မရှိဘူး.. တွေးတောင် တွေးမိခဲ့ပုံ မပေါ်ပါဘူး.. ရန်သူက ရက်စက် လွန်းတာလား.. သူတို့က ရန်သူကို လျော့တွက် လွန်းတာလား.. ၂ ခုလုံး ဖြစ်မယ် ထင်ပါတယ်။
0
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုထောက်ခံကြ
written by ??????????, March 15, 2010
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် မတရားသဖြင့် နှိပ်ကွပ်ထားတာ ဖြစ်တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ထောက်ခံကြပါ။ NLD အနေဖြင့် ရွှေဂုံတိုင် ကြေညာ စာတမ်း အတိုင်းသာ ရပ်တည်ပါ။ ပြည်သူ တရပ်လုံး
စစ်အစိုးရ၏ ရွေးကောက်ပွဲ ကို သပိတ် မှောက်ကြ။ ဘယ်သူမှ သွားပြီး မဲမထဲ့ ကြ ဖို. email ကတဆင့် ပြည်သူ အချင်း ချင်း အထူးသဖြင့် အနာဂါတ် လူငယ်များ စည်းရုံးကြပါ။ (NLD)ကလဲ email ကတစ် ဆင့် တိုင်းပြည် တစ်ခုလုံး ကို လှုံ.ဆော်ပါ။ ဒီမိုကရက်တစ် မြန်မာအသံ နဲ. RFA, BBC, VOA တို. က တဆင့် တစ်ပြည် လုံး အသိပေးပါ။ အမြန် လက်ဦးအောင် လုပ်ကြပါ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်