လစ်လပ်သွားသော ၀န်ကြီးနေရာများတွင် ဒုဝန်ကြီးများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဆင်း ဗိုလ်မှူးကြီးများ၊ဗိုလ်မှူးချုပ်များဖြင့် အစားထိုးရန် အစိုးရက စီစဉ်နေသည်ဟု နေပြည်တော်မှ အရာရှိတဦးက ပြောသည်။
“၀န်ကြီးဌာနတွေ ရွေးကောက်ပွဲ မတိုင်မီ ပေါင်းမယ်။ ၀န်ထမ်း အရေအတွက် ကို ကျစ်ကျစ်လျစ်လျစ်နဲ့ မလိုတဲ့ ဌာန ဖြုတ်ပစ်ဖို့ ရှိတယ်” ဟု သူက ပြောသည်။
နုတ်ထွက်သွားသည့် ၀န်ကြီးများသည် အစိုးရစရိတ်၊ အလှူရှင်တို့၏ လှူဒါန်းမှုတို့ဖြင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သော နယ်မြေများ၊ ၎င်းတို့၏မွေးရပ်မြေများတွင် ၀င်ရောက် အရွေးချယ်ခံမည်ဟု သိရသည်။
“(မွေးမြူရေး နှင့် ရေလုပ်ငန်း) ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်းက ခရမ်းနယ်ခံ။ နယ်ခံလည်း ဖြစ်တဲ့အပြင် ခရမ်းမြို့နယ်မှာ လူမှုရေး အလုပ်တွေ လုပ်ပြထားတယ်။ သူက ခရမ်းမြို့နယ်ကို ကိုယ်စားပြုပြီး ပြိုင်မယ်။ အခြားဝန်ကြီးတွေလည်း သူ့သက်ဆိုင်ရာ နယ်မြေအလိုက် ပြိုင်ကြမယ်” ဟု နေပြည်တော် ၀န်ထမ်းတဦးက ဆိုသည်။
တပ်မတော်အရာရှိများက လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာယူမည့်အပြင် ဗိုလ်ချုပ်ကြီးများက မဲဆန္ဒနယ်မြေ တချို့တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသောကြောင့် ဒီမိုကရေစီဘက်တော်သားများ လွှတ်တော်တွင် နေရာရရန် ခက်ခက် ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု ရန်ကုန်မှ နိုင်ငံရေးသမားများက ဝေဖန်သုံးသပ်ကြသည်။
ဝန်ကြီးများ အားလုံးသည် ပါတီအဖြစ် အသွင်ပြောင်းမည်ဟု သတင်းထွက်နေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း၏ ဗဟိုအဆင့် ခေါင်းဆောင်များ ဖြစ်သည်။
ဝန်ကြီးတချို့ ရွေးကောက်ပွဲအတွက် ပြင်နေချိန်တွင် တချို့က အုပ်ချုပ်ရေးနယ်ပယ်တွင် ရေရှည် ရပ်တည်သွားမည်ဟု ဆိုသည်။
“အခြေခံဥပဒေအရ အစိုးရသစ်မှာ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးရာထူးကို ကာကွယ်ရေးဦး စီးချုပ်က အမည်သွင်းတဲ့သူတွေပဲ လွှတ်တော်နဲ့သမ္မတက ခန့်ရမှာ။ ဗိုလ်ချုပ်မောင်ဦးနဲ့ ဗိုလ်မှူးချုပ် ဘုန်းဆွေနဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီတို့က နောင် အစိုးရသစ်မှာလည်း ဆက်ပြီး တာဝန်ယူသွားမယ်လို့ သတင်း ထွက်နေတယ်” ဟု နေပြည်တော် ဌာနဆိုင်ရာ
အကြီးအကဲက ပြောသည်။
စစ်အရာရှိငယ်များကို အငြိမ်းစားပေးပြီး နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရုံး ၀န်ထမ်းများအဖြစ် ခန့်ထားလျက်ရှိသည်ဟုလည်း သိရသည်။ လွှတ်တော်မှ သတင်း အချက်အလက်များကို မပြတ် သိရှိရန် ထိုသို့ ခန့်ထားခြင်း ဖြစ်မည်ဟု နေပြည်တော်ရှိ အစိုးရ အရာရှိတဦးက သုံးသပ်သည်။
စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ယခုလမှ စတင် ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာခြင်း မရှိသေးပေ။
ရာထူးမှ နုတ်ထွက်ပြီး ရွေးကောက်ပွဲဝင်မည်ဟု ဆိုသော ၀န်ကြီးတချို့
| ဗိုလ်ချုပ်ဌေးဦး (လယ်/ဆည်) |
| ဗိုလ်မှူးချုပ်မောင်မောင်သိမ်း(မွေး/ရေ) |
| ဗိုလ်မှူးချုပ်သိန်းဇော် (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း) |
| ဦးအောင်သောင်း(စက်မှု ၁) |
| ဦးစိုးသာ (အမျိုးသားစီမံကိန်း) |
| ဗိုလ်မှူးချုပ်သိန်းအောင် (သစ်တော) |
| ဗိုလ်မှူးချုပ်ကျော်ဆန်း (ပြန်ကြားရေး) |
| ဗိုလ်မှူးချုပ်လွန်းသီ (စွမ်းအင်) |
| ဗိုလ်မှူးချုပ်အုန်းမြင့် (သတ္တုတွင်း) |
| ဗိုလ်ချုပ်သိန်းဆွေ (ပို့ဆောင်ရေး) |
| ဗိုလ်မှူးချုပ်သူရအေးမြင့် (အားကစား) |
| ဗိုလ်ချုပ်ခင်မောင်မြင့်(ဆောက်လုပ်ရေး နှင့် အမှတ် ၂ လျှပ်စစ်) |
| ဗိုလ်မှူးချုပ်တင်နိုင်သိန်း( စီးပွား၊ကူးသန်း) |
| ဗိုလ်ချုပ်စိုးနိုင် (ဟိုတယ်၊ ခရီး) |
ဝန်ကြီးဌာန ၃၂ ခု ရှိသည့်အနက် ပေါင်းစည်းမည်ဟု သတင်းထွက်နေသော ၀န်ကြီးဌာနတချို့
| လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန |
| အမှတ် ၁ စက်မှုဝန်ကြီးဌာန နှင့် အမှတ် ၂ စက်မှုဝန်ကြီးဌာန |
| အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန |
| စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန |
| ပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန |
| သစ်တောရေးရာဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာန |
Set as favorite
Bookmark
Email this
Hits: 5753
Comments (5)

written by titan, March 20, 2010
if i was ur parents,i ll die becasue of ur acting.dont u feel shy about ur acting?i think ur parents r also shameless ones.that is why they r smiling on ur acting.but i can say that 'u must lose in this time'
written by seinnmyanaddy, March 19, 2010
ပေါင်းလိုက် ကွဲလိုက်၊ ကွဲလိုက် ပေါင်းလိုက်နဲ့ တော်တော် ဟုတ်နေတယ်။ လျှပ်စစ် စွမ်းအားက ခွဲထားတာမှ မကြာသေးဘူး။
ခုပေါင်းပြန်ပြီ။ စိတ်ကုန်စရာ ကောင်းတယ်။
ခုပေါင်းပြန်ပြီ။ စိတ်ကုန်စရာ ကောင်းတယ်။
Write comment
| < Prev | Next > |
|---|







