ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲ ဥပဒေသစ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မ၀င်နိုင်ရန် တားမြစ်ထား ခြင်းရှိမရှိ သေချာစွာစိစစ်ရန် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကို ညွန်ကြားခဲ့သည်ဟု ဆိုသည်။
“အခုထုတ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ကျနော်တို့အစိုးရ မျှော်လင့်ထားတာနဲ့ လုံးဝ တခြားစီပဲ”ဟု ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ကပြောကြားသည်။
ယခုကဲ့သို့သောအခြေအနေတွင် ရွေးကောက်ပွဲ ပြုလုပ်လျှင် နိုင်ငံတကာ အသိအမှတ်ပြုရွေးကောက်ပွဲ ဖြစ်လိမ့်မည်မဟုတ်ပဲ၊ ပါတီ ပေါင်းစုံပါဝင်မှသာလျှင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မည်ဟု ဂျပန်နိုင်ငံခြားရေး ၀န်ကြီး Katsuya Okada က ဆိုသည်။
စစ်အစိုးရကပွင့်လင်းမြင်သာသည့် တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးမည်ဆိုလျှင် ဂျပန်အစိုးရအနေဖြင့် စီးပွားရေး အကူအညီများ ထပ်မံပေးမည်ဟု ယခင်က ကမ်းလှမ်းခဲ့သေးဟုလည်း တိုကျိုသတင်းတွင် ပါရှိသည်။
ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့်လည်းကို ဆင့်ခေါ်၍ ပြောကြားခဲ့ရာ သံအမတ်ကြီးက နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို မြန်မာအစိုးရထံပို့ပေးမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။
လက်ရှိ ဂျပန်အစိုးရ စတင်အာဏာရရှိလာကတည်းက မြန်မာစစ်အစိုးရ အပေါ်တွင် ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း စီးပွားရေးအကူအညီများ ဖြတ်တောက်မည်ဆိုသည့် ကိစ္စကိုမူ ချက်ချင်း အကောင်အထည်ဖော်နိုင်မည်မထင် ကြောင်း မြန်မာ့အရေးလေ့လာသူ ဂျပန်လူမျိုး စာနယ်ဇင်းသမား ဦးရွှေဘက ဝေဖန် ပြောဆိုသည်။
“ဒီလိုပဲပြောနေတာပါပဲ၊ သူ့မှာလည်း အိုကီနာဝါ စစ်စခန်းပြောင်းရွှေ့ဖို့ကိစ္စတို့၊ ဘတ်ဂျက်လိုငွေပြနေတဲ့ ကိစ္စတို့ ရှိနေတော့ မြန်မာ့ အရေးကို လောလောဆယ်ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။
ဂျပန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အလှည့်ကျ သဘာပတိအဖြစ် ဧပြီလတွင် စတင်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် မြန်မာ့အရေးဆောင်ရွက်မှုနှင့်ပတ်သက်ပြီး စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဦးရွှေဘက ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းကလည်း ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ် ပေးလျှင် အကူအညီများပိုမိုပေးမည်ဟု ပြောခဲ့သည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံသို့ လူသားချင်း စာနာမှု အကူအညီများ အပါအ၀င် အဓိက အကူအညီပေးနေသည့် အလှူရှင် နိုင်ငံ တနိုင်ငံ ဖြစ်သည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ ယနေ့ ကနေဒါနိုင်ငံတွင် ကျင်းပသည့် G-8 စက်မှုထိပ်သီး နိုင်ငံများ ဆွေးနွေးပွဲတွင်လည်းဆွေးနွေး သွားမည်ဟု သိရသည်။
အမေရိကန်အစိုးရအနေဖြင့်လည်း ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို အသိအမှတ်မပြုကြောင်း အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Philip Crowley ကလည်း ပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည်မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟုသိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် မကြာသေးမီက ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ ဝေဖန်ခဲ့သည့် အာဆီယံ အသင်းဝင်နိုင်ငံဖြစ်သည်။
မကြာသေးမီက ကုလသမဂ္ဂတွင် ကျင်းပသည့် မြန်မာ့မိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် တရုတ်နိုင်ငံကလည်း လာမည့်ရွေး ကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများပါ အားလုံးပါဝင်နိုင်ရန် တောင်းဆိုခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 3800
Comments (1)

written by soe tint, March 29, 2010
နိပွန်လေးတို့  ရယ် နင်တို့ မပေးလဲ ဘာအရေးလဲ ငါ့မှာ ဓါတ်ငွေ့ တွေ ကျောက်စိမ်းတွေ ကွန်းသစ်တွေ ငါးတွေ ရှိနေသမျှ နင့် ကုန်သည်တွေ ကိုလည်း ရောင်းလို့ ရတယ် ငါ့ဘေးက ပေါက်ဖော် နဲ့  ဘာဘူကြီးတွေ ကိုလည်း ရောင်းလို့ ရတယ် ငါနဲ့ ရေ ပိုင်နက်ကိစ္စ အညင်း ပွားနေတဲ့ ဘာဘူလေး လေးလည်း ရှိသေးတယ် ထိုင်း တွေ ဆို နီးနီးလေး နင့်လို အဝေးက ကောင်ကမှ လမ်းစားရိတ် ကြောင့် ဈေးတောင် နည်းသေးတယ် ပျင်းတာပေါ့ကွာ တာ့ တာ
Write comment
| < Prev | Next > |
|---|







