ရနောင်းမြို့ရှိ Aphai Phanok ကုမ္ပဏီ ဖွင့်ထားသည့် တိုက်ခန်းကို မတ်လ ၂၇ ရက်နေ့က ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှ စဖွင့်ခဲ့သော ယင်းကုမ္ပဏီသည် ၂၀၁၀ ဖေဖော်ဝါရီတွင် ရုတ်တရက် ပိတ်သွားခဲ့သည်။
ဝင်ရောက်စစ်ဆေးရာတွင် ယာယီ နိုင်ငံကူး လက်မှတ် လျှောက်ထားရေး ဆိုင်ရာ စာရွက်စာတမ်းများ တွေ့ရှိရသည်ဟု သိရသည်။
“အာဏာပိုင်တွေက ဒီကိစ္စကို ဆက်လက်စစ်ဆေးပြီး အလုပ်သမားတွေကို လိမ်လည်တာ မှန်ကန်ရင် အရေးယူခြင်းခံရမယ်လို့ သိရတယ်၊ မတ်လ ၂၉ ရက်နေ့ နေ့လယ်လောက်မှာလည်း ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ သွားစစ်ကြဦးမယ်လို့ သိရတယ်” ဟု ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရအဖွဲ့မှ ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ဧရာဝတီသို့ ပြောသည်။
လိမ်လည်သည့် ကိစ္စတွင် မြန်မာလူမျိုး အဲန် (ခ) ဇေယျာမင်းလွင် ပါဝင်ပတ်သက်နေကြောင်း၊ သူသည် ကုမ္ပဏီလူယုံဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်များ ထွက်ပြေးပြီးနောက် သူပါ ပျောက်ဆုံးနေကြောင်း သိရသည်။
ယင်းကုမ္ပဏီတွင် မြန်မာလူမျိုးများ ဖြစ်ကြသော မပိုင်ပိုင်၊ မသန်းသန်းမော်၊ ကိုစိုးနှင့် ဇေယျာမင်းလွင်တို့ ဝင်ရောက် လုပ်ကိုင်ခဲ့ကြသည်။
မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်ထံမှ ဘတ် ငါးသိန်းကျော် လိမ်လည်သွားခြင်း ဖြစ်ကြောင်း ဝန်ထမ်း ဖြစ်ခဲ့သည့် မပိုင်ပိုင်က ပြောပြသည်။
အလိမ်ခံရသူ ကိုဝင်းက “အားလုံး အပြီး လုပ်ပေးမယ်ဆိုလို့ ကျနော်တို့က ပေးလိုက်တယ်။ တပတ်ပဲ ကြာမယ်လို့လည်း ပြောသေးတယ်။ ဒါပေမယ့် တလကြာလည်း မရလို့ ကျနော်တို့ သူတို့ ရုံးခန်းကို သွားပြောတော့ ၃ လပိုင်း ၂၅ ရက်နေ့မှာ ကျမယ်ပြောတယ်။ အဲဒီရက် သွားတော့ ရုံးခန်းက ပိတ်ပြီး ဖုန်းဆက် လို့လည်း မရတော့ဘူး၊ ကျနော်တို့မှာ အလုပ်သမားလက်မှတ်လည်း သက်တမ်းမတိုးရဘူး၊ အားလုံး ဒုက္ခရောက်ပြီ” ဟု ပြောသည်။
ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အလုပ်သမားလက်မှတ် သက်တမ်းတိုးရန်အတွက် ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် ဆန္ဒရှိကြောင်း အဆိုပြုသည့် လျှောက်လွှာကို ရှေးဦးစွာ တင်ရသည်။
အဆိုပါ လျှောက်လွှာတင်ခြင်းနှင့် ယာယီ နိုင်ငံကူး လက်မှတ် လုပ်ရာတွင် ကြားဝင်ဆောင်ရွက်ပေးသော လုပ်ငန်းကို ပွဲစား ကုမ္ပဏီများအား ထိုင်း အလုပ်သမား ဝန်ကြီးဌာနက လုပ်ပိုင်ခွင့် ပေးထားသည်။
ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရေးနှင့် ပတ်သက်ပြီး ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးခြင်း ခံရသည်မှာ ဤကုမ္ပဏီက ပထမဦးဆုံး ဖြစ်သည်။
လိမ်လည်ခံရသဖြင့် နစ်နာခဲ့ရသော အလုပ်သမားအတွက် အလုပ်သမား အခွင့်အရေး ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများက ကြားဝင် ဆောင်ရွက်ပေးရန် ရှိကြောင်း ကိုသက်ခိုင်က
ပြောသည်။
ထိုင်းအစိုးရက ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ခွင့်ပြုထားသော ကုမ္ပဏီပေါင်း ၁၂ ခု ရှိကြောင်း၊ ယင်းအထဲတွင် Aphai Phanok ကုမ္ပဏီ နာမည် မပါရှိဟု ကိုသက်ခိုင်က ပြောသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းခွဲမှ ၄ သန်း အထိရှိသည်ဟု အလုပ်သမား အခွင့် အရေး ဆောင်ရွက်သည့် အဖွဲ့များက ခန့်မှန်းကြသည်။
Set as favorite
Bookmark
Email this
Hits: 2761
Comments (0)

Write comment
| < Prev | Next > |
|---|







