NLD မပါသည့် ရွေးကောက်ပွဲ မဲပေးကြမည်လော

E-mail Print
ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မပါဝင်ပါက မဲပေး၊ မပေးကို လူ ၅၀၀ ကျော်အား မေးမြန်းခဲ့ရာ ၂၅၀ ကျော်က မဲမပေးလိုဟု ပြောဆိုသည်။

ဧရာဝတီ မဂ္ဂဇင်းက ရန်ကုန်မြို့နေ အသက် ၂၀ ၀န်းကျင်မှ အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသား၊ အမျိုးသမီး ၅၂၀ ကို မကြာသေးမီက မေးမြန်းရာ ၂၅၂ ဦးက ရွေးကောက်ပွဲတွင် NLD မပါဝင်လျှင် မဲမပေးလိုဟု ဖြေဆိုပြီး ၁၉၈ ဦးက NLD မပါလည်း မဲပေးသင့်သည်ဟု ဖြေဆိုကြသည်။ ကျန် ၇၀ ကမူ နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်ကာ စဉ်းစားဆုံးဖြတ်သွားမည်
ဖြစ်သောကြောင့် မဖြေဆိုနိုင်သေးကြောင်း ပြောသည်။

မဲမပေးဟု ဖြေဆိုခဲ့သူ ၂၅၂ ဦးထဲမှ အသက် ၅၄ နှစ် ၀န်းကျင် အရွယ်ရှိ ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက “NLD ပါတီကိုပဲ
ထောက်ခံတယ်၊ ကြိုက်တယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလည်း NLD ကိုပဲ မဲပေးခဲ့တာ။ အခု အဲဒီပါတီ မပါတော့ဘူး ဆိုရင် ရွေးကောက်ပွဲမှာ မဲပေးစရာလည်း မရှိဘူး၊ မဲလည်း သွားမပေး တော့ဘူး” ဟု ဆိုသည်။

အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တဦးကလည်း NLD ပါတီ တခုကိုသာ သိကြောင်း၊ တခြားသော ပါတီများကို လုံးဝ မသိကြောင်း၊ စိတ်လည်း မဝင်စား သောကြောင့် NLD မပါလျှင် ရွေးကောက်ပွဲတွင် မဲထည့်မည် မဟုတ်ကြောင်း ပြောသည်။

GTC ကျောင်းသားတဦးကလည်း “NLD မပါရင်တော့ ရွေးကောက်ပွဲက အနှစ်သာရ မရှိတော့ဘူး။ ရွေးကောက်ပွဲ ၀င်ကြတဲ့ ပါတီတွေ အားလုံးကလည်း သူတို့ လူတွေချည်းပဲ ဆိုတော့ ကျနော်ကတော့ ရှင်းရှင်းပဲ၊ မဲကို မပေးတော့ဘူး” ဟု
ဆိုသည်။

NLD မပါလျှင် မဲမပေးဟု ဖြေဆိုထားသူ အများစုမှာ ရွေးကောက်ပွဲဝင်ရန် NLD ပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု
အမြင်ရှိသူများဖြစ်ပြီး ၎င်းတို့ထဲမှ တချို့မှာ NLD ၏ သဘောထားနှင့် ဆုံးဖြတ်ချက်ကို လေးစားသောကြောင့် ရွေးကောက်ပွဲကို
ဆန့်ကျင်သည့် သဘောဖြင့် မဲသွားမပေးရန် ဆုံးဖြတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

“လူအများညီမယ်၊ လူတိုင်းဟာ ကျနော်တို့လိုပဲ ရွေးကောက်ပွဲမှာ မဲသွားမပေးဘူး ဆိုရင် ဒီရွေးကောက်ပွဲဟာ မအောင်မြင် နိုင်ဘူးလို့ မြင်တယ်။ လူတွေညီဖို့ လိုတယ်၊ အားလုံး မဲရုံတွေကို မသွားဘဲနဲ့ နေသင့်တယ်။ အဲဒါမျိုးနဲ့ ဆန့်ကျင်သင့်တယ်” ဟု အသက် ၂၈ နှစ်အရွယ် အငှား ယာဉ်မောင်းတဦးက သူ့သဘောထားကို ပြောသည်။

NLD မပါဝင်သော်လည်း မဲပေးသင့်သည်ဟု ဖြေဆိုခဲ့သူ အသက် ၅၃ နှစ်အရွယ်၊ ဆက်သွယ်ရေး ၀န်ထမ်းတဦးက “၀န်ထမ်း ဖြစ်တဲ့အတွက် မဲပေးကို ပေးရမယ့် အခြေအနေမှာ ရှိတယ်။ NLD မပါဝင်ဘူး ဆိုရင်တော့ စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် သင့်တော်တဲ့ ပါတီ တခုခုကိုတော့ ရွေးပြီး မဲပေးပါမယ်၊ ကြံ့ဖွံ့လို အဖွဲ့မျိုးက လွဲရင်ပေါ့” ဟု ဆိုသည်။

အစိုးရအနေဖြင့် အစိုးရ ၀န်ထမ်းများနှင့် စစ်တပ်များကို မဲ မဖြစ်မနေပေးခိုင်းမည် ဖြစ်ပြီး ထိုမဲများကိုလည်း ၎င်းတို့ စိတ်တိုင်းကျ ဖြစ်စေရန် စီစဉ်သွားနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

“ကိုယ်က မဲသွားမပေးဘူး ဆိုရင်လည်း သူတို့က ကိုယ့်ကိုယ်စား မဲတပြားကို အသုံးချဖို့ အခွင့်အရေး ပိုရသွားလိမ့်မယ်။ အဲဒီလို အဖြစ်မခံနိုင်တဲ့ အတွက် မဲကတော့ ပေးကို ပေးရမယ်။ ပါတီကတော့ ရွေးရဦးမှာပဲ” ဟု အသက် ၃၈ နှစ်အရွယ် ကုန်သည် အမျိုးသမီးတဦးက ဆိုသည်။

NLDမပါသော်လည်း မဲပေးသင့်သည်ဟု ဖြေဆိုခဲ့သော အသက် ၆၀ အရွယ် ကျူရှင်ဆရာ တဦးကလည်း “ဘာဖြစ်လို့ မဲပေး သင့်တာလဲ ဆိုရင် မဲပေးခွင့်က ကိုယ့်အခွင့်အရေးပဲ။ ဒါကို ဖော်ထုတ်ပြရမှာပဲ။ နောက်တချက်က ကိုယ့်မဲကို သူ့မဲဖြစ်အောင် လုပ်ကြလိမ့်မယ်။ ဒါကို ထည့်စဉ်းစားသင့်တဲ့အတွက် မဲပေးသင့်တယ်” ဟု ပြောသည်။

NLD မပါသော်လည်း ရွေးကောက်ပွဲတွင် မဲပေးသင့်သည်ဟု ဖြေဆိုသူအများစုမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြည်သူ့ဆန္ဒ ခံယူပွဲက မဲလွတ်များနှင့် ကြိုတင်မဲများကို အာဏာပိုင်များက ထောက်ခံမဲများအဖြစ် ပြုလုပ်ခဲ့ကြသည့် သာဓကများ ရှိသည့်အတွက် မဲထည့်သင့်ကြောင်း၊ NLD ပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု မယူဆသူများဖြစ်ကြောင်း
တွေ့ရသည်။

“NLD မပါရင်လည်း ရွေးကောက်ပွဲကတော့ ဖြစ်သွားမှာပဲလို့ မြင်တယ်။ အစိုးရကလည်း သူ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်သွားမှာပဲ။ လူတွေကတော့ NLD မပါတဲ့အတွက် ရွေးစရာမရှိဖြစ်သွားတယ်။ ပါတီကြီးတခု ပြိုကွဲသွားတယ် ဆိုပြီး စိတ်မကောင်းကြဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ပျက်တဲ့အထိလည်း ဖြစ်မသွားနိုင်ပါဘူး” ဟု အသက် ၃၆ နှစ်အရွယ်
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးတဦးက ပြောသည်။

NLD ပါတီရွေးကောက်ပွဲ မ၀င်ပါက မဲပေးသင့် မသင့်ကို မစဉ်းစားရသေးကြောင်း အသက် ၄၀ ၀န်းကျင်အရွယ် စီးပွားရေး လုပ်ငန်းရှင်တဦးကပြောသည်။ ၎င်းအနေနှင့် နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်ပြီး စဉ်းစားဆုံးဖြတ်သွားမည် ဖြစ်သောကြောင့်
လက်ရှိ အခြေအနေတွင် မဖြေဆိုနိုင်သေးဟု ဆိုသည်။

သမ၀ါယမ ဦးစီးဌာနတွင် အကြီးတန်း စာရေးတာဝန် ထမ်းဆောင်ခဲ့ဖူးသော အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသား တဦးက “နိုင်ငံရေး အခြေအနေက တချိန်နဲ့ တချိန်မတူဘူး၊ ပြောင်းနေတာ။ ပြောင်းလည်း ပြောင်းဦးမှာ ဆိုတော့ အခု မပြောနိုင်သေးဘူး။ NLD မပါဘူးလို့လည်း တရားဝင်ပြောသေးတာ မဟုတ်တော့ ကျနော်တို့အနေနဲ့ ဘာမှ မပြောနိုင်သေးဘူး” ဟု ပြောသည်။

၎င်းအနေဖြင့် NLD ပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု မြင်သော်လည်း ထိုသို့ မှတ်ပုံမတင်သောကြောင့် ပါတီ ဖျက်သိမ်းခံရပြီး ပါတီဝင်များ နိုင်ငံရေးလောကမှ ပျောက်ကွယ်သွားလျှင် လူထုအတွက် ဆုံးရှုံးနစ်နာမှုကြီးတခု ဖြစ်သည်ဟု ထင်ကြောင်း သုံးသပ်သည်။

အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ် ဆရာမ တဦးကမူ “ဒီပါတီက လူတွေ ရွေးချယ်ခဲ့ကြတဲ့ အတိုက်အခံ ပါတီကြီးပါ။ အဲဒါကို သူတို့ သဘောနဲ့ သူတို့ မှတ်ပုံမတင်ကြဘူး ဆိုတာကို ကျမတော့ မကြိုက်ဘူး။ လူတွေရဲ့ သဘောထားတွေကို မကြည့်ဘူးလို့ မြင်တယ်။ လူတွေက ပါတီကို ရွေးကောက်ပွဲ ၀င်စေချင်ကြတယ်။ ရွေးကောက်ပွဲ ၀င်ရင် သူတို့ မဲထည့်ကြဦးမှာပဲ။ မှန်မှန်ကန်ကန်သာ ဖြစ်ခဲ့ရင် NLD က ပြန်ရဦးမှာပါ” ဟု ပြောသည်။
Comments (12)Add Comment
0

written by khin, April 07, 2010
အကြံ ကြီးတဲ့သူတွေမှာ အစစ စဉ်းစားပြီး လုပ်လေ့ ရှိတာကြောင့်။ ဘာပဲရှောင်ရှောင် လွတ်မှာ မဟုတ်ပါဖူး။ ခုလည်း ကြံနေလောက်ပါပြီ။
ဒါပေမဲ့- ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ကိုကိုကြီး၊ ဦးဇာဂနာနှင့် တကွ အာဇာနည် သူရဲကောင်းများရဲ့ နည်းကို အတုယူပြီး ပညာတတ်၊ အသိဥာဏ် ရှိနေတဲ့ ပြင်ပ လွတ်လပ်တဲ့ သူတွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆင်းရဲသား၊ ပညာမဲ့ သူတွေကို တတ်နိုင်တဲ့ဖက်က ထောက်ပံ့ ကူညီကြပါ။ ဦးကျော်သူလည်း ရှိပါတယ်။ အားမငယ်ကြပါနဲ့။ စစ်အစိုးကို မုန်းလို့ ရင်ထဲမှာခဏကျိပ်ထားပြီး၊ သူတို့ကြောင့် ပြုတ်ပြုတ် ပြုန်းနေတဲ့ ပြည်သူတွေ ကို လက်ကျန် စေတနာတွေနဲ့ အသိ ပညာ ပေးနိုင်သရွေ့ ပေးကြပါ။ မျိုးဆက်တွေ မပျောက်စေချင်လို့ပါ။
0
With Forces.
written by Myo Lwin, April 06, 2010
တစ်ချို့ မဲ မထည့်ဘူးသေးတဲ့ လူတွေကလည်း မဲ ထည့်တဲ့ အရသာကို သိချင်လို့ မဲ ထည့်ချင်တယ် ပြောတာလဲ ဖြစ်နိုင်ပါတယ်။ တတ်နိုင် ရင်တော့ မပေးကြနဲ့ပေါ့ဗျာ။ မဖြစ်မနေ လုပ်ရမယ် ဆိုရင်လဲ ပယ်မဲ ဖြစ်အောင် လုပ်ကြပေါ့။ ဥပမာ လူ ၁၀ ယောက်က တစ်ယောက်ကို ရွေးရမယ် ဆိုရင်လဲ ၁၀ ယောက်စလုံးသာ ရွေးလိုက်ရင် ပယ်မဲ ဖြစ်သွားတာပေါ့။ အဓိက ကတော့ မဲရုံ ပိတ်ပြီး မဲရေတွက်တဲ့ အခါ လူတိုင်း ကြည့်နေသင့်ပါတယ်။
0
ရင်လေးစရာ
written by ဘောလုံးပန်း, April 06, 2010
NLD ပဲသိပြီး တခြားပါတီ မသိတဲ့ အမျိုးသမီးရယ်၊ NLD ကလွဲရင် ကျန်တာ စစ်အစိုးရရဲ့ ပါတီချည်းဘဲလို့ ပြောတဲ့ GTC ကျောင်းသားရယ်ဟာ ကျွန်တော်တို့ရဲ့ ပြည်သူတွေ နိုင်ငံရေးအမြင် ဘယ်လောက်ကျယ်သလဲ ဆိုတာ ပြနေတဲ့ ဥပမာတွေထဲက တချို့လို ကျွန်တော် ထင်ပါတယ်။ ဒီမိုကရေစီဘဲကောင်းတယ်လို့ ပြည်သူတွေ ထင်နေတာ အကြောင်း မရှိပါဘူး။ အကြောင်း ရှိလာတာက နိုင်ငံရေး အမြင် မကျယ်ခြင်းပါဘဲ။ ကျွန်တော်မှာ ဘယ်ပါတီ ကောင်းတယ်၊ မကောင်းဘူး ဆိုတဲ့ ခံယူချက် မရှိပါဘူး။ သို့သော်လဲ ပြည်သူ အများစုရဲ့ "စစ်အစိုးရ မကောင်းဘူး၊ NLD မှ NLD" ဆိုတဲ့ အဆွဲကို တော့ ဝေဖန်ချင်ပါတယ်။ ပါတီတစ်ခုကိုပဲသိ ပါတီတစ်ခုကိုပဲသဘောကျလို့ တစ်ခြားပါတီတွေ အကြောင်း မလေ့လာတာ နည်းလမ်း မကျလှပါဘူး။ ဒါလဲ ပြည်သူတွေကို အပြစ်ပြောလို့ မရပြန်ပါဘူး။ တကယ်တမ်း စဉ်းစားကြည့်ရင် သူတို့တွေက ဦးနှောက် အဆေးခံထား ရသလိုပါဘဲ။ အစိုးရ နားသွင်းတာက သူတို့ဘဲ ကောင်းတယ်။ အတိုက်အခံတွေ (အများစု) နဲ့ အနောက်တိုင်း မီဒီယာတွေ နားသွင်းတာ ဒေါ်စု ဘဲကောင်းတယ်။ တခြား လူတွေက သုံးစားလို့ မရတော့လို့လား? အစိုးရပြုတ်လို့ NLD လဲ မရှိတော့ဘူးဆို မြန်မာပြည်မျှော်လင့်ချက်ပဲ မဲ့သွား သလိုလို။ တစ်စုံ တစ်ရောက်ကို အထင်ြ ကီးတာနဲ့ တခြား သူတွေကို အယုံ အကြည် မရှိတော့တာမျိုး မဖြစ်စေချင်ပါဘူး။
0
NO to Vote, NO ELECTION, NO Unjust LAWS.
written by Blue Flower, April 06, 2010
NO.
Because we cannot believe military regime.
Their rules and regulation are UNFAIR.
I don't want to be a slave under military boots anymore.
Let's start " NO TO VOTE " movement as much as we can.
Let's start from easiest ways-
1) NO TO VOTE, NO To Government LOTTERY.
2)Don't participate in Election movement.
We are the people, so the chance to write our history must be in our hands.
Dare To Face NOT TO BE SLAVE under military boots.

0
NLD မပါလျှင်...
written by komaung, April 06, 2010
NLD မပါလျှင် ရွေးကောက်ပွဲ တွင် ကျနော် မဲထည့်မည် မဟုတ်.
0
ပယ်မဲ ဖြစ်အောင် မဲပေးသင့်တယ်
written by kyaw tint, April 06, 2010
မဲပြားကို ပယ်မဲဖြစ်အောင် မဲပေးသင့်တယ် ဒီလိုမဟုတ် မဲမပေးဘူး ဆိုရင် အခြေခံ ဥပဒေ ဆန္ဒ ခံယူသလို သူတို့မဲတွေ ဖြစ်အောင်လုပ်ပြီး 99.99% နိုင်တယ် လုပ်ကြမှာ။
0

written by Rocked Youth, April 06, 2010
မပေးဘူး Irrawaddy ရယ်။
0
နားလည်ကြစမ်းပါ။
written by Tuumar, April 05, 2010
အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ် ဆရာမ တဦးကမူ “ဒီပါတီက လူတွေ --------------- မှန်မှန် ကန်ကန်သာ ဖြစ်ခဲ့ရင် NLD က ပြန်ရဦးမှာပါ” ဟု ပြောသည်။

အန်အယ်လ်ဒီ က ရွေးကောက်ပွဲ ဝင်၊ လူတွေက မဲတွေထည့်၊
မှန်မှန်ကန်ကန် ဖြစ်ခဲ့တယ်ဆိုပါတော့၊ အန်အယ်လ်ဒီ ပဲ ပြန်နိုင်မယ်။
စစ်အ စိုးရကလည်း အာဏာ လွှဲမပေးပဲ အရင်လိုပဲ ထပ်လုပ်မယ်။
ခပ်တည်တည်ပဲ၊ အာဏာကို မလွှဲပေးပါဘူးတဲ့၊ မဲထည့်ခဲ့တဲ့ လူထု ကြီး အရင်လိုပဲ နောက်ရွေးေ ကာက်ပွဲကို အနှစ်နှစ်ဆယ် ထပ်စောင့်ကြ ဦးမှာလား။ ဂျာအေး သူ့အမေ ရိုက် ဇာတ်လမ်း မဖြစ်ချင်လို့ အန်အယ်လ်ဒီ က ရွေးကောက်ပွဲ မဝင်ဘူး စိန်ခေါ်လိုက်တာ နားလည်ြ ကစမ်းပါ။
လူတွေအားလုံးက ပါတီကို ရွေးကော က်ပွဲ မဝင်စေချ င်ပါဘူး။
0
၉၀ ကို မေ့ မထားသင့်ပါကြောင်း
written by ရန်ကင်း, April 05, 2010
NLD ဟာ ၉၀ မှာ နိုင်ခဲ့တယ်။ နအဖ က အရှက်မရှိ မသိချင် ယောင်ဆောင်ခဲ့တယ်။ စကား မတည်ဘူး။ ဒါ့အပြင် NLD ပါတီဝင်တွေကို မတရား ဖမ်း ထောင်ချ သတ်ဖြတ်ခဲ့တာ အားလုံး အသိပဲ။
၂၀၁၀ မှာ NLD ပါခြင်း မပါခြင်း ပါသင့် မပါသင့် ထက် ပြည်သူတွေ က ဒီ ရွှေးကောက်ပွဲကို လက်ခံ မလက်ခံ ဆိုတာ ပို အရေးပါတယ် လို့ ထင်ပါတယ်။
ပြည်သူတွေ ပြတ်သားရမဲ့ အချိန်ပါ။ NLD ကတော့ ဆုံးဖြတ်ရမဲ့ ဟာကို ပြတ်ပြတ်သားသား လုပ်ခဲ့ပါပြီ။
ပြည်တင်းရင် မင်းမခံနိုင်တဲ့။ ဗိုလ်သန်းရွှေ လို မင်းဆိုး မင်းညစ် ကို ဆက်ပြီး မင်းလုပ်ခွင့်ပေး မပေး ပြည်သူတွေက ဆုံးဖြတ်ဘို့ပါ။
မဲပေးပါမယ်။, Low-rated comment [Show]
I will Vote, Low-rated comment [Show]
့ggg, Low-rated comment [Show]

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်