အဆိုပါ မီးရထားဝန်ကြီးသည် တောင်ငူမြို့မှ ထင်ရှားသည့် မွတ်စလင် စီးပွားရေးလုပ်ငန်းရှင် တဦးကို ခေါ်ယူတွေ့ဆုံ၍ USDA အနိုင်ရလျှင် ပိတ်ထားသော ဗလီများကို ပြန်လည်ဖွင့်ခွင့်ပေးမည့်အပြင် ငွေကြေးပါထောက်ပံ့မည်ဟု ပြောကြောင်း တောင်ငူမြို့ခံ မွတ်စလင် လူမျိုးတဦးက ပြောသည်။
“သံလုပ်ငန်းရှင် ဦးမောင်စိန်ရဲ့သား ဆောက်လုပ်ရေး ပစ္စည်းရောင်းတဲ့ ကိုအောင်မင်းကို ခေါ်ပြောတာ၊ တောင်ငူမှာ ဘာသာရေး အဓိကရုဏ်းဖြစ်တုန်းက သံဦးမောင်စိန်ရဲ့သမီး ပုန်းနေတဲ့အိမ် မီးရှို့ခံရလို့ မိသားစုလိုက် သေသွားကြတယ်”ဟု ၎င်းက ဆိုသည်။
မွတ်စလင် အများစုက ဗိုလ်ချုပ်အောင်မင်း၏ ပြောကြားမှုကို စိတ်မ၀င်စားကြောင်း၊ တောင်ငူမြို့တွင် ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းကြီးများနှင့် မွတ်စလင် များကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကို စစ်အစိုးရက ဖန်တီးသည်ဟု ယုံကြည်ကြောင်း အဆိုပါ မြို့ခံက ဆိုသည်။
၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဘာသာရေး အဓိကရုဏ်းသည် ရက်ရှည်ဖြစ်ပွားခဲ့ပြီး စစ်အစိုးရမှ အလျင်အမြန်တားဆီးခြင်းမရှိ ကြောင်း၊ မီးရထားဗလီကို မြေကော်စက်ဖြင့် ဖြိုဖျက်ရန် လာသည့်အခါမှသာ တားဆီးခဲ့ကြောင်း၊ အစ္စလာမ် ဘာသာဝင်အတော်များ များသေဆုံးခဲ့ပြီး၊ ဈေးဆိုင်များ၊ အိမ်များ၊ဗလီများ အဖျက်အဆီးခံခဲ့ရကြောင်း သိရသည်။
အေဒီ ၁၅ ရာစု ခန့် မြန်မာဘုရင် ဘုရင့်နောင် လက်ထက်ကတည်းက တည်ဆောက်ထားသည့် တောင်ငူ ရွှေဆံတော် ဘုရား၏ အရှေ့ဘက်မုခ် အနီးရှိ ရှေးဟောင်း ဟံသာ ဗလီမှာ လုံးဝဖျက်ဆီးခြင်း ခံခဲ့ရသည်ဟု ဒေသခံ မွတ်စလင်များက ပြောသည်။
တောင်ငူမြို့တွင် ဗလီ ၁၃လုံးရှိပြီး ယခုအခါ မြို့ဆင်ခြေဖုံးရှိ မိုးကောင်းရပ်၊ ဇေယျာခင်ဦး၊ ဇလီထောင့် နှင့် စစ်တောင်းမြစ် တဘက်ကမ်းရှိ သရက်မှော် ဗလီများတွင်သာ ဘာသာရေးဝတ်ပြုခွင့်ပေးထားသည်ဟု သိရသည်။
အစ္စလာမ် ဘာသာဝင်အများစုသည် ကန်တော်ရပ်ကွက်၊ ကွမ်းပိုင်းရပ်ကွက် သရက်မှော်ရပ်ကွက်၊ ၁၁ ရပ်ကွက်၊ ၁၂ ရပ်ကွက် တို့တွင် နေထိုင်ကြသည်။
တခြားမြို့ခံတဦးကလည်း “၀န်ကြီးက တောင်ပိုင်းတိုင်း တိုင်းမှူးလုပ်သွားတဲ့မြို့ဆိုတော့ မြို့ကစီးပွားရေးသမားတွေ ၀န်ထမ်းတွေနဲ့ အဆက်အစပ်ရှိတော့ ကြံ့ခိုင်ရေး အသွင်ပြောင်းရင် တောင်ငူကအရွေးခံမယ်ထင်တယ်”ဟု ဧရာဝတီကို ပြောသည်။
မီးရထားဝန်ကြီး ဗိုလ်ချုပ်အောင်မင်းသည် USDA အဖွဲ့၏ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် တဦးလည်း ဖြစ်ပြီး ပြည်မြို့ရှိ တပ်မ ၆၆ တွင် တပ်မမှူး၊ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဋ္ဌာချုပ် တိုင်းမှူး အဖြစ် တာဝန်ယူခဲ့ဖူးသည်။
ယခုအခါ USDA အဖွဲ့သည် ရခိုင်ပြည်နယ် အတွင်းရှိ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာလူမျိုးများကိုလည်း ယာယီနိုင်ငံသားကတ် များ ထုတ်ပေး၍ လာမည့်ရွေးကောက်ပွဲ အတွက် စည်းရုံးနေကြောင်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 3474
Comments (0)

Write comment
| < Prev | Next > |
|---|







