ဗုံးပေါက်ကွဲသည့် နေရာသည် လက်ရှိ အစိုးရကို ဆန့်ကျင်သည့် ရှပ်နီဆန္ဒပြပွဲအတွင်း မေလ ၁၉ ရက်နေ့က မီးလောင်ပျက်စီးခဲ့သည့် Central World ကုန်တိုက်ကြီး၏ တဖက် ရတ်ချဒမရီလမ်းတွင်ရှိသော ကားမှတ်တိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းဗုံးပေါက်ကွဲမှုကြောင့် မြန်မာ အမျိုးသမီးတဦးနှင့် ထိုင်း ၁၀ ဦးတို့ ဒဏ်ရရှိခဲ့ပြီး ယင်းတို့အနက် အသက် ၅၁ နှစ်အရွယ် ထိုင်းအမျိုးသားတဦးမှာ ရဲဆေးရုံတွင် ကုသနေစဉ်အတွင်း သေဆုံးသွားကြောင်း ထိုင်းအစိုးရ၏ Erawan Center မှ ထုတ်ပြန်ချက်အရ သိရသည်။“ပေါက်ကွဲတာက အသံတော်တော် ကျယ်တယ်။ ကား ၂ စီးလည်း နည်းနည်း ထိခိုက် ပျက်စီးသွားတယ်။ ဒဏ်ရာရတဲ့ မြန်မာ အမျိုးသမီးက အသက် ၂၀၊ ၂၁ အရွယ်လောက် ရှိတယ်လို့ ကြားတယ်” ဟု ထိုနေရာအနီးတွင် နေထိုင်သူ မြန်မာတဦးက ဧရာဝတီသို့ ပြောသည်။ ဒဏ်ရာရသူ မြန်မာ အမျိုးသမီးနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးပေ။
ပေါက်ကွဲမှုတွင် M67ဗုံးအမျိုးအစားအား အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိရပြီး လုံခြုံရေး ကင်မရာများမှ တဆင့် သံသယရှိသူကို မှတ်တမ်းတင်ထားသည်ဟု ထိုင်း အမျိုးသား ရဲတပ်ဖွဲ့ အကြံပေး ပနုပွန် ဆင်ဂါရာ က ပြောကြောင်း၊ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက တရားခံအား အမြန်ဆုံး ဖမ်းဆီးရန် ညွှန်ကြားထားကြောင်း နောက်ဆုံးရ ထိုင်းသတင်းများအရသိရသည်။
အခင်းဖြစ်ပွားခဲ့သည် နေရာသည် စီးပွားရေး အချက်အချာကျသော နေရာတခုဖြစ်၍ ထောင်နှင့်ချီသော မြန်မာ ပြည်သားများလည်း ထိုနေရာ အနီးအနားတ၀ိုက်တွင် အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။
လွန်ခဲ့သည့် မေလ ၁၂ ရက်နေ့မှ စတင်၍ ၂ လကျော်ကြာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသောရှပ်နီ အဖွဲ့ဝင်များ က ဆန္ဒပြမှုများကို နှိမ်းနင်းခဲ့ပြီးနောက် ဘန်ကောက်တွင် ပထမဦးဆုံးအကြိမ် ဗုံးပေါက်ကွဲခြင်း ဖြစ်သည်။
၂ လကျော်ကြာ ဆန္ဒပြမှုအတွင်း အနည်းဆုံးလူ ၇၀ကျော်သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင်ဆန္ဒပြသူများ သတင်းထောက် များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 5229
Comments (0)

Write comment
| < Prev | Next > |
|---|







