လက်ရှိ တာဝန်ထမ်းဆောင် နေသည့် ၀န်ကြီးများကို နုတ်ထွက်စေပြီး ၀န်ကြီးဋ္ဌာနများကိုလည်း အဓိကကျသည့် ၉ ဋ္ဌာနကို သာ ထားရှိမည်ဖြစ်ကြောင်း၊ ၎င်းဝန်ကြီးဌာနများကို လက်ရှိ စစ်တိုင်းမှူးများက တာဝန်ယူမည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။
“၀န်ကြီးဋ္ဌာန တချို့ကိုတော့ လုပ်ငန်းချင်းတူတဲ့ နီးစပ်ရာ ဋ္ဌာနတွေကို ပေါင်းလိမ့်မယ်၊ တိုင်းမှူးတွေနဲ့ယာယီ ကြားဖြတ် အစိုးရ ဖွဲ့လိမ့်မယ်”ဟု ၎င်းကဆိုသည်။
ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့ဝင်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အဖွဲ့ဝင် များ ဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ကာလတွင် လက်ရှိ ရာထူးတာဝန်များနှင့် စည်းရုံးရေး ဆင်းလျှင် ပြောဆိုဝေဖန်မှု များပြား လာမည် ကို စိုးရိမ်သည့်အတွက် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
စစ်အစိုးရ လက်ထက်တွင် ဖွဲ့စည်းထားသည့် ၀န်ကြီးဋ္ဌာနပေါင်း ၃၂ ခုရှိသည်။
ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို စစ်အစိုးရက မကြာသေးမီ ရက်ပိုင်းက ကြေညာခဲ့ပြီးနောက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀န်းက တိုင်းရင်းသားများနှင့် ဒီမိုကရေစီလိုလားသူများ အားလုံးပါဝင်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် တိုက်တွန်းမှုများ ပိုမိုများပြားလာခဲ့သည်။
USDP ပါတီ၏ အနေအထားမှာ တခြားသော နိုင်ငံရေးပါတီများနှင့် နှိုင်းယှဉ်လျှင် အာဏာရ ပါတီ ပုံစံမျိုးဖြစ်နေသည်ဟု ရွေး ကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီများက ပြောဆိုဝေဖန်နေကြသည်။
မကြာသေးမီရက်ပိုင်းကလည်း ဒေသ ကွပ်ကဲမှု စစ်ဋ္ဌာနချုပ်(ဒကစ)များမှ ဗိုလ်မှူးချုပ် အဆင့်ရှိသည့် ဒေသကွပ်ကဲရေးမှူးများကို ရွေးကောက်ပွဲ ၀င်မည့် USDPပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် လက်ရှိရာထူး များမှ နုတ်ထွက်ရန် နေပြည်တော်သို့ ခေါ်ယူ၍ ပြောဆိုခဲ့ကြောင်း ယင်းပါတီနှင့် နီးစပ်သူတဦးကလည်း ပြောသည်။
“ပါတီအတွက် ၀င်ရွေးမယ့် ကိုယ်စားလှယ်လောင်းက မပြည့်သေးတဲ့ အတွက် တပ်ထဲက တော်တော်များများကို ယူနီဖောင်းချွတ် ခိုင်းတာ၊ နေရာပေါင်း ၁၀၀၀ ကျော်ဝင်မှာ ဆိုတော့ ပါတီက စိတ်ချရတဲ့သူက မလောက်ဘူး”ဟု ၎င်းကဆိုသည်။
ထိုသို့ လက်ရှိ စစ်တပ်အတွင်း ရာထူးလက်ကိုင်ရှိသူများကို ရာထူးစွန့်ခိုင်းသည့် အတွက် တပ်တွင်း၌လည်း မကျေမနပ်ပြောဆိုမှု များရှိနေကြောင်း၊ USDP ပါတီအနေဖြင့် လွှတ်တော် သုံးရပ်စလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင် ၀န်ထမ်းများနှင့် စစ်ဘက် အရာရှိများ၊ အငြိမ်းစားဝန်ထမ်းများပါ လိုအပ်ကြောင်း ၎င်းကဆိုသည်။
USDP ပါတီသည် ပြည်ထောင်စုလွှတ်တော် အတွက် ကိုယ်စားလှယ် ၃၃၀ ဦး၊ အမျိုးသားလွှတ်တော် အတွက် ၁၆၈ ဦး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်အတွက် ၆၈၉ ဦး ဖြစ်၍ စုစုပေါင်း ၁၁၈၇ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
လက်ရှိ မြို့နယ်များ၊ ပြည်နယ်နှင့် တိုင်းများရှိ စည်းရုံးရေးမှူးများ၊ ပါတီဝင်များနှင့် ပတ်သက်၍မူ မည်မျှ စိတ်ချရသည်ကို စစ်အစိုးရ က မခန့်မှန်းနိုင်သည့် အတွက် တချို့သော ပါတီဝင်များကို ရွေးကောက်ပွဲ ကိုယ်စားလှယ်များ အဖြစ် တာဝန်ပေးခြင်းမရှိကြောင်း ဆက်လက်ပြောဆိုသည်။
USDP ရွေးကောက်ပွဲ ၀င်ရောက်မည့် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းနှင့် ပတ်သက်၍ လုပ်နည်း လုပ်ဟန်မှာ ၀င်ရောက် အရွေးခံမည့် သူများကို အောက်ခြေမှ တင်ပြရခြင်းမရှိဘဲ၊ ဗဟိုမှသာ ချထားပေးခြင်းဖြစ်သည်ဟု သိရသည်။
Set as favorite
Bookmark
Email this
Hits: 6767
Comments (2)

written by min min thein, August 25, 2010
ကြားဖြတ် အစိုးရ လာရင် သတိထားကြနော်...သူတို့က ကြားကို လိုက်ဖြ တ်ကြမှာ... .



written by luumone, August 19, 2010
လူကြီးတွေကတော့ လုပ်လိုက်ပြန်ပြီ... ရာထုးက ထွက်ခိုင်းပြီး ကြံ ဖွံ (usdp) ထဲ ၀င်ခိုင်းရအောင် အဲ ရာထူးက မဲပေါက်လို့ ရလာတာ မှတ်နေလား မသိဘူး... စစ်မျက်နှာပြင်မှာ စွန့်စွန့် စားစားနဲ့ ကြိုးစားရင်း ရလာတဲ့ ရာထူးတွေပါ...
ဒါဟာ အမိန့် ဆိုပြီး တော့ တပ်မတော် တစ်ခု လုံးကိုတော့ လက်ခုတ်ထဲက ရေ မဖြစ်စေ ချင်ဘူး... ကျွန်တော်တို့ အလှည့်လည်း ဘယ်တော့  လာမယ် မသိဘူး
ဒါဟာ အမိန့် ဆိုပြီး တော့ တပ်မတော် တစ်ခု လုံးကိုတော့ လက်ခုတ်ထဲက ရေ မဖြစ်စေ ချင်ဘူး... ကျွန်တော်တို့ အလှည့်လည်း ဘယ်တော့  လာမယ် မသိဘူး
Write comment
| < Prev | Next > |
|---|







