“ဒီနေ့ အလှူခံ ၁ သောင်းအတွက် တိုကင် လက်မှတ်စာရွက်တွေကို မနက်ကတည်းက ဝေထားတယ်။ ဒီနှစ်ကတော့ မနှစ်ကလောက် အလှူခံ မများဘူးပေါ့ဗျာ။ တံတားကလည်း ပိတ်ထားတော့ ဟိုဘက်ကမ်းက သိပ်မလာနိုင်ကြဘူးလေ။ အလှူပစ္စည်းတွေကတော့ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငပိဘူး၊ မာမား ခေါက်ဆွဲထုပ်နဲ့ ငါးသေတ္တာဘူး စတာတွေ ဖြစ်ပါတယ်” ဟု လုံခြုံရေး တာဝန်ယူပေးသည့် မယ်တော်ရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် မြန်မာပြည်ဖွား ထိုင်းနိုင်ငံသား ခွန်စုန်မက် ခေါ် ကိုစိုးမြင့်က ဧရာဝတီသို့ ပြောသည်။ယမန်နှစ်က မြန်မာပြည်သား ၁၈၀၀၀ ထောင်ခန့် လာရောက်အလှူခံခဲ့သည်ဟု ဆိုသည်။
ယင်းအလှူပွဲကို မဲဆောက်မြို့ ရဲစခန်းအနီးရှိ တရုတ်ဘုံကျောင်းတွင် ပြုလုပ်ကြောင်း၊ တရုတ်လူမျိုးများသည် နှစ်စဉ် နှစ်တိုင်း ကွယ်လွန်လေပြီးသော မိဘ ဘိုးဘွားများကို ရည်စူး၍ ယခုကဲ့သို့ ကုသိုလ်ကောင်းမှု ပြုလုပ်ကြကြောင်း၊ ကြိုတင်လက်မှတ်များကို နံနက် ၁၀ နာရီခန့်က စတင်ဝေပြီး အလှူပွဲကို ညနေ ၃ နာရီတွင် စတင်ပြုလုပ်ကြောင်း သိရသည်။
တရုတ်လူမျိုး ကိုဟုတ်ကြည်က “ကျနော်တို့ရဲ့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ မိဘ ဘိုးဘွားတွေကို ရည်စူးပြီး တနှစ်တခါ ဘုံကျောင်းမှာ လာပြီး မရှိဆင်းရဲသားတွေကို အလှူအတန်းပြုလုပ်တယ်။ မြန်မာလူမျိုးတွေက မိဘတွေကို ရည်မှန်းပြီး ကုသိုလ်ပြု အမျှဝေပေးတာနဲ့ သဘောအတူတူပဲလေ” ဟု ပြောသည်။
ယင်းအလှူပွဲသို့  မဲဆောက်မြို့နယ်အတွင်းရှိ ကျပန်းအလုပ်သမားများ၊ ပန်းရံအလုပ်သမားများနှင့် စက်ရုံတချို့မှ အလုပ်သမားများလည်း လာရောက်ကြသည်။
“ကျမမျက်စိထဲ မြင်နေရတာကတော့ ကလေးတွေက တအားပဲ။ လူကြီးနဲ့ ဆတူလောက်ရှိမယ်။ ကျမတို့လည်း ဆန်လေးဘာလေးရအောင် လာတိုးတာ။ အိမ်က ကလေးတွေလည်း မနက်ကတည်းက ရွယ်တူတွေနဲ့ တအုပ်ကြီး သွားတန်းစီကြတယ်” ဟု ဘန့်စောင်ကွဲ ရပ်ကွက်မှ မြန်မာ ဈေးသည် အမျိုးသမီးတဦးက ပြောသည်။
ယနေ့ အလှူခံပွဲသို့ ကလေးငယ် အများအပြား လာရောက်တန်းစီကြကြောင်း၊ စည်းကမ်း သတ်မှတ်ချက်အရ အသက် ၅ နှစ်အောက် ကလေးငယ်များ တန်းစီခွင့်မရှိကြောင်း သိရသည်။
ဆန်အလှူခံရန်အတွက် ရှေးဦးစွာ တန်းစီပြီး လက်ဗွေနှိပ်ကာ တိုကင်နံပါတ်ကို ယူရပြီး ဆန်ဝေသည့် အချိန်ထိ စောင့်ဆိုင်းရသည်။ ဆန်ဝေသည့်အခါ နံပါတ်စဉ်ခေါ်သည့်အတိုင်း သွားရောက် ထုတ်ယူရသည်။ ဆန်တအိတ်တွင် ဆန် ၄ ကီလို ပါဝင်ကြောင်း၊ ယမန်နှစ်က ဆန်အိတ်များမှာ ၃ ကီလိုစီပါရှိကြောင်း သိရသည်။
မဲဆောက်မြို့ TK စက်ရုံအနီးတွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် မောင်အောင်သူက “အဖေက ပန်းရံလုပ်တယ်။ သားက အိမ်မှာ အမေကို ၀ိုင်းလုပ်ကူရတယ်။ ဒီနေ့ ဆန်လာတိုးရတာ ပျော်လည်းပျော်တယ်၊ မပျော်လည်းမပျော်ဘူး။ ပျော်တာက ဆန်ရလို့၊ ပြီးတော့ လူတွေ အများကြီးတွေ့ရလို့။ မပျော်တာက နေပူတယ်၊ လူတွေက ကျပ်ပိတ်သိပ်နေတယ်” ဟု ပြောသည်။
မြ၀တီနှင့် မဲဆောက်ကို ဆက်သွယ်ထားသော ချစ်ကြည်ရေးတံတား အပါအ၀င် ဂိတ်များကို ပိတ်ထားသော်လည်း အခကြေးငွေဖြင့် သွားလာခွင့်ပြုနေသည့် ဂိတ်တချို့မှ လာရောက်သူများရှိရာ မြ၀တီဘက်ကမ်းမှ သီလရှင်တချို့လည်း လာရောက် အလှူခံကြောင်း သိရသည်။
လူ တဦးစီအတွက် လှူဒါန်းပစ္စည်း တန်ဖိုးမှာ ထိုင်းဘတ်ငွေ ၁၅၀ (ကျပ် ၄၅၀၀) ဖိုးခန့်ရှိကြောင်း၊ ထို့ကြောင့် နယ်စပ်မှ အခပေး၍ ဖြတ်သန်းလာရောက်သူများအဖို့ စရိတ်မကာမိကြောင်း မြန်မာဘက် အခြမ်းမှ လာရောက်သူများက ပြောသည်။
ယခု အလှူပွဲသို့ လာရောက် ကူညီထိန်းသိမ်းပေးသော ပြည်သူ့စစ်များကိုလည်း ဆန်အထုပ် ၂၀၀၀ ဝေပေးကြောင်း၊ တရုတ်သူဌေးများက စုစုပေါင်း ဆန်အထုပ် ၁၂၀၀၀၊ ဆန်ကီလိုချိန်ပေါင်း ၄၈၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 3967
Comments (0)

Write comment
| < Prev | Next > |
|---|







